ဓားဝိညာဉ်မှာ အန္တရာယ်အငွေ့အသက်ကိုခံစားမိလေသည်။ မရေမတွက်နိုင်အောင်များပြားသော ဓားဆန္ဒများ ရုတ်ခြည်းပေါက်ကွဲထွက်လာချေသည်။ ကြမ်းတမ်းခက်ထန်လှသော ဓားဆန္ဒတစ်ခုက ကောင်းကင်ထက်သို့ဆန်တက်သွားလေသည်။
သို့သော် မိုးမခပင်ကြီး၏ဖိနှိပ်မှုကြောင့် ဓားဆန္ဒက မုကျီချင်းနှင့်ယဲ့ချိုးပိုင်ကိုတော့ မတိုက်ခိုက်နိုင်ပေ။ မိုးမခပင်ကြီး၏ရှေ့တွင်မူ ဤဓားဝိညာဉ်မှာ ကလေးငယ်လေးတစ်ယောက်အလားပင်။ ၎င်းက မိုးမခသစ်ကိုင်းများကိုဝန်းပတ်လျက် ထိုနေရာတစ်ဝိုက်ဆီသို့ချီတက်သွားသည်။
ဝီ..ဝီ…
ဓားဝိညာဉ်မှာ အဆက်မပြတ်တုန်ခါလာပြီး ဓားသွားညာသံပေးလာချေသည်။ တစ်ဖက်တွင်မူ ယဲ့ချိုးပိုင်၏အမူအရာမှာ တည်ကြည်လေးနက်နေသည်။ သူက သူ့လက်ချောင်းဖြင့်ညွှန်လိုက်လေရာ အရှိန်အဝါတစ်ခုက ဓားဝိညာဉ်ကိုချုပ်နှောင်ထားလိုက်သည်။ ထို့နောက် ဓားဆန္ဒမှာ တစီစီအသံပေးလာပြီး ဓားဝိညာဉ်ကိုလွှမ်းခြုံပစ်လိုက်သည်။ သူက ၎င်းကို မှော်နက်မိစ္ဆာဓားသွားဆီသို့ ဦးဆောင်ခေါ်ယူလာချင်နေခြင်းပင်။
သို့သော် အကယ်၍ ဓားဝိညာဉ်ကသာ မှော်နက်မိစ္ဆာဓားသွားနှင့် အလွယ်တကူပေါင်းစပ်နိုင်ပါက မုကျီချင်း၏မိသားစုလည်း သိပ်စိုးရိမ်နေကြမည်မဟုတ်ပေ။ ဓားဝိညာဉ်ကိုဖြစ်တည်လာစေသည့် အခြေအနေနှစ်ရပ်ရှိသည်။ ပထမတစ်ချက်မှာ ဓားပိုင်ရှင်က ဓားသိုင်းဆရာသခင်အဆင့်သို့ရောက်ရှိခဲ့ပြီး သူ့ဓားကို နှစ်ပေါင်းများစွာပြုစုပျိုးထောင်ခဲ့ရပေမည်။ သို့မှသာ ဓားဝိညာဉ်တစ်မျိုးဖြစ်တည်လာမည့် အခွင့်အရေးတစ်ရပ်ရှိနေမည်ဖြစ်၏။
ဤကဲ့သို့သောဓားဝိညာဉ်မျိုးက အများအားဖြင့် ဓားသိုင်းဆရာသခင်အပေါ်ကိုသာ သစ္စာစောင့်သိပြီး အလွန်အမင်းညင်သာလှပေသည်။
ဒုတိယတစ်ချက်ကား ရိုင်းစိုင်းကြမ်းကြုတ်လှသောဓားဝိညာဉ်ပင်။ ထိုကဲ့သို့သောဓားဝိညာဉ်မျိုးဖြစ်လာစေသည့် အခြေအနေများမှာ အလွန်အမင်းကြမ်းတမ်းလှသည်။ ဓားဆန္ဒများပြည့်နှက်နေသောနေရာမျိုးလည်းဖြစ်ရပေမည်။ ၎င်းမှာ လျှို့ဝှက်ဓားသွားဂိုဏ်း၏ဓားသင်္ချိုင်းထဲမှာပင် ဖြစ်တည်လာနိုင်ခြေမရှိချေ။ အနီးအနားတွင် သေဆုံးသွားပြီဖြစ်သော
ဓားသိုင်းဆရာသခင် သို့မဟုတ် ဓားသိုင်းကျင့်ကြံသူများလည်း ရှိနေရဦးမည်။ သို့မှသာ ထိုဓားဝိညာဉ်ဖြစ်တည်လာမည်ပင်။
ဤကဲ့သို့ရိုင်းစိုင်းကြမ်းကြုတ်လှသော ဓားဝိညာဉ်မျိုးမှာ ထိန်းမနိုင်သိမ်းမရသောင်းကျန်းပြီး ကျင့်ကြံသူတစ်ဦး၏ခန္ဓာကိုယ်ထဲတွင် နေထိုင်နိုင်ရန်လက်ဦးမှုရယူ၍ သူတို့၏ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်ရေးရာချီစွမ်းအင်ကို စုပ်ယူလေသည်။ ဤသည်မှာ သူ့ကိုယ်သူမြှင့်တင်ရန်အတွက်ပင်။
မုကျီချင်းတွင် ရေခဲဝိညာဉ်အာရုံကြောဖွဲ့စည်းမှုမျိုးရှိနေပြီး ထိုအထဲရှိဝိညာဉ်ရေးရာချီစွမ်းအင်မှာ အလွန်တရာကြောက်မက်ဖွယ်ကောင်းလှသည်။ ထိုအရာသည် အရိုင်းအစိုင်းဓားဝိညာဉ်ကို ဆွဲဆောင်နိုင်လေသည်။
ယဲ့ချိုးပိုင်၏ဓားဆန္ဒထံမှဆွဲငင်ကို အာရုံခံစားမိသဖြင့် ရေခဲဓားဝိညာဉ်ခမျာ ပို၍ပင်ရုန်းကန်လာပေသည်။ ဓားသွားဟစ်ကြွေးသံများ ပဲ့တင်ထပ်သွားချေသည်။
“ဓားဝိညာဉ်ကို မှော်နက်မိစ္ဆာဓားဆီကိုမျှားခေါ်လိုက်”
မိုးမခပင်ကြီးဆီက အချိန်ကိုက်ပင် အသံတစ်သံထွက်ပေါ်လာလေသည်။ ယဲ့ချိုးပိုင်လည်း ခေါင်းညိတ်ပြလိုက်ပြီး ညွှန်ကြားချက်အတိုင်း လုပ်ဆောင်သည်။ ဓားဝိညာဉ်၏ရုန်းကန်မှုကိုဂရုမစိုက်ပါဘဲ ထိုဓားက ဓားဝိညာဉ်ကို မှော်နက်မိစ္ဆာဓားသွားဆီသို့ ဖြည်းဖြည်းချင်းခေါ်ဆောင်သွားသည်။ ၎င်းမှာ စတင်ပေါင်းစပ်စပြုလာ၏။
သို့သော် ရေခဲဓားဝိညာဉ်က မှော်နက်မိစ္ဆာဓားကိုအုပ်မိုးလိုက်သည့်အချိန်မှာ အရိုးကွဲဖွယ်အေးစိမ့်မှုတစ်ခုက ယဲ့ချိုးပိုင်၏ခန္ဓာကိုယ်ထက်သို့ အပြေးကျရောက်လာလေသည်။ ဤအအေးဒဏ်မှာ သူ့သွေးစီးဆင်းမှုနှင့် ဝိညာဉ်ရေးရာချီစွမ်းအင်ကို လျှပ်တပြက်အတွင်း အေးခဲသွားစေတော့မည့်ဟန်ပင်။ ၎င်းမှာ ယဲ့ချိုးပိုင်၏ခန္ဓာကိုယ်တစ်ခုလုံး နှင်းမြူများဖြင့်ဖုံးလွှမ်းခံလိုက်ရသည့်နှင့်အလားတူသော အတိုင်းအတာအထိပင် ရောက်သွားချေသည်။ ဤနေရာတွင်မူ မိုးမခပင်ကြီးလည်း ယဲ့ချိုးပိုင်ကိုမကူညီနိုင်တော့ပေ။
သူဟာ ရေခဲဓားဝိညာဉ်ကို လုံးဝနှိမ်နင်းပစ်ချင်နေပေသည်။
ထိုဓားဝိညာဉ်မှာ မှော်နက်မိစ္ဆာဓားထဲသို့ ပေါင်းစပ်သွားသည်။ သူလည်း ၎င်း၏စွမ်းအားကို ခံနိုင်ရည်ရှိမှဖြစ်ပေလိမ့်မည်။ သို့မဟုတ်ပါက သူ မှော်နက်မိစ္ဆာဓားသွားနှင့် အတင်းအကျပ်ပေါင်းစပ်ခိုင်းလိုက်လျှင် ထိုအဖြစ်မှာ လျှို့ဝှက်အန္တရာယ်တစ်ခုသာ ဖြစ်လာပေလိ့မ်မည်။
ဤအရေးပေါ်အခိုက်အတန့်လေးတွင် ထိုအရာက သူ့သခင်ကိုဖျက်ဆီးဝါးမျိုပစ်လိုက်နိုင်ပေသည်။ ထို့ကြောင့် ယဲ့ချိုးပိုင်ဟာ ဓားဝိညာဉ်ဆီက ထုတ်လွှတ်နေသောစွမ်းအားမှ လွတ်မြောက်နိုင်စေရန်အတွက် ကိုယ့်ကိုယ်ကိုယ်အားကိုးမှရမည်သာ။ သို့မှသာ ရေခဲဓားဝိညာဉ်က ယဲ့ချိုးပိုင်ကိုအညံ့ခံလိုလာပြီး သူ့အမိန့်ကိုလည်းနာခံလာမည်ဖြစ်၏။
ထိုအချိန်တွင် ယဲ့ချိုးပိုင်၏ခန္ဓာကိုယ်တစ်ခုလုံးက ဆီးနှင်းများအကြား ကျရောက်ခဲ့ရလေပြီ။ ထိုမျှသာမက သွေးစီးဆင်းမှုနှုန်းကလည်း စတင်ခက်ခဲလာလေပြီ။ ယဲ့ချိုးပိုင်ခမျာ အလွန်အမင်းနာကျင်ခံစားနေရရှာသည်။ ခန့်ညားလှသောသူ့မျက်နှာဟာ ထိုအခိုက်အတန့်မှာ အနည်းငယ်ရှုံ့မဲ့စပြုလာလေသည်။
မုကျီချင်း၏နူးနူးညံ့ညံ့ခန္ဓာကိုယ်လေးကလည်း ရေခဲဝိညာဉ်၏ရုန်းကန်မှုကြောင့် တုန်ယင်နေရှာသည်။ မိုးမခပင်ကြီး၏ဖိနှိပ်မှုကြောင့်သာမဟုတ်ပါက မုကျီချင်း၏ခန္ဓာကိုယ်ထဲရှိ ရေခဲဝိညာဉ်အာရုံကြောက လုံးဝပေါက်ကွဲထွက်လာပြီး ရေခဲဝိညာဉ်ကလည်း သူ(မ)ခန္ဓာကိုယ်ကိုစွန့်ခွာသွားပေလိမ့်မည်။ မုဝမ်အာကလည်း ထိုအချိန်မှာ အနားကိုရောက်လာပြီး ဤမြင်ကွင်းကို စိုးရိမ်တကြီးကြည့်နေလေသည်။
“အစ်မဟုန်ရင်…. အစ်ကိုချိုးပိုင်အဆင်ပြေပါ့မလား”
မတိုင်ခင်က စံအိမ်တော်ထဲတွင် ယဲ့ချိုးပိုင်က မုဝမ်အာအပေါ် ကောင်းကောင်းဆက်ဆံပေးခဲ့သည်။ သူ့စိတ်နေစိတ်ထားကလည်း အလွန်နူးညံ့လှသည်။ ယဲ့ချိုးပိုင်တစ်ခုခုဖြစ်သွားမည်ကို သူ(မ)မလိုလားချေ။
ဟုန်ရင်က ယုံကြည်မှုရှိရှိပြုံးရင်း ပြောလိုက်သည်။
“စိတ်မပူပါနဲ့။ ဆရာတူအစ်ကိုက ဓားသိုင်းတာအိုမှာ အရမ်းပါရမီထူးတာ”
“အဲ့ဒါအပြင် သူ့စိတ်စွမ်းအားကလည်း အရမ်းခိုင်မာတယ်။ သူ သေချာပေါက်ကျော်လွှားနိုင်မှာပါ”
မုဝမ်အာ ခေါင်းညိတ်သဘောတူလိုက်ချေသည်။
လုချန်ရှန်းကတော့ လုံးဝစိတ်မပူပေ။
မိုးမခပင်ကြီးလည်း ဤနေရာမှာရှိနေသည်ဖြစ်ရာ အကယ်၍ သူမအောင်မြင်ခဲ့လျှင်ပင် ယဲ့ချိုးပိုင်၏လုံခြုံရေးနှင့်ပတ်သက်ပြီး စိုးရိမ်စရာမရှိပေ။ ထိုသို့တွေးရင်း လုချန်ရှန်းက တစ်ဖက်ကိုလှည့်၍ ထွက်သွားတော့သည်။ သူက အဂ္ဂိရတ်ခန်းမသို့သွားခြင်းပင်။ မကြာသေးခင်က သူ မုကျီချင်း၏ရေခဲဝိညာဉ်အာရုံကြောခန္ဓာကိုယ်အကြောင်း စုံစမ်းကြည့်သောအခါ ရေခဲဝိညာဉ်အာရုံကြော၏ပြဿနာကိုဖြေရှင်းနိုင်မည့်နည်းလမ်းမှာ ဖိနှိပ်ထားခြင်းမဟုတ်ကြောင်း သူသိခဲ့ရသည်။
ထိုအစား သူ့အနေနှင့် ထိုရေခဲဓားဝိညာဉ်ကို မုကျီချင်းနှင့် အပြည့်အဝပေါင်းစပ်သွားအောင်လုပ်ဖို့ လိုလေသည်။ သို့မှသာ သူ(မ) ထိုရေခဲဝိညာဉ်အာရုံကြော၏စွမ်းအားကို ကျင့်ကြံရေးအတွက် အသုံးပြုနိုင်မည်ဖြစ်၏။ သူသည် ထိုအချက်ကို အပြည့်အဝလက်ခံထားသည်။
ယခု သူ ရေခဲဝိညာဉ်အာရုံကြောခန္ဓာကိုယ်၏ ဝိသေသလက္ခဏာများကို နားလည်ထားပြီးဖြစ်၍ သူ့ဘက်ကဘာလုပ်ရမလဲဆိုသည်ကိုလည်း သဘောပေါက်ထားသည်။ သူ့အနေနှင့် ရေခဲဝိညာဉ်ဆေးဝါးနှင့် လုပ်ဆောင်ချက်ချင်းတူသည့် ဆေးဝါးတစ်မျိုးကိုဖော်စပ်ရန်သာ လိုပေသည်။
အချိန်ကိုက်ဆိုသလိုပင် လုချန်ရှန်း၏အသီးအရွက်ဥယျာဉ်လေးတွင် လိုအပ်သောပစ္စည်းများအားလုံးရှိသည်။ ထိုသို့တွေးပြီးနောက် လုချန်ရှန်းစတင်ဖော်စပ်လေတော့သည်။
တစ်ဖက်တွင်မူ ရေခဲဓားဝိညာဉ်က မှော်နက်မိစ္ဆာဓားသွားထဲသို့ လုံးဝဝင်ရောက်သွားပြီဖြစ်၏။ သို့သော် ရေခဲဓားဝိညာဉ်မှထုတ်လွှတ်လာသော ရေခဲဓားဆန္ဒများက ယဲ့ချိုးပိုင်၏ခန္ဓာကိုယ်ကို အဆက်မပြတ်ရိုက်ခတ်နေလေသည်။ ၎င်းက ယဲ့ချိုးပိုင်ကို ဖျက်ဆီးပစ်ချင်နေပေသည်။ သို့သော်ငြား ယဲ့ချိုးပိုင်၏ဓားသိုင်းတာအိုစွမ်းရည်ကြောင့် ဘယ်လိုများအလွယ်တကူအေးခဲနိုင်မည်တဲ့လဲ။
ထို့ပြင် ယဲ့ချိုးပိုင်၏ရုပ်ပိုင်းဆိုင်ရာခွန်အားမှာ မရိုးရှင်းချေ။ ၎င်းမှာ အမြုတေဓားသိုင်းကိုယ်ထည်ပင်။ ဓားသိုင်းတာအိုဟုအသိအမှတ်ပြုခံထားရသည့် ကမ္ဘာပေါ်ရှိအရာရာတိုင်းမှာ ယဲ့ချိုးပိုင်နှင့် ပြီးပြည့်စုံစွာပေါင်းစည်းနိုင်ပေသည်။ အာဒိကပ္ပသိုင်းကျမ်းကိုပါထည့်ပေါင်းလိုက်ပါက ၎င်းမှာ အဆုံးမဲ့အသက်ဓာတ်စွမ်းအင်၏စိတ်စွမ်းအားများကို အဆက်မပြတ်ထုတ်လွှတ်နေသည်။
ထိုအရာက ယဲ့ချိုးပိုင်၏ခန္ဓာကိုယ်ထဲရှိ စိတ်နှလုံးလောင်ဂျီတွဒ်မျဉ်းကိုကာကွယ်ပေးသည်။ ရေခဲဓားဝိညာဉ်ကလည်း သူတစ်ကိုယ်တည်းနှင့် ယဲ့ချိုးပိုင်ကိုအေးခဲသွားစေရန်မဖြစ်နိုင်ကြောင်း သိရှိသွားသည်။ ကြည့်ရပုံအရ စိတ်မရှည်သည့်အလားပင်။
ကြောက်မက်ဖွယ်ရေခဲဓားဆန္ဒတစ်မျိုးက ယဲ့ချိုးပိုင်၏ခန္ဓာကိုယ်ကို တစ်ဖန်ပြန်တိုက်စားလာပြန်လေသည်။ ယဲ့ချိုးပိုင်၏ခန္ဓာကိုယ်ကတော့ တုန်ရီလာသည်။ မသဲမကွဲညည်းညူသံနှင့်အတူ သူ့ပါးစပ်ထောင့်နားဆီမှ သွေးများစီးကျလာသည်။ သွေးများစီးကျလာသည်နှင့်တစ်ပြိုင်နက် ထိုသွေးများမှာ ရေခဲပုံဆောင်ခဲများအဖြစ်ပြောင်းလဲသွားသည်။ ထို့နောက် ကွဲကြေသွားချေတော့သည်။
ယဲ့ချိုးပိုင်ကလည်း မှော်နက်မိစ္ဆာဓားသွားကိုဝန်းရန်ထားဖို့အတွက် သူ့ခန္ဓာကိုယ်ထဲမှ ဓားဆန္ဒများကို အဆက်မပြတ်ထုတ်လွှတ်လိုက်သည်။ သူက ရေခဲဓားဝိညာည်ကို ပဲ့ကိုင်လိုခြင်းဖြစ်၏။ ထိုဓားဆန္ဒများက ရှေ့တိုးချည်နောက်ဆုတ်ချည်ဖြစ်နေလေသည်။
နှစ်ဖက်စလုံးက ဆက်လက်တိုက်ခိုက်ခုခံနေကြပြန်သည်။ ထိုအချိန်မှာ ယဲ့ချိုးပိုင်က တစ်ဖန်လက်ညှိုးညွှန်လိုက်ပြန်သည်။ ဓားသွားပိုင်နက်နယ်မြေလေးတစ်ခုက မှော်နက်မိစ္ဆာဓားသွား၏ပတ်ပတ်လည်တွင် ပျံ့နှံ့သွားပြီး ဓားဆန္ဒများက မှော်နက်မိစ္ဆာဓား၏ကိုယ်ထည်ပေါ်သို့ တလိပ်လိပ်တက်လာချေသည်။ ထိုအဖြစ်မှာ မြစ်တစ်စင်းတစ်ဟုန်ထိုးစီးဆင်းလာသည့်အလားပင်။
၎င်းသည် မှော်နက်မိစ္ဆာဓားသွားထဲရှိ ရေခဲဓားဝိညာဉ်ကို တိုက်စားပစ်လိုက်လေ၏။ ဆက်တိုက်ဆန်သောတိုက်ခိုက်မှုများအောက်တွင် ရေခဲဓားဝိညာဉ်၏အရှိန်အဝါမှာ စတင်အားနည်းစပြုလာချေသည်။
တစ်ချက်ကြည့်ရုံမျှဖြင့် သူ အနိုင်ရလုနီးနီးဖြစ်နေကြောင်း သိနိုင်လေသည်။
ယဲ့ချိုးပိုင်နှင့်မျက်နှာချင်းဆိုင်ရှိ မုကျီချင်း၏ခန္ဓာကိုယ်တုန်ယင်နေခြင်းမှာ လျော့ကျစပြုလာလေသည်။ သူ(မ)မျက်နှာလှလှလေးပေါ်ရှိ နာကျင်မှုများလည်း လျော့ပါးစပြုလာပေသည်။ ထိုအခြင်းအရာကိုမြင်သော် ဟုန်ရင်ပြုံးလိုက်မိသည်။
မုဝမ်အာကလည်း ထိုမြင်ကွင်းကိုမြင်မှ စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်မိသည်။ ဘေးဘက်တွင်မူ ငှက်ငယ်လေးက ထိုမြင်ကွင်းကိုကြည့်ပြီး ခေါင်းညိတ်နေလေတော့သည်။ ဤဓားဝိညာဉ်က ရေခဲဝိညာဉ်အာရုံကြောခန္ဓာကိုယ်၏ သန့်စင်သောဝိညာဉ်ရေးရာချီစွမ်းအင်ကို စုပ်ယူနိုင်လိုက်ပြီဖြစ်သောကြောင့် ၎င်း၏အဆင့်မှာ နိမ့်တော့မနိမ့်လှပေ။
ယဲ့ချိုးပိုင် လွတ်မြောက်လာနိုင်သည်ဟူသောအဓိပ္ပာယ်ကလည်း သူ့စိတ်စွမ်းအားနှင့် ဓားသိုင်းတာအိုစွမ်းရည်က အလွန်အမင်းထူးခြားလှသည်ဟူသောသဘောပင်။
ငှက်ငယ်လေးက ထိုအဖြစ်ကိုကြိုတင်ဟောကိန်းထုတ်နိုင်သည်။ ယဲ့ချိုးပိုင်၏အနာဂတ်မှာ ဤအဆင့်မှာပင်ပိတ်မိနေမည့်အရာမျိုးမဟုတ်သည်မှာ ကျိန်းသေပေါက်ပင်။ သူ့အနာဂတ်က ပြင်ပလောကနှင့်သာသက်ဆိုင်လေသည်။
လတ္တီတွဒ်မြင့်မားသောနယ်မြေတစ်ခုမှာပင်။
ကျင့်ကြံသူများ၏အချိန်ကာလမှာ အလွန်လျင်မြန်စွာကုန်ဆုံးလေ့ရှိ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်နာရီကုန်ဆုံးသွားလေပြီ။ ယဲ့ချိုးပိုင်၏အမူအရာကား လုံးဝတည်ငြိမ်သွားပြီဖြစ်၏။
ထိုအခိုက်အတန့်လေးတွင် မှော်နက်မိစ္ဆာဓားသွားထဲရှိ ရေခဲဓားဝိညာဉ်မှာ ရုန်းကန်နေရာမှ တဖြည်းဖြည်းရပ်တန့်သွားပြီး ရေခဲဓားဆန္ဒများကို ထုတ်လွှတ်လိုက်လေသည်။ ထိုဓားဆန္ဒများကလည်း မှေးမှိန်ဖျော့တော့စပြုလာ၏။ အပြတ်အသတ်အနိုင်ရလိုက်သော နိုင်ပွဲပေတည်း။
ထိုအချိန်မှာ ရေခဲဓားဝိညာဉ်က မှော်နက်မိစ္ဆာဓားထဲသို့ အပြည့်အဝပေါင်းစည်းလိုက်ပြီဖြစ်၏။ အပြာရောင်ဓားရောင်ခြည်တစ်ခု ကောင်းကင်ပေါ်သို့ ဆန်တက်သွားချိန်မှာ မှော်နက်မိစ္ဆာဓားသွားကလည်း နားကွဲဖွယ်အသံတစ်သံကိုထုတ်လွှတ်လိုက်လေသည်။
ဓားသွားတွင် ဝိညာဉ်တစ်ခုရှိနေပေသည်။ ထိုအရာမှာ ဝိညာဉ်ရေးရာဓားတစ်လက်ပင်ဖြစ်၏။
ထိုအချိန်တွင် မှော်နက်မိစ္ဆာဓားသွားဟာ အောင်အောင်မြင်မြင်အသွင်ပြောင်းလိုက်နိုင်ပြီး ကောင်းကင်ဘုံအထွတ်အထိပ်အဆင့်ရတနာတစ်ပါးမှ ဝိညာဉ်ရေးရာလက်နက်တစ်ခုအဖြစ် အဆင့်တက်သွားလေတော့သည်။