Switch Mode

အခန်း (၁၃၇)

ဆန်းကြယ်လှသောအမည်းရောင်ဝတ်အမျိုးသား

တောင်ပိုင်းဒေသသဲကန္တာရတွင်…

စိတ်တန်ခိုးရှင်ဘုံအကြောင်းကို သတင်းရလိုက်သောလူများကလည်း အနယ်နယ်အရပ်ရပ်မှအပြေးရောက်လာကြသည်။ ရှေးဟောင်းလျှို့ဝှက်ဘုံတစ်ခု၏အတွင်းပိုင်းတွင် မြောက်များလှစွာသောအမွေအနှစ်များလည်းရှိပြီး ရှေးဟောင်းအမွေအနှစ်တစ်ခုမှာ လူတစ်ယောက်ကို ကောင်းကင်ထိတိုင်ဆန်တက်သွားအောင် စွမ်းဆောင်ပေးနိုင်လေသည်။ ထိုကဲ့သို့သောမက်လုံးမျိုးကို သူတို့ဘယ်လိုလုပ်ငြင်းဆန်နိုင်မလဲလေ။

လူသားများဟာ စည်းစိမ်အတွက်အသက်ပေးကြရပြီး ငှက်များကမူ အစားအသောက်ကြောင့်သေဆုံးကြရသည်။ ကျင့်ကြံအားထုတ်သူများမှာ ထိုအမွေအနှစ်များကိုအရယူရန်အတွက် အရိုးကြေကြေအရေခမ်းခမ်းတိုက်ခိုက်ကြလေသည်။

ချင်းထျန်းနျန်ကလည်း ယဲ့ချိုးပိုင်နှင့်ကျန်လူများကို ဤနေရာသို့ခေါ်လာခဲ့လေသည်။ ဤနေရာရှိလူများလည်း သူတို့ကိုလှည့်ကြည့်လာကြသည်။

သို့သော် တောင်ပိုင်းဒေသ၏လျှို့ဝှက်တာအိုကျောင်းတော်မှလူများဖြစ်နေသည်ကိုမြင်သောအခါ သူတို့ အာရုံမစိုက်ကြတော့ချေ။ ချင်းထျန်းနျန်က သတင်းကိုဖြန့်ဝေပေးလိုက်သူဖြစ်သော်ငြား တောင်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်မှာ အလွန်အားနည်းလွန်းလှပေသည်။ ဤကမ္ဘာပေါ်တွင် အားနည်းသူများအနေနှင့် ပြောရေးဆိုခွင့်မရှိကြသလို အခြားလူများဆီကလည်း တန်ဖိုးမထားခံရချေ။

ချင်းထျန်းနျန်ကတော့ လုံးဝဂရုမစိုက်ပေ။ သူက ယဲ့ချိုးပိုင်နှင့်အခြားလူများကိုပြောလိုက်၏။

“နေ့လယ်ကျရင် ငါတို့ ဥမင်ပေါက်ကိုဖွင့်ဖို့ အင်အားပူးပေါင်းရလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် မင်းတို့လည်းဝင်လို့ရတယ်”

“ဒီစိတ်တန်ခိုးရှင်ဘုံထဲကို ဘယ်သူမှမဝင်ရသေးလို့ အထဲမှာဘာရှိတယ်ဆိုတာလည်း ဘယ်သူမှမသိဘူး”

“အဲ့ဒါကြောင့် မင်းတို့ရဲ့လုံခြုံရေးက အရေးကြီးဆုံးပဲ”

စကားပြောနေသည့်အချိန်မှာ ချင်းထျန်းနျန်၏အမူအရာမှာ တည်ငြိမ်နေပြီး သူ့လေသံကလည်း သတိပေးနေလေဟန်အရိပ်အယောင်များဖြင့် ပြည့်နှက်နေလေသည်။

မည်သို့ပင်ဖြစ်စေ ယဲ့ချိုးပိုင်နှင့်ကျန်လူများမှာ အလွန်အမင်းအရည်အချင်းရှိလှသည်သာ။

ချင်းထျန်းနျန်အနေနှင့် ဤလေးယောက်သာ ချောချောမွေ့မွေ့ကြီးပြင်းလာပါက နောင်အခါတွင် သူတို့ဟာ ဤကမ္ဘာထဲ၌အထွတ်အထိပ်သို့တက်လှမ်းနိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။

ထို့ကြောင့် ချင်းထျန်းနျန်က သူတို့အား အဆုံးရှုံးမခံလိုခြင်းဖြစ်သည်။

“အိုး အစ်ကိုယဲ့”

အမျိုးသားတစ်ယောက်က ဓားတစ်လက်ကိုပိုက်၍ လျှောက်လာလေသည်။ ယဲ့ချိုးပိုင်ကလည်း လှမ်းကြည့်လိုက်ပြီး မပြုံးဘဲမနေနိုင်တော့ပေ။

“လျန်ဖန်း… မင်းလည်း ဒီကိုရောက်နေတာလား”

ထိုအမျိုးသားမှာ လျှို့ဝှက်ဓားသွားဂိုဏ်း၏စံပြပုဂ္ဂိုလ် လျန်ဖန်းပင်။ လျန်ဖန်းက ယဲ့ချိုးပိုင်ထံမှဖိနှိပ်ခံရပြီးကတည်းက ပို၍ကြိုးစားနေခဲ့သည်။ သူက ဓားသင်္ချိုင်းထဲသို့ဝင်ရောက်ပြီး သူ့ဓားသိုင်းတာအိုကို အရူးအမူးသန့်စင်နေခဲ့လေသည်။ သူ့ခွန်အားသည်လည်း အတော်လေးမြင့်တက်လာပေသည်။

လျန်ဖန်းက သူ့ဓားကိုပိုက်၍ ပြုံးလိုက်၏။

“ဒါပေါ့ ငါလာရမှာပေါ့။ ရှေးဟောင်းလျှို့ဝှက်ဘုံရဲ့ဆွဲဆောင်မှုက အရမ်းကြီးတာကိုး။ တိုက်နယ်တစ်ခွင်က ပါရမီရှင်တွေနဲ့ဉာဏ်ကြီးရှင်တွေအကုန်လုံးနီးပါး ဒီမှာစုနေကြတဲ့ဟာကို”

ယဲ့ချိုးပိုင် ပတ်ပတ်လည်ကိုလှည့်ကြည့်လိုက်သည်။

ဤနေရာကိုရောက်လာကြသူများမှာ နယ်နယ်ရရမဟုတ်ပေ။

လျန်ဖန်းက အပြုံးလေးဖြင့်ပြောလိုက်သည်။

“ဘယ်လိုလဲ။ ငါတို့ စိတ်တန်ခိုးရှင်ဘုံထဲကိုဝင်တဲ့အခါ လက်ရည်ထပ်ယှဉ်ကြည့်ကြမလား”

“ဘာကိုယှဉ်ရမှာလဲ”

“အမွေအနှစ်ကို ဘယ်သူအရင်ရမလဲဆိုတာပြိုင်ကြမယ်လေ”

ယဲ့ချိုးပိုင်က ထိုကိစ္စမျိုးကို ဂရုမစိုက်ပေ။ သို့သော် လျန်ဖန်းက စိတ်တက်ကြွနေသည်ကိုမြင်သောအခါ သူခေါင်းညိတ်ပြလိုက်လေသည်။

ထိုအခိုက်အတန့်တွင် လျှို့ဝှက်တာအိုပင်မကျောင်းတော်၏ကျောင်းအုပ်ကြီးက အသင်းကိုဦးဆောင်လိုက်သည်။ မြောက်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်ပင်။ အသင်းကိုဦးဆောင်လာသူမှာ မြောက်ပိုင်းဒေသ၏နံပါတ်တစ်ဓားသိုင်းကျင့်ကြံသူတစ်ဖြစ်လဲ နယ်မြေလေးခုအဆင့်သတ်မှတ်ချက်တွင် ဆဋ္ဌမနေရာရထားသော ဓားဂိုဏ်းမှယွီလင်းပင်။

သူ့နောက်တွင်မူ ကျန်းချောင်မြန်မတ်တတ်ရပ်နေလေသည်။ အရှေ့ပိုင်းဒေသကမူ ရှီရှန်းနှင့်အခြားလူများဖြစ်၏။ အနောက်ပိုင်းဒေသ၏ဗုဒ္ဓဘာသာဝင်များက နင်းချန်ရှင်းကိုသတိထားမိသွားကြပြီး စိုက်ကြည့်နေကြလေသည်။

ဟုန်ရင်ကမေးလေသည်။

“ဆရာတူမောင်လေး…. ဒီဗုဒ္ဓဂိုဏ်းတော်က မင်းနဲ့ရန်ငြိုးရှိဖူးလို့လား”

နင်းချန်ရှင်းက တခစ်ခစ်ရယ်မောလိုက်ပြီး အမှုမထားလေဟန်ဖြင့် ပြောလာသည်။

“ကြီးကြီးမားမားမဟုတ်ပါဘူး။ တလောတုန်းက ကျွန်တော် ဗုဒ္ဓဂိုဏ်းတော်နဲ့တိုက်ခိုက်လာရုံလေးပါ”

“ဆရာ့ကျေးဇူးကြောင့်သာ ကျွန်တော် အသက်ရှင်ရက်ပြန်ထွက်လာနိုင်တာ”

ချင်းထျန်းနျန် : “….”

ဗုဒ္ဓဂိုဏ်းတော်ကို တိုက်ခိုက်ခြင်းတဲ့လား…..

ဗုဒ္ဓဂိုဏ်းတော်မှာ အလွန်အမင်းဆန်းကြယ်လှပြီး မည်သူကမှ သူတို့ကိုရန်သွားမစရဲချေ။ ပုံမှန်ဆိုလျှင် နင်းချန်ရှင်းက အတည်ငြိမ်ဆုံးဖြစ်ပြီး ပြဿနာရှာတတ်သူတစ်ယောက်နှင့်လည်း မတူပေ။ အဆုံးမှာ ဤပြဿနာက ကြီးမားလှသော ဆူပူသောင်းကျန်းမှုကိုဖြစ်ပေါ်စေခဲ့မည်ဖြစ်၏။

ထိုအကြောင်းကိုတွေးရင်း ချင်းထျန်းနျန်လည်း ကူကယ်ရာမဲ့စွာခေါင်းခါယမ်းလိုက်မိသည်။ မုဝမ်အာကမူ ပတ်ပတ်လည်ကိုလိုက်ကြည့်နေပေသည်။

သူ(မ)က တစ်စုံတစ်ယောက်ကိုရှာဖွေနေဟန်တူပြီး မကြာခင်မှာပင် သူ(မ)မျက်ဝန်းအစုံက တောက်ပသွားလေသည်။ သူ(မ)က လူတစ်ယောက်ကိုလက်ယမ်းပြပြီး အော်ဟစ်လိုက်၏။

“ဖေဖေ”

မုဟယ်ကျီကလည်း တစ်စုံတစ်ရာကို အာရုံခံစားမိလိုက်ပြီး လှည့်ကြည့်လာသည်။ သူပြုံးလျက် အနားကိုလျှောက်လာချေသည်။

“ဝမ်အာ… ဘာလို့ ဒီကိုရောက်နေတာလဲ”

မုဝမ်အာကလည်း အပြုံးလေးဖြင့်ပြောလာလေသည်။

“အနားယူဖို့ထွက်လာတာ”

မုဟယ်ကျီက ယဲ့ချိုးပိုင်နှင့်အခြားလူများကိုကြည့်ပြီး အပြုံးလေးဖြင့်ခေါင်းညိတ်ပြလိုက်သည်။

“မင်းတို့တွေက ဝမ်အာပြောတဲ့ဆရာရဲ့တပည့်တွေပဲဖြစ်ရမယ် ဟုတ်တယ်မလား”

“ကျုပ် ဝမ်အာ့ကို မင်းတို့ဆီအပ်ပါရစေ”

မဟာလျှို့ဝှက်မျိုးနွယ်စုသုံးစုထဲက တစ်ခုအပါအဝင်ဖြစ်သော်လည်း မုဟယ်ကျီက မောက်မာခြင်းအလျဉ်းမရှိ။

ယဲ့ချိုးပိုင်ကပြုံးလျက် ခေါင်းညိတ်ပြသည်။

“သေချာတာပေါ့”

နေ့ခင်းအချိန်ရောက်လာချေပြီ။

ချင်းထျန်းနျန်က ပြောလိုက်လေသည်။

“ကဲ.. ဥမင်ပွင့်လာရင် မင်းတို့ တန်းဝင်သွားလို့ရတယ်”

ဤသို့ဖြင့် သူတစ်ယောက်တည်းထွက်သွားပြီး အလွှာအဟလေးနားကိုဦးတည်သွားလိုက်လေသည်။

ဂိုဏ်းဂဏအသီးသီးမှခေါင်းဆောင်များလည်း အက်ကွဲကြောင်းနားကို စုဝေးလာကြသည်။ သူတို့လည်း ထိုဥမင်ပေါက်ကိုကူဖွင့်ရန်ပူးပေါင်းလာခြင်းဖြစ်ကြောင်း သိသာလှသည်။ လူတိုင်း၏အင်အားပူးပေါင်းမှုအောက်မှာ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုက အက်ကွဲကြောင်းအဟလေးကို ဝင်ဆောင့်ပစ်လိုက်ချေသည်။ အက်ကွဲကြောင်းလှိုင်းလုံးတစ်သီကြီး ထွက်လာလေသည်။

အနောက်ဘက်တွင် အစီအရင်ကို အသင့်ပြင်ထားပြီးဖြစ်၏။ ၎င်းမှာ အက်ကွဲကြောင်းလှိုင်းလုံးများအားလုံးကို ဖိနှိပ်ထားလိုက်လေသည်။ သူတို့ထဲရှိ လူတစ်ယောက်ပြောလိုက်သည်။

“ဥမင်က ပွင့်နေပြီ။ အခုဝင်လို့ရပြီ”

“ဒါပေမဲ့ သတ်မှတ်ချက်နဲ့မကိုက်ညီတဲ့လူတွေကိုတော့ ဝင်ခွင့်မပြုဘူး။ အဲ့လိုမှမဟုတ်ရင် မင်းတို့ စိတ်တန်ခိုးရှင်ဘုံရဲ့ငြင်းပယ်မှုကြောင့် နောက်ဆက်တွဲရိုက်ခတ်ဒဏ်ကိုခံစားရလိမ့်မယ်”

ပြဿနာကိုမီးမွှေးရှာချင်နေသူတချို့မှာ ထိုစကားကိုကြားသော် ရပ်လိုက်ကြသည်။ တချို့က အသက်၃၀ကျော်နေကြသော်လည်း အသက်ကွာဟမှုက သိပ်မကြီးမားသဖြင့် သူတို့၏ကံကိုစမ်းသပ်ကြည့်ချင်နေကြလေသည်။

သို့သော် ထိုလူ၏စကားအဆုံးမှာ အများစုက သူတို့၏အကြံများကို ပြန်ရုပ်သိမ်းလိုက်ကြသည်။ သို့သော်ငြား စွန့်စားကြည့်ချင်ကြသူများလည်းရှိပေသည်။ မည်သို့ပင်ဖြစ်စေ ရှေးဟောင်းလျှို့ဝှက်ဘုံ၏ဆွဲဆောင်မှုမှာ သူတို့အတွက်ကြီးလွန်းလှသည်။

“အထဲဝင်ကြတော့”

သူ့စကားဆုံးသည်နှင့်တစ်ပြိုင်နက် ဂိုဏ်းဂဏအသီးသီးမှလူတိုင်းဟာ ဥမင်အပေါက်ထဲကို ဝင်သွားကြလေတော့သည်။ ယဲ့ချိုးပိုင်တို့အုပ်စုလည်း အတူဝင်သွားကြသည်။ အစီအရင်ဖွဲ့စည်းထားသောကြောင့် ဥမင်အပေါက်မှာ တည်ငြိမ်နေလေသည်။ ဥမင်၏အဆုံး၌မူ ဧရာမနယ်မြေရိုင်းတစ်ခုကို မြင်တွေ့နိုင်လေသည်။ ထိုနယ်မြေ၏အပြင်ဘက်တွင် အတားအဆီးတစ်ခုလည်းရှိနေချေသည်။ ၎င်းမှာ ထူးခြားလှသောအရှိန်အဝါတစ်မျိုးကို ထုတ်လွှတ်နေပေသည်။

ထိုအခြင်းအရာကိုမြင်သော် ဟုန်ရင့်စိတ်ထဲ ပိုသေချာသွားသည်။ ဤနေရာမှာ အင်ပါယာဂုရုချန်ထားရစ်ခဲ့သောနေရာပင်တည်း။

ထိုအတားအဆီးထဲရှိအရှိန်အဝါမှာ အင်ပါယာဂုရုကြီး၏အရှိန်အဝါနှင့်အတူတူပင်။ ထိုအချိန်တွင် တစ်စုံတစ်ယောက်က အသက်ကိုရှိုက်ရှူပြီး အတားအဆီးဆီသို့အပြေးသွားလေသည်။

“အမွေအနှစ်တွေက ငါ့အတွက်ပဲ

သို့သော် လူအုပ်ကြီးမှာ အတားအဆီးကိုမထိနိုင်ခင်မှာပင် မမြင်နိုင်သောအင်အားတစ်ရပ်ကြောင့် ရုတ်ခြည်းလည်မျိုများတင်းကျပ်လာလေသည်။ လူနည်းစုကတော့ အထဲကို အောင်အောင်မြင်မြင်ဝင်ရောက်နိုင်ခဲ့သည်။ သုတ်သင်ခံလိုက်ရသောလူအုပ်မှာ ကံကောင်းစေရန်မျှော်လင့်လျက် ပြဿနာကိုမီးထွန်းပြီးရှာရန် ဝင်လာကြသူများပင်။ မည်သူမှ ထိုလူများကိုမသနားမိချေ။ ဤသည်မှာ ကိုယ်စိုက်ပျိုးသောအရာကို ကိုယ်ပြန်ရိတ်သိမ်းရခြင်းပင်။

တစ်ယောက်ပြီးတစ်ယောက် စိတ်တန်ခိုးရှင်ဘုံထဲသို့ဝင်သွားသည်ကို မြင်သောအခါ ယဲ့ချိုးပိုင်ကပြုံး၍ ပြောလိုက်သည်။

“အထဲကိုဝင်ရအောင်”

သူတို့အားလုံး ခေါင်းညိတ်ပြလိုက်ကြသည်။

ငါးယောက်သားက အတားအဆီးထဲကို တစ်ပြိုင်တည်းဝင်လာလိုက်ကြသည်။ ယဲ့ချိုးပိုင်ဝင်သွားပြီးနောက်မှာ ခန္ဓာကိုယ်တစ်ခုလုံးကို ဝတ်ရုံမည်းတစ်ထည်ဖြင့်ဖုံးလွှမ်းထားသောလူတစ်ယောက်က သူ့နောက်မှာရပ်နေပေသည်။ ထိုသူက ယောက်ျားလား၊ မိန်းမလားဆိုသည်ကိုပင် သူ မပြောနိုင်ပေ။

သို့သော် ယဲ့ချိုးပိုင်၏နောက်ကျောကိုစိုက်ကြည့်နေသည့် မျက်ဝန်းထဲတွင် နက်ရှိုင်းလှသောအမုန်းတရားများ ကိန်းအောင်းနေလေသည်။ အတားအဆီး၏နောက်တွင် နယ်မြေရိုင်းတစ်ခုရှိသည်။ ထိုနယ်မြေမှာ အရှိန်အဝါပေါင်းများစွာဖြင့်ပြည့်နှက်နေသည်။

ဝိညာဉ်ရေးရာချီစွမ်းအင်ကလည်း အလျှံပယ်ပင်။ ပြင်ပကမ္ဘာနှင့်နှိုင်းယှဉ်ကြည့်ပါက ဆယ်ဆမက ပိုများပြားလေသည်။

မုဝမ်အာက တအံ့တဩမေးလိုက်မိသည်။

“ဒါက အစီအရင်ကြောင့်များလား”

“ဝိညာဉ်စုစည်းရေးအစီအရင်တောင် ဒီလိုအကျိုးသက်ရောက်မှုမျိုးမရှိတာ… စိတ်တန်ခိုးရှင်ဘုံတစ်ခုလုံးကိုဝိုင်းထားဖို့ဆိုတာ စကားတောင်လုပ်ပြောမနေနဲ့”

ဟုန်ရင်က ရှင်းပြလိုက်သည်။

“ဒါက ရှေးဟောင်းစိတ်ဝိညာဉ်စုစည်းရေးအစီအရင်ပဲ။ အဲ့ဒါက သာမန်စိတ်ဝိညာဉ်စုစည်းရေးအစီအရင်တွေထက်ပိုသာတယ်။ ဒါပေမဲ့ စံအိမ်တော်နဲ့တော့ယှဉ်လို့မရဘူးပေါ့”

“အစ်မဟုန်ရင်… အစီအရင်ဖွဲ့စည်းမှုတွေအကြောင်း သိလားဟင်”

ဟုန်ရင် ပြုံးလိုက်မိသည်။ သူ(မ)မျက်ဝန်းထဲမှာတော့ တသသလွမ်းမောနေလေဟန်အရိပ်အယောင်တို့ ကိန်းအောင်းနေ၏။

“ဒါကတိမ်လွှာဖီးနစ်အင်ပါယာရဲ့သိုင်းကျင့်ကြံရာနေရာလေ”

Comment

Leave a Reply

Options

not work with dark mode
Reset