ဤစိတ်တန်ခိုးရှင်ဘုံမှာ အဆုံးမဲ့လေဟာပြင်ထဲတွင် တည်ရှိသည်။ မှောင်မည်းမည်းလေဟာပြင်ထဲမှာ ဤစိတ်တန်ခိုးရှင်ဘုံက လေဟာပြင်ထဲလွင့်မျောနေသောဧရာမကျွန်းတစ်ကျွန်းအလားပင်။
တိမ်လွှာဖီးနစ်အင်ပါယာ၏ကျင့်ကြံရေးနယ်မြေထဲတွင် စိတ်ဝိညာဉ်စုစည်းရေးအစီအရင်ကြီးတစ်ခုလည်း ရှိသေးသည်။ အင်ပါယာဂုရုကြီးက ဤနေရာကို အမွေအနှစ်ထိန်းသိမ်းရာ စိတ်တန်ခိုးရှင်ဘုံအဖြစ်သတ်မှတ်ခဲ့သည်မှာ အသိသာချည်းပင်။
သို့သော် ဟုန်ရင်က အဘယ်ကြောင့် ဤနေရာအကြောင်း ကောင်းစွာသိနေရပါသလဲ။
ယဲ့ချိုးပိုင်ရှင်းပြလိုက်ပြီးနောက်မှာ လူတိုင်း နားလည်သဘောပေါက်သွားကြသည်။
ဟုန်ရင်က ပြန်လည်လူဝင်စားလာသောဧကရီတစ်ဦးဖြစ်၏။ တိမ်လွှာဖီးနစ်အင်ပါယာမှာ ဤပြည်မကြီးပေါ်ရှိ နောက်ဆုံးသောအင်ပါယာတစ်ခုဖြစ်ပြီး ဟုန်ရင်က ထိုအင်ပါယာ၏ဧကရီတစ်ပါးဖြစ်၏။
အားလုံး ထိတ်လန့်သွားကြလေသည်။
ဟုန်ရင်ကပြုံး၍ခေါင်းခါပြလိုက်သည်။
“ဒါတွေအကုန်လုံးက အတိတ်တွေပါပဲ”
ထိုအချိန်မှာ အလင်းထောက်တိုင်တစ်ခုက ကောင်းကင်ထင်သို့ဆန်တက်သွားချေသည်။ တစ်စုံတစ်ယောက်က အမွေအနှစ်တစ်ခုကိုရှာတွေ့သွားသည်မှာ ရှင်းနေလေသည်။
ဤနေရာရှိနေရာတိုင်းတွင် အမွေအနှစ်များရှိသော်လည်း ထိုအမွေအနှစ်များကိုရနိုင်မရနိုင်ဆိုသည်မှာ ကိုယ့်ခွန်အားနှင့်စွမ်းရည်အပေါ်သာမူတည်သည်။
“ကဲ သွားကြရအောင်”
ဟုန်ရင့်အဖို့တော့ ဤနေရာက အလွန်ရင်းနှီးလှသည်ဟုဆိုနိုင်သည်။
သို့သော် အမွေအနှစ်၏တည်နေရာကို အင်ပါယာဂုရုကြီးက အင်ပါယာကြီးပျက်စီးသွားပြီးနောက်မှ နေရာချခဲ့ခြင်းဖြစ်လေရာ ဟုန်ရင်လည်း အမွေအနှစ်အပြိုအပျက်၏တည်နေရာအတိအကျကို မသိပေ။
သူတို့ငါးယောက်မှာ နယ်မြေရိုင်းပေါ်ကိုလျှောက်လာလိုက်သည်။
ပတ်ပတ်လည်တွင် စစ်ပွဲကြောင့်ဖြစ်လာသောအပြိုအပျက်များနှင့် အုတ်ကျိုးအုတ်ပဲ့များ အပြည့်ပင်။ သွေးစသွေးနများက မြေပြင်ကို နီရဲစွန်းထင်းနေလေသည်။
တစ်ပြိုင်နက်ဆိုသလို ထိုနေရာတွင် ကစဉ့်ကလျားဖြစ်နေသောဝိညာဉ်ရေးရာချီစွမ်းအင်အစအနများလည်းရှိ၏။ ထိုစဉ်က အရာခပ်သိမ်းကိုစွန့်စားစေနိုင်ခဲ့သော ထိုစစ်ပွဲမှာ မည်မျှရူးသွပ်ချင်စဖွယ်ကောင်းပြီး ဝမ်းနည်းဖွယ်ရာကောင်းမည်လဲဆိုသည်ကို စိတ်ကူးကြည့်နိုင်လေသည်။
လမ်းတစ်လျှောက်၌ သူတို့သည် အချို့အမွေအနှစ်များကို ဖြတ်ကျော်လာကြသည်။
အမွေအနှစ်အပြိုအပျက်တစ်ခုချင်းစီတွင် ခန်းမတစ်ခုစီရှိကြ၏။ ခန်းမ၏အပြင်ဘက်တွင်မူ စောင့်ကြပ်နေသောမဟူရာရောင်သံမဏိရုပ်တုနှစ်ခုရှိသည်။
မြောက်များလှစွာသောလူများက အပြိုအပျက်ကြီးထဲသို့ဝင်သွားပြီး အမွေအနှစ်ရရှိရေးအတွက် ထိုသံမဏိရုပ်နှစ်ရုပ်ကို အရူးအမူးတိုက်ခိုက်ကြလေသည်။
ဟုန်ရင်က ရှင်းပြလေသည်။
“အဲ့ဒီသံမဏိရုပ်တုနှစ်ခုက တိမ်လွှာဖီးနစ်အင်ပါယာရဲ့အဆင့်အနိမ့်ဆုံးရုပ်တုနည်းဗျူဟာပဲ။ သူတို့မှာ ရေအလျဉ်ပြည့်လျှံရေးအလယ်အလတ်အဆင့်ခွန်အားပဲရှိပေမဲ့ သူတို့ခန္ဓာကိုယ်ကတော့ သိပ်သန်မာတာ”
သူတို့လေးယောက်သားလည်း စုတ်သပ်လိုက်မိသည်။ အဆင့်အနိမ့်ဆုံးရုပ်တုနည်းဗျူဟာမျှဖြင့် ရေအလျဉ်ပြည့်လျှံရေးအလယ်အလတ်အဆင့်ရှိနေလေပြီ။
ရှေးခေတ်အခါတုန်းက ပန်းပေါင်းတစ်သောင်းခန့်က တစ်ပြိုင်တည်းဖူးပွင့်ကြပြီး ဒဿနကျောင်းတော်ရာချီခန့်ကလည်း ထိုပန်းများအတွက်ပင် ယှဉ်ပြိုင်သတ်ပုတ်ကြသည်ဟုဆိုနိုင်လေသည်။
မုဝမ်အာက ထိုအပြိုအပျက်ကိုလက်ညှိုးထိုးပြပြီးပြောလေသည်။
“အစ်မဟုန်ရင်… ကျွန်မတို့လည်း အဲ့ဒါကိုမတိုက်ခိုက်တော့ဘူးလား”
ဟုန်ရင်က ခေါင်းကိုခါယမ်း၍ပြုံးလိုက်သည်။
“မလိုပါဘူး”
ယဲ့ချိုးပိုင်ကလည်း ထိုအရာကိုစိတ်မဝင်စားချေ။ သူ ဤနေရာကိုရောက်လာခြင်းမှာ သူ့ကိုယ်သူလေ့ကျင့်ပေးရန်အတွက်ပင်။
အမွေအနှစ်များအတွက်မူ သူ အမွေအနှစ်များစွာပိုင်ဆိုင်ထားပြီးဖြစ်၏။
နင်းချန်ရှင်းမှာလည်း သူ့ကိုယ်ပိုင်တာအိုရှိသည်။ ထိုအမွေအနှစ်များ မရှိလည်းဖြစ်သည်။
မဟူရာကမူ…
သူက သူ့ဆရာတူအစ်ကိုနှင့်အစ်မများနောက်ကိုသာ လိုက်လာခြင်းဖြစ်၏။
သူတို့ငါးယောက်သား ရှေ့ဆက်သွားလိုက်ကြသည်။ ဟုန်ရင်က အင်ပါယာဂုရုကြီး သူ့ကိုယ်သူ ဘယ်နေရာမှာချိတ်ပိတ်ထားသလဲဆိုသည့်အကြောင်း စဉ်းစားနေမိသည်။
လာရာလမ်းတွင် အပြိုအပျက်များကိုလုယက်ရင်း အချင်းချင်းသတ်ဖြတ်နေကြသူတချို့လည်းရှိ၏။ အစောင့်အကြပ်ရုပ်တုများကို ကျော်ဖြတ်နိုင်ရန်အတွက် အင်အားပူးပေါင်းလိုက်ကြသူများလည်းရှိသည်။
ယဲ့ချိုးပိုင် ရင်းနှီးနေသောမျက်နှာများကိုလည်းပါမြင်လိုက်ရသည်။
ဥပမာအားဖြင့် ရှီရှန်းဖြစ်ပြီး နောက်ထပ်ဥပမာတစ်ခုအနေနှင့် ကျန်းဟယ်ဖြစ်သည်။ သူတို့ ခပ်ဝေးဝေးရောက်လာလေလေ လူနည်းသွားလေလေပင်။
အမွေအနှစ်ခန်းမ၏တံခါးရှေ့ရှိရုပ်တုကြီးမှာ တဖြည်းဖြည်းကြေးညိုရောင်ပြောင်းနေလေပြီ။ ကြေးညိုရောင်ရုပ်တုကြီး၏ခွန်အားမှာ ချန်းယွမ်အလယ်အလတ်အဆင့်ပင်။ ၎င်း၏ခန္ဓာကိုယ်မှာ ပို၍ပင်အကြမ်းခံသေးသည်။ ရုပ်တူများ၏လက်ပေါ်တွင် ထိခိုက်ဒဏ်ရာမျာပင်ရှိနေချေသည်။
ဟုန်ရင်က ကြေးညိုရောင်ရုပ်တုကြီးစောင့်ကြပ်နေသော အပြိုအပျက်ခန်းမထဲမှ ရင်းနှီးနေသောအရှိန်အဝါကိုအာရုံခံမိလိုက်သည်။
“ဒါက နေမင်းရောင်ဝါဓားဂိုဏ်းရဲ့အမွေအနှစ်ကွင်းပြင်ပဲဖြစ်ရမယ်”
“အဲ့ဒီတုနိးက နေမင်းရောင်ဝါဓားဂိုဏ်းရဲ့အရည်အချင်းက သိပ်ထူးချွန်လွန်းလို့ ဓားသိုင်းပညာရှိအဆင့်ရဲ့ကနဦးပိုင်းကိုတော့ ရောက်ခဲ့တာ”
ထို့နောက် သူက ယဲ့ချိုးပိုင်ကိုကြည့်၍ပြောလိုက်သည်။
“ဆရာတူအစ်ကို တစ်ချက်လောက်ကြည့်ကြည့်ချင်လား”
ယဲ့ချိုးပိုင်ကပြုံးလျက် ခေါင်းခါပြလိုက်သည်။
“ငါမလိုပါဘူး။ တခြားလူတွေကိုပဲ အရင်ပေးလိုက်ပါ”
ဟုန်ရင် မအံ့သြမိပေ။
ယဲ့ချိုးပိုင်လည်း ဟုန်းဟုန်းတောက်နေမင်းဓားဂိုဏ်း၏အမွေအနှစ်ခန်းမရှေ့ရှိ ကျန်းချောင်မြန်ကိုလှမ်းမြင်လိုက်သည်။
တစ်ရက်တာ ကုန်လွန်သွားလေပြီ။
ထိုအချိန်မှာ ဤနယ်မြေရိုင်းကြီးကား မှောင်မည်းသွားလေသည်။ ၎င်း၏အရှိန်အဝါမှာ ပို၍ပင်တင်းကျပ်လာသေးသည်။
သို့သော် ဤလေဟာပြင်ထဲတွင်စီးဆင်းနေသော တာအိုဉာဏ်အလင်းတန်းများရှိသည်။
ထိုအချက်ကြောင့် အမွေအနှစ်အကြွင်းအကျန်များ၏အဆင့်ကတော့ တဖြည်းဖြည်းလျော့နည်းလာချေသည်။
ရုပ်တုကြီးဟာ ငွေရောင်သံချပ်ကာရုပ်တုအဖြစ် ပြောင်းလဲသွားပြီး ချန်းယွမ်အလယ်အလတ်အဆင့်ဖြစ်သွားသည်။
သူတို့ ရှေ့ဆက်လျှောက်လာလိုက်သောအခါ ခန်းမတစ်ခုကား ဆက်သွားလို့မရတော့ဘဲ လမ်းပိတ်နေပေသည်။
ဤအနက်ရောင်ခန်းမကြီး၏ပုံစံမှာ အလွန်ထူးခြားသည်။ ယခင်ခန်းမများနှင့်မတူသည့်အချက်မှာ ဤနန်းဆောင်က အဂ္ဂိရတ်ဖိုနှင့် အလားသဏ္ဌာန်တူနေခြင်းပင်။ ထိုအထဲတွင် ဆေးမီးတောက်ကြီးများပင် ခပ်ဖျော့ဖျော့ထွက်ပေါ်နေသေးသည်။
ဟုန်ရင်က အပြိုအပျက်ကိုကြည့်ကာ ခပ်ဖွဖွပြောလိုက်၏။
“ဒါက အဂ္ဂိရတ်မဟာသခင်ရဲ့အမွေအနှစ်ပဲ”
ရှေးဟောင်းအဂ္ဂိရတ်မဟာသခင်မှာ လက်ရှိခေတ်အဂ္ဂိရတ်မဟာသခင်များထက် ပိုသန်မာပေသည်။ ထို့ပြင် ကမ္ဘာပေါ်ရှိ နာမည်ကျော်ကြားသည့် တစ်ဦးတည်းသောအဂ္ဂိရတ်မဟာသခင်မှာ အဂ္ဂိရတ်ဂိုဏ်း၏ဂိုဏ်းခေါင်းဆောင်နှင့် အန္တိမအကြီးအကဲတို့ပင်ဖြစ်၏။
“ဒီနေရာက ဝမ်အာနဲ့ပိုကိုက်တယ်”
“ဒီအဂ္ဂိရတ်မဟာသခင်ကလည်း ထူးဆန်းတဲ့စရိုက်မျိုးရှိတယ်။ သူက သူ့ကိုယ်ပိုင်ဆေးဝါးကိုဖော်စပ်ရတာပဲကြိုက်ပြီး သူဖန်တီးခဲ့တဲ့ ကောင်းကင်ဘုံအဆင့်ဆေးဝါးတွေ အများကြီးရှိတယ်”
ဟုန်ရင်က မုဝမ်အာကိုကြည့်၍ ပြောလိုက်သည်။
“ဘယ်လိုထင်လဲ”
မုဝမ်အာကလည်း အပြိုအပျက်ကြီးကိုကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။
ထိုအခြင်းအရာကိုမြင်သော် ဟုန်ရင်နှင့်အခြားလူများလည်း ပြုံးလိုက်မိပြီး ရှေ့ကိုလျှောက်လာလိုက်ကြသည်။
ရုပ်တုတစ်ခုက ခန်းမဝင်ပေါက်တွင် မတ်မတ်ရပ်နေပေသည်။
ဤရုပ်တုကြီးမှာ ယခင်ရုပ်တုများနှင့်မတူပေ။ ထိုရုပ်တုကြီးက ရွှေရောင်သံချပ်ကာကိုဝတ်ဆင်ထားလေသည်။ သူ့အရှိန်အဝါမှာ အလွန်အမင်းထူထပ်ပြီး ချန်းယွမ်အထွတ်အထိပ်ကိုပင် ရောက်နေချေသည်။ ကြမ်းတမ်းလှသောခန္ဓာကိုယ်ကိုပါပေါင်းလိုက်လျှင် သူ့ခွန်အားအစစ်အမှန်မှာ အာကာသနတ်ဘုရားအလယ်အလတ်အဆင့်နှင့်ပင် ပိုနီးစပ်လေသည်။
ယဲ့ချိုးပိုင်နှင့်အခြားလူများလည်း တိုက်ခိုက်တော့မည့်ဆဲဆဲမှာပင် ပုံရိပ်တချို့က တစ်ယောက်ပြီးတစ်ယောက်ရောက်လာကြသည်။
ရှေ့ဆုံးကဦးဆောင်လာသူက အမည်းရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည်။ သူ့မျက်နှာမှာ မှောင်မည်းနေပြီး သူ့အနက်ရောင်ဆံပင်များကလည်း တလူလူလွင့်နေချေသည်။
သူ့နံဘေးတွင် သရဲတစ္ဆေများဝိုင်းရံထားသည့်အလားပင်။ ၎င်း၏အရှိန်အဝါမှာ အလွန်အမင်းအေးစက်နေချေသည်။
“အိုး.. ကြည့်ရတာ တစ်ယောက်ယောက်က ငါတို့ထက်အရင်ရောက်နှင့်နေပုံပဲ။ ဒီနေရာမှာရှိတဲ့ရုပ်တုကိုတိုက်ခိုက်ဖို့ ငါတို့အင်အားပူးပေါင်းပြီး အမွေအနှစ်ကိုခွဲယူကြမလား”
သူ့နောက်ဘက်ရှိလူက အန္တရာယ်ပေးမည့်အရိပ်အယောင်ရှိနေသောလူနှင့် ပူးပေါင်းထားသူဆိုသည်မှာ သိသာလေသည်။
သူတို့ပတ်ပတ်လည်တွင် အခြားလူများလည်း တစ်ယောက်ပြီးတစ်ယောက်ရောက်လာကြသည်။
“ရွှေရောင်သံချပ်ကာနဲ့ရုပ်တုပါလား”
“ကြည့်ရတာ ဒီနေရာကအမွေအနှစ်က အရင်အဆင့်တွေကထက် ပိုမြင့်မဲ့ပုံပဲ”
“အိုး.. အဲ့ဒါ အိမ်ကနေထွက်လာပြီးတစ်ကိုယ်တည်းနေနေတဲ့အလယ်ပိုင်းဒေသကလူပဲ”
တစ်စုံတစ်ယောက်က အန္တရာယ်အငွေ့အသက်လွှမ်းနေသောလူကို သတိထားမိသွားချေသည်။
လီယုန်၏ဂုဏ်သတင်းမှာ မကြာသေးခင်ကမှ အလွန်အမင်းကောင်းမွန်နေခဲ့ခြင်းဖြစ်၏။
သူ့မျိုးရိုး၏အစွမ်းဖြင့် သူသည် သရဲတစ္ဆေများနှင့်နတ်ဘုရားများကို ဆက်သွယ်နိုင်လေသည်။ ရေအလျဉ်ပြည့်လျှံရေးအထွတ်အထိပ်တွင်ရှိထားပြီး ချန်းယွမ်အထွတ်အထိပ်အဆင့်ပညာရှင်တစ်ဦးကိုလည်း တစ်ယောက်တည်းသုတ်သင်ဖူးလေသည်။
ဟုန်ရင်ကတော့ လီယုန်ကိုလျစ်လျူရှုထားလိုက်သည်။ ဟုန်ရင်၏စရိုက်မှာ တခြားလူများနှင့်ဆိုလျှင် အလွန်အေးတိအေးစက်နိုင်လှသည်။
ယဲ့ချိုးပိုင်ကပြုံး၍ ပြောလိုက်သည်။
“အားလုံးပဲ.. ဒီအပြိုအပျက်ရဲ့အမွေအနှစ်က ဒီမိန်းကလေးနဲ့ပိုသင့်တော်တာမို့ ကျွန်တော်တို့ ခွဲယူဖို့အစီအစဉ်မရှိပါဘူး”
‘မိန်းကလေးတဲ့လား’
လီယုန် မှင်တက်သွားရလေသည်။ သူက မုဝမ်အာကိုကြည့်ပြီး ပြုံးလိုက်၏။
“ဘယ်သူများလဲလို့တွေးနေတာ။ မုမိသားစုကမင်းသမီးလေးပဲ။ ဒါပေမဲ့ မင်းက သိုင်းကျင့်ကြံရတာကိုမကြိုက်ဘူးမလား။ အခုကျတော့ ဘာလို့ စိတ်တန်ခိုးရှင်ဘုံထဲကိုရောက်နေတာလဲ”
လျှို့ဝှက်မိသားစုသုံးခုထဲမှတစ်ခုအပါအဝင်ဖြစ်သော မိသားစုဝင်တစ်ယောက်အနေနှင့် လီယုန်က မုဝမ်အာကိုသိသည်မှာ သဘာဝကျပေသည်။
မုဝမ်အာက ထိုစကားကိုကြားသောအခါ နှာမှုတ်လိုက်မိလေသည်။
“ရှင်ကဘာလို့အာရုံစိုက်နေတာလဲ”
လီယုန်က တခစ်ခစ်ရယ်မောလိုက်သည်။
“ဒီတော့ မင်းက အပြိုအပျက်ကိုလက်ဝါးကြီးအုပ်ချင်နေတယ်ပေါ့လေ”
ယဲ့ချိုးပိုင် ခေါင်းညိတ်ပြလိုက်သည်။
“အဲ့လိုသဘောထားလည်းရပါတယ်”
ထိုစကားကိုကြားသော် လီယုန်က သူ့နောက်ရှိလူကိုကြည့်ပြီးပြုံးလိုက်၏။
“ကြားတယ်မလား။ အဲ့လိုဆိုမှတော့ အပျက်အစီးကိုခွဲမယူခင်မှာ သူတို့ကိုအရင်တိုက်ခိုက်ရတော့မှာပဲ ဟုတ်တယ်မလား”
သူ့အသံမှာ အနည်းငယ်ထူးဆန်းနေချေသည်။
ဤနေရာတွင် အစွမ်းထက်လှသော ရွှေရောင်သံချပ်ကာဝတ်ရုပ်တုအစောင့်အကြပ်များရှိသည်။ အပြိုအပျက်ထဲရှိအမွေအနှစ်မှာ အလွန်အမင်းထူးခြားနေခြင်းပင်ဖြစ်ပေလိမ့်မည်။
အခြားလူများကလည်း သဘာဝကျကျပင် ထိုအရာကိုလိုချင်ကြလေသည်။ ယခု လီယုန်၏ထူးဆန်းသောစကားများကိုကြားလိုက်ရသည့်အခါ သူတို့၏စိတ်ခံစားချက်များ စည်းရုံးသိမ်းသွင်းခံလိုက်ရသည့်အလားပင်။
ထိုအခိုက်အတန့်၌ ပတ်ပတ်လည်ရှိလူများမှာ ပြုစားခံလိုက်ရလေသည်။ သူတို့က လီယုန့်ဘက်သို့ရောက်သွားကြပြီး ယဲ့ချိုးပိုင်တို့အုပ်စုကို ဝိုင်းထားလိုက်ကြလေသည်။