“ကျုပ်တော့ အဲဒီလို မမြင်ဘူး…” ရုတ်တရက် ဥပဓိရုပ် ခန့်ညားသော လူကြီးတစ်ယောက်က ပြုံးလျက် ပြောသည်… “ယန်နန်က ဒီမတိုင်ခင် ကောင်လေး တစ်ယောက်ကို စိန်ခေါ်ပြီးတော့ စကားအားဖြင့် စော်ကား ပြောဆိုခဲ့တယ်… ပြီးတော့ သူက တိုက်ပွဲမှာ ပြိုင်ဘက်ကို သတ်ဖြတ်ချင်တာက သိသာနေတယ်… သူသာ အခွင့်အရေးရရင် ရီဖူရှင်းနဲ့ ရီဝူချင်းကို သတ်ဖို့ ကြိုးစားမှာပဲ…ကြည့်ရတာ သူတို့အကြား ရန်ငြိုးတစ်ခုခု ရှိနေပုံပဲ…”
“ယန်နန်က သူလုပ်ချင်တာကို လုပ်နိုင်စွမ်း မရှိခဲ့ဘူး… ရီဖူရှင်းရဲ့ တုံ့ပြန်မှုက မှားတယ်လို့ ကျုပ်က မထင်ဘူး… အာရုဏ်လမ်းမှာ ဖြစ်ပျက်ခဲ့တာနဲ့ ပတ်သက်ပြီး ပြောရရင် ဒါကို တော်ဝင်ကျဲ နန်းတော် ဦးစီးကွပ်ကွဲပြီး လုပ်တာဖြစ်လို့ အာရုဏ်လမ်းထဲက ဖြစ်ပျက်ခဲ့သမျှက တော်ဝင်ကျဲ နန်းတော်ရဲ့ စည်းမျဉ်း စည်းကမ်းအတိုင်း ဖြစ်ခဲ့တာလို့ ပြောလို့ရတယ်…” လူကြီးက ရီဖူရှင်းကို ကြည့်ကာ မေးသည်… “မင်း ငါ့ကျွန်းကို လာချင်သလား…”
လူအများအပြားက ထိုလူကြီးကို တည်ငြိမ်စွာ ကြည့်ကြသည်။ သည်မတိုင်မီ ရှီတန်ခိုးရှင် နှစ်ယောက်က ရီဖူရှင်းအတွက် အဘယ်ကြောင့် ခက်ခဲအောင် လုပ်လိုသည်ကို သူတို့အားလုံး နားလည်ကြသည်။
လှေကားထစ်ပေါ်မှ အကြီးအကဲက ခေါင်းညိတ်သည်… “မင်း လက်ခံမလား…”
ရီဖူရှင်းက ထိုလူကြီး ရှိနေရာဘက်ကို ကြည့်သည်။ ထို့နောက် အသာအယာ ဦးညွှတ်ကာ ပြောသည်… “စီနီယာကို ကျေးဇူးတင်ပါတယ်… ကျွန်တော်က ကွင်းထဲမှာ ဆက်နေပြီး တိုက်ခိုက်ချင် ပါသေးတယ်…”
“ကောင်းပြီ…” ထိုလူကြီးက ပြုံးလျက် ခေါင်းညိတ်သည်။
“ကျေးဇူးတင်ပါတယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်။ ထို့နောက် သူက တိုက်ပွဲကွင်း အလယ်မှ နောက်ဆုတ်ကာ နဂိုနေရာသို့ ပြန်သွားသည်။
သူက အမှန်တကယ် ငြင်းပယ်ခဲ့သည်။ လူအများအပြားက အံ့အားသင့် ကြရသည်။ ရီဖူရှင်းကား အကာနာ အဆင့်မျှသာ ရှိသေးကာ ထိုအခွင့်အရေးအား မဆုပ်ကိုင်ခဲ့ပေ။ ကြည့်ရသည်မှာ သူက ပင်မနန်းတော်ကို သွားလိုနေသည်။
သူကား အမှန်ပင် ရည်မှန်းချက် ကြီးသည်။ မည်သို့ဆိုစေ ပင်မနန်းတော်ကို ဝင်ခွင့်ရရန် အလွန်အမင်း ခက်ခဲပေသည်။
အကြီးအကဲနန်ကား ရေနွေးကြမ်းကို တိတ်ဆိတ်စွာ သောက်နေဆဲ ဖြစ်သည်။ သူထင်မှတ် ထားသလိုပင် ရီဖူရှင်းကို တစ်စုံတစ်ယောက်က ဖိတ်ခေါ်ခဲ့သည်သာ။ ရီဖူရှင်း ငြင်းပယ်ခဲ့သည်ကိုလည်း သူက မအံ့ဩပေ။ နန်ဟောင်ကို သတ်နိုင်စွမ်း ရှိသောလူက တော်ဝင်မြေမျှဖြင့် ကျေနပ်မည် မဟုတ်ပေ။
ရုတ်တရက် နောက်တစ်ယောက် ထွက်လာသည်။ သူပေါ်လာသည်တွင် အားလုံးက စိတ်ဝင်စား သွားကြပြန်သည်။ ဓားကျေးရွာမှ ယန်ချူက လက်စားချေရန် ထွက်လာဟန် ရသည်။
“ကျုပ်က ဟွာဂျီယူကို စိန်ခေါ်တယ်…” ယန်ချူက ရီဖူရှင်းဘေးမှ မိန်းကလေးကို ကြည့်သည်။ အားလုံးက အံ့အားသင့်ရသည်။ ရီဖူရှင်းက ယန်နန်၏လက်ကို ချိုးပစ်ခဲ့ကာ ယန်ချူက ရီဖူရှင်း၏ချစ်သူ ဟွာဂျီယူကို စိန်ခေါ်သည်။ သူကား ရီဖူရှင်းကို အရှက်ခွဲရန် တမင် ကြိုးစားနေသည်။ ဟွာဂျီယူက ကောင်းကင် စိတ်ဝိညာဉ် ပညာရှင် ဖြစ်သော်လည်း သူမက အခုမှ နိုဘယ်အဆင့်ကို စတင် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ သူမက ယန်ချူကို မယှဉ်နိုင်သည်မှာ သေချာသည်။
ရီဖူရှင်း၏မျက်လုံးက အေးစက်သွားသည်။ ဟွာဂျီယူက စိန်ခေါ်မှုကို ငြင်းပယ်လျှင် သူက ရီဖူရှင်း၏ဘေးမှ တစ်ယောက်ပြီး တစ်ယောက် စိန်ခေါ်မည့်ဟန် ရှိနေသည်။ တစ်ယောက်မှ ပြန်မတိုက်သရွေ့ သူက ဆက်တိုက် စိန်ခေါ်ကာ ရီဖူရှင်းတို့အဖွဲ့အား အရှက်ခွဲမည် ဖြစ်သည်။ သို့သော်လည်း တစ်စုံတစ်ယောက်က စိန်ခေါ်မှုကို လက်ခံခဲ့ပါကလည်း သူက သနားငဲ့ညှာနေမည် မဟုတ်ပေ။
ကျူးကော့ခမ်ယန်နှင့် ကျူးကော့မင်းယွီတို့က ယန်ချူကို ခံစားချက် ကင်းမဲ့စွာ ကြည့်နေကြသည်။ ဓားကျေးရွာမှ ဂျူနီယာများကား အမှန်ပင် စည်းကမ်းမရှိပေ။ ယန်ချူက ကျူးကော့ရှင်းကို စိန်ခေါ်ဘာမှ သူမတို့က မည်သို့မှ စိတ်ထဲထားမည် မဟုတ်ပေ။ သို့သော် သူကား မိမိ၏စွမ်းရည်ကို ပြသရမည့်အစား ဟွာဂျီယူကို စိန်ခေါ်ကာ အရှက်ခွဲရန် ကြိုးစားနေခြင်း ဖြစ်သည်။
“ဂျီယူ… မသွားနဲ့…” ရီဖူရှင်းက ဟွာဂျီယူကို ပြောသည်။ ယန်ချူက ငဲ့ညှာမည် မဟုတ်သည်ကို သူသိသည်။
“ငါကြိုးစားကြည့်ဦးမယ်…” ဟွာဂျီယူက ပြုံးလျက်ပြောသည်… “ငါမနိုင်ရင် အရှုံးပေးမယ်…”
“ဒါဆိုလည်း ဂရုစိုက်…” ရီဖူရှင်းက ခေါင်းညိတ်သည်။
“သေချာတာပေါ့…” ဟွာဂျီယူက ပြန်ပြောသည်။ ထို့နောက် သူမက လျှပ်တစ်ပြက် တိုက်ပွဲကွင်းထဲသို့ ပျံသန်းသွားသည်။
ယန်ချူက သူ၏ရှေ့မှ လှပချောမောသော မိန်းကလေးကို ကြည့်သည်။ ရီဖူရှင်းကား သူမကို ပိုင်ဆိုင်ရသည်မှာ အလွန် ကံကောင်းသည်။
“မင်း အဆင်သင့် ဖြစ်ပြီလား…” ယန်ချူက မေးသည်။
“စကြရအောင်…” ဟွာဂျီယူက ပြန်ပြောသည်။
သူမက ထိုသို့ ပြောလိုက်သည်နှင့် ဓားစွမ်းအင်က ယန်ချူ၏ ခန္ဓာကိုယ်တွင် လာရောက် စုစည်းကြသည်။ ချက်ချင်းပင် အလင်းတန်းအလား ဓားများစွာက ဟွာဂျီယူထံကို ပြေးဝင်သွားသည်။ တစ်ချိန်တည်းမှာပင် ယန်ချူ၏မျက်လုံးမှ ကြောက်မက်ဖွယ် ကောင်းသော ဓားအရှိန်အဝါတစ်ခု ထွက်ပေါ်လာကာ ဟွာဂျီယူ၏ မျက်လုံးထဲကို တိုးဝင်လာသည်။
ဟွာဂျီယူက သူမ၏ သက်စောင့်ဝိညာဉ်ကို ထုတ်လွှတ်လိုက်သည်။ ချက်ချင်းပင် ရောင်စဉ်ခုနစ်ခု သရဖူက သူမခေါင်းထက်တွင် ပေါ်လာကာ သူမအား ဘုရင်မတစ်ပါးအလား ထင်မှတ်ရစေသည်။ မမြင်ရသော စိတ်ဝိညာဉ် အားလှိုင်းက ထိုနေရာ တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ သူမထံကို ရောက်ရှိလာသော ဓားစွမ်းအင်များကလည်း နှေးကွေးသွားကာ တဖြည်းဖြည်း အေးခဲသွားကြ၏။ ထက်ရှသော ဓားသွားများက တုန်ယင်လာကြကာ နောက်ဆုံး အမှုန့်များ အဖြစ်သို့ ပြောင်းလဲ ပျောက်ကွယ် သွားသည်။
ယန်ချူက လေထဲကို ခုန်တက်လိုက်သည်။ ကောင်းကင်တစ်ခုလုံး ဓားစွမ်းအင်များ ဖုံးလွှမ်းသွားပြီး နေမင်းကိုပင် ပိတ်ဆို့သည်။ သူက လက်ညှိုးထိုးလိုက်သည်တွင် ကြောက်မက်ဖွယ် ကောင်းသော ဓားမိုးစက်များ ကောင်းကင်မှ ကျဆင်းလာသည်။
ဟွာဂျီယူက ခေါင်းမော့ကာ ကြည့်သည်တွင် သူမ၏မျက်လုံးများက စိန်ပွင့်အလား တလက်လက် ထသွားသည်။ သရဖူက တုန်ခါသွားပြီး စိတ်ဝိညာဉ် စွမ်းအားက ကောင်းကင် တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ဓားမိုးစက်များ ရောက်ရှိလာသောအခါ ဓားမိုးစက်များက အမှန်ပင် ဟွာဂျီယူကို ရှောင်ဖယ်၍ အောက်ကို ကျဆင်းကြသည်။
ရောင်စဉ်ခုနစ်ခု ဖြာထွက်နေသော ဟွာဂျီယူက လှုပ်ရှားခြင်း မရှိသော်လည်း သူမက စိတ်ဖြင့် အရာခပ်သိမ်းကို ထိန်းချုပ်နေခြင်း ဖြစ်သည်ကို အားလုံးက သိကြသည်။
ဝှစ်…
ယန်ချူက သူမထံကို ဓားတစ်လက်အလား ပြေးဝင်လာသည်တွင် ဟွာဂျီယူက အန္တရာယ်၏ အငွေ့အသက်ကို ခံစားရသည်။ ဟွာဂျီယူက ကောင်းကင်စိတ်ဝိညာဉ် ပညာရှင်ဖြစ်ကာ သူ၏ဓားပျံများက သူမကို မထိရောက်သည်ကို သိသည်။ အကယ်၍ သူက အနီးကပ် တိုက်ခိုက်နိုင်ပါက သူက သေချာပေါက် အနိုင်ရပေမည်။
ယန်ချူက မြန်ဆန်လွန်းရကား ဟွာဂျီယူက စဉ်းစားရန်ပင် အချိန်မရပေ။ ရေခဲချုပ်နှောင် တိုက်ကွက်နှင့် နွယ်ပင်များ ရုတ်တရက် ပေါ်လာကာ တားဆီးသော်လည်း ယန်ချူ၏ ဓားချက်အောက်တွင် အားလုံး ပြိုကွဲရသည်။
သရဖူထံမှ ရောင်စဉ်ခုနစ်သွယ်က ပိုမိုလင်းလက် တောက်ပလာသည်။ သူ၏ဓားနှင့်ခန္ဓာကိုယ်က ရုတ်တရက် လမ်းကြောင်း ပြောင်းသွားသည်ကို ယန်ချူက ခံစားရသည်။ တစ်ဖက်တွင် ဟွာဂျီယူကား လေဓာတ် သဘာဝများ ရစ်ပတ်လျက် လှပစွာ ရှောင်တိမ်းသွားပြီး ဖြစ်သည်။
“ကျွန်မ အရှုံးပေးတယ်…” ယန်ချူက နောက်ထပ် တိုက်ခိုက်ရန် လုပ်မည်ပြုသည်တွင် ဟွာဂျီယူ၏ အရှုံးပေးသံကို ကြားရသည်။ ယန်ချူကား ရပ်တန့်ရုံမှအပ မတတ်နိုင်တော့။
ဓားစွမ်းအင် ပျောက်ကွယ်သွားကာ ဟွာဂျီယူက မြေပြင်ပေါ်ကို လှပသိမ်မွေ့စွာ ကျဆင်းသည်။ လူအများအပြားက သူမကို တိတ်တခိုး ချီးကျူးကြရသည်။ သူမက တိုက်ခိုက်မှုတွင် ပါဝင်သော်လည်း ရပ်သင့်သော အချိန်တွင် ရပ်တန့်နိုင်ခဲ့သည်။ ယန်ချူက သူ၏စွမ်းရည်ကို ပြသခဲ့သလို ဟွာဂျီယူကလည်း ထူးခြားသော စွမ်းရည်ရှိသည်ကို အားလုံးက တွေ့မြင်ကြရသည်။ ယန်ချူက နောက်တစ်ယောက်ကို ထပ်မံ၍ စိန်ခေါ်မရတော့။
ကောင်းကင်စိတ်ဝိညာဉ် ပညာရှင်များကား အမှန်ပင် အားကောင်းကြသည်။ ခုနက သေစေနိုင်သော တိုက်ကွက်က ပွတ်ကာ သီကာ လွဲချော်ခဲ့သည်။ သူမက သတ္တမ အတန်းအစား နိုဘယ်ဖြစ်ပါက ယန်ချူ၏ဓားကို တိုက်ရိုက် ထိန်းချုပ်နိုင်မလား အားလုံးက တွေးနေမိကြသည်။
ယန်ချူ၏မျက်နှာက နက်မှောင်သွားသည်။ သူက ဟွာဂျီယူကို စိန်ခေါ်ခဲ့သော်လည်း ထူးထူးခြားခြား ဘာမှ မလုပ်နိုင်ခဲ့။
သူတို့နှစ်ယောက်လုံးအား ကျွန်းစုတစ်ထောင် တော်ဝင်မြေမှ ဖိတ်ခေါ်ခဲ့သည်။ သို့သော် နှစ်ယောက်လုံးက ငြင်းပယ်ခဲ့ကာ မူလနေရာကို ပြန်သွားခဲ့ကြသည်။
တိုက်ပွဲက ဆက်လက် ဖြစ်ပွားသည်။ ရီဖူရှင်းတို့အုပ်စုမှ လူအားလုံးက ကောင်းမွန်သော စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ကြကာ ကျွန်းစုတစ်ထောင် တော်ဝင်မြေတွင် လေ့ကျင့်ရန် ဖိတ်ခေါ်ခံရသည်။ မူကျိချူနှင့် ရွယ်ယွန်ပိုကျင်တို့က လက်ခံခဲ့ကာ ကျန်သော လူများအားလုံးက ငြင်းပယ်ခဲ့ကြသည်။
တိုက်ပွဲက သုံးရက်တိတိ ဆက်လက် ဖြစ်ပွားကာ ပါရမီရှင်များ အားလုံးက သူတို့၏ စွမ်းရည်များကို ပြသကြသည်။ အများစုက ကျွန်းစုတစ်ထောင် တော်ဝင်မြေကို ရွေးချယ်ခဲ့ကြကာ လူအနည်းစုကသာ ကွင်းထဲ၌ ကျန်ရစ်တော့သည်။
အရေအတွက်အားဖြင့် စုစုပေါင်း လူတစ်ရာ့ခြောက်ဆယ်မျှသာ ကျန်ရစ်သည်။
လူရွေးချယ်ခြင်းအား ထောင်ပေါင်းများစွာသော လူငယ်များဖြင့် စတင်ခဲ့ပြီး ယခု လူတစ်ရာ့ခြောက်ဆယ်ခန့်သာ ကျန်တော့သည်။ ကျန်ရှိသော လူတစ်ရာ့ခြောက်ဆယ်များကား ကျွန်းစုတစ်ထောင် တော်ဝင်မြေကို ငြင်းပယ်ထားသော ထိပ်သီးပါရမီရှင်များ ဖြစ်ကြသည်။ သူတို့အားလုံးက ပင်မနန်းဆောင်ကို ဝင်လိုကြသည်။
လှေကားထစ်ပေါ်မှ အကြီးအကဲက ကွင်းထဲမှ လူငယ်များကို ကြည့်ကာ ပြောသည်… “သုံးရက်လုံးလုံး တိုက်ခိုက်ခဲ့ကြရတော့ မင်းတို့လည်း ပင်ပန်းနေလိမ့်မယ်… ငါတို့ တစ်ရက်နားမယ်… မနက်ဖြန် တော်ဝင်ကျဲနန်းတော်က အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေလည်း လာကြည့်ကြမယ် ဆိုတော့ မင်းတို့အားလုံးက ကောင်းကောင်း ပြင်ဆင်ထားသင့်တယ်… အနားရချိန်မှာ ကျွန်းက ထွက်မသွားကြပါနဲ့… ပြီးတော့ တိုက်ခိုက်တာကို ခွင့်မပြုဘူး…” ထို့နောက်တွင် တော်ဝင်ကျဲနန်းတော်မှ အကြီးအကဲများက အလျှိုလျှို ထွက်သွားကြသည်။ တချို့က မိတ်ဆွေများနှင့် စကားပြောကြသည်။
ရုတ်တရက် ပိုင်လွေလီက ကျူးကော့ခမ်ယန်နှင့် ကျူးကော့မင်းယွီတို့ထံကို လျှောက်သွားသည်။
“ခမ်ယန်… မင်းယွီ…” ပိုင်လွေလီက ပြုံးလျက် နှုတ်ဆက်သည်။
“လွေလီ…” ကျူးကော့ခမ်ယန်က ပြုံးလျက်ပြန်ပြောသည်… “ဒီတစ်ခေါက် နောက်ဆုံးကျန်တဲ့ လူတွေကို မင်း ဘယ်လိုမြင်လဲ…”
“တော်တော် ထူးချွန်တဲ့ ဂျူနီယာတွေ ပါတယ်… ငါက ဟွာဂျီယူကို အရင်က မြင်ဖူးတယ်… ဒါပေမဲ့ ဒီနေ့မှ သူမရဲ့ စွမ်းရည်တွေကို မြင်ဖူးတယ်… ကောင်းကင်စိတ်ဝိညာဉ် ပညာရှင်တွေက တကယ်ပဲ နာမည်ကြီးထိုက်တယ်…”
“ကျူးကော့ရှင်းကလည်း ထူးချွန်တာပဲ… ပြီးတော့ ဟောင်ကျူဂီ၊ ရွယ်ချွဲနဲ့ ချိမင်တို့လို ထူးခြား ထက်မြက်တဲ့လူတွေလည်း ပါတယ်… တချို့လူတွေက တန်ခိုး အဆင့်နိမ့်ပေမဲ့ စွမ်းရည်တွေကတော့ မနိမ့်ဘူး… မနက်ဖြန်ကတော့ တကယ် စိတ်ဝင်စားစရာပဲ…” ပိုင်လွေလီက ဆက်ပြောသည်။
“ပိုင်စီက အဲဒီအထဲက တစ်ယောက် ဖြစ်လိမ့်မယ်… မင်းက သူ့ကို အရင်က ကိုယ်တိုင် ကြပ်မတ် သင်ပေးခဲ့တယ်လို့ ငါကြားတယ်… သူ့ပါရမီက ပြိုင်ဘက်ကင်းပဲ…” ကျူးကော့ခမ်ယန်က ပြောသည်။
“ကောင်းပြီ… ငါက နန်းတော်ကို အရင် ပြန်လိုက်ဦးမယ်…” ပိုင်လွေလီက ခေါင်းညိတ်ကာ တစ်ဖက်ကို လှည့်မသွားခင် ကျူးကော့မင်းယွီကို ပြုံးလျက် ခေါင်းညိတ်ပြခဲ့သည်။
သူ ထွက်သွားပြီးနောက် ကျူးကော့ခမ်ယန်က ကျူးကော့မင်းယွီကို ကြည့်ကာ ပြောသည်… “ပိုင်လွေလီကို ထက်မြက်တဲ့လူကို မြေရိုင်းဒေသမှာ နောက်တစ်ယောက်တွေ့ဖို့ မလွယ်ဘူး… ပြီးတော့ သူက နှိမ့်ချတတ်တယ်… သူက မင်းကို ချစ်ခင် နှစ်သက်တာကို ပြချင်တယ် ဆိုရင်တောင် ဘယ်တုန်းကမှ ဘောင်မကျော်ခဲ့ဘူး… မင်းက ဘာတွေ စဉ်းစားနေလဲ ငါတကယ်မသိဘူး…”
ပြုံးလျက်ပင် ကျူးကော့မင်းယွီက ကျူးကော့ခမ်ယန်ကို ပြောသည်… “လူတစ်ယောက်က အရမ်းပြည့်စုံနေရင် နားလည်ဖို့ ခက်ခဲတယ်လို့ အစ်ကိုကြီး မထင်ဘူးလား…”
ကျူးကော့ခမ်ယန်က သူမကို ကြည့်သည်။ မှန်သည်… သူမပြောသလိုပင် ပိုင်လွေလီကား ပြည့်စုံသောလူ ဖြစ်သည်။ သူ၏လက်ရှိ အဆင့်အတန်း၊ နောက်ခံအင်အား၊ ရုပ်ရည်၊ တစ်ကိုယ်ရည် စွမ်းရည်အားလုံးက အကောင်းဆုံးတွင် ရှိနေသည်။ သူကား ကောင်းကင်မြေရိုင်း အဆင့်တွင် နံပါတ်တစ်ဆယ် ချိတ်ကာ အသက်အငယ်ဆုံး ကောင်းကင်မြေရိုင်း အဆင့်ဝင်လည်း ဖြစ်သည်။
သူကား အမှန်ပင် အပြစ်အနာအဆာ ကင်းသည်။
“ညီမလေးက ပိုပြီး ချစ်စရာကောင်းတဲ့ တစ်ယောက်ကို သဘောကျတယ်…” ကျူးကော့မင်းယွီက ပြုံးလျက်ပြောကာ ရီဖူရှင်းရှိနေရာသို့ လှမ်းသွားလိုက်သည်။
***