အပိုင်း(၅၄၅)

တော်ဝင် ကျောက်တုံးများဖြင့် လေ့ကျင့်ခြင်း

တိုက်ပွဲကား ပြင်းထန်လှသည်။ အချိန်များ တဖြည်းဖြည်း ကြာမြင့်လာသလို ကွင်းထဲ၌ ကျန်ရစ်သော လူများမှာလည်း တဖြည်းဖြည်း ပိုမိုနည်းပါး လာနေသည်။

ရီဖူရှင်းတို့အဖွဲ့က ထောင့်တစ်ခုတွင် တိတ်ဆိတ်စွာ ရပ်နေကြသည်။ တော်ဝင် မီးတောက်ဂိုဏ်းက ရီဖူရှင်းတို့ထံတွင် ရှုံးနိမ့်သွားပြီးနောက် သူတို့ကို လာရောက် တိုက်ခိုက်ရဲသူ မရှိတော့ပေ။ ထိပ်သီး အင်အားစုတိုင်းက ထောင့်တစ်ခုစီတွင် နေရာယူကာ အခြေအနေ ကြည့်နေကြသည်။ ဘယ်သူကမှ အရမ်းကာရော မတိုက်ခိုက်ရဲ ကြတော့ပေ။

နောက်ဆုံးတွင် တိုက်ပွဲကွင်းပြင်အား စောင့်ကြည့်နေသော အကြီးအကဲက ကြေညာလိုက်သည်… “ကြေညာချက်အား ကြားသည်နှင့် တိုက်ခိုက်နေသူများ အားလုံးက ရပ်တန့်လိုက်ကြသည်။ တိုက်ပွဲကွင်းပြင် တစ်ခုလုံးအား လွှမ်းခြုံထားသော အရံအတားလည်း ပျောက်ကွယ် သွားသည်။ နောက်ဆုံး ကျန်ရစ်သည်ကား လူသုံးထောင်ခန့်သာ။

လက်ရှိ သုံးထောင်ကား သံသယ ရှိစရာ မလိုအောင်ပင် မြေရိုင်းဒေသ၏ နေရာတိုင်းမှ အထူးချွန်ဆုံးလူများ ဖြစ်ကြသည်။

တော်ဝင်ကျဲ နန်းတော်မှ လူများအပြားက တိုက်ပွဲ ကွင်းပြင်အား သွားရောက် ရှင်းလင်းကြသည်။ ဒူဟောင်၏ အလောင်းအား သယ်ဆောင်သွားသော တော်ဝင် မီးတောက်ဂိုဏ်းမှ လူများ၏ မျက်နှာပေါ်တွင် အေးစက်သော အမူအရာများကို တွေ့ရသည်။ တော်ဝင် မီးတောက်ဂိုဏ်းမှ လူအများအပြားက ပါဝင် ယှဉ်ပြိုင်ကြရာတွင် စီကျိ တစ်ယောက်တည်းသာ ကျန်ရစ်သည်။

တိုက်ပွဲကွင်းပြင်က မြန်ဆန်စွာပင် ရှင်းလင်းသွားခဲ့ကာ ကျန်ရစ်သော လူသုံးထောင်က တိတ်ဆိတ်စွာ ရပ်နေကြသည်။

လှေကားထစ်ပေါ်မှ အကြီးအကဲက သူတို့ကို ပြောသည်… “နောက်စမ်းသပ်မှု ကတော့ မင်းတို့ဆီကို တော်ဝင် ကျောက်တုံးကိုးတုံး ဆင်းသက် လာလိမ့်မယ်… ရှေ့ဆက်ဖို့ မသင့်တော့ဘူးလို့ မင်းတို့က တွေးရင် အခု ထွက်သွားပါ… လူသုံးထောင်ထဲက တစ်ထောင်ပဲ​ ကျန်ရစ်လိမ့်မယ်… နောက်ဆုံး ကျန်တဲ့တစ်ထောင်က တော်ဝင် ကျဲနန်းတော်ကို ဝင်ခွင့်ရလိမ့်မယ်… ဒါကြောင့် တော်ဝင် ကျောက်တုံးတွေရဲ့ ဖိအားကို အတတ်နိုင်ဆုံး ခံနိုင်အောင် ကြိုးစားပါ…”

လက်ရှိ ကျန်နေသော လူသုံးထောင်တွင် အများစုက ထိပ်သီး အင်အားစုများမှ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့က ဤအဆင့်အထိ ရောက်လာ နိုင်ခြင်းက အဖော်အပေါင်းများ အားကိုးသောကြောင့် ဖြစ်နိုင်သေးသည်။ ယခု သူတို့က သည်လူများ၏ တကယ့်စွမ်းရည်ကို စမ်းသပ် ကြတော့မည် ဖြစ်သည်။

“နောက်တစ်ဆင့်မှာ ဘယ်သူကမှ ပြင်ပလက်နက်၊ ရတနာတွေကို အသုံးပြုခွင့် မရှိဘူး… စည်းကမ်း မလိုက်နာတဲ့လူက ချက်ချင်း ကွင်းထဲက ထွက်ရလိမ့်မယ်…” လှေကားထစ်ပေါ်မှ အကြီးအကဲက ပြောသည်။ ထို့နောက် တစ်ဖန် လူသုံးထောင်အား လွှမ်းခြုံသည့် အရံအတား တစ်ခု ထပ်မံ ဖြစ်ပေါ်လာသည်။

“တော်ဝင် ကျောက်တုံးတွေကို ထုတ်လိုက်တော့…” အကြီးအကဲ တစ်ယောက်က ညွှန်ကြားသည်။ အကြီးအကဲများထဲမှ တစ်ယောက်က လက်ကို ဝှေ့ယမ်းသည်တွင် ကွင်းထဲကို အလင်းတန်းကိုးခု ပျံသန်းသွားသည်။ တော်ဝင် ကျောက်တုံးက သူတို့၏ နာမည်အတိုင်း ဧရာမ ကျောက်တုံးများ ဖြစ်ကြကာ ကျောက်တုံးတစ်ခုစီက ကွဲပြားခြားနားသော ဓာတ်စွမ်းအင်ကို အထူးပြုသည်။ ထို့နောက် ဧရာမ ကျောက်တုံးများက လူသုံးထောင်၏အပေါ် ကောင်းကင်တွင် ရပ်တန့်သွားကြကာ အောက်ကို ဆင်းသက်လာသည်။ မြေပြင်မှ လူများက စတင်၍ တော်ဝင် ကျောက်တုံးများမှ ဆင်းသက်လာသော ဖိအားကို ခံစားလာရ၏။ ဖိအားကား ကြီးမားလွန်းရကား သူတို့၏စိတ်များက ပေါက်ကွဲထွက်လု မတတ်ပင်။

ဘုန်း… ဘုန်း… ဘုန်း… တော်ဝင် ကျောက်တုံးများက နေရာကိုယ်စီ ယူလိုက်ကြသော အချိန်တွင် လေထုပေါက်ကွဲသံများ ကြားရပြီး အမှန်ပင် လူအများအပြားက ဘေးကို လွင့်စဉ် သွားကြသည်။ ထိုလူများက ထရပ်ကာ ကွင်းပြင်ပသို့ စိတ်ပျက်စွာဖြင့် ထွက်သွားကြရသည်။

တန်ခိုးရှင်များအတွက် စိတ်ဝိညာဉ် စွမ်းအင်က အရေးအကြီးဆုံး ဖြစ်သည်။ စိတ်စွမ်းအားက ပါရမီတစ်မျိုး ဖြစ်ကာ အလွန်အမင်း အရေးပါးသည်။ စိတ်စွမ်းအား နည်းပါက သိပ်ခရီးရောက်မည် မဟုတ်ပေ။ ထို့ကြောင့်ပင် တော်ဝင် ကျောက်တုံးဖြင့် လူစစ်ထုတ်ခြင်းက အလွန်သင့်တော် ကောင်းမွန်သော နည်းစနစ်တစ်ခု ဖြစ်ပေသည်။

သည်စမ်းသပ်မှုကို မဖြတ်ကျော်နိုင်ပါက သူတို့က တော်ဝင်ကျဲ နန်းတော်၏တပည့် မဖြစ်နိုင်ပေ။

ထိုအခိုက်တွင် ရီဖူရှင်းက နောက်ကို တစ်လှမ်းဆုတ်ကာ ဟန်ချက် ထိန်းလိုက်ပြီး သူ့ရှေ့မှ ကျောက်တုံးကြီးကို ကြည့်လိုက်သည်။ ကျောက်တုံးကြီးကား အနီရောင် ဖြစ်သည်။ ထိုအခိုက်တွင်  ကြောက်မက်ဖွယ် ကောင်းသော မီးလျှံသဏ္ဌာန်တစ်ခုက ကျောက်တုံးကြီးမှ ထွက်လာကာ သူ့အား ကြည့်သည်ဟု ခံစားလိုက်ရသည်။

ထိုပုံသဏ္ဌာန်ကား ကြီးမြတ်သော နတ်ဘုရား တစ်ပါးဟု ထင်မှတ်ရသည်။ သူက ရီဖူရှင်းထံသို့ တစ်လှမ်းချင်း လှမ်းလာကာ ပိုမိုသော ဖိအားများကို ပေးလာသည်။ ရီဖူရှင်းက နောက်ကို ဆုတ်ခွာလာသည်။ သို့သော် ယခု ဖြစ်ပျက်နေသည်က စမ်းသပ်မှု တစ်ခုဖြစ်ကြောင်း ရီဖူရှင်းက သိရာ နောက်ဆုတ်ခြင်းက ရွေးချယ်မှု တစ်ခုတော့ မဟုတ်ပေ။

စိတ်ဝိညာဉ် တိုက်ခိုက်မှုများကား ထူးဆန်းသည်။ ထိုစွမ်းအားက အမှန်တကယ် တိုက်ခိုက်ခြင်း မဟုတ်သည့်တိုင် တကယ်ဖြစ်ပျက် နေသည့်အလား ခံစားရသည်။ တော်ဝင် ကျောက်တုန်းက ဘယ်မှာ ရှိသည်ကို ရီဖူရှင်းက သိသည်။ သို့သော် ယခု သူမြင်နေရသည်က တော်ဝင် ကျောက်တုံး မဟုတ်တော့ပဲ အလွန်အမင်း အားကောင်းသော မီးလျှံသဏ္ဌာန်တစ်ခု ဖြစ်ပေသည်။

သူ၏ စိတ်နှင့်ခန္ဓာက လောင်ကျွမ်းနေကာ ပြင်းထန်သော နာကျင်မှုကို ခံစားရသည်။ ထိုပုံသဏ္ဌာန်က အဝေးမှာဟု ထင်ရသလို အနီးမှာဟုလည်း ထင်ရသည်။ သူက တစ်လှမ်းပြီး တစ်လှမ်း သူ့ထံကို လှမ်းလာ နေသော်လည်း သူ့ထံကို တကယ်တမ်း ရောက်လာခြင်း မရှိပေ။ သို့တိုင်အောင် သူ၏ခြေလှမ်းတိုင်း ပိုမိုကြီးမားသော ဖိအားကို ခံစားရစေသည်။

ရီဖူရှင်း၏ ပတ်ဝန်းကျင်၌ မီးဓာတ် သဘာဝများ စုစည်းလာကာ နေမင်းတစ်စင်း ဖြစ်ပေါ်လာသည်။ မီးဓာတ်အသိကို ထုတ်ဖော်ပြီးသည်တွင် ရီဖူရှင်းက မျက်လုံးကို မှိတ်လျက် ထိုလောင်ကျွမ်းမတတ် ခံစားချက်ကို သည်းခံသည်။ တစ်ဖက်တွင်လည်း ထိုဖိအားတွင် ပါဝင်သော မီးဓာတ်အသိကို ဆင်ခြင် သုံးသပ်၏။

“ဂျီယူ…” ရီဖူရှင်းက သူမအတွက် စိတ်ပူစွာဖြင့် ရေရွတ်မိသည်။ တော်ဝင် ကျောက်တုံး၏ ဖိအားကို လူတိုင်းက ခံစားကြရမည် ဖြစ်သည်။ တစ်ချက်မျှ အာရုံစူးစိုက်မှု နည်းပါက စိတ်စွမ်းအား ပြိုလဲမှုကို ခံရနိုင်ပေသည်။

သည်စမ်းသပ်မှုအား တော်ဝင်ကျဲ နန်းတော်မှ အကြီးအကဲများ ကိုယ်တိုင်က ပြုလုပ်နိုင် သော်လည်း လူသား တစ်ယောက်က အတ္တမကင်းရာ မျှတမှု ရှိသည် မရှိသည်ကို ဘယ်သူမှ အာမမခံနိုင်ပေ။ သို့သော် တော်ဝင် ကျောက်တုံးများ မူကား သက်မဲ့များဖြစ်ပြီး သူတို့က အားလုံးကို တူညီသော ဖိအားများကိုသာ ပေးသည်။ ထိုဖိအားကို ခံနိုင်ရည် မရှိပါက ထုတ်ပယ်ခံရမည် ဖြစ်သည်။

ဟွာဂျီယူကလည်း ကြီးမားသော ဖိအားနှင့် နာကျင်မှုကို ခံစားနေရသည်။ သူမက ရီဖူရှင်း၏ဘေးတွင် ထိုင်နေကာ စိတ်ဝိညာဉ် စွမ်းအားများဖြင့် ကာကွယ်လျက် ဖိအားကို ခုခံနေသည်။

ဘုန်း… တစ်ယောက်ကား လျှပ်စီးဖြင့် ရိုက်နှက်ခံရသလို တုန်ယင်သွားကာ အဝေးကို လွင့်စဉ်သွားသည်။ ရှီတန်ခိုးရှင် တစ်ယောက်က သူ့အား ကာကွယ်ပေးကာ အပြင်ဘက်ကို ​ခေါ်ထုတ် ပေးသည်။

ရီဖူရှင်း၏ အနီးတွင် ကြယ်မင်းကျောင်းမှ လူများလည်း ရှိနေကြသည်။ ချင်ရန်၏ ခန္ဓာကိုယ်ကလည်း အတန်ကြာလျှင် တုန်ယင်လာကာ အလွန်အမင်း နာကျင်မှုကို သူမ၏မျက်နှာတွင် တွေ့မြင်လာရသည်။ ထို့နောက်တွင် သူမကလည်း လက်လျှော့ကာ အပြင်ကို ထွက်သွားရ၏။

အပြင်ဘက်ကို ရှီတန်ခိုးရှင်၏ အကူအညီဖြင့် ပြန်ရောက် သွားသည်နှင့် သူမ ခံစားနေရသော ဖိအားများ အားလုံး ပျောက်ကွယ် သွားသည်။ သူမက ရီဖူရှင်းတို့ ရှိရာဘက်ကို ကြည့်သည်။ ထိုနေရာတွင် ရွယ်ယွန်ပိုကျင်၊ စီဝူကျိနှင့် ကျွေ့ချိန်ချူတို့က ဖိအားကို သည်းခံနေကြဆဲ ဖြစ်သည်။ သို့သော် ကျိုးရှင်းတောင်မှ ရှီတန်ခိုးရှင်၏သမီးဖြစ်သော သူမက မလုပ်နိုင်ခဲ့ပေ။

သူမ၏ မျက်လုံးများထဲတွင် စိတ်ပျက်ဟန်များ အထင်းသား တွေ့ရသည်။ အဓိက သူမ၏ပြဿနာမှာ အလွန် အဆင့်အတန်း မြင့်မားသောကြောင့် တကယ့် စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် သူမ၌ လုံလောက်သော စိတ်ဓာတ် အင်အားများ မရှိသေးသောကြောင့်ဟု ချင်ရန်က ယူဆသည်။

ကောင်းမွန်သော နောက်ခံ အသိုင်းအဝိုင်းကလည်း အရာအားလုံးကို သေချာစေနိုင်သည် မဟုတ်ပေ။

“ကြည့်ရတာ ငါက ငှက်တစ်ကောင် လောက်တောင် မစွမ်းပါလား…” ချင်ရန်က ရီဖူရှင်း၏နောက်မှ သိမ်းငှက်နက်ကို ကြည့်သည်။ သိမ်းငှက်နက်က တည်ငြိမ်စွာပင် ရပ်ကာ ဖိအားကို ခံစားနေရာ သူမအား ပိုမို စိတ်ပျက်စေသည်။

ဖိအားက ပိုမို အားကောင်းလာရာ ဖယ်ရှားခံရသော လူများကလည်း ပိုမို များပြားလာသည်။ နောက်ဆုံးတွင် လူနှစ်ထောင်ခန့်မျှသာ ကျန်ရစ်တော့ကာ လူများကလည်း ဆက်လက် လျော့ပါးလျက် ရှိသည်။

တိုက်ပွဲ ကွင်းပြင်ထဲတွင် ဟောင်ကျူဂီ၏ ခန္ဓာကိုယ်က မားမားမတ်မတ်ဖြင့် ထိုင်နေပြီး သူ့ခန္ဓာမှ အလင်းတန်းသုံးခု ထွက်ပေါ်နေသည်။ တခြားတစ်ဖက်တွင် တိမ်ဖြူမြို့မှ ဒုတိယသခင်လေး ပိုင်စီကား တော်ဝင် ကျောက်တုံးကို စူးနစ်စွာ ကြည့်လျက် ဖိအားကို ခုခံနေသည်။ ထို့အတူ ထင်းရွယ်အိမ်မှ ရွယ်ချွဲ၊ ဓားကျေးရွာမှ ယန်ချူတို့ကလည်း ငြိမ်သက်စွာ ထိုင်နေကြသည်။

ထိပ်သီးပါရမီရှင်များ အားလုံးကား သန့်စင်သော နိုဘယ်အသိကို မွေးဖွားထားနိုင်သူများ ဖြစ်ကြရာ သည်မျှလောက်သော ဖိအားများကို ခုခံရခြင်းက သိပ်ခက်ခဲခြင်း မရှိပေ။

ရီဖူရှင်းက ဖိအားများကို ဧကရာဇ်အသိအား အသုံးပြုခြင်း မရှိဘဲ ခုခံနေခြင်း ဖြစ်သည်။ သည်စမ်းသပ်မှုက သူ့အတွက် တစ်ဖက်မှလည်း အခက်အခဲများကို ကိုယ်တိုင် ဖြတ်ကျော်ရန် တွန်းအားများ ဖြစ်စေသလို သူ့အတွက် လေ့ကျင့်ခြင်း တစ်မျိုးလည်း ဖြစ်သည်။ မည်သို့ဆိုစေ နောက်ပိုင်း တိုက်ပွဲများတွင် သူက နိုဘယ်များ၏ ကြီးမားသော စိတ်စွမ်းအားများကို ခုခံရမည်မှာ သေချာနေသည်။

ရီဖူရှင်းက တဖြည်းဖြည်းဖြင့် မီးဓာတ်အသိ ဖိအားနှင့် ရင်းနှီး ကျွမ်းဝင်လာသည်။ ဖိအားက ပိုမိုအားကောင်း လာသည့်တိုင် ရီဖူရှင်းက ဖိအားဒဏ်ကို သိပ်ခံစားရခြင်း မရှိတော့ပေ။ ထို့နောက် သူက မျက်လုံးကို ဖွင့်လျက် အလင်းတန်းများ ဖြာထွက်နေသော ဒုတိယမြောက် လျှပ်စီး ကျောက်တုံးကို ကြည့်သည်။

လျှပ်စီးဓာတ် အလင်းတန်းများကို ကြည့်မိသည့် အခိုက်တွင်ပင် ကြောက်မက်ဖွယ် ကောင်းသော စိတ်ဝိညာဉ် စွမ်းအား တစ်ခုက သူ၏ စိတ်နယ်ပယ်ထဲကို ဝင်ရောက် လာသည်။ ထိုအလင်းတန်းများက သူ၏ ခန္ဓာကိုယ်ထဲကို စီးဆင်း လာသည်ဟု ခံစားရကာ လျှပ်စီးဖြင့် တွေ့ထိသော ခံစားချက်ကိုပင် ရသည်။ သူ၏အပေါ်တွင် လျှပ်စီးမုန်တိုင်း တစ်ခု ဖြစ်ပေါ်လာကာ အရာအားလုံးကို ဖျက်ဆီးတော့မည့်ဟန် သူ မြင်လာရသည်။ ထိုမုန်တိုင်းထဲတွင် ဝတ်ရုံရှည် ဝတ်ဆင်ထားသော လူတစ်ယောက်က ရပ်နေကာ သူ့ထံသို့ လျှပ်စီးစွမ်းအားများ ထုတ်လွှတ် တိုက်ခိုက် နေသည်ဟု သူမြင်သည်။

သူ၏စိတ်ထဲတွင် ကြယ်တာရာ အသိ ဖြစ်ပေါ်လာကာ စိတ်နယ်ပယ်အား ကာကွယ်သည်။ သူ၏စိတ်အား ကာကွယ်ပေးနေသော ကြယ်တာရာ များကား လျှပ်စီးကြောင်းများ၏ ရိုက်ချက်ကို ပြင်းပြင်းထန်ထန် ခံရသည်။

ကြယ်တာရာ အရံအတားက ပြိုလဲသွားလျှင် ရီဖူရှင်းက မြန်ဆန်စွာပင် နောက်ထပ် အရံအတားများ ဖန်တီး ကာကွယ်သည်။ အရံအတားများ တစ်ခုပြီး တစ်ခု ပြိုလဲကျသလို လျှပ်စီး တိုက်ခိုက်မှုများ ကလည်း ပိုမို အားကောင်း လာသည်။

ပြင်းထန်သော တိုက်ခိုက်မှု အောက်၌ ရီဖူရှင်း၏ စိတ်ထဲတွင် ကြောက်မက်ဖွယ် ကောင်းသော လျှပ်စီးနဂါးကြီး တစ်ကောင် ပေါ်လာကာ သူကိုယ်တိုင်က ထိုလျှပ်စီးများကို ခုခံနေသည်ကို တွေ့ရသည်။ ပြင်ပမှ လျှပ်စီး တိုက်ခိုက်မှုများက ထိုလျှပ်စီးနဂါးကို ပိုမို အားကောင်းစေပြီး ရီဖူရှင်း၏ ခန္ဓာကိုယ်က ကြီးစွာသော လျှပ်စီး စွမ်းအားများကို ပေးသည်။

ရီဖူရှင်း၏ မျက်လုံးက အရောင်လက် သွားသည်။ လျှပ်စီးဓာတ် ကျောက်တုံး၏ ဖိအားကို ခုခံရင်းဖြင့် သူက အမှတ်မထင် လျှပ်စီးနိုဘယ် အသိကို မွေးဖွားနိုင်ခဲ့သည်။

တော်ဝင် ကျောက်တုံးများကား ခုခံသူ၏ပါရမီကို လိုက်ပြီး သူတို့၏ ဓာတ်စွမ်းအား အပေါ် နားလည်မှုကို ပိုမိုအားကောင်းစေကာ တစ်ဖက်တစ်လမ်းက လေ့ကျင့်မှုအတွက် အသုံးပြုနိုင်ပေသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset