Switch Mode

အခန်း (၁၃၅)

မိုးမခပင်ရေ.. ဒီတော့ ငါ့ရဲ့ဆေးဝါးဖော်စပ်နည်းက တအားလွန်ကဲနေတာပေါ့

ဝိညာဉ်ရေးရာလက်နက်များမှာ ကောင်းကင်ဘုံ၊ မြေကမ္ဘာ၊ အနက်ရောင်နှင့် အဝါရောင်ဟူသော အဆင့်သတ်မှတ်မှုမျိုးမရှိချေ။ ၎င်းတွင် အဆင့်နိမ့်၊ အလယ်အလတ်အဆင့်၊ အဆင့်မြင့်နှင့် ထိပ်တန်းအဆင့်ဟူ၍သာရှိသည်။
ဝိညာဉ်ရေးရာလက်နက်များအထက်တွင်ရှိနေသည်မှာ ဧကရာဇ်လက်နက်များဖြစ်၏။ သို့သော် ဤဘုံ၌ ဧကရာဇ်လက်နက်ဟူ၍ မရှိခဲ့ဖူးပေ။ ဧကရာဇ်လက်နက်ဖန်တီးရာတွင် သတ်မှတ်ချက်များမှာ ပြင်းထန်လှသည်။ ဤဘုံထဲရှိဝိညာဉ်ရေးရာချီစွမ်းအင်များအားလုံး ခမ်းခြောက်သွားသည်အထိ စုပ်ယူပြီးသွားလျှင်တောင် ၎င်းကိုထုတ်လုပ်ဖို့မဖြစ်နိုင်ပေ။

ဤကမ္ဘာထဲတွင် ကောင်းကင်ဘုံအဆင့်ရတနာတစ်ပါးကတင် အဆင့်မြင့်လှပြီဟု ဆိုနိုင်လေသည်။ ဝိညာဉ်ရေးရာလက်နက်များအဖို့တော့… ထိုအဆင့်အထိရောက်နိုင်ဖို့မှာ ခက်ခဲလွန်းလှသည်။

ထိုအချိန်တွင် ယဲ့ချိုးပိုင်က သူ့မျက်လုံးများကိုဖွင့်လာပြီး မှော်နက်မိစ္ဆာဓားသွားကို ကောက်ကိုင်လိုက်သည်။ ထိုစဉ် မှော်နက်မိစ္ဆာဓားသွားသည် ပြောင်းလဲမှုအနည်းငယ်ဖြစ်သွား၏။ အလယ်နားတွင် ဓားသွားတစ်လျှောက်ပြေးလွှားနေသော ရေခဲပြာရောင်ပုံစံတစ်ခုရှိသလို ခပ်ဖျော့ဖျော့ထုတ်လွှတ်နေသော ရေခဲဓားဆန္ဒလည်း ရှိနေချေသည်။

လက်ရှိယဲ့ချိုးပိုင်မှာ မှော်နက်မိစ္ဆာဓားကိုအသုံးပြုလိုက်ချိန်၌ ယခင်ကထက် အဆပေါင်းများစွာ သန်မာအားကောင်းနေသည်ဟု ဆိုနိုင်လေသည်။

ယဲ့ချိုးပိုင်က ဓားကိုပွတ်သပ်ရင်း ပြုံးလိုက်မိသည်။

“ငါ့နောက်ကိုလိုက်ခဲ့ပါ။ ငါက မင်းကိုတောက်ပနိုင်မဲ့အခွင့်အရေးပေးမယ်”

ဝီ…ဝီ….

မှော်နက်မိစ္ဆာဓားသည် နားအူလောက်သည့်အသံတစ်သံကို ထုတ်လွှတ်လာသည်မှာ ယဲ့ချိုးပိုင်၏စကားကို ခွန်းတုံ့ပြန်နေသည့်အလားပင်။

ထို့နောက် ယဲ့ချိုးပိုင်က သူ့ဓားကိုအဝေးပို့လိုက်ပြီး မျက်စိမှိတ်ထားဆဲဖြစ်သောမုကျီချင်းကို ကြည့်လိုက်သည်။

သူ မေးလိုက်မိသည်။

“စီနီယာမိုးမခပင်… ကျီချင်းရဲ့အခြေအနေက ဘယ်လိုရှိလဲဟင်”

မိုးမခပင်ကြီးဆီမှ အသံတစ်သံထွက်လာသည်။
“ထိန်းချုပ်မှုအောက်မှာရှိပါတယ်။ အခုဆိုရင် ရေခဲဓားဝိညာဉ်ကို မင်းစုပ်ယူလိုက်ပြီဆိုတော့ ရေခဲဝိညာဉ်အာရုံကြောကို အမြစ်ပြတ်ချေမှုန်းပစ်ဖို့အကောင်းဆုံးအချိန်ပဲ”

“ဒါပေမဲ့ ရေခဲဝိညာဉ်ဆေးဝါးက အခုထိမရသေးဘူး”

“ရေခဲဝိညာဉ်ဆေးဝါးလား”
ယဲ့ချိုးပိုင် ခဏမျှတွေးပြီးပြောလိုက်သည်။

“ကျွန်တော် ဘယ်ကိုသွားရှာရမလဲ”

ထိုအချိန်တွင် မိုးမခသစ်ကိုင်းတစ်ခုက လေထဲ၌ တစ်စုံတစ်ခုကိုရေးဆွဲနေလေသည်။ ၎င်းမှာ ရေခဲဝိညာဉ်ဆေးဝါးဖော်စပ်နည်းပင်။

“ရေခဲဝိညာဉ်ဆေးဝါးက အဆင့်မြင့်ဝိညာဉ်ရေးရာဆေးဝါးတစ်ခုပဲ။ မင်းဆရာ အဲဒီဆေးကိုဖော်စပ်နိုင်တယ်”

ဝိညာဉ်ရေးရာဆေးဝါးများ၏အဆင့်မှာ ကောင်းကင်ဘုံအဆင့်ဆေးဝါးများ၏အထက်တွင်ရှိ၏။ ၎င်းမှာ ပစ္စည်းကိရိယာတစ်ခုအလားပင်။

ယဲ့ချိုးပိုင်ကလည်း အရိုအသေပြု၍ ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်သည်။ သူ ပတ်ပတ်လည်ကိုလှည့်ကြည့်လိုက်သော်လည်း သူ့ဆရာကိုမတွေ့ရသဖြင့် နားမလည်နိုင်ဖြစ်သွားရသည်။

မုဝမ်အာက ယဲ့ချိုးပိုင်၏အတွေးများကို ဖောက်ထွင်းမြင်သွားလေဟန်တူသည်။ သူ(မ)က အဂ္ဂိရတ်ခန်းမကို လက်ညှိုးထိုးပြလိုက်ပြီးပြော၏။

“အာ… ဦးလေးက ဆေးဖော်နေတယ်”

အဂ္ဂိရတ်အခန်းလား…

သူ့စကားအဆုံးတွင် အဂ္ဂိရတ်အခန်းထဲမှ လင်းရောင်ခြည်များဖြာထွက်လာသည်။

ယဲ့ချိုးပိုင်ခမျာ မှင်တက်သွားရချေသည်။

ရောင်ခြည်တော်အတွင်းဘက်တွင် ဆေးရနံ့တစ်ခုနှင့် မြောက်များလှစွာသောဝိညာဉ်ရေးရာချီစွမ်းအင်များရှိနေလေသည်။ ထို့နောက် ဆေးတစ်လုံးက အဂ္ဂိရတ်အခန်း၏ခေါင်မိုးကိုဖောက်ထွက်လာသည်။

သို့သော် ခပ်ဝေးဝေးကိုမပျံသန်းနိုင်ခင်မှာပင် ထိုဆေးလုံးကို ဝိညာဉ်ရေးရာချီစွမ်းအင်တစ်ခုက လွှမ်းခြုံပစ်လိုက်သည်။ လုချန်ရှန်းက သူ့လက်ကိုဝှေ့ယမ်း၍ ထိုဆေးကိုပြန်ယူလိုက်သည်။

“ဘုရားရေ…. ငါဒါကိုဖော်စပ်ဖို့ အများကြီးအားစိုက်ထုတ်ထားရတာ။ ဘယ်လိုလုပ်ထွက်ပြေးခွင့်ပေးနိုင်မှာလဲ”

ရေခဲဝိညာဉ်အာရုံကြောကို မုကျီချင်း၏ဆေးထဲ မည်သို့နှယ်အပြည့်အဝပေါင်းစပ်နိုင်မလဲဆိုသည်ကို စဉ်းစားဖို့ ဦးနှောက်စွမ်းအားအများကြီးသုံးခဲ့ရသည်။

မည်သို့ပင်ဖြစ်စေ ဆေးဖော်စပ်နည်းမရှိပါသဖြင့် လုချန်ရှန်းလည်း သူ့ဘာသာတွေးကြည့်ရုံသာတတ်နိုင်ခဲ့သည်။

“ဒါကို နှစ်နာရီလောက်အချိန်ယူလိုက်ရတယ်။ မဖြစ်ဘူး… ငါ ဟုန်ရင့်ကို ငါးစွပ်ပြုတ်လုပ်ခိုင်းပြီး ငါ့ဦးနှောက်ကို ပြန်အားဖြည့်ခိုင်းရမယ်”

ဟုန်ရင် : “…”
ယဲ့ချိုးပိုင်ခမျာ အနည်းငယ်မှင်တက်သွားရှာလေသည်။ သူက လုချန်ရှန်း၏လက်ထဲရှိဆေးကိုကြည့်ပြီး မေးလိုက်သည်။

“ဆရာ ဒါကဘာလဲ”

လုချန်ရှန်းက ထိုဆေးကို ယဲ့ချိုးပိုင်ဆီသို့ပစ်ပေးရင်းပြောလိုက်သည်။

“မင်း ဘယ်လိုထင်လို့လဲ”

“ဒါက မင်းရဲ့ကောင်မလေးကိုကုသပေးမဲ့ဆေးလေ”

ဤသည်မှာ ရေခဲဝိညာဉ်ဆေးများလား။

ယဲ့ချိုးပိုင် မျက်လုံးပြူးသွားရလေသည်။

“ဒါပေမဲ့… ဆရာ့မှာ ရေခဲဝိညာဉ်ဆေးဖော်စပ်နည်းမရှိဘူးမလား”

“ရေခဲဝိညာဉ်ဆေးလား။ ငါ့မှာမရှိဘူးလေ”

လုချန်ရှန်းက ကျောမှီထိုင်ခုံပေါ်ထိုင်ချလိုက်ပြီး ပြော၏။

“ငါ ဒါကို ငါ့ဘာသာဖော်စပ်လိုက်တာ။ သူ့ရဲ့သက်ရောက်မှုက ရေခဲဝိညာဉ်ဆေးဝါးနဲ့အတူတူလောက်ပဲ”

ယဲ့ချိုးပိုင် ကြက်သေသေသွားရလေသည်။ ဟုန်ရင်ကမူ သူ(မ)၏မျက်နှာကို အုပ်ထားလိုက်မိသည်။

မုဝမ်အာကပြုံးလိုက်ပြီး လုံးဝမအံ့ဩချေ။ သူ့အနေနှင့် ဦးလေး၏လုပ်ရပ်များကို အများကြီးမြင်တွေ့ခဲ့ဖူးပြီးပြီဖြစ်၏။

မုဝမ်အာကလည်း လုချန်ရှန်း၏လမ်းစဉ်ကို လိုက်ပါကျင့်သုံးနေသည်ဟု ဆိုနိုင်ပေသည်။ သူသည် ဆေးဖော်စပ်နည်းရှိရှိမရှိရှိ သူဆန္ဒရှိပါက ဖော်စပ်နိုင်ချေသည်။

ထိုအချက်ကြောင့်လည်း မုဝမ်အာက လုချန်ရှန်းကို ဆရာတင်မြှောက်လိုခြင်းဖြစ်၏။ မိုးမခပင်ကြီးကတော့ ဆွံ့အသွားရှာလေသည်။
ဒီတော့ ငါ့ရဲ့ရေခဲဝိညာဉ်ဆေးဖော်စပ်နည်းက အလကားဖြစ်သွားတာပေါ့…

လုချန်ရှန်းက အလောတကြီးတိုက်တွန်းလိုက်သည်။

“ကဲ.. မြန်မြန်လုပ်ကြ။ သူ့ကို ဆေးမြန်မြန်သောက်ခိုင်းလိုက်။ ပြီးပြီဆိုတာနဲ့ မြန်မြန်သွားပြီးချက်ပြုတ်ကြ”

ယဲ့ချိုးပိုင်မှာ ခေါင်းသာခါယမ်းလိုက်မိသည်။ သူက သူ့ဆရာ၏စွမ်းရည်များကို ကျင့်သားရနေခဲ့ပြီးသားဟု ထင်ခဲ့မိသည်။ အဆုံးတွင်မူ သူဟာ သူ့ဆရာကို အထင်သေးနေမိဆဲပင်။

ယဲ့ချိုးပိုင်နှင့်ဟုန်ရင်မှာ ထိုကဲ့သို့သောဆေးဖော်စပ်ခြင်းစံချိန်စံနှုန်းမျိုးကို မမြင်ခဲ့ဖူးချေ။ ယဲ့ချိုးပိုင်က လုချန်ရှန်းကိုယ်တိုင်လုပ်ထားသော ရေခဲဝိညာဉ်ဆေးဝါးကိုယူပြီး မုကျီချင်းဆီသို့လျှောက်လာလိုက်သည်။ ထို့နောက် ဆေးကို သူ(မ)ပါးစပ်ထဲထည့်ပေးလိုက်၏။

သူ ညင်ညင်သာသာစကားဆိုလိုက်သည်။

“ဒီဆေးကို ဆရာဖော်စပ်ထားတာ။ သောက်ပြီးရင် မင်းရဲ့ရုပ်ပိုင်းဆိုင်ရာပြဿနာကိုဖြေရှင်းပြီးသားဖြစ်သွားလိမ့်မယ်”

ယဲ့ချိုးပိုင်၏စကားများကိုကြားသော် မုကျီချင်းက ဆေးကိုသောက်လိုက်လေသည်။
ထိုဆေးကို သူ(မ)သောက်လိုက်ချိန်မှာပင် ရေခဲပြာရောင်အအေးဓာတ်တစ်ခု ပေါက်ကွဲထွက်လာပြီး မုကျီချင်းကို ဝန်းရံထားလိုက်သည်။

“ဟင်”

ယဲ့ချိုးပိုင် စိတ်ပူသွားဟန်တူသည်။

မိုးမခပင်ကြီးက စကားဆိုလိုက်သည်။

“ဒါက ပုံမှန်ဖြစ်စဉ်ပါပဲ။ ဒီကလေးမလေးက ဆေးသောက်ထားတာမို့ အဆင်ပြေပါတယ်”

အချိန်ကား ခပ်ဖြည်းဖြည်းကုန်လွန်လာသည်။ ယဲ့ချိုးပိုင်က မုကျီချင်းကိုကာကွယ်စောင့်ကြပ်ပေးနေလေသည်။ မိုးမခပင်ကြီးကလည်း မိုးမခသစ်ကိုင်းကို မုကျီချင်း၏ပခုံးထက်တွင် တင်ထားဆဲပင်။

ကျောက်စိမ်းရောင်အရှိန်အဝါတစ်ခုက မုကျီချင်း၏ခန္ဓာကိုယ်ထဲရှိ နှလုံးသားလောင်ဂျီတွဒ်မျဉ်းကို ထိန်းသိမ်းစောင့်ရှောက်ထားလေသည်။ သိပ်မကြာခင်မှာ အေးစက်စက်အရှိန်အဝါတစ်ခုက မုကျီချင်း၏ခန္ဓာကိုယ်ထဲသို့ အပြည့်အဝပေါင်းစည်းလာချေသည်။

ထိုအချိန်၌ သူ(မ)၏အရှိန်အဝါမှာ ဆန်တက်စပြုလာပြီး သူ(မ)၏ကျင့်ကြံရေးအဆင့်ကလည်း ဆက်တိုက်မြင့်တက်လာသည်။
သူ(မ)သည် ခရမ်းရောင်ဘုံဗိမာန်အဆင့်မှ ပင်လယ်ရေလှိုင်းအဆင့်အထိ ကျော်ဖြတ်လာပြီးနောက် ပင်လယ်ရေလှိုင်းအဆင့်မှ ရေအလျဉ်ပြည့်လျှံရေးအဆင့်ကို တက်လာလေသည်။

သူ့အဆင့်ကျော်ဖြတ်မှုမှာ ရပ်တန့်မသွားပေ။

အလယ်အလတ်အဆင့်… အထွတ်အထိပ်အဆင့်… သူ(မ) ချန်းယွမ်အဆင့်ကိုကျော်ဖြတ်နိုင်သည်အထိပင်။

ချန်းယွမ်အလယ်အလတ်အဆင့်ကိုရောက်မှသာ သူ(မ) ဖြည်းဖြည်းချင်းရပ်တန့်သွားသည်။ ဤသည်မှာ ပုံမှန်ပင်။ ရေခဲဝိညာဉ်အာရုံကြောထဲရှိ ရေခဲဝိညာဉ်ရေးရာချီစွမ်းအင်က အလွန်သန့်စင်လှသည်။ ထိုသို့ကျော်ဖြတ်လာနိုင်သည်မှာ သဘာဝပင်။

သူ(မ)အနေနှင့် ဆက်လက်ကျော်ဖြတ်သွားနိုင်သေးသော်ငြား ထိုသို့သာဆက်လက်ကျော်ဖြတ်သွားမည်ဆိုပါက သူ(မ)၏အခြေခံက မတည်မငြိမ်ဖြစ်နေပေလိမ့်မည်။ မုကျီချင်းလည်း မသိစိတ်၏စေ့ဆော်မှုအရ သူ(မ)၏အဆင့်ကျော်ဖြတ်နေခြင်းကို ဖိနှိပ်ထားလိုက်လေသည်။ သို့မှသာ ထိုအရာကလည်း ရပ်တန့်သွားတော့သည်။
ထိုအခိုက်အတန့်တွင် မိုးမခပင်ကြီးက သူ့သစ်ကိုင်းများကို ပြန်လည်သိမ်းယူလိုက်သည်။ မုကျီချင်း မျက်လုံးပြန်ဖွင့်လိုက်လေရာ သူ(မ)၏သူငယ်အိမ်များက ရေခဲပြာရောင်သမ်းနေချေသည်။

မုကျီချင်း၏ပတ်ပတ်လည်ရှိ အေးစက်စက်အရှိန်အဝါမှာ သူ(မ)၏ထိန်းချုပ်မှုအောက်တွင် ရှိနေပြီဖြစ်၏။ ထိုအရှိန်အဝါများက လုံးဝစိမ့်မထွက်လာတော့ပေ။

မုကျီချင်းဟာ မိုးမခပင်ကြီးကို အရိုအသေပေးလိုက်ပြီးနောက် လုချန်ရှန်းကို တရိုတသေဦးညွှတ်လိုက်၏။

သူ(မ)က ယဲ့ချိုးပိုင်ကိုကြည့်၍ ပြုံးပြလိုက်သည်။

“ကျွန်မ အောင်မြင်သွားပြီ”

သူ(မ)၏အပြုံးလှလှလေးတွင် ပျော်ရွှင်ဝမ်းမြောက်မှုများ အထင်းသားပင်။

ဤရုပ်ပိုင်းဆိုင်ရာပြဿနာမှာ သူ(မ)ကို နှစ်ပေါင်းများစွာကြာအောင် ဒုက္ခပေးခဲ့သည်။ ထိုပုံစံအတိုင်း တစ်ရက်ပြီးတစ်ရက်နေထိုင်လာခဲ့ရင်း မုကျီချင်းကိုယ်တိုင်လည်း ၎င်းကို ကျင့်သားရလာခဲ့သည်။

သို့သော် ယခုမူ သူ(မ) ရေခဲဝိညာဉ်အာရုံကြောခန္ဓာကိုယ်ကို အောင်အောင်မြင်မြင်နှိမ်နင်းနိုင်ခဲ့လေပြီ။ သူ(မ)အနေနှင့် ကပ်ဘေးတစ်ခုမှလွတ်မြောက်လာရသလို ခံစားနေရဆဲပင်။

ယဲ့ချိုးပိုင်ကလည်း အပြုံးလေးဖြင့်ခေါင်းညိတ်ပြလိုက်သည်။

လုချန်ရှန်းက စကားဆိုလာ၏။

“ကဲ.. ကိစ္စလည်းပြီးပြီဆိုတော့ သွားပြီးချက်ပြုတ်တော့.. ။ ဟုန်ရင်…. ငါးစွပ်ပြုတ်သွားချက်ချေ”

ယဲ့ချိုးပိုင်ကလည်း အပြုံးလေးဖြင့်ပြောလိုက်သည်။

“ရပါတယ် ဆရာ.. ကျွန်တော်လုပ်လိုက်ပါ့မယ်”

လုချန်ရှန်းကတော့ သူ့နှုတ်ခမ်းကိုတွန့်ကွေးလိုက်မိပြီး အထင်အမြင်သေးဟန်ဖြင့်ပြောလာလေသည်။

“မင်းချက်တဲ့စွပ်ပြုတ်က ဟုန်ရင့်လောက်မကောင်းဘူး။ မင်းပဲသွားချက်လိုက်”

ဟုန်ရင် : “….”

သို့သော် သူတို့ ဘာစားရမလဲဆိုသည်ကို ဆွေးနွေးနေစဉ်မှာပင် မီးဖိုချောင်ထဲမှ ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာလေသည်။ လူတိုင်းလည်း အထိတ်တလန့်ဖြင့် လှမ်းကြည့်လိုက်ကြသည်။
မီးခိုးမည်းမည်းများက မီးဖိုချောင်ထဲမှ တလှိုင်လှိုင်ထလာလေသည်။ မဟူရာကတော့ မျက်နှာကြီးမည်းတူးလျက်သားဖြင့် ဟင်းပွဲတချို့ကိုသယ်၍ ထွက်လာချေသည်။

သူက တခစ်ခစ်ရယ်ရင်းပြောလာလေသည်။

“ကျွန်တော် နောက်ဆုံးတော့အောင်မြင်သွားပြီ။ ဆရာ.. ဆရာတူအစ်ကိုနဲ့ဆရာတူအစ်မတို့.. လာမြည့်ကြည့်ပါဦး”

လုချန်ရှန်း၏နှုတ်ခမ်းထောင့်စွန်းလေးမှာ တွန့်လိမ်သွားပြန်လေသည်။

“ငါ ဗိုက်မဆာတော့ဘူး”

သူက မဟူရာ့လက်ထဲက မည်းတူးနေသည့်ဟင်းများကိုကြည့်လိုက်မိသည်။

ဒါက ဘယ်လိုအောင်မြင်မှုမျိုးပါလိမ့်…

ထိုအချိန်မှာ နင်းချန်ရှင်းက တရားရှုမှတ်နေရာမှ ပြန်နိုးထလာပြီး လူတိုင်းကိုကြည့်၍ ပြုံးလိုက်လေသည်။

“အာ… ဆရာတူအစ်ကို ချက်လို့ပြုတ်လို့ပြီးသွားပြီလား”

“ဆရာကရော မစားတော့ဘူးလား”

“ငါဗိုက်မဆာလို့”
နင်းချန်ရှင်းကပြုံးလျက် ပြောလိုက်လေသည်။

“ဒါဆို ကျွန်တော်စားလိုက်ပါ့မယ်။ အစားအစာကို အလကားမဖြစ်စေနဲ့”

ဤသို့ဖြင့် သူက အမည်းရောင်အသားလုံးတစ်လုံးကို ပေါ့ပေါ့ပါးပါးကောက်ယူပြီး ပါးစပ်ထဲထည့်လိုက်လေသည်။

နင်းချန်ရှင်း : “အာ… ကျွန်တော်စားချင်စိတ်မရှိသေးဘူးရော်”

Comment

Leave a Reply

Options

not work with dark mode
Reset