ကျူးကော့မင်းယွီက ပေ့ထင်ရှင်းအာနှင့်အတူ ရီဖူရှင်း၏အနီးကို ရောက်လာသည်။ ဟွာဂျီယူက ပြုံးလျက် အော်သည်… “အစ်မနှစ်…”
“ကောင်းတယ် … မောင်ငယ်လေး…” ပေ့ထင်ရှင်းအာက ပြုံးသည်။
“အစ်မရှင်းအာက ဘာလို့ ဝင်မပြိုင်တာလဲ…” ရီဖူရှင်းက မေးသည်။
“ငါက တန်ခိုးကျင့်တာမှာ သိပ်စိတ်ဝင်စားတာ မဟုတ်ဘူး…” ပေ့ထင်ရှင်းအာက ပြုံးလျက် ပြောသည်… “ငါက အစ်မနှစ်အနားမှာပဲ နေရတာ သဘောကျတယ်…”
“ကျွန်းစုတစ်ထောင် တော်ဝင်မြေက သူတို့ရဲ့တပည့်ကို ရွေးချယ်လိမ့်မယ်… အထူးခြားဆုံး လူတွေကတော့ သူတို့ရဲ့ တကယ့်စွမ်းရည်တွေကို ထုတ်မပြကြသေးဘူး… မင်းက စီကျိနဲ့ ဦးဆုံး အတွေ့အကြုံ ရခဲ့တာပဲ… မနက်ဖြန်မှ တကယ့်စမ်းသပ်မှုတွေ လာလိမ့်မယ်… မင်း လုပ်နိုင်မယ် ထင်လား…” ကျူးကော့မင်းယွီက ပြုံးလျက်မေးသည်။ ရီဖူရှင်း၏ပါရမီကို သူမသိသည်။ သို့သော် သူ၏တန်ခိုးအဆင့်က နိမ့်နေသည်။
ကျန်ရစ်သူများထဲတွင် လူရာကျော်ခန့်မျှသာ ရှိတော့ရာ ရီဖူရှင်းနှင့် ယူချင်းတို့က တန်ခိုးအဆင့်အရ အားအနည်းဆုံး ဖြစ်သည်။ နဝမအတန်းအစား နိုဘယ်များပင် သိပ်မရှိပေ။ အများစုက သတ္တမအတန်းစား နိုဘယ်များဖြစ်ကာ အဋ္ဌမအတန်းအစား နိုဘယ်ပင် သိပ်မများပေ။
“အချိန်ကျလာရင် ဘယ်လိုဖြစ်မလဲ မပြောတတ်သေးဘူး…” ရီဖူရှင်းက ပြောသည်။
“ကောင်းပြီလေ… ဒါဆိုလည်း အတတ်နိုင်ဆုံး ကြိုးစားကြည့်ပေါ့… မနက်ဖြန်ကတော့ ဒီနေ့နဲ့ ကွဲပြား သွားလိမ့်မယ်… တော်ဝင်ကျဲ နန်းတော်က အကြီးအကဲတွေက လက်တစ်ဆုပ်စာ အရေအတွက်လောက်ပဲ ရွေးကြမှာ…” ကျူးကော့မင်းယွီက ရီဖူရှင်းအား တော်ဝင်ကျဲ နန်းတော်သို့ ဝင်ရောက်စေလိုသည်။
“ဟုတ်ကဲ့…” ရီဖူရှင်းက ခေါင်းညိတ်သည်။
“ကောင်းပြီ… ငါက မင်းနဲ့ ဂျီယူအကြား ဝင်မပါတော့ဘူး… ကျွန်းမှာ မင်းတို့ လည်ပတ် သွားလာနိုင်တဲ့ နေရာတွေ အများကြီး ရှိတယ်…” ကျူးကော့မင်းယွီက ပြောကာ ပေ့ထင်ရှင်းအာနှင့်အတူ ထွက်သွားသည်။
ချန်းယွန်၊ မူချန်းနှင့် မူကျိချူတို့က ကျူးကော့မင်းယွီ ထွက်သွားပြီး မကြာခင် ရောက်လာသည်။
“ကျိချူ… ဘာလို့ ထပ်ပြီး မကြိုးစားတော့တာလဲ…” ရီဖူရှင်းက မူကျိချူကို မေးသည်။ မူကျိချူက ကျွန်းစုတစ်ထောင် တော်ဝင်မြေမှ အကြီးအကဲ တစ်ယောက်၏ ဖိတ်ခေါ်မှုကို လက်ခံခဲ့သည်။
“မနက်ဖြန် စမ်းသပ်မှုက ပြင်းထန်လိမ့်မယ်… အဲဒီစီနီယာက ငါ့အစ်ကိုရဲ့ ဆရာပဲ… သူက ဖိတ်ခေါ်တော့ ငါက ဒီကို လာတဲ့ ရည်ရွယ်ချက် ပြည့်မီသွားတယ် ပြောရမယ်…” မူကျိချူက ရှင်းပြသည်။
ရီဖူရှင်းက ခေါင်းညိတ်ကာ ထပ်မပြောတော့။
နောက်တွင် ရပ်နေသော မူကျိဖန်မူကား ပါးစပ်ပိတ်ထားသည်။ ရီဖူရှင်းက တော်ဝင်မြေကို ဝင်ခွင့်ရသော်လည်း ငြင်းပယ်ခဲ့သည်။ ထိုအချက် တစ်ခုတည်းက သူ့ထက် ရီဖူရှင်းက သာသည်ကို သိသာစေသည်။
“ဖူရှင်း… မနက်ဖြန်ရောက်ရင် အကောင်းဆုံး ကြိုးစားခဲ့…” ချန်းယွန်က ရီဖူရှင်းကို ပြောသည်။ တစ်ဖက်ကလည်း သူ၏ ကျောင်းသားတော်အား တော်ဝင်ကျဲနန်းတော်ကို ပေးရမည်ကို နှမြောသည်။ တစ်ဖက်ကလည်း တခြား ထိပ်သီးကျောင်း နှစ်ကျောင်းက ဖိအားပေးနေသော အချိန်တွင် ရီဖူရှင်း တော်ဝင်ကျဲ နန်းတော်ကို ဝင်ရောက်ခြင်းက အသက်ရှူချောင် သွားစေနိုင်ပေမည်။
“ကျွန်တော် ကြိုးစားပါ့မယ်… ကျောင်းအုပ်…” ရီဖူရှင်းက ခေါင်းညိတ်သည်။
“မူချန်း… သူက တော်ဝင်ကျဲ နန်းတော်ကို မဝင်ရသေးဘူး… မင်းက သူ့ကို စောင့်ရှောက်တဲ့ တာဝန်ကို ယူဖို့ လက်ခံဖို့ အခွင့်အရေး ရှိသေးတယ်…” ချန်းယွန်က ပြုံးလျက် တိုက်တွန်းသည်။
“သွားစမ်းပါ…” မူချန်းက အော်ဟစ်သည်။ ကလေးတစ်ယောက်ကို သူက မည်သို့ အောက်ကျို့ခံရမည်နည်း။
“ဟဟ…” ချန်းယွန်က ရယ်သည်… “မင်းက မင်းရဲ့ မြေးမလောက်တောင် မသိတတ်ဘူး… အခု မင်းရဲ့ မြေးမက ရီဖူရှင်းဘေးကို ရောက်နေပြီ…မင်းလက်ထက်မှာ ကျိုက်ရှင်းအိမ်တော်က ဘာမှ ဖြစ်မြောက်မှာ မဟုတ်ဘူး…”
ရီဖူရှင်းက ကျောင်းအုပ်ချန်းကို မျက်လုံးပြူးကာ ကြည့်သည်။ ဟွာဂျီယူက သူ့အား ပြုံးလျက် ကြည့်နေသည်ကို မြင်လျှင် သူက မအောင့်နိုင်တော့ဘဲ ပြောလိုက်သည်… “ကျောင်းအုပ်ကြီး… ဒီလို မပြောပါနဲ့… ကျွန်တော်နဲ့ ကျိချူက မိတ်ဆွေတွေပါ…”
“ဟုတ်တယ်မလား… ကျိချူ…” ရီဖူရှင်းက သူမအား ကြည့်ကာ မေးသည်။
ဒီဘိုးတော်က ဘာတွေ လုပ်နေတာလဲဟု ရီဖူရှင်းက စိတ်ပျက်စွာ တွေးသည်။
“အင်း… အင်း… လျှာလိပ်ပြီး မတော်တဆ ထွက်သွားတာ…” ကျောင်းအုပ်ချန်းက ပြုံးလျက် လက်ဝှေ့ယမ်းသည်။ သို့သော် ရီဖူရှင်းမူကား တစ်စုံတစ်ယောက်ကို ရိုက်နှက်ချင်စိတ် ဖြစ်သွားသည်။
မူကျိချူမူကား ပြုံးရောင်သန်းလျက်ပင် ဟွာဂျီယူကို ကြည့်သည်။ ဟွာဂျီယူကား နတ်သမီး တစ်ပါးလို လှပချောမောရကား သူမကိုယ်တိုင်က လေးစား အားကျရသည်။
သူမက ရီဖူရှင်းကို ကြည့်ကာ သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြသည်။
တခြားလှပသော မိန်းကလေးများ ဖြစ်သော ကုယွန်ချီနှင့် ချင်ရန်တို့ကလည်း ဤနေရာတွင် ရှိနေရာ ကြာကြာ မနေသင့်တော့ဟု ယူဆသည်။ ထို့နောက် သူက ပြောသည်… “ဒီကျွန်းက တော်တော် လှတယ်လို့ အစ်မနှစ်က ပြောတယ်… အားလုံး အားလပ်ရင် လည်ပတ်ကြပါလား… အခုတော့ ကျုပ် သွားလိုက်ဦးမယ်…” ထို့နောက် သူက ဟွာဂျီယူကို ဆွဲခေါ်ကာ ထွက်သွားသည်။
“သူက ဒီလိုပဲ ထွက်သွားတာလား…” ယိရှောင်ရှီက သူ့ကို ဒေါသတကြီး ကြည့်သည်။ သူတို့အုပ်စုက ရီဖူရှင်းကြောင့်သာ တစ်စုတည်း ဖြစ်နေကာ အချင်းချင်း သိပ်ရင်းနှီးကြခြင်း မရှိပေ။ ယခု ရီဖူရှင်းက သူ့ကောင်မလေးနှင့်အတူ ပြေးသွားပြီ ဖြစ်သည်။
ယူချင်းက ယိရှောင်ရှီကို ကြည့်ကာ ပြောသည်… “ခင်ဗျားက ဒါကို အသားမကျသေးဘူးလို့ မပြောနဲ့…”
ယိရှောင်ရှီက သက်ပြင်းချသည်… “ငါက အခုထိ အသားမကျသေးဘူး ထင်တယ်…”
“အစ်ကိုယွန်… ကျုပ်တို့ အချင်းချင်း လက်ရည်စမ်းဖို့ တစ်နေရာ သွားရာရင် ဘယ်လိုလဲ…” ဖက်ဆီးက နောက်မှ လူဝံကြီးကို မေးသည်။
“ကျုပ် မအားဘူး…” ယန်ကျန်းက သူ့အား ဂရုစိုက်ဟန်မရဘဲ သူ့အဖေရှိရာသို့ လှမ်းသွားလိုက်သည်။
ကုယွန်ချီ၏ မျက်လုံးများက အဝေးကို ထွက်သွားသော ရီဖူရှင်းကို ကြည့်ကာ ရီဝေနေသည်။
“ယွန်ချီ…” ကုမင်က သူမကို ခေါ်သည်။
“အင်း…” ကုယွန်ချီက နောက်လှည့်သည်။
“မင်း ခေါင်းထဲမှာ ဘာရှိနေတာလဲ…” ကုမင်က မေးသည်။ သူမ၏စိတ်ထဲတွင် ဘာရှိနေသည်ကို သူမသိစရာ အကြောင်းတော့ မရှိပေ။ သို့သော်လည်း ရီဖူရှင်းကား ကုယွန်ချီ လက်လှမ်းမီသောသူ မဟုတ်ပေ။
“သူတို့နှစ်ယောက်က တကယ် လိုက်ဖက်တယ်လို့ ငါတွေးနေတာ…” ကုယွန်ချီက ပြုံးလျက် ပြောသည်။
ကုမင်က အံ့အားသင့် သွားသည်။ သူ၏ညီမက စိတ်ဓာတ် ကျဆင်းသွားမည်ကို သူ စိုးရိမ်နေသော်လည်း ယခု ကြည့်ရသည့်အတိုင်း ဆိုလျှင် သူမက စိတ်ကို ပြင်ဆင်ထားပြီး ဖြစ်ဟန်ရသည်။
***
တော်ဝင်ကျဲ နန်းတော်၏ ဘေးမှ လေ့ကျင့်ရေး ကျွန်းစုကား အလွန် သာယာလှပသည်။ မရေမတွက်နိုင်သော လူများက ယနေ့ တိုက်ပွဲနှင့် ပတ်သက်၍ ဆွေးနွေးပြောဆို နေကြသည်။
ယခုကား လူတစ်ရာခန့်မျှသာ ကျန်ရစ်တော့ပြီ ဖြစ်သည်။ သည်လူများက မြေရိုင်းဒေသ တစ်ခွင်လုံးမှ အကောင်းဆုံးလူများ ဖြစ်ကြသည်။ မနက်ဖြန်ကား အလွန် စိတ်ဝင်စားဖွယ်ရာ ကောင်းနေတော့မည်။
ဟောင်မိသားစုမှ ဟောင်ကျူဂီနှင့် တင်းရွယ်အိမ်တော်မှ ရွယ်ချွဲတို့အကြား ဘယ်သူက ပိုအားကောင်းသလဲ…။
တိမ်ဖြူမြို့မှ ဒုတိယသခင်လေးနှင့် ကျူးကော့မိသားစုမှ ကျူးကော့ရှင်းတို့အကြား ဘယ်သူက ပိုထက်မြက်သလဲ…။
သူတို့ကား တော်ဝင်လမ်းတွင် ထိပ်သီးအဆင့် ပါရမီရှင်များ ဖြစ်ကြသည်။ မနက်ဖြန် သူတို့အကြားတိုက်ပွဲက မည်သို့ ဖြစ်မည်နည်း။
အကာနာအဆင့် လူငယ်လေး ရီဖူရှင်းက မည်သို့ စွမ်းဆောင် နိုင်မည်နည်း။
ထိုအရာများ အားလုံးက ရီဖူရှင်းနှင့် သက်ဆိုင်ဟန် မရပေ။ သူနှင့် ဟွာဂျီယူတို့က ကျွန်း၏ကျောက်စွန်းတစ်ခုသို့ ရောက်လာကြသည်။ သူတို့ရှေ့တွင်ကား မိုးပြာရောင် တော်ဝင်မြစ်ကြီးက လှိုင်းလေများ ငြိမ်သက်စွာဖြင့် ခန့်ထည်စွာ ရှိနေသည်။
သူတို့နှစ်ယောက်က ကျောက်စွန်းပေါ်သို့ တက်လာကြကာ ဟွာဂျီယူ၏မျက်နှာတွင် ချိုသာသော အပြုံးတစ်ခုကို တွေ့နေရသည်။ နှစ်နှစ်ခန့် ကြာပြီးနောက် အခု သူမတို့က ပြန်တွေ့ရပြီ ဖြစ်သည်။
“ဒီကို ဘာလို့ ခေါ်လာတာလဲ…” ဟွာဂျီယူက ပြုံးလျက်ပြောသည်။
“ဒီနေရာမှာ ဘယ်သူမှ မရှိတော့ တစ်ခုခုလုပ်ရင် ကောင်းမလားလို့…” ရီဖူရှင်းကလည်း အဓိပ္ပာယ်ပါသော အပြုံးဖြင့် ပြောသည်။
“နင့်သူငယ်ချင်းတွေ အကြောင်းကို ပြောဖို့လည်း အကောင်းဆုံး နေရာပဲ… လှတဲ့ မိန်းကလေးတွေလေ…” ဟွာဂျီယူက ညစ်ကျယ်ကျယ် ပြုံးလျက်ပြောသည်။
“ငါ့ရဲ့မြေခွေးမလေး… ဒီလို မလုပ်ပါနဲ့… ငါတို့က မိတ်ဆွေတွေ… သူတို့နဲ့ ငါ့အကြား ထူးထူးဆန်းဆန်းတွေ မရှိပါဘူး…”
“ဒါဆိုလည်း…” ဟွာဂျီယူက ပြုံးလျက် ပြန်ပြောသည်… “ဒါဆိုလည်း ငါမအားတဲ့အချိန် နင့်ကို ကြည့်ပေးဖို့ လူတစ်ယောက်ကို စဉ်းစားနေတယ်…”
“ဂျီယူ… မင်းက တခြားလူတွေ အကြောင်း မပြောပါနဲ့လား…” ရီဖူရှင်းက သူမအား သိုင်းဖက်ကာ ပြောသည်။ ဟွာဂျီယူက သူ့အား ကြည့်ကာ ရီဖူရှင်း၏ရင်ဘတ်တွင် မှီလိုက်သည်။
“ဒီမတိုင်ခင်က နင့်ကို တွေ့တော့ ငါ့မှာ ပြောစရာတွေ အများကြီးပဲ… အခု နင့်ရှေ့ရောက်တော့ ပြောစရာ မရှိတော့ဘူး…” ဟွာဂျီယူက ညင်သာစွာ မေးသည်… “ဒီနှစ်နှစ်ထဲမှာ နင် ဘယ်လိုနေခဲ့လဲ…”
“အမ်… ငါက ဒုက္ခခံနေရတယ် ထင်လို့လား…” ရီဖူရှင်းက ညင်သာစွာ မေးသည်။
“နင်က အရင်ကထက်တောင် ကောင်းကောင်း နေရတယ်ဆိုတာ ငါသိတယ်…” ဟွာဂျီယူက ပြုံးလျက်ပြောသည်။
“မင်းကရော…” ရီဖူရှင်းက မေးသည်။ သူက သေလုနီးပါး ဖြစ်ခဲ့သည်ကိုတော့ ဟွာဂျီယူအား မပြောပြတော့ပေ။
“အစ်မနှစ်က ဂရုစိုက်နေမှတော့ အဆင်ပြေတာပေါ့…”
“ကောင်းတာပေါ့… အင်း… အခု ငါနည်းနည်း ပင်ပန်းနေတော့ ဒီမှာပဲ လဲလျောင်းပြီး အနားယူရင် မကောင်းဘူးလား…”
ဟွာဂျီယူက ပွေ့ဖက်ရာမှ ရုန်းထွက်ကာ ပြောသည်… “ကောင်းပြီ… ဒီနေရာက တော်တော် တိတ်ဆိတ်တယ်… လေ့ကျင့်ဖို့ အချိန်ကောင်းပဲ…”
“ဘာ… ဘာ… ” ရီဖူရှင်း မျက်လုံးပြူး သွားသည်။ သည်မျှ ကောင်းမွန်သော အခိုက်အတန့်တွင် သူမအား သူမအား လေ့ကျင့်ရန် ပြောနေသည်။ သေစမ်း… ရက်စက်လိုက်တာ…။
“မနက်ဖြန်က ဘယ်လောက် ခက်ခဲမယ်ဆိုတာ နင်သိတာပဲ… တစ်ကယ်လို့ တော်ဝင်ကျဲ နန်းတော်ကိုဝင်ချင်ရင် နင်က စီကျိကို တိုက်ခိုက်ခဲ့တာထက် ပိုကောင်းအောင် လုပ်ဖို့လိုတယ်… ဒီနေ့ အဆင့်တက်နိုင်မလား ကြည့်ရအောင်…” ဟွာဂျီယူက ပြောသည်။
“ငါ့မှာ တစ်ရက်တောင် အချိန်မရှိတော့ဘူး…” ရီဖူရှင်းက ထပ်ပြောသည်… “ငါတို့ အနားယူတာက ပိုမကောင်းဘူးလား…”
“နင်က အဆင့်တက်နိုင်ခဲ့ရင် လုပ်ချင်တာလုပ်လို့ ရတယ်…” ဟွာဂျီယူက သူ့အား ဒေါသတကြီး ကြည့်သည်။
“လုပ်ချင်သလို…” ရီဖူရှင်း၏မျက်လုံးများ တစ်မုဟုတ်ချင်း ဝင်းလက်သွားသည်။
ဟွာဂျီယူက အတန်ကြာ မှင်တက်သွားကာ မျက်နှာက နီရဲသွားသည်။ သူမက ထိုကိစ္စကို မဆိုလိုပေ။
“တကယ်လို့ နင်က နိုဘယ်အဆင့်ကို ရောက်နိုင်ရင် ငါသဘောတူမယ်…” ဟွာဂျီယူက ရှက်စနိုးပြုံးကာ ပြောသည်တွင် ရီဖူရှင်း စိတ်လှုပ်ရှားစွာဖြင့် ရုတ်တရက် ထခုန်သည်…” ဂျီယူ… မင်းပြောတာ မှန်တယ်… မနက်ဖြန်က တကယ် အရေးကြီးတဲ့နေ့ပဲ… ငါက ကြိုးစား လေ့ကျင့်ဖို့လိုတယ်… ငါ့ကို မဆွဲထားနဲ့တော့… ငါသွားပြီ…” ထို့နောက် သူက အမှန်ပင် သိပ်မဝေးသော တစ်နေရာတွင် ထိုင်ကာ အမှန်ပင် လေ့ကျင့်တော့သည်။
ဟွာဂျီယူက သူ့အား တိတ်ဆိတ်စွာ ကြည့်သည်။ မမြင်ရသည်မှာ ကြာသော သူကား ယခင်ကထက်ပင် ချောမောလာသည်ဟု သူမထင်သည်။
***