Switch Mode

အခန်း (၁၃၆)

နယ်မြေရိုင်း

ထိုအချိန်တွင် တိုက်နယ်ကြီးပေါ်၌ အထင်ကရကိစ္စရပ်ကြီးနှစ်ရပ် ဖြစ်ပွားခဲ့လေသည်။ ထိုဖြစ်ရပ်မှာ ဂိုဏ်းဂဏကြီးများစွာကို အံဩထိတ်လန့်သွားစေခဲ့သည်။ ပထမဆုံးကိစ္စမှာ တောင်ပိုင်းဒေသရှိ သဲကန္တာရထဲတွင် ဆန်းကြယ်သောစိတ်တန်ခိုးရှင်ဘုံကို ဂိုဏ်းဂဏကြီးများစွားမှပညာရှင်များက ဖွင့်လှစ်လိုက်နိုင်သည့်အကြောင်းပင်။ ထိုစိတ်တန်ခိုးရှင်ဘုံထဲသို့ ဝင်ရောက်ခြင်းမှာ အကန့်အသတ်တစ်ခုရှိလေသည်။

အနည်းဆုံးရေအလျဉ်ပြည့်လျှံရေးအဆင့်မှာရှိနေသော အသက်သုံးဆယ်အောက်ရှိသူများသာ ဝင်ရောက်နိုင်သည်။ အသက်၃၀ပြည့်ထားပြီး ရေအလျဉ်ပြည့်လျှံရေးအဆင့်၌ရှိနေသူများမှာ ပါရမီရှင်များနှင့် ဉာဏ်ကြီးရှင်များသာဖြစ်ကြသည်။ ယခုမူ ဂိုဏ်းဂဏအသီးသီးက တောင်ပိုင်းဒေသကန္တာရဆီသို့ ပါရမီရှင်များစေလွှတ်လာလေသည်။

ဒုတိယကိစ္စမှာ ဂိုဏ်းဂဏပေါင်းများစွာမှ လျှို့ဝှက်အင်အားကြီးပုဂ္ဂိုလ်တစ်ဦးနှင့် ပါရမီရှင်များမွေးထုတ်ပေးနိုင်လိုက်သည့်အကြောင်းပင်။ သူတို့ထဲတွင် အရင်းနှီးဆုံးလူသုံးယောက်ရှိပေသည်။

ပထမတစ်ယောက်က အလယ်ပိုင်းဒေသရှိ လျှို့ဝှက်မိသားစုသုံးခုထဲမှတစ်ခုဖြစ်သော မုရုန်မိသားစုမှ မုရုန်ဇီဖြစ်၏။ မုရုန်ဇီက ချန်းယွမ်အလယ်အလတ်အဆင့်သို့ရောက်ရှိပြီးဖြစ်ကြောင်း သိရလေသည်။ သူ၏အစီအရင်တည်ဆောက်မှုစွမ်းရည်မှာ ပို၍ပင်ထိတ်လန့်ဖွယ်ကောင်းလှသည်။ သူ့ကိုမွေးပြီးချင်းချင်းမှာ မုရုန်မိသားစုက ရန်သူအင်အားစုများနှင့်ရင်ဆိုင်ခဲ့ကြစဉ်က သူသည် သူ့အစီအရင်တည်ဆောက်မှုအဆင့်ကို ပြသခဲ့သည်။

သူသည် မီးတောက်အစီအရင်ဖြင့် ချန်းယွမ်အဆင့်ပညာရှင်သုံးယောက်ကို သတ်ဖြတ်ပစ်ခဲ့သည်။

ဒုတိယတစ်ယောက်မှာ အလယ်ပိုင်းဒေသရှိ လျှို့ဝှက်မိသားစုများထဲမှတစ်ခုဖြစ်ပြီး သူဟာ မိသားစုကိုစွန့်ပစ်ပြီး ငရဲဘုံကိုလည်းစွန့်ခွာခဲ့ပေသည်။ သူ့အဆင့်က ရေအလျဉ်ပြည့်လျှံရေးအထွတ်အထိပ်အဆင့်ဆိုသော်ငြား ကျင့်စဉ်နှင့်နောက်ခံမျိုးရိုးကတော့ အလွန်ထူးဆန်းလှသည်။ သူ့မျိုးရိုးမှာ မိစ္ဆာတစ္ဆေများနှင့် နတ်ဘုရားများနှင့်ပါ ဆက်သွယ်နိုင်စွမ်းရှိသည်ဟု ဆိုကြသည်။

နောက်ဆုံးတစ်ခုမှာ အနောက်ပိုင်းဒေသရှိ အဆန်းကြယ်ဆုံးဗုဒ္ဓဂိုဏ်းတော်ဖြစ်သည်။ ထိုဂိုဏ်းတော်ထဲတွင် ဗုဒ္ဓသားတော်တစ်ပါးမွေးဖွားလာခဲ့ပြီး သူ့ကျင့်ကြံရေးနှင့် ခွန်အားကလည်း မသိနိုင်သောအဆင့်မှာရှိ၏။ သူပိုင်ဆိုင်ထားသောယုံကြည်ကိုးကွယ်မှုစွမ်းအားနှင့် သူ၏ဗုဒ္ဓတာအိုအဆင့်က အလွန်မြင့်မြတ်လှကြောင်းကိုသာ သူသိလေသည်။ သူဟာ နောင်ပွင့်မည့်ဗုဒ္ဓအရှင်၏ဆက်ခံသူဟုဆိုကြလေသည်။

ပါရမီရှင်အများကြီးမွေးဖွားလာခြင်းမှာ အားလုံးကို တစ်စုံတစ်ခုက ပုံမှန်မဟုတ်သလို ခံစားမိစေသည်။ အချိန်အကြာကြီးတိတ်ဆိတ်ငြိမ်သက်နေခဲ့သောဤတိုက်နယ်ကြီးမှာ စတင်အသက်ဝင်လာလေဟန်ပင်။

တစ်ချိန်တည်းမှာပင် ချင်းထျန်းနျန်က စံအိမ်တော်ဆီသို့ရောက်ချလာသည်။

သူ့ကိုမြင်သည်နှင့် လုချန်ရှန်းကလည်း ချက်ချင်းထွက်ပြေးရန်ပြင်လေသည်။

“ငါအရင်လစ်ထွက်သွားလိုက်မယ်။ ဦးလေးချင်းက ငါဘယ်မှာလဲလို့မေးရင် မသိဘူးလို့သာဖြေကြ နားလည်လား”

တပည့်များ : “…..”

လုချန်ရှန်းမှာလည်း ရွေးချယ်စရာမရှိပေ။

မည်သို့ပင်ဖြစ်စေ ချင်းထျန်းနျန်ရောက်လာသည့်အခေါက်တိုင်း ကောင်းတာတစ်ခုမှဖြစ်မလာပေ။

ချင်းထျန်းနျန်က အနားကိုလျှောက်လာသော်လည်း လုချန်ရှန်းကိုမမြင်မိသဖြင့် ယဲ့ချိုးပိုင်ကိုမေးလိုက်သည်။

“ချိုးပိုင်… မင်းဆရာ ဘယ်မှာလဲ”

ယဲ့ချိုးပိုင်အနေနှင့် လုချန်ရှန်း၏အမိန့်ကို မနာခံဘဲ ဘယ်နေနိုင်မည်တဲ့လဲ။ အကယ်၍ သူသာ အမှန်အတိုင်းပြောပြလိုက်ပါက နောင်မှာ သူ့ဘဝလေးအေးချမ်းတော့မည်မဟုတ်ပေ။

ထို့ကြောင့် သူကူကယ်ရာမဲ့စွာပြောလိုက်ရသည်။

“ကျွန်တော်လည်းမသိဘူး။ ဆရာက ကိစ္စရှိလို့ဆိုပြီး အပြင်ထွက်သွားတာနေမယ်”

“သူ့မှာဘာကိစ္စများရှိမှာမို့လို့လဲ”

ချင်းထျန်းနျန်က ရှေ့နောက်မစဉ်းစားဘဲ ပြောချလိုက်သည်။

ထိုစကားကိုကြားသော် လုချန်ရှန်း၏မျက်နှာမှာ ကွက်ခနဲပျက်သွားရချေသည်။

သူ ဘာပြောလိုက်တာလဲ… ငါကလုပ်စရာအလုပ်ဘာလို့မရှိရမှာလဲ”

သူ အိပ်လိုက်၊စားလိုက်၊ အပင်ရေလောင်းလိုက်နှင့် ပန်းပင်များကိုလည်း ပြုစုရသေးသည်။ ဤကိစ္စများအားလုံးက အလုပ်ရှုပ်နေတာပဲမဟုတ်လား။

“ဒါပေမဲ့ ဘာမှမဖြစ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါလည်း ဒီနေ့ သူ့ကိုလာရှာတာမှမဟုတ်တာ”

ချင်းထျန်းနျန်စကားကိုကြားသောအခါ လုချန်ရှန်းလည်း စိတ်သက်သာရာရစွာသက်ပြင်းချလိုက်ပြီး ထွက်လာခဲ့လိုက်သည်။

လုချန်ရှန်းကို မြင်လိုက်ရသောအခါ ချင်းထျန်းနျန်မှာ ကြက်သေသေသွားရလေသည်။

“မင်းလုပ်စရာရှိတယ်ဆို”

“အမ်…”

လုချန်ရှန်းလည်း ခေါင်းတကုတ်ကုတ်နှင့် လုပ်ပြုံးပြုံးလိုက်သည်။

“လုပ်ပြီးသွားလို့ပြန်လာတာပေါ့”

ချင်းထျန်းနျန်၏မျက်ဝန်းထဲမှာ မသင်္ကာရိပ်များကိန်းအောင်းသွားသော်လည်း ကူကယ်ရာမဲ့စွာခေါင်းခါယမ်းလျက် ပြောလိုက်၏။

“ငါမင်းတပည့်တွေကိုခေါ်ဖို့လာခဲ့တာ”

“ရတယ်လေ… သူတို့ကိုစိတ်ကြိုက်အသုံးချလိုက်”

‘ကျွန်တော့်ကိုလာရှာတာမဟုတ်ရင်ပြီးရော’

လုချန်ရှန်း တွေးလိုက်မိသည်။

ယဲ့ချိုးပိုင် : “….”

ဟုန်ရင် : “….”

နင်းချန်ရှင်း : “….”

မဟူရာ : ”…”

ဆရာ အနည်းဆုံးတော့ နည်းနည်းလောက်ဟန်ဆောင်ပါဦးလား….

ချင်းထျန်းနျန်က ခေါင်းညိတ်ပြ၍ပြောလေသည်။

“ကောင်းပြီ။ တောင်ပိုင်းသဲကန္တာရဲ့ ဆန်းကြယ်တဲ့စိတ်တန်ခိုးရှင်ဘုံက ပွင့်နေတာကြာပြီ။ မင်းတပည့်တွေအကုန်လုံးကလည်း ရေအလျဉ်ပြည့်လျှံရေးအဆင့်ကိုကျော်နေပြီဆိုတော့ သူတို့လည်း အဲ့ဒီကိုသွားသင့်တယ်”

“ဒီစိတ်တန်ခိုးရှင်ဘုံက ရှေးကတည်းကရှိနေခဲ့တာလို့သိထားတယ်”

“အဲ့ဒီထဲမှာ မရေမတွက်နိုင်တဲ့အမွေအနှစ်တွေလည်းရှိတယ်။ တစ်ခုလောက်ရရင်ကို ချိုးပိုင်နဲ့တခြားလူတွေအတွက် ကြီးမားတဲ့အထောက်အကူမျိုးဖြစ်မှာ”

ထိုစကားကိုကြားသော် ဟုန်ရင်၏အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားလေသည်။

တောင်ပိုင်းဒေသသဲကန္တာရထဲရှိ ရှေးဟောင်းလျှို့ဝှက်ဘုံမှာ အင်ပါယာဂုရုကြီးချန်ထားရစ်ခဲ့သောအရာဖြစ်နိုင်လေသည်။

ချင်းထျန်းနျန်က မေးလာ၏။

“မင်းတို့ဘယ်လိုထင်ကြလဲ”

ဟုန်ရင်က မဆိုင်းမတွခေါင်းညိတ်ပြပြီး ပြောလာလေသည်။

“ကျွန်မသွားချင်တယ်”

ထိုအခြင်းအရာကိုမြင်သော် ချင်းထျန်းနျန်က တခစ်ခစ်ရယ်လျက် ခေါင်းတညိတ်ညိတ်လုပ်ကာ ယဲ့ချိုးပိုင်နှင့်ကျန်လူများကိုကြည့်လိုက်လေသည်။

ယဲ့ချိုးပိုင်က လုချန်ရှန်းကိုကြည့်လိုက်မိသည်။

လုချန်ရှန်းက နှုတ်ခမ်းကိုတွန့်ကွေး၍ပြောလိုက်သည်။

“ထားလိုက်ပါတော့။ ပြဿနာသာမရှာခဲ့နဲ့”

ယဲ့ချိုးပိုင်မှာ ကူကယ်ရာမဲ့သလိုခံစားလိုက်ရပြီး ပြောလိုက်လေသည်။

“ကောင်းပါပြီ။ ကျွန်တော်လည်းသွားမယ်”

ယဲ့ချိုးပိုင်ကတော့ အမွေအနှစ်များကိုလိုချင်သောကြောင့်မဟုတ်ပေ။

လက်ရှိတွင် သူ့မှာ အမွေအနှစ်များစွာပိုင်ဆိုင်ထားပြီးဖြစ်၏။ သူ့အနေနှင့် ဝါးနိုင်သည်ထက်ပိုပြီးမကိုက်နိုင်တော့ပေ။ သူ ထိုစိတ်တန်ခိုးရှင်ဘုံကို သွားချင်ရသည့်အကြောင်းအရင်းမှာ သူ့ကိုယ်သူလေ့ကျင့်ပေး၍ သူ့ဓားသိုင်းတာအိုကို ပိုမိုသန်မာလာအောင်လုပ်ချင်သောကြောင့်ပင်။

နင်းချန်ရှင်းအဖို့တော့ ဗုဒ္ဓဂိုဏ်းတော်မှဖြစ်ရပ်သာမဖြစ်ခဲ့ပါက သူသွားဖြစ်လိမ့်မည်မဟုတ်ဘဲ ဆက်လက်တရားဟောပြောနေဦးမည်သာဖြစ်၏။ သို့သော် နင်းချန်ရှင်း၏စိတ်ပိုင်းဆိုင်ရာအခြေအနေမှာ အနည်းငယ်ပြောင်းလဲသွားပြီဖြစ်သည်။ရှေ့ဆက်တိုးသွားရင်း သေမျိုးများကို တာအို၏ဖြစ်တည်မှုကိုနားလည်စေချင်ခဲ့သည်။

ယခုမူ သူ့အနေနှင့် မြောက်များလှစွာသောအရင်းအမြစ်များကို မွေ့လျော်တတ်ကြသော ထိုပါရမီရှင်များ၏စိတ်ပိုင်းဆိုင်ရာ၊ မိသားစုနေုာက်ခံနှင့် အရည်အချင်းများအကြောင်းကို သူမြင်ချင်မိသည်။ ထိုအကြောင်းကိုတွေးမိသော် နင်းချန်ရှင်း ခေါင်းညိတ်ပြလိုက်သည်။

မဟူရာကလည်း ခေါင်းကိုကုတ်လျက်ပြုံးလိုက်၏။

“ဆရာတူအစ်ကိုတွေအကုန်လုံးက သွားမယ်ဆိုမှတော့ ကျွန်တော်လည်းသွားပါ့မယ်”

ချင်းထျန်းနျန်က မုဝမ်အာကိုလည်းကြည့်၍မေးလိုက်သည်။

“မင်းရော”

ချင်းထျန်းနျန်က မုဝမ်အာအကြောင်းကိုသိထားပြီးဖြစ်၏။

မုဝမ်အာက ခဏမျှတွေးလိုက်မိသည်။ စိတ်တန်ခိုးရှင်ဘုံကို စူးစမ်းလေ့လာရေးထွက်ဖို့ရာမဖြစ်နိုင်တာတော့မဟုတ်ချေ။ ထို့ကြောင့် သူ(မ) သဘောတူကြောင်းခေါင်းညိတ်ပြလိုက်သည်။

ထိုအခြင်းအရာကိုမြင်သော် ချင်းထျန်းနျန်ကပြုံး၍ ပြောလိုက်လေသည်။

“ကဲ ချက်ချင်းသွားကြတာပေါ့”

လုချန်ရှန်းကိုနှုတ်ဆက်လိုက်ပြီးနောက် သူတို့ငါးယောက်သား ချင်းထျန်းနျန်နောက်က လိုက်သွားလိုက်သည်။ လုချန်ရှန်းက သစ်သားထိုင်ခုံပေါ်ထိုင်ပြီးပြောလိုက်လေသည်။

“နောက်ဆုံးတော့ နားညည်းသက်သာသွားပြီ”

သိပ်မကြာခင်မှာ တည်ငြိမ်လှသောအသက်ရှူသံတစ်သံ ထွက်ပေါ်လာလေသည်။

ဤဘုံ၏ပြင်ပရှိ အကန့်အသတ်မဲ့ကျယ်ပြောသောကြယ်တာရာနယ်မြေထဲ၌ မရေမတွက်နိုင်သောဘုံပေါင်းများစွာရှိသည်။ သို့သော် ဘုံများကို အဆင့်သုံးဆင့်ခွဲခြားထားသည်။

လတ္တီတွဒ်နိမ့်သောဘုံ၊ အလယ်အလတ်လတ္တီတွဒ်ဘုံနှင့် လတ္တီတွဒ်မြင့်သောဘုံဟူ၍ပင်။

လုချန်ရှန်းနှင့်အခြားလူများရှိနေသောနေရာမှာ နယ်မြေရိုင်းဘုံဟုခေါ်သည်။ ဤဘုံကို ကောင်းကင်ဘုံတာအိုမပြိုလဲစဉ်က လတ္တီတွဒ်နိမ့်သောနယ်မြေဟုခေါ်ဆိုနိုင်ဆဲပင်။ သို့သော် ယခုမူ ကောင်းကင်ဘုံတာအိုပြိုလဲသွားသည့်အတွက် လတ္တီတွဒ်နိမ့်အဆင့်ထဲတွင် အားအနည်းဆုံးဖြစ်တည်မှုပင်ဖြစ်လောက်ပေသည်။

မည်သို့ပင်ဖြစ်စေ ထိုကဲ့သို့သောဘုံမျိုးမှာ အခြားဘုံမှလူများဆီက ပစ်မှတ်ထားခံရလေသည်။

ထိုအချိန်၌ ကောင်းကင်ဘုံလမ်းမထက်တွင် မတ်တတ်ရပ်နေသောပုံရိပ်ငါးခုရှိလေသည်။

“ဘယ်လိုလဲ။ နယ်မြေရိုင်းထဲမှာ ငါတို့လွှတ်ထားတဲ့သူလျှိုဆီက အဲ့ဒီလူရဲ့သတင်း ဘာကြားထားသေးလဲ”

သူတို့ထဲကလူတစ်ယောက်မှာ ခေါင်းခါယမ်းပြီးပြောလိုက်လေသည်။

“မကြားမိပါဘူး။ ဒီလူ့ကြည့်ရတာ ခပ်လျှိုလျှိုနေတတ်တဲ့ပုံပဲ။ သူက အပြင်လည်းသိပ်မထွက်သလို ကမ္ဘာမြေတုန်လှုပ်ဖွယ်ကိစ္စတွေကိုလည်း ဘာမှမလုပ်ဘူး”

“ကျွန်တော်တို့သိတာဆိုလို့ သူ့မှာ တပည့်နည်းနည်းရှိတယ်ဆိုတာပဲ။ တစ်ယောက်ရဲ့နာမည်က ယဲ့ချိုးပိုင်တဲ့”

“ဟုတ်ပြီ။ ငါတို့ ယဲ့ချိုးပိုင်ကိုစရှာပြီးမှ အဲဒီလူရဲ့သရုပ်မှန်ကိုထုတ်ဖော်ကြတာပေါ့”

“နားလည်ပါပြီ။ ကျွန်တော် အစောကြီကတည်းက ပိုင်ယွင်ဟယ်ကို နယ်မြေရိုင်းဆီကိုလွှတ်ထားပြီးပါပြီ”

ပိုင်ယွင်ဟယ်ဆိုသည်မှာ သူတို့ဂိုဏ်း၏ပါရမီရှင်တစ်ဦးဖြစ်၏။

ခေါင်းဆောင်ဖြစ်သူက ညင်သာစွာခေါင်းညိတ်လိုက်လေသည်။

“မှတ်ထားကြ။ နယ်မြေရိုင်းထဲကဂမ္ဘီရပစ္စည်းက နောက်ဆုံးအဆင့်ကိုရောက်ပြီးသွားပြီ။ အဲ့ဒါက မကြာခင်မှာ နောက်ဆုံးအဆင့်ကိုပြီးမြောက်ပြီး မွေးဖွားလာတော့မယ်”

“အဲဒီအချိန်မတိုင်ခင် ဘာမှအမှားအယွင်းမဖြစ်အောင်လုပ်ထားရမယ်”

“အဲ့လိုမှမဟုတ်ရင် ငါတို့ နှစ်ပေါင်းများစွာကြိုးစားခဲ့တာတွေအကုန် အချည်းနှီးဖြစ်သွားလိမ့်မယ်”

လူတိုင်း ခေါင်းညိတ်သဘောတူလိုက်သည်။ ထို့နောက်မှာတော့ သူတို့ထွက်သွားကြလေတော့သည်။

တောင်ပိုင်းဒေသတွင်မူ ဒေသအသီးသီးမှပါရမီရှင်များ အတူတကွစုဝေးနေကြလေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset