ရီဖူရှင်းက လျှောက်သွားလိုက်ကာ ကျူးကော့ပင်း၏ မျက်နှာချင်းဆိုင်၌ ရပ်လိုက်သည်။ ကျူးကော့ပင်၏ မျက်နှာ၌ ထီမထင်သော အပြုံးတစ်ခုကို တွေ့ရသည်။ ကျူးကော့မိသားစု၏ အတော်ဆုံးထဲမှ တစ်ယောက်ဖြစ်သော သူ့အတွက် အကာနာအဆင့် တစ်ယောက်ကို ရင်ဆိုင်ရန် သူ၏စွမ်းရည်များကို လုံးဝဥဿုံ ယုံကြည်မှု ရှိသည်။ သူက ရီဖူရှင်းကို စိန်ခေါ်ခြင်းက သူ၏ စွမ်းရည်များကို ပြသရန် မဟုတ်ပေ။ ရီဖူရှင်းအား အနိုင်ယူခြင်းက သူ့အတွက် ဂုဏ်ယူစရာလည်း မဟုတ်ပေ။
သူက ရီဖူရှင်းကို စိန်ခေါ်ခြင်းက ဟွာဂျီယူကြောင့်သာ ဖြစ်သည်။ မည်သို့ဆိုစေ သူမကား ကျူးကော့မိသားစုက ပျိုးထောင်ထားသော ကောင်းကင် စိတ်ဝိညာဉ် ပညာရှင်ဖြစ်ကာ သူမ၏အလှက မည်သည့် ယောက်ျားကိုမဆို ကျရှုံး သွားစေနိုင်သည်။ ယခု ရီဖူရှင်းက ဟွာဂျီယူကို ရယူနိုင်ခြင်းကို သူသာလျှင်မဟုတ် မည်သည့် ကျူးကော့မိသားစု၏ လူငယ်တစ်ဦး တစ်ယောက်ကမှ သဘောမကျပေ။ ထို့ကြောင့် ကျူးကော့ရှင်းက သူ့အား ထွက်တိုက်ရန် ပြောသောအခါ ကျူးကော့ပင်ကလည်း တွန့်ဆုတ်ခြင်း မရှိဘဲ ရှေ့ထွက်ကာ ရီဖူရှင်းကို စိန်ခေါ်ခဲ့သည်။ ရီဖူရှင်းက ဟွာဂျီယူအတွက် မဟုတ်ဟု သူမအား ကျူးကော့ပင်က သက်သေပြလိုသည်။
ကျူးကော့ပင်က သူ့အား အဘယ်ကြောင့် စိန်ခေါ်လိုသည်ကို ရီဖူရှင်းကလည်း နားလည်သည်။ မည်သို့ဆိုစေ ဟွာဂျီယူကား အလွန်အမင်း လှပချောမောသည်။ သူမ၏ အပြုံးတစ်ချက်ပင် ယောက်ျားများစွာကို ပြိုလဲစေနိုင်သည်။
ရီဖူရှင်းက ပြုံးကာ ပြောသည်… “ရီဖူရှင်း… အကာနာအဆင့်ကိုး… နိုဘယ်တစ်ဝက်… ခင်ဗျားဆီက သင်ယူပါ့မယ်…”
“အကာနာက အကာနာ… နိုဘယ်က နိုဘယ်ပဲ… ကျုပ်က အကာနာတစ်ဝက် ဆိုတာကို မကြားဖူးဘူး…” ကျူးကော့ပင်က မောက်မာ ဝင့်ကြွားစွာ ပြောသည်… “ကျူးကော့မိသားစုက နဝမ အတန်းအစားနိုဘယ် ကျူးကော့ပင်… ကျုပ်က မင်းကို သင်ပေးရတာပေါ့…”
ကျူးကော့ပင်က ထိုသို့ ပြောလိုက်ပြီးသည်နှင့် လျှပ်စီးများ တဖျတ်ဖျတ် လက်သွားကာ ရီဖူရှင်း၏စိတ်ထဲတွင် လျှပ်စီးကမ္ဘာထဲကို ရောက်ရှိသွားသလို ခံစားရသည်။ တိုက်ပွဲ ကွင်းပြင်ထဲတွင် ဒေါမာန်ထနေသော လျှပ်စီးကြောင်းများက ရီဖူရှင်းထံကို ကြီးမားသော အရှိန်အဝါဖြင့် ဆင်းသက် လာကြသည်။ ကျူးကော့ပင်ကို မူကား မည်သည့် နေရာတွင်မှ ရှာမတွေ့နိုင်တော့ပေ။
“စိတ်ကူးပုံရိပ် လျှပ်စီးခြေလှမ်း…” အားလုံး၏ အကြည့်က လျှပ်စီးကြောင်းများ ထဲတွင် ပျောက်ကွယ် သွားသော ကျူးကော့ပင်ကို ကြည့်ကြသည်။
ရီဖူရှင်းက လျှပ်စီးဓာတ်များ သက်ဝင် စီးဆင်းနေသော လက်ညှိုးပုံရိပ်တစ်ခု သူ့ထံကို ပြေးဝင်လာသည်ကို မြင်ရ၏။ ထိုလက်ညှိုးပုံရိပ်က လေထုကို ခွင်းလျက် ကြောက်မက်ဖွယ် အလင်းတန်း တစ်ခုအဖြစ် သူ့ထံကို ပြေးဝင်လာသည်။ ထိုအထဲတွင် ကျူးကော့ပင်၏ ကြီးမား ပြင်းထန်သော စိတ်အသိ ပါဝင်နေဟန် ရသည်။
“လျှပ်စီးလက်ချောင်း…” လူအများအပြားက ကျူးကော့ပင်၏ လှုပ်ရှားမှုများကို သေချာစွာ လိုက်ကြည့်ကြသည်။ ကျူးကော့မိသားစုကား မြေရိုင်းဒေသတွင် လျှပ်စီးဓာတ် စွမ်းအင်၌ အားအကောင်းဆုံးသော မိသားစုနှစ်ခုထဲမှ တစ်ခုဖြစ်သည်။ နောက်မိသားစု တစ်ခုက ကျုံးကျိုးမြို့မှ လျှပ်စီးအိမ်တော် ဖြစ်သည်။
ကျူးကော့ပင်ကား အမှန်တကယ် လျှပ်စီးအဖြစ် ပြောင်းလဲသွားသည့်အလား အလွန်အမင်း မြန်ဆန်စွာဖြင့် လေဟာနယ်ကို ဖြတ်သန်းသွားသည်။
“ဟန်ပန်ကြီးတာကလွဲလို့ ကျူးကော့ပင်က တကယ်ပဲ အားကောင်းတယ် ပြောရမယ်…” တော်ဝင်ကျဲ နန်းတော်မှ လူများက မှတ်ချက်ချကြသည်။
ထိုအခိုက်တွင် ရီဖူရှင်း၏ ခန္ဓာကိုယ်တွင်လည်း လျှပ်စီးဓာတ်များ စီးဆင်းလာသည်။ သူက လျှပ်စီး အရိပ်ခြေလှမ်းကို သုံးလိုက်လျှင် ချက်ချင်း အလွန်အမင်း ဝေးကွာသော နေရာတစ်ခုမှ ပြန်ပေါ်လာသည်။ ကျူးကော့ပင်၏ လျှပ်စီးလက်ညှိုးက ရီဖူရှင်း မူလ ရပ်နေခဲ့သော လေဟာနယ်ကိုသာ ဖောက်ထွင်း သွားသည်။
ကျူးကော့ပင် မျက်မှောင်ကြုတ် သွားသည်။ သူက ရီဖူရှင်းအား တည့်တိုး တိုက်ခိုက်ခြင်းဖြင့် အသာစီး ယူနိုင်မယ် ထင်ခဲ့သော်လည်း ရီဖူရှင်းကား မြန်လွန်းသည်။
နောက်ထပ် လျှပ်စီးတစ်ချက် လက်သွားကာ ကျူးကော့ပင်ကို ထပ်မတွေ့ရတော့။ လျှပ်စီး စက်ကွင်းများ ဖြစ်ပေါ်လာကာ ရီဖူရှင်းအား တစ်မုဟုတ်ချင်း ရစ်ပတ်ရန် ကြိုးစားကြသည်။ သို့သော် ရီဖူရှင်း၏ရှေ့၌ လျှပ်စီးနှင့်မြေဓာတ်မှ ဖြစ်ပေါ်လာသော အရံအတား တစ်ခုနှင့် အတူ ရီဖူရှင်းက နောက်ကို ထပ်ဆုတ်သည်။
“ဒါက ဘယ်လို တိုက်ခိုက်မှုမျိုးလဲ… သူက ဒီလောက်ပဲ စွမ်းတာလား… တိုက်ပွဲက အရုပ်ဆိုးလိုက်တာ…” လူအများအပြားက ရီဖူရှင်းကို သဘောမကျစွာ ကြည့်ကြသည်။ ရီဖူရှင်းက မြန်သည်။ သို့သော် သူက ကျူးကော့ပင်အား တိုက်ခိုက်ရမည့်အစား ရှောင်တိမ်းနေသည်။ သူ၏ တန်ခိုးအဆင့် နိမ့်ကျင်ခြင်းက တိုက်ပွဲတွင် အောက်စည်းကို ရောက်စေသည်မှာ သံသယ ရှိစရာပင် မလိုပေ။
သို့သော် ဤသို့သော ရှောင်ဖယ်ခြင်းက အရုပ်ဆိုးလှသည်။ သည်လူက အမှန်တကယ်ပင် ဟွာဂျီယူ၏ ချစ်သူလား…။ ကျူးကော့ရှင်းက ရီဖူရှင်းကို ကြည့်ကာ စိတ်ပျက်ရသည်။ ရီဖူရှင်းက ကောင်းမွန်သော စွမ်းဆောင်ရည်ကို ပြသရန် သူ မျှော်လင့်နေသည်။
တိုက်ပွဲကွင်းပြင်တွင် လျှပ်စီးများ တဖျတ်ဖျတ် လက်နေသော်လည်း ရီဖူရှင်းက ထိပ်တိုက် ရင်ဆိုင်ခြင်း မရှိဘဲ ရှောင်တိမ်းခြင်း ခုခံခြင်းများသာ ပြုလုပ်နေသည်။ ကျူးကော့ပင်၏ အမြန်နှုန်းက အမှန်ပင် ရီဖူရှင်းထက် နိမ့်ကျရာ သူ့ကို ပိုမိုဒေါသ ထွက်စေကာ သူ၏သက်စောင့် ဝိညာဉ်ကိုပင် ထုတ်သုံးတော့သည်။ ကောင်းကင်တွင် ကျူးကော့ပင်၏ လျှပ်စီးပုံရိပ်ယောင်များ ဖြစ်ပေါ်လာသည်။ သည်တိုက်ကွက်ကား ကျူးကော့မိသားစု၏ နာမည်ကျော် ပုံရိပ်တစ်ထောင် လျှပ်စီးတိုက်ကွက် ဖြစ်သည်။
ချက်ချင်းပင် တိုက်ပွဲကွင်းပြင် တစ်ခုလုံးကို ကျူးကော့ရှင်း၏ ပုံရိပ်များဖြင့် ပြည့်နှက် သွားသည်။ ထို့နောက် ပုံရိပ်များထံမှ မရေမတွက်နိုင်သော လျှပ်စီးလက်ညှိုး တိုက်ကွက်များက ရီဖူရှင်းထံကို ပြေးဝင်သွားကာ ကျူးကော့ပင်က ပြောသည်… “အခု မင်း ဘယ်ကို ပြေးမလဲ ကြည့်ရအောင်…”
သို့သော်လည်း တိုက်ပွဲကွင်းပြင်တွင် မြူများ စတင် ရစ်သိုင်းလာသည်။ အလွန်အမင်း အေးစက်သော အငွေ့အသက်များ တစ်မုဟုတ်ချင်း ထိုနေရာအား ဖုံးလွှမ်းသွားကာ ကျူးကော့ပင်က သူ၏သွေးများ နှေးကွေးစွာ စီးဆင်းသွားသည်ဟု ခံစားရသည်။ လောကတစ်ခုလုံးက နှေးကွေးသွားကာ အရာအားလုံးက ရပ်တန့်သွား၏။ ထို့အတူ အလွန်ကြီးမားသော မြေဆွဲအားတစ်ခုက သူ့ထံ ဆင်းသက်လာကာ သူ့လှုပ်ရှားမှုများကို လေးလံ ထိုင်းမှိုင်းစေသည်။
ရီဖူရှင်းက တိတ်ဆိတ်စွာပင် ရပ်နေကာ လက်မြှောက် လိုက်သည်။ ခရမ်းရောင် လျှပ်စီးများ သူ့လက်တွင် ရစ်သိုင်း ဖြစ်ပေါ်လာကာ သူက တစ်နေရာကို ကြည့်သည်။ ထိုအကြည့်က ကျူးကော့ပင်ကို ရင်ထိတ် သွားစေသည်။ ရီဖူရှင်းက သူ၏ခန္ဓာကိုယ် အစစ်ရှိနေရာကို မည်သို့ သိသနည်း။
ဘုန်း …
ရီဖူရှင်းက မြေပြင်ကို ဆောင့်နင်းသည်တွင် လျှပ်စီးများ သူ၏ခြေထောက်မှ တဖျတ်ဖျတ် လက်သွားသည်။ ရီဖူရှင်းက မူလကထက်ပင် မြန်ဆန်စွာဖြင့် ကျူးကော့ပင်ထံကို ရောက်သွားသည်။ ကျူးကော့ပင်က ပြန်လည် တိုက်ခိုက် လိုသော်လည်း သူ၏ခန္ဓာကိုယ်က လွန်စွာ လေးလံ ထိုင်းမှိုင်းနေသည်။ ထိုအခိုက်မှာပင် ရီဖူရှင်း၏ လျှပ်စီးများ ရစ်ပတ်နေသော လက်က ကျူးကော့ပင်၏ ရင်ဘတ်ပေါ်ကို ရောက်လာကာ သူ၏တစ်ကိုယ်လုံး ထုံကျဉ်သွားပြီး မြေပြင်ပေါ်ကို ကျသည်။
ပုံရိပ်တစ်ထောင် လျှပ်စီးသိုင်းက ပျောက်ကွယ်သွားကာ ကျူးကော့ပင်၏ မူလခန္ဓာက မြေပြင်ပေါ်တွင် လဲလျောင်းနေသည်။ အားကောင်းသော လျှပ်စီးဓာတ်ကြောင့် သူ၏ခန္ဓာကိုယ်က ထုံကျဉ်သွားသည်မှ အပ ဒဏ်ရာ ကြီးကြီးမားမား ရခြင်း မရှိပေ။
အနိုင်ရသူကား ရီဖူရှင်း ဖြစ်သည်။
အတန်ကြာလျှင် ကျူးကော့ပင်က လဲလျောင်းနေရာမှ ထရပ်ကာ ကောင်းကင်ထက်မှ ရီဖူရှင်းကို အေးစက်စွာ ကြည့်သည်… “မင်းက တစ်ချိန်လုံး တုံးအချင်ယောင် ဆောင်နေခဲ့တာပေါ့…” နောက်ဆုံး ရိုက်ချက်၌ ကျူးကော့ပင်က အလွန် အားကောင်းသော နိုဘယ်အသိကို ခံစားခဲ့ရသည်။
“ငါ ပြောပြီးသားပဲ… နိုဘယ်တစ်ဝက်… ဒါက ဂုဏ်ယူစရာပဲ…” ရီဖူရှင်းက ပြုံးလျက် ပြောကာ တိုက်ပွဲကွင်းပြင်မှ ထွက်ခွာလာခဲ့သည်။ ကျူးကော့ပင်မူကား စိန်ခေါ်သူဖြစ်ရာ အကြီးအကဲများ၏ အဆုံးအဖြတ်ကို စောင့်ဆိုင်းရန် လိုအပ်ပေသည်။
“ဒါက နိမ့်ကျတဲ့ အကြံအစည်ပဲ…” ကျူးကော့မိသားစုမှ လူများက ရီဖူရှင်းကို ဒေါသတကြီး ကြည့်ကြသည်။ တုံးအချင်ယောင် ဆောင်ကာ နောက်ဆုံး အချိန်ကျမှ အားအကောင်းဆုံးသော တိုက်ကွက်ဖြင့် ပွဲသိမ်းခြင်းက ကျူးကော့ပင်အား ရန်သူကို အထင်သေးမိသော ရှုံးနိမ့်မှုတစ်ခု ဖြစ်စေခဲ့သည်။
လူအများအပြားက ရယ်ရွှင်ဖွယ် အမူအရာများ ဖြစ်ပေါ်နေကြသည်။ ရီဖူရှင်း နောက်ဆုံး တိုက်ခိုက်ခဲ့သော ရိုက်ချက်တစ်ခုမှ လွဲ၍ သည်တိုက်ပွဲတွင် ထူးထူးခြားခြား မည်သည့် စွမ်းဆောင်မှုမှ သူတို့ မတွေ့ခဲ့ကြ။
တကယ်တမ်း သူတို့အားလုံး မြင်ခဲ့ရသည်ကား ရန်သူကို အထင်သေးကာ မောက်မာ ဝင့်ကြွားခဲ့သော ကျူးကော့ပင်၏ အမူအရာကိုသာ ဖြစ်သည်။
အားလုံးက တော်ဝင်ကျဲ နန်းတော်မှ အကြီးအကဲများ ရှိရာကို လှမ်းကြည့်ကြသည်။
“သူ့ကို ခေါ်ယူချင်တဲ့ တစ်ယောက်ယောက် ရှိလား…” လှေကားထစ်မှ အကြီးအကဲက ပြောသည်။
“သူက တိုက်ပွဲမှာ မောက်မာပြီးတော့ ပြိုင်ဘက်ကို အထင်သေးတယ်… သူ ထူးထူးခြားခြား လုပ်ပြနိုင်တာ ဘာမှ မရှိဘူး…” တစ်ယောက်က အတိုင်းသားပြောလျှင် ကျူးကော့ပင်က အလွန်အမင်း အရှက်ရသွားသည်။
“ဒါက တကယ်ပဲ စိတ်ပျက်စရာပဲ… နောက်တစ်ယောက်ကို ခေါ်လိုက်တော့…” အကြီးအကဲ တစ်ယောက်က ပြောသည်။
“အမှန်ပဲ…” လှေကားထစ်ပေါ်မှ အကြီးအကဲ တစ်ယောက်က ခေါင်းညိတ်သည်… “တစ်ဖက်လူကို အထင်သေးတော့ အကာနာအဆင့် တန်ခိုးရှင်ကိုတောင် မနိုင်ဘူး… သူ့ကို နောက်ထပ် အခွင့်အရေး ပေးစရာ မရှိဘူး… ဘယ်သူမှ သူ့ကို လက်မခံချင်ဘူး ဆိုရင် သူက တော်ဝင်ကျဲ နန်းတော်ကို ဝင်ခွင့်မရဘူးလို့ ကျုပ် ကြေညာတယ်…”
ဝင်ခွင့်မရ…။ ထိုစကားက သူ၏ဦးခေါင်းကို မိုးကြိုးဖြင့် ပစ်သလိုပင်။ ကျူးကော့ပင်ကား ကျူးကော့မိသားစု၏ ဂုဏ်ယူရသော မျိုးဆက် တစ်ယောက်ဖြစ်ကာ ဤအဆင့်အထိ ရောက်လာပြီးပြီ။ သူက တော်ဝင်ကျဲ နန်းတော်ကို ဝင်ခွင့်ရသင့်သော်လည်း ယခု ပထမ တိုက်ပွဲတွင်ပင် ငြင်းပယ်ခံခဲ့ရသည်။ တစ်ယောက်မှ သူ့ကို မလိုချင်ကြပေ။ ထိုအချက်က သူ့အား အလွန်အမင်း အရှက်ရစေသည်။
“စီနီယာ… ကျွန်တော့်ကို နောက်ထပ် အခွင့်အရေး တစ်ခုပေးပါ…” ကျူးကော့ပင်က တော်ဝင်ကျဲ နန်းတော်ကို ကြည့်သည်။
လှေကားထစ်ပေါ်မှ အကြီးအကဲက ခေါင်းယမ်းသည်… “ကွင်းထဲက ထွက်သွားပါ…”
လူအများအပြားက တိုက်ပွဲကွင်းထဲတွင် ရှိသော ကျူးကော့ပင်ကို ကြည့်ကာ ရက်စက် ကြမ်းတမ်းသော လူရွေးချယ်မှုကို အံ့အားသင့် ကြရသည်။ တိုက်ပွဲတိုင်းက အလွန် အလေးအနက် ထားရန် လိုသည်။ သည်အခြေအနေတွင် လူတိုင်းက အကောင်းဆုံး ကြိုးစားရန် လိုအပ်သည်။ ကျူးကော့ပင်က တော်ဝင်ကျဲ နန်းတော်ကို ဝင်ခွင့်ရခဲ့သော်လည်း ယခု သူ၏စွမ်းဆောင်ရည်က နိမ့်ကျလွန်းရကား ဒုတိယ အခွင့်အရေးပင် မရတော့။
ကျူးကော့ပင်က ရီဖူရှင်းကို အေးစက်စွာဖြင့် လှမ်းကြည့်သည်။ သူက အရှက်တကွဲ အကျိုးနည်းဖြစ်ကာ ကွင်းထဲမှ ထွက်သွားရသည်။
ကျူးကော့ရှင်းကလည်း ထက်ရှသော မျက်လုံးများဖြင့် ရီဖူရှင်းကို ကြည့်သည်။ ရီဖူရှင်းကား ပြုံးလျက်ပင် သူ့နေရာတွင် ရပ်နေသည်ကို သူမြင်သည်။ ရီဖူရှင်းက တမင် ထိုသို့ လုပ်ခဲ့သည်ကို ကျူးကော့ရှင်းကလည်း နားလည်သည်။
ဒါက တော်တော် လွန်တာပဲဟု ကျူးကော့မင်းယွီက ပြုံးလျက် တွေးသည်။ သူမ၏ မောင်ငယ်လေးကား ယခင် သူမသိသော မောင်ငယ်လေးသာ..။ သည်တစ်ခေါက် ကျူးကော့ပင်က တစ်သက် မမေ့နိုင်သော သင်ခန်းစာ ရသွားပေလိမ့်မည်။
“အင်း… သူက တကယ်ပဲ နိုင်ခဲ့တယ်… ဒါပေမဲ့ တစ်ခုခုတော့ လိုနေသလိုပဲ… သူ့ဆီမှာ ထိပ်သီးပါရမီရှင် တစ်ယောက်ရဲ့ ဟန်ပန်မျိုးလည်း မရှိဘူး…” ကျူးကော့ခမ်ယန်က ပြောသည်။
“တချို့လူတွေကတော့ မွေးကတည်းက ထူးခြားတဲ့လူတွေပဲ… သူက ဘယ်လိုလူလဲ ဆိုတာ ကျွန်မတို့ မကြာခင် သိရလိမ့်မယ်…” ကျူးကော့မင်းယွီက ပြုံးလျက်ပြောသည်။
“ဒါက တမင် လုပ်တာမလား…” ဟွာဂျီယူက ရယ်လျှက်ပင် ရီဖူရှင်းကို မေးသည်။ ရီဖူရှင်း၏ စွမ်းရည်များက ခုနက သူမမြင်ခဲ့သည်ထက် မြင့်မားသည်ကို သူမသိသည်။ သူက ကျူးကော့ပင်ကို တကယ်တမ်း ကောင်းကောင်း တိုက်ခိုက်ခဲ့သည် မဟုတ်ပေ။
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… ငါက ရိုးသားတဲ့လူပါ…” ရီဖူရှင်းက ကျူးကော့ပင်ဘက်ကို ပြုံးလျက်ကြည့်ကာ ပြောသည်။
မူကျိချူက သည်အဆင့်၏ စည်းမျဉ်း စည်းကမ်းများကို သူ့အား ပြောပြထားခဲ့သည်။ စိန်ခေါ်ပွဲတွင် တစ်စုံတစ်ယောက်က ရှုံးနိမ့်ခဲ့လျှင်ပင် သူ၏ပြိုင်ဘက်က အလွန်အမင်း အားကောင်း နေသောကြောင့် ဖြစ်ပါက နောက်တစ်ခေါက် သက်သေပြရန် အခွင့်အရေး ရတတ်ပေသည်။ မည်သို့ဆိုစေ ဟောင်ကျူဂီနှင့် ပိုင်ဇီတို့လူများက ကျူးကော့ပင်တို့လို ပါရမီရှင်များနှင့် အလွန်အမင်း ကွာဟပေသည်။ ထိုသို့သော လူများကို အနိုင်မယူနိုင်ခြင်းက ကျူးကော့ပင် အရည်အချင်း မရှိဟု မဆိုလိုပေ။
သို့သော်လည်း ကျူးကော့ပင်နှင့် ရီဖူရှင်းတို့၏ တိုက်ပွဲက မတူပေ။ ရီဖူရှင်းကား တန်ခိုးအဆင့် နိမ့်ကာ မူလကတည်းက တိုက်ပွဲ၌ အောက်စည်းကို ရောက်နေခဲ့သည်။ ကျူးကော့ပင်က ရီဖူရှင်းအား အထင်သေးခဲ့ရာ ရီဖူရှင်း၏နောက်ဆုံး ပွဲသိမ်းတိုက်ကွက်တွင် ခံလိုက်ရသည်။ ထို့ကြောင့် ကျူးကော့ပင်ကား ဒုတိယ အခွင့်အရေးပင် မရခဲ့လိုက်ပေ။
ကျူးကော့မိသားစုက ရီဖူရှင်းအား ဟွာဂျီယူနှင့် ပတ်သက်သောကြောင့် အရှက်ခွဲ လိုကြသည်။ သို့သော်လည်း ရီဖူရှင်းက သည်အတိုင်း ငြိမ်ခံတတ်သော လူစားမျိုးတော့ မဟုတ်ပေ။
“အင်း ငါ နင့်ကိုယုံတယ်…” ဟွာဂျီယူ၏လှပသော မျက်လုံးများက ရီဖူရှင်းကို ကြည့်ကာ ပြောသည်။ သူ၏ခေါင်းထဲ၌ ဘာရှိသည်ကို သူမက အားလုံး သိပေသည်။
***