အပိုင်း ( ၅၄၆)

ပထမဆုံး စိန်ခေါ်သူ

ရီဖူရှင်းက မီး၊ သတ္တု၊ မြေ စသော ဓာတ်သဘာဝများ၏ နိုဘယ်အသိများကို မွေးဖွားထားနိုင်ခဲ့ပြီး ဖြစ်သည်။ သူ၏မူလဝိညာဉ် ကိုယ်တိုင်က အလုံးစုံသော ဓာတ်သဘာဝများအား လေ့လာ ဆင်ခြင်နိုင်စွမ်းကို ပေးသည်။

သူက တော်ဝင်လမ်းမှ ထွက်လာနိုင်ပြီးနောက် တော်ဝင် ကျောက်တုံးများမှ ထုတ်လွှတ်သော ဖိအားများက သူ၏ စိတ်စွမ်းအားနှင့် သဟဇာတ ဖြစ်လာကာ ၎င်းအထဲတွင် ရှိသော ဓာတ်စွမ်းအားများကို နားလည် ဆင်ခြင်နိုင်စွမ်း ရှိလာသည်။

မှန်သည် … သူမွေးဖွားထား နိုင်သမျှသော နိုဘယ် အသိများထဲတွင် ကြယ်တာရာ နိုဘယ်အသိက အားအကောင်းဆုံး ဖြစ်သည်။ ဒုတိယ အားအကောင်းဆုံးက မီးဓာတ်အသိ ဖြစ်သည်။ ထိုအသိနှစ်ခုလုံးက သူ၏လေ့ကျင့်သော ပညာရပ်များနှင့် လိုက်လျောညီထွေ ဖြစ်ကာ အထူးသဖြင့် ကြယ်တာရာအသိက ရီဖူရှင်းနှင့် အလွန် သင့်တော်သည်။ သည်အရာများက ကံကောင်း၍ ရလာခြင်း မဟုတ်ဘဲ အပတ်တကုတ် ကြိုးစား အားထုတ်ခြင်းများ ကြောင့်လည်း ဖြစ်သည်။ မီးဓာတ် အသိမူကား နေမင်းပုရပိုက်ကို အခြေခံ၍ လေ့လာဆင်ခြင်ပြီးမှ ရလာသော အသိဖြစ်ကာ အဆိပ်မီးတောက်များမှ ရှေးဟောင်း နယ်မြေမှ ဆက်ခံရရှိသော ပညာရပ်များကို လေ့လာ ဆင်ခြင်ပြီးနောက် မွေးဖွားလာခြင်း ဖြစ်ပြီး လျှပ်စီးဓာတ် သဘာဝမူကား ယခု မွေးဖွားနိုင်ခဲ့သည်။

နိုဘယ်အသိအသစ် တစ်ခုကို မွေးဖွားနိုင်ပြီးနောက် တော်ဝင် ကျောက်တုံး အပေါ်တွင် ရီဖူရှင်း၏ သဘောထားက ပြောင်းလဲခဲ့သည်။ သည်အရာက စမ်းသပ်မှု တစ်ခုတည်းသာ မဟုတ်ဘဲ အခွင့်အလမ်းလည်း ဖြစ်သည်။

တော်ဝင် ကျောက်တုံးတစ်ခုစီက ကွဲပြား ခြားနားသော ဓာတ်သဘာဝများဖြင့် သက်ဆိုင်သော ဖိအားများကို ပေးဟန်ရသည်။ သူ၏စိတ်ထဲမှ လျှပ်စီးအသိက ဘေးကင်း သွားသည်တွင် သူက စိတ်အသိကို တော်ဝင်အသိဖြင့် ကာကွယ်ကာ သူက တခြားရေဓာတ် တော်ဝင်ကျောက်တုံးကို ကြည့်သည်။ သူ၏စိတ်က ရေ၏လုံးဝဥဿုံအေးခဲခြင်း သဘာဝဖြင့် ပြည့်နှက်သွားကာ အရာအားလုံးကို တိတ်ဆိတ်စွာဖြင့် လေ့လာ ဆင်ခြင်သည်။ သူ၏ခန္ဓာကိုယ်ကပင် လုံးဝ ငြိမ်သက်သွားဟန် ရကာ ပတ်ဝန်းကျင်ကပင် အားကောင်းသော ရေခဲဓာတ် သဘာဝများ ပျံ့နှံ့လာနေသည်။

မီးက အပူဖြစ်ကာ ရေက အအေးဖြစ်သည်။ သူက စန္ဒာငွေလမင်း ကျောင်းအုပ် အသုံးပြုသော ရေခဲပုရပိုက် အတွင်းမှ ရှိသော ပညာရပ်ကို စတင်၍ လေ့လာ ဆင်ခြင်သည်။ ရေဓာတ် သဘာဝ စွမ်းအင်များက သူ့အတွက် အလွန်ကြည်လင် ပြတ်သားလာကာ သူ့အနီးတစ်ခုလုံးကို မြူခိုးများနှင့် ရေငွေ့များ ရစ်သိုင်းလာနေသည်။ သူ့အထက်တွင် လမင်းတစ်စင်းက ထွင်းလင်းနေကာ ရီဖူရှင်းက အလွန်အမင်း အေးစက်မှုကို ခံစားရသည်။ သူ ရှာဖွေနေသော နေရာတိုင်းက အဆုံးစွန်အထိ အေးခဲကာ လေဟာနယ် ကိုယ်တိုင်က ရေခဲကမ္ဘာ ဖြစ်နေဟန် ရသည်။

ရီဖူရှင်း ရှိရာအရပ်ကို ကြည့်နေသူများ အများအပြား ရှိသည်။ ကောင်လေးက ကျောက်တုံးများ၏ ဖိအားကို ခုခံနေပြီး တစ်ချိန်တည်းမှာပင် လေ့ကျင့်နေဟန်လည်း ရသည်။

“အကာနာအဆင့် တစ်ယောက်က အမှန်ပဲ ဒီလို ခံနိုင်ရည် ရှိတာလား…” အချို့က ရေရွတ်ကြသည်။ သို့သော် တော်ဝင် ကျောက်တုံးများမှ ဖိအားများက အကာနာအဆင့် တန်ခိုးရှင်ကို ပိုမိုနည်းပါးသော ဖိအားကို ပေးဟန်ရသည်။

ရီဖူရှင်း၏ ခန္ဓာကိုယ်က အလွန်အမင်း အေးစက်လာမှုကို ခံစားရသည်။ သူ့ဘေးမှ ထိုင်နေသူများကိုပင် မြူများက ရစ်သိုင်းသွားနေရာ ထိုလူများက မျက်လုံးကို ဖွင့်ကာ ရီဖူရှင်းကို သဘောမကျစွာ ကြည့်ကြသည်။ သို့သော် ရီဖူရှင်းမူကား ဘာမှ သိဟန်မရ။ သူ၏စိတ်ထဲတွင် ကြီးမား ပြင်းထန်သော အအေးဓာတ် အရင်းအမြစ်တစ်ခု ဖြစ်ပေါ်လာနေသည်။ သိသာစွာပင် ရီဖူရှင်းက ရေဓာတ်နိုဘယ် အသိကို မွေးဖွားနိုင်ခဲ့ပြီ။

ကွင်းထဲတွင် ဆက်လက် တောင့်ခံနိုင်သူများက တဖြည်းဖြည်း ပိုမိုနည်းပါး လာနေသည်။ နောက်ဆုံး ကျန်ရစ်သူများက ထူးခြား ထက်မြက်သူများ ဖြစ်ပေမည်။

သူ့အတွက် အချိန် မရှိတော့သည်ကို ရီဖူရှင်းက သိသည်။ သူက တော်ဝင် ကျောက်တုံးများနှင့် လေ့ကျင့်လိုပါက မြန်ဆန်ရန် လိုပေသည်။ သူက မကြာခင် လေဓာတ်စွမ်းအင် ကျောက်တုံးကို ကြည့်သည်။ သူ့အနီး၌ လေပြည်ကလေးများ စတင် ရိုက်ခတ်လာ၏။

ရီဖူရှင်းအား ယခင်ကတည်းက သတိထား စောင့်ကြည့် နေခဲ့ကြသော လူများက သူတို့၏ ထင်မြင်ချက်များကို ပိုမိုသေချာ သွားစေခဲ့သည်။ ဤသို့ဆိုလျှင် ထိုအကာနာအဆင့် ကောင်လေးကား အမှန်ပင် တော်ဝင် ကျောက်တုံးများဖြင့် လေ့ကျင့်နေဟန် ရသည်။ သူက ကွဲပြား ခြားနားသော ဓာတ်စွမ်းအားများဖြင့် လေ့ကျင့်နေ၏။

“ဒီကလေးက တကယ်ပဲ စိတ်ဝင်စားဖို့ ကောင်းတယ်…” တော်ဝင်ကျဲ နန်းတော်မှ အကြီးအကဲ အချို့က မှတ်ချက်ချသည်။

“တကယ်ပဲ စိတ်ဝင်စားစရာပဲ…သူက တော်ဝင် ကျောက်တုံးတွေကို ကြည့်ပြီး နိုဘယ်အသိတွေ မွေးဖွားနေတယ်လို့ ထင်ရတယ်…” တစ်ယောက်က မှတ်ချက်ချသည်။

“သူ့နာမည် ဘာလဲ…” တစ်ယောက်က မေးသည်။

“အရှေ့မြေရိုင်း ဒေသက ရီဖူရှင်း… ကောင်လေးက ပါရမီရှိတယ်… ကောင်းကင်တောင်က အူကီယို သံစဉ်ကို ရခဲ့တာလည်း သူပဲ… အခု သူက တော်ဝင်ကျဲ နန်းတော် အထိတောင်မှ ရောက်လာတယ်…”

“ဧကရာဇ်တွေက အရှေ့မြေရိုင်းဒေသ ကောင်းကင်တောင်မှာ ကု့ချင်းသံစဉ်တစ်ခု ထားခဲ့ကြတယ်… ဒါကို သူက ရယူနိုင်ခဲ့တယ် ဆိုတာ ကံစပ်မှ ဖြစ်နိုင်တယ်… အခုတော့ လူအများအပြားက ဒီသံစဉ်ကို လက်ဝယ် ပိုင်ဆိုင်ထားကြပြီ…” တစ်ယောက်က ကျောက်တုံးပေါ်တွင် ထိုင်နေသော လူငယ်တစ်ယောက်ကို ကြည့်ကာ မှတ်ချက်ချသည်။

ပိုင်လွေလီက သည်မတိုင်မီ အူကီယိုသံစဉ် ပထမပိုင်းကို တီးခတ်ခဲ့သည်။

“လွေလီ… ဒီကလေးရဲ့ ပါရမီကို မင်း ဘယ်လိုထင်လဲ… သူ့စီနီယာ တစ်ယောက်က မင်းကို စိန်ခေါ်ဖူးတယ် ထင်တယ်…” အကြီးအကဲ တစ်ယောက်က ပြုံးလျက်ပြောသည်။

ပိုင်လွေလီက ဂူတုံးလျို၏ စိန်ခေါ်မှုကို ပြန်အမှန်ရသည်။ သူ၏ကြည်လင်သော မျက်လုံးများထဲတွင် လေးစား အားကျမှုများကို တွေ့ရသည်… “အရှေ့မြေရိုင်းဒေသ ကော့တေးဆရာက တကယ်ပဲ အံ့ဖွယ်လူ တစ်ယောက်ပဲ… သူက ဒီလို ပါရမီရှင် ကလေး တစ်ယောက်ကို မွေးထုတ်ပေးခဲ့တယ်… ပြီးတော့ အချိန်နည်းနည်းသာ ပေးရင် ဂူတုံးလျိုကလည်း ကောင်းကင်မြေရိုင်း အဆင့်ကို ဝင်မှာ သေချာတယ်… ပြီးတော့ မင်းယွီကလည်း ကော့တေးကပဲ… အခု ကျုပ်တို့ရှေ့က ကောင်လေးကလည်း ပါရမီမြင့်တယ်… သူ့တန်ခိုးအဆင့်က နိမ့်ကျနေတာ စိတ်မကောင်းစရာပဲ…  သူက သတ္တမအတန်းအစား နိုဘယ်လောက်ဆိုရင် သူက ကြီးမားတဲ့အရာတွေ အများကြီး လုပ်နိုင်လိမ့်မယ်…”

ပိုင်လွေလီ၏မှတ်ချက်ကို အားလုံးက သဘောတူစွာ ခေါင်းညိတ်ကြသည်။

ရီဖူရှင်းက ဤနေရာသို့ အထိ ရောက်လာခြင်းက သူ၏ထူးခြား ထက်မြက်သော ပါရမီကို ထင်ဟပ်နေသည်။ သို့သော် သူ့အား တော်ဝင်ကျဲ ပင်မနန်းတော်တွင် လေ့ကျင့်ခွင့် ပြုရန်မူကား စဉ်းစားရန် လိုပေသေးသည်။

ဂူတုံးလျိုက ပိုင်လွေလီကို စိန်ခေါ်ခြင်းက ကျူးကော့မင်းယွီကြောင့် ဖြစ်သည်။ တော်ဝင်ကျဲ နန်းတော်က ပိုင်လွေလီနှင့် ကျူးကော့မင်းယွီကို ပေါင်းဖက်စေလိုသည်။ ထို့ကြောင့်ပင် ကျူးကော့မင်းယွီအား သဘောကျနေသော ဂူတုံးလျိုနှင့် ပိုင်လွေလီအကြား အဖုအထစ် ဖြစ်လာခဲ့သည်။ ယခု သူတို့က ရီဖူရှင်းအား တော်ဝင်ကျဲ နန်းတော်ကို ဝင်ခွင့်ပြုပါက ပိုင်လွေလီက မည်သို့ တွေးထင်မည်နည်း။ ပိုင်လွေလီက သူ၏လက်ရှိ အဆင့်အတန်းဖြင့် ထိုကိစ္စကို ရေးကြီးခွင့်ကျယ် မလုပ်သည့်တိုင် တော်ဝင်ကျဲနန်းတော်က ထိုသို့ မကြည့်ပေ။ တော်ဝင်ကျဲ နန်းတော်တွင် ပိုင်လွေလီ၏ နေရာက အနည်းငယ် ထူးခြားပေသည်။ သူကား နန်းတော်၏ အနာဂတ် မျှော်လင့်ချက်တစ်ခု ဖြစ်သည်။

“အရေအတွက်က နီးကပ်လာပြီ…” တစ်ယောက်က မှတ်ချက်ပေးသည်။ အတန်ကြာလျှင် တော်ဝင်လှေကားမှ အကြီးအကဲ တစ်ယောက်က ကြေညာလိုက်သည်… “စမ်းသပ်မှု ပြီးပြီ…”

လေထဲတွင် ရပ်တန့်နေသော တော်ဝင် ကျောက်တုံးကိုးတုံးက အကြီးအကဲ တစ်ယောက်ထံသို့ ပြန်ရောက်သွားသည်။ လူအများအပြားက စိတ်အေးသွားကြကာ ထိုင်နေရာမှ ထရပ်ကြသည်။ သို့သော်လည်း ထိပ်သီး ပါရမီရှင်များမူကား ထူးခြားသော အမူအရာများ သိပ်မရှိကြပေ။

ရီဖူရှင်းက လေဓာတ်သဘာဝကို ဆင်ခြင်တွေးတော နေရာမှ ရပ်လိုက်သည်။ အချိန်ကား တိုတောင်းလွန်းလှသည်။ သို့သော်လည်း သူက လက်ရှိ ခရီးအတော် ရောက်နေပြီဟု ခံစားရသည်။ ဓာတ်သဘာဝ ခုနစ်မျိုးတွင် သစ်သားဓာတ် တစ်ခုတည်းသာ သေချာ လေ့ကျင့်ရန် လိုနေသည်။

ရီဖူရှင်းက ထရပ်ကာ သူ့နောက်မှ​ လူများကို ကြည့်လျှင် အတော်များများက ကွင်းပြင်ပကို ရောက်သွားပြီး ဖြစ်သည်ကို တွေ့ရသည်။ ဟွာဂျီယူ၊ ယိရှောင်ရှီ၊ ယန်ကျန်း၊ ယူချင်း၊ ရီဝူချင်း၊ ကျွေ့ချိန်ချူ၊ ရွယ်ယွန်ပိုကျင်နှင့် သိမ်းငှက်နက်တို့သာ ကျန်သည်။ ချင်ရန်နှင့် စီဝူကျိတို့ကား အမှန်ပင် ကံဆိုးသည်။ ယခုအချိန်ကား တော်ဝင်ကျဲနန်းတော်မှ အကြီးအကဲများ တပည့် ရွေးချယ်မည့် အချိန်ကို ရောက်လာပြီ ဖြစ်သည်။

တိုက်ပွဲ ကွင်းပြင်ထဲတွင် လူတစ်ထောင်ခန့်သာ ကျန်ရစ်တော့ပြီ ဖြစ်သည်။ ယခု ကျန်သူများ အားလုံးက တကယ့် ထိပ်သီးပါရမီရှင်များ ဖြစ်ကြသည်။

သည်လူရွေးချယ်ပွဲ၏ တကယ့်အချိန်ကား ရောက်လာပြီ ဖြစ်သည်။ ယခု တော်ဝင်ကျဲ နန်းတော်က တပည့် ရွေးချယ်တော့မည် ဖြစ်သည်။ သည်အဆင့်အထိ ရောက်လာခြင်းက သူတို့အားလုံး ​တော်ဝင်ကျဲ နန်းတော်တွင် လေ့ကျင့်နိုင်သော အခွင့်အရေး ရှိသည်ဟု ဆိုလိုသည်။

လှေကားထစ်မှ အကြီးအကဲက ပြောသည်… “အားလုံး လူစုခွဲပြီး ကွင်းရဲ့ ထောင့်စွန်းတွေမှာ သွားနေရာယူကြ…”

လူတိုင်းက ကွင်း၏ဘေးစပ်နားကို လှမ်းသွား လိုက်ကြသည်။ ရီဖူရှင်းတို့ အုပ်စုကလည်း ထောင့်တစ်နေရာတွင် သွားရပ်ကြသည်။

“အခု တော်ဝင်ကျဲ နန်းတော်က တပည့်ရွေးချယ်မဲ့ အချိန်ပဲ… ရွေးချယ်တာကို စိန်ခေါ်ပွဲတွေနဲ့ လုပ်သွားမယ်… လူတိုင်းက ကိုယ့်ရဲ့ ကိုယ်ပိုင် စွမ်းရည်တွေကိုပဲ အသုံးပြုရမယ်… သိဒ္ဓိဝင် လက်နက်တွေ ပြင်ပအကူအညီတွေ အသုံးပြုတာကို လက်မခံဘူး… အခု ဘယ်သူက ဦးဆုံး စိန်ခေါ်ချင်သလဲ…” လှေကားထစ်မှ အကြီးအကဲက ပြောသည်။

အရွေးခံမည့် လူတစ်ထောင်လုံး၏ မျက်နှာများက လေးနက် တည်ကြည် နေသည်။ သည်အဆင့်က အရေးအကြီးဆုံး ဖြစ်ကာ သူတို့က တော်ဝင်ကျဲ နန်းတော် တပည့်ဖြစ်မလား မဖြစ်ဘူးလား ဟူသည့် မေးခွန်းကို အဖြေပေးသွားမည် ဖြစ်သည်။ တကယ့် တိုက်ပွဲကသာ လူတစ်ယောက်၏စွမ်းရည် အစစ်အမှန်ကို ထုတ်ပြနိုင်မည် ဖြစ်သည်။

“ကျုပ် စိန်ခေါ်မယ်…” လူအုပ်ထဲမှ တစ်ယောက်က ထွက်လာသည်။ မရေမတွက်နိုင်သော လူများက လှမ်းကြည့်ကြသည်။ သူကား ကျူးကော့မိသားစုမှ ကျူးကော့ပင် ဖြစ်သည်။

တော်ဝင်ကျဲ နန်းတော်၏ လှေကားထစ်ပေါ်မှ ကျူးကော့ခမ်ယန်နှင့် ကျူးကော့မင်းယွီက အံ့အားသင့် သွားကြသည်။ ကျူးကော့ပင်က ရီဖူရှင်းနှင့် ဟွာဂျီယူတို့ ရှိနေရာကို ကြည့်သည်။

“ကျုပ်က သူ့ကို ဦးဆုံး စိန်ခေါ်ချင်တယ်…” ကျူးကော့ပင်က ရီဖူရှင်းကို လက်ညှိုးထိုးပြကာ ပြောသည်။

ရီဖူရှင်းက ဒူဟောင်အား တစ်ယောက်တည်း ရင်ဆိုင်ခဲ့ခြင်းက သူ၏ထူးခြားသော စွမ်းရည်ကို ပြသနေသည်။ သို့သော်လည်း သူ၏စွမ်းရည်က သူအသုံးပြုသော လက်နက်ကြောင့်လည်း ဖြစ်ဟန်ရသည်။ ယခု တကယ့် တိုက်ပွဲ ရောက်လာကာ သူက ရီဖူရှင်း၏ တကယ့်စွမ်းရည်ကို လူအများအား သိစေလိုသည်။

သည်နေရာသို့ ရောက်လာခြင်းက ကျူးကော့ပင်၏ စွမ်းရည်ကို သံသယ ရှိစရာ မလိုပေ။ သူကား ကျူးကော့မိသားစု၏ အတော်ဆုံးထဲမှ တစ်ယောက်လည်း ဖြစ်သည်။

“ကြည့်ရတာ ကျူးကော့ရှင်းကပဲ သူ့ကို ထွက်လာ ခိုင်းတာ ထင်တယ်…” ကျူးကော့ခမ်ယန်က ပြောသည်… “ဒါက ကျူးကော့မိသားစုနဲ့ ရီဖူရှင်းတို့ရဲ့ ဦးဆုံး တိုက်ပွဲပဲ… ဘယ်သူက အနိုင်ရမယ် ထင်လဲ…”

“ကျူးကော့ရှင်းက ဟွာဂျီယူနဲ့ ပတ်သက်ပြီး စိတ်ထဲ ရှိနေတယ် ထင်တယ်… ကျူးကော့ပင်ကလည်း သူ့နေရာကို ဘယ်တုန်းကမှ သိနားလည်တာ မဟုတ်ဘူး… ဒီတိုက်ပွဲက သူ့အတွက် သင်ခန်းစာတစ်ခု ဖြစ်သွားလိမ့်မယ်…” ကျူးကော့မင်းယွီက ပြောသည်။ နိုဘယ်အဆင့် မဟုတ်လျှင်ကော အဘယ်အရေးနည်း။ သူမ၏ မောင်ငယ်လေးကား သာမန် စံချိန်စံညွှန်းများဖြင့် ဆုံးဖြတ်၍ ရသော လူစားမျိုး မဟုတ်ပေ။

ပရိသတ်များကလည်း စိတ်ဝင်စား သွားကြသည်။ ကျူးကော့ပင်ကား ကျူးကော့မိသားစုဝင် ဖြစ်ကာ ရီဖူရှင်းကား ကျူးကော့မင်းယွီ၏ ဂျူနီယာဖြစ်သလို ဟွာဂျီယူ၏ ချစ်သူလည်း ဖြစ်သည်။ ယခု သူတို့ အချင်းချင်း စိန်ခေါ်ခြင်းက အားလုံးကို စိတ်ဝင်စား သွားစေသည်။

“ချန်းယွန်… ကျူးကော့မိသားစုက သားတော်ကို စိန်ခေါ်နေပါလား… သိပ်အခြေအနေ မကောင်းဘူး ထင်တယ်…” ကျိုက်ရှင်း အိမ်တော် ခေါင်းဆောင်က ပြုံးလျက် ပြောသည်။

“ငါတို့ ကြည့်တာပေါ့…” ချန်းယွန်က ထူးမခြားနားစွာ ပြောသည်။

“ကောင်းပြီ…” မူချန်းက တိုက်ပွဲကွင်းပြင်ကို ကြည့်သည်။ သူက ထိုသို့ ပြောသည့်တိုင် ရီဖူရှင်း အနိုင်ရရန်ကိုသာ သူမျှော်လင့်သည်။ အကြောင်းပြချက်ကား ရီဖူရှင်းက တန်ခိုးအဆင့် နိမ့်လျက်ကပင် မူကျိချူကို အနိုင်ယူခဲ့ခြင်း ကြောင့်လည်း ဖြစ်သည်။

ရီဖူရှင်းက အမူအရာ ပြောင်းလဲခြင်း ဘာမှ မရှိဘဲ ရှေ့ကို ထွက်သွား လိုက်သည်။ အမှန်တကယ်အားဖြင့် သူက ရယ်ချင်စိတ်ပင် ဖြစ်နေသည်။ သူ့အား ဦးဆုံး စိန်ခေါ်သူက ကျူးကော့မိသားစုမှ ဖြစ်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။

***


Comment

Leave a Reply

Options

not work with dark mode
Reset