Switch Mode

အခန်း (၁၃၂)

ဒုက္ခကြုံရရှာလေသောဗုဒ္ဓဘာသာဝင်များ

နင်းချန်ရှင်းက သူ့ရှေ့ရှိအဘိုးအိုကိုသိထားပေသည်။ ထိုအဘိုးအိုက နင်းချန်ရှင်း တောင်ပိုင်းဒေသထဲတွင် တရားဟောပြောနေခဲ့စဉ်က သူ့ရှေ့တွင်ပေါ်လာခဲ့ပြီး သူ့အား ဗုဒ္ဓဂိုဏ်းတော်ထဲသို့ဝင်ရန် လာရောက်မေးမြန်းခဲ့သူဖြစ်၏။ သို့သော် နင်းချန်ရှင်းက သူ့ကိုငြင်းပစ်ခဲ့သည်။

လုချန်ရှန်းက နင်းချန်ရှင်းဘက်ကိုလှည့်လာပြီး မေးသည်။

“မင်း သူ့ကိုသိလို့လား”

နင်းချန်ရှင်း ခေါင်းညိတ်ပြလိုက်သည်။ ဤအဘိုးအိုက သူ့ကိုယ်သူ မြင့်မြတ်နှလုံးသားကျောင်းတော်၏ ဗုဒ္ဓကျင့်ကြံသူဟုဆိုပေသည်။ အဘိုးအိုခြောက်ယောက်က မြင့်မြတ်နှလုံးသားကျောင်းတော်မှထိုအဘိုးအိုကိုကြည့်ပြီး မေးလိုက်၏။

“မင်းသူ့ကိုသိလို့လား ဖာ့ယွမ်”

ဖာ့ယွမ်ကလည်း ခေါင်းညိတ်ပြ၏။

ဖာ့ယွမ်ခေါင်းညိတ်ပြသည်ကိုမြင်သော် အဘိုးအိုတစ်ယောက်က ပြောလိုက်လေသည်။

“ဒါဆို သူတို့ကိုသွားခိုင်းလိုက်တော့”

မြင့်မြတ်နှလုံးသားကျောင်းတော်မှာ ဗုဒ္ဓဂိုဏ်းတော်နှင့်မျိုးနွယ်တူတစ်ခုတည်းမှ ဆင်းသက်လာခြင်းဖြစ်သည်။ သို့သော် သူတို့၏စံသတ်မှတ်ချက်များမတူညီမှုကြောင့် ဖာ့ယွမ်က တစ်ကိုယ်တည်းခွဲထွက်ကာ မြင့်မြတ်နှလုံးသားကျောင်းတော်ကို တည်ထောင်ခဲ့လေသည်။

ယခုမူ မြင့်မြတ်နှလုံးသားကျောင်းတော်ကလည်း အနောက်ပိုင်းဒေသ၏ ပင်မအင်အားစုတစ်ခုဖြစ်လာခဲ့သည်။ သို့သော် ဗုဒ္ဓဂိုဏ်းတော်က ပို၍နာမည်ကျော်ကြားလေသည်။ ဖာ့ယွမ် ခွဲထွက်သွားခဲ့သောကြောင့် ဗုဒ္ဓဂိုဏ်းတော်ဘက်က မြင့်မြတ်နှလုံးသားကျောင်းတော်အပေါ် အမြင်ကောင်းမရှိခဲ့ပေ။

တကယ်တမ်းတွင် ပင်မဂိုဏ်းနှစ်ခုမှာ တိတ်တိတ်လေးယှဉ်ပြိုင်နေခဲ့ကြခြင်းဖြစ်၏။ မည်သို့ပင်ဖြစ်စေ ဖာ့ယွမ်ကလည်း ဗုဒ္ဓဂိုဏ်းတော်မှဆင်းသက်လာသူဖြစ်လေသည်။ ထို့ကြောင့် ဗုဒ္ဓဂိုဏ်းတော်ကို အခြားသူများဖျက်ဆီးမည့်အရေးကို ခွင့်မပြုနိုင်သည်မှာ သဘာဝကျသည်။

ဖာ့ယွမ်က ထိုအဘိုးအိုခြောက်ယောက်ကို အာရုံမစိုက်ပေ။ ထိုအစား သူက နင်းချန်ရှင်းကိုပြုံးပြုံးကြီးကြည့်၍ လက်အုပ်ချီလိုက်ပေသည်။

“အကျိုးတော်ဆောင်လေး… ကျုပ်တို့ထပ်တွေ့ကြပြန်ပြီနော်”

နင်းချန်ရှင်းလည်း ခေါင်းညိတ်ပြလိုက်၏။

“အဲ့ဒီနေ့တုန်းက လမ်းခွဲလာခဲ့ပြီးတော့ ဒီလိုအခြေအနေမျိုးမှာပြန်တွေ့ရလိမ့်မယ်လို့ ထင်မထားဘူး”

ထိုစကားကိုကြားသော် နင်းချန်ရှင်း တစ်ကိုယ်တည်းတွေးနေမိသည်။

“ကျွန်တော်လည်း ဒီလိုမဖြစ်ချင်ပါဘူး။ ကျွန်တော်က ဗုဒ္ဓဂိုဏ်းတော်ကို ဖြေရှင်းစရာလေးတစ်ခုရှိလို့ရောက်လာရုံပါ”

“အိုး..”

ဖာ့ယွမ်က အနည်းငယ်အံ့ဩသွားရပြီး ပြောလိုက်ချေသည်။

“အဲ့လိုဆိုရင် မင်းရဲ့နှလုံးသားထဲကသံသယကို ဖြေရှင်းပြီးပြီလား အကျိုးတော်ဆောင်လေး”

နင်းချန်ရှင်းက ခေါင်းညိတ်ပြလိုက်ပြီးနောက် တစ်ဖန်ခေါင်းညိတ်ပြလိုက်ပြန်ကာ ပြောလာလေသည်။

“ဘယ်သူမှ ကျွန်တော့်မေးခွန်းကိုမဖြေပေးဘူးဆိုရင်တောင် အခုတော့ အဖြေရှာနေစရာမလိုတော့ဘူးထင်တယ်”

ဗုဒ္ဓဂိုဏ်းတော်၏အတွင်းပိုင်းရှိ ယိုယွင်းပျက်စီးမှုကြီးတစ်ခု….

ဤမြင်ကွင်းမှာ နင်းချန်ရှင်းအဖို့ ယုံကြည်နိုင်ရန်လုံလောက်ပေသည်။ ဆန့်ကျင်သူများကိုဖယ်ရှားရှင်းလင်းရန်အတွက် ဗုဒ္ဓဂိုဏ်းတော် မလုပ်နိုင်သည့်အရာဟူ၍မရှိပေ။

ဗုဒ္ဓလှေကားအုံပေါ်မှာ လှေကားထစ်ဆယ်ထစ်လှမ်းတိုင်း အရိုအသေမပြုခြင်းအတွက် သူ့ကိုလာရောက်တားဆီးပြီး ဝိုင်းရံထားသူများမှာ ဗုဒ္ဓဘာသာဝင်များပင်ဖြစ်လေသည်။ နင်းချန်ရှင်း နားလည်လိုက်လေပြီ။

ဗုဒ္ဓ၏အယူဝါဒများကို ဖြန့်ဝေပေးရန်တာဝန်ရှိသောဗုဒ္ဓဂိုဏ်းတော်က အတွင်းပိုင်းတွင်မူ အကျင့်ပျက်ခြစားနေပေသည်။

ပုပ်သိုးဆွေးမြည့်လှပေသည်။ အမြစ်မှစ၍ လှိုက်စားပျက်စီးနေခြင်းပင်။

“ဒါဆို မင်းငါ့ကိုပြောပြနိုင်မလား”

နင်းချန်ရှင်းဟာ သူ့ရှေ့ရှိအဘိုးအိုကိုတော့မမုန်းပေ။ ထို့ကြောင့် ဖြစ်စဉ်ဇစ်မြစ်ကိုပြောပြလိုက်သည်။

ဖာ့ယွမ်က ထိုအကြောင်းကိုကြားသောအခါ သူ့မျက်နှာထက်ရှိအပြုံးမှာ ပျောက်ကွယ်သွားလေသည်။ နားထောင်ပြီးနောက်မှာ သူ အဘိုးအိုခြောက်ယောက်ကိုကြည့်ပြီး အေးတိအေးစက်ပြောလိုက်လေသည်။

“ကြည့်ရတာ ခင်ဗျားတို့တွေက တစ်ပုံစံတည်းပဲထင်ပါရဲ့။ ဗုဒ္ဓဂိုဏ်းတော်က အနှေးနဲ့အမြန်ဝေဖန်ခံရလိမ့်မယ်လို့ ကျုပ်ပြောခဲ့သားပဲ”

ထိုစဉ်က ဖာ့ယွမ်ခွဲထွက်ခဲ့ရသည့်အကြောင်းအရင်းမှာ သူ့တွင် နင်းချန်ရှင်လိုခံစားချက်မျိုးရှိခဲ့သောကြောင့်ဖြစ်၏။

ဗုဒ္ဓဂိုဏ်းတော်…

ဗုဒ္ဓဘာသာဝင်များက တိုက်ခိုက်ရန်ပြုမှုကို အားမပေးသင့်သလို ဆန့်ကျင်သူများကိုဖယ်ကြဉ်ထားရမည့်စည်းမျဉ်းဥပဒေများကိုလည်း မပြဋ္ဌာန်းသင့်ချေ။ ထိုနည်းလည်းကောင်းပင် အမှန်တရားကိုဖုံးကွယ်ဖို့အတွက်နှင့် သူတစ်ပါးကိုမသတ်ဖြတ်သင့်ပေ။

ဤကဲ့သို့သောလမ်းစဉ်မျိုးဟာ မိစ္ဆာတစ်ကောင်နှင့် ဘာများကွာလေသလဲ။ အဘိုးအိုခြောက်ယောက်အမူအရာလည်း ရုပ်ဆိုးအကျည်းတန်သွားရလေသည်။ သို့သော် ထိုအခိုက်အတန့်လေးမှာ သူတို့ ငြင်းလည်းမငြင်းဆန်နိုင်ပေ။

ဖာ့ယွမ်က သက်ပြင်းချလိုက်သည်။ထို့နောက် သူ နင်းချန်ရှင်းကိုကြည့်ပြီး ပြောလိုက်၏။

“ဘာတွေဖြစ်ခဲ့သလဲဆိုတာ ငါသိရပြီ။ ဗုဒ္ဓဘာသာဝင်တွေက အမှားလုပ်ခဲ့တယ်ဆိုပေမဲ့ပေါ့”

“ဒါပေမဲ့ မဟာတိုက်ပွဲခေတ်အခါက မကြာခင်စတော့မှာ။ ဗုဒ္ဓဂိုဏ်းတော်မှာလည်း လိုက်နာဖြည့်ဆည်းရမဲ့တာဝန်တစ်ရပ်ရှိတယ်။အကျိုးတော်ဆောင်လေး…မင်း သက်ညှာပေးနိုင်မလား”

နင်းချန်ရှင်းက စိတ်နှစ်ခွဖြစ်နေပေသည်။ သူ မေးလိုက်၏။

“ဒါဆို ရွာသားတွေကရော…။ သူတို့အသက်တွေအတွက်ကရော ကျွန်တော်တို့ဘယ်လိုပြန်ပေးဆပ်မလဲ”

ထိုစကားကိုကြားသော် ဖာ့ယွမ်သက်ပြင်းချလိုက်မိသည်။

“အခုဆိုရင် ပြစ်မှုကျူးလွန်သူတွေနဲ့ ဗုဒ္ဓဂိုဏ်းတော်ကလူတွေအများကြီး သေသွားပြီလေ။ ဗုဒ္ဓဂိုဏ်းတော်ကလည်း သူတို့နဲ့ထိုက်တန်တဲ့အဖိုးအခကို ပေးဆပ်ခဲ့ပြီးပါပြီ”

“အခုလောလောဆယ်တော့ ဒီကိစ္စကိုခဏဆိုင်းငံ့ထားလိုက်ကြရအောင်လေ ဟုတ်ပြီလား”

ဖာ့ယွမ်လည်း ဤကိစ္စကို ဤနေရာမှာရပ်လိုက်ဖို့ မပြောတော့ပေ။ သူကိုယ်တိုင်ပင်လျှင် ဗုဒ္ဓဂိုဏ်းတော်က ဤကိစ္စနှင့်ပတ်သက်၍ တာဝန်ယူတာဝန်ခံမှုလုပ်သင့်သည်ဟုခံစားမိသည်။

ဗုဒ္ဓဂိုဏ်းတော်က ထိုတပည့်သာဝကများ၏လုပ်ရပ်များကို တိတ်တဆိတ်ထောက်ခံနေခြင်းကြောင့်သာမဟုတ်ပါက သူ အချိန်မီတားဆီးခဲ့မည်မဟုတ်ပေ။ ယခု ထိုမျှကြေကွဲဖွယ်ရာအဖြစ်အပျက်တစ်ခုက မည်သို့ဖြစ်လာရပါသလဲ။

လုချန်ရှန်းကလည်း နင်းချန်ရှင်းကိုလှည့်ကြည့်လိုက်သည်။

သူက နင်းချန်ရှင်းအား ဤကိစ္စနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချပိုင်ခွင့်ပေးထားကြောင်း အသိသာချည်းပင်။ အကယ်၍ သူ့တတိယတပည့်က ယခုလိုမျိုးအဆုံးသတ်ပစ်ချင်သည်ဆိုပါက သူကလည်း နင်းချန်ရှင်းကိုခေါ်၍ လှည့်ပြန်သွားမည်သာ။ သို့သော် နင်းချန်ရှင်းက ယခုလိုအဆုံးမသတ်ချငပေ၊ သူ ရှင်းပြစေချင်နေလေသည်။ သို့ဖြစ်လေရာ လုချန်ရှန်းကလည်း ယခုလိုရပ်တန့်ပစ်လိုက်မည်မဟုတ်။

အများဆုံးရှိလှ သူ ငရဲကိုးဘုံအစီအရင်ကိုယူချလာပြီး ဗုဒ္ဓဂိုဏ်းတော်ထဲမှာ သွေးပင်လယ်ဝေသွားအောင်လုပ်ပစ်လိုက်မည်သာ။ ဤကိစ္စမှာ နင်းချန်ရှင်းကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်လေရာ နင်းချန်ရှင်းကပင် အဆုံးသတ်သင့်ပေသည်။

နင်းချန်ရှင်းလည်း အတွေးနက်သွားရလေသည်။

ထို့နောက် သူ ဖာ့ယွမ်ကိုကြည့်ပြီးပြောလိုက်၏။

“မဟာတိုက်ပွဲခေတ်အခါဆိုတာဘာလဲ။ ပြီးတော့ ဗုဒ္ဓဂိုဏ်းတော်ရဲ့တာဝန်ကရောဘာလဲ”

ဖာ့ယွမ်က ခေါင်းခါယမ်းလျက်ပြောလာလေသည်။

“အချိန်မကျသေးဘူးလေ ငါပြောလို့မရဘူး”

နင်းချန်ရှင်းအနေနှင့် ဖာ့ယွမ်က အခြားဗုဒ္ဓဘာသာဝင်များနှင့်မတူကွဲပြားကြောင်း အာရုံခံစားမိသည်။ ထို့ကြောင့် သူခေါင်းညိတ်ပြလိုက်လေသည်။

“ကျွန်တော်နားလည်ပါပြီ”

ဗုဒ္ဓဂိုဏ်းတော်မှာ သူတို့နှင့်ထိုက်တန်သောအဖိုးအခကို ပြန်ပေးဆပ်ခဲ့ပြီးဖြစ်၏။ သာဝက်၁၈ပါးလည်း အပြင်းအထန်ဒဏ်ရာရခဲ့ပြီး မဟာသတ္တအရှင်အများအပြားလည်း သေဆုံးသွားလေပြီ။ အကြီးအကဲခြောက်ဦးကတော့ နောက်ဆက်တွဲရိုက်ခတ်ဒဏ်ကိုခံစားခဲ့ရသည်။ လက်ရှိတွင် ဗုဒ္ဓဂိုဏ်းတော်က သူတို့၏အချက်အချာကို ထိခိုက်စေခဲ့ပြီဖြစ်၏။

အကယ်၍ ဖာ့ယွမ်သာ ကြားဝင်မလာပါက နင်းချန်ရှင်းအနေနှင့် သူ့ဆရာက ထိုသူတို့ကို ဆက်လက်သုတ်သင်ရာတွင် တားဆီးမိမည်မဟုတ်ချေ။ ထိုအကြောင်းကိုတွေးရင်း နင်းချန်ရှင်းက လုချန်ရှန်းကိုကြည့်ပြီးပြောလိုက်၏။

“ဆရာ ဒီနေရာမှာတင် အဆုံးသတ်လိုက်ရအောင်”

ထိုစကားကိုကြားသော် လုချန်ရှန်းကလည်း ခေါင်းညိတ်ပြလိုက်လေသည်။ ထို့နောက် သူက ဗုဒ္ဓအရှင်များကိုကြည့်ပြီး အပြုံးလေးဖြင့်ပြောလိုက်လေသည်။

“ငါမင်းရဲ့အမြင်ကိုလေးစားပါတယ်”

“ဒါပေမဲ့ ကျုပ်တပည့်ကို ထပ်ပြီးဉာဏ်ဆင်ဦးမယ်ဆိုရင်တော့ နောက်တစ်ခေါက်ကျရင် ဒီလိုလွယ်လွယ်လေးပြီးသွားမှာမဟုတ်ဘူး”

ထိုသို့ပြောပြီးနောက် လေထုထဲရှိအပူချိန်မှာ သုညဒီဂရီအထိကျဆင်းသွားဟန်တူသည်။ သူ့စကားအဆုံးမှာပင် လုချန်ရှန်းက နင်းချန်ရှင်းကို သူ့လက်မောင်းကြားထဲပွေ့ပိုက်၍ ဤနေရာမှထွက်ခွာသွားလေတော့သည်။

သူတို့နှစ်ယောက်ထွက်သွားသောအခါ အကြီးအကဲခြောက်ဦးက စိတ်သက်သာရာရဟန်သက်ပြင်းချလိုက်မိကြသည်။ သို့သော် သူတို့ပတ်ပတ်လည်ရှိအလောင်းများကိုမြင်ပြီး စိတ်အစဉ်ပြိုကွဲသွားရချေသည်။

မဟာသတ္တအရှင်တစ်ပါးဖြစ်လာအောင် ပြုစုပျိုးထောင်ဖို့ အရင်းအမြစ်မည်မျှလိုအပ်လေကြောင်း မည်သူမှမသိနိုင်ပေ။ ထို့ပြင် ထိုမဟာသတ္တအရှင်များမှာ နောက်တစ်ဆင့်ကိုပင် တက်လှမ်းနိုင်သောအခွင့်အရေးတစ်ခုရှိနေဆဲပင်။

ဖာ့ယွမ်က အကြီးအကဲခြောက်ဦးကိုကြည့်ပြီး ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

“သူတို့ထွက်သွားပေးဖို့အတွက် ဒါနဲ့အလဲအလှယ်လုပ်လိုက်ရလို့ဆိုပြီး စိတ်မကျေမနပ်ဖြစ်မနေကြနဲ့”

“တစ်ဖက်လူက ပုံရိပ်ယောင်လေးရောက်လာရုံနဲ့တောင် ဗုဒ္ဓဂိုဏ်းတော်ကိုမြေလှန်ပစ်နိုင်တယ်ဆိုရင် တကယ့်လူအစစ်သာရောက်လာရင် ခင်ဗျားတို့ဘယ်လိုလုပ်မလဲ”

ထိုအချက်ကို သူတို့ အမှန်တကယ်ဝန်မခံချင်လျှင်ပင် ဖာ့ယွမ်၏စကားလုံးများက အမှန်တရားများသာဖြစ်၏။

တစ်ဖက်လူက ပုံရိပ်ယောင်တစ်ခုမျှဖြင့် သူတို့မျက်စိရှေ့မှာတင် မဟာသတ္တအရှင်များအားလုံးကို သုတ်သင်သွားခဲ့သည်။ ရှေးခတ်ကတည်းကတည်ရှိနေခဲ့သော ဗုဒ္ဓအစီအရင်လက်ပေါင်းထောင်ချီဗုဒ္ဓကိုပင် သူ ချိုးဖောက်နိုင်ခဲ့သည်။

ရလဒ်ကားပြောင်းပြန်ဖြစ်ခဲ့ရခြင်းပင်။ ထိုကဲ့သို့သောခွန်အားဖြင့်ဆိုပါက သူတို့ခြောက်ယောက်စလုံးအင်အားပူးပေါင်းပြီး သူ့ကိုတားနိုင်ဖို့ အကောင်းဆုံးကြိုးစားလျှင်ပင် အသုံးမဝင်ပေ။

“ဒီလူက တကယ်ပဲဘယ်သူလဲဟ”

ဖာ့ယွမ်က ခေါင်းကိုခါယမ်း၍ ပြောလာလေသည်။

“ငါလည်းမသိဘူး”

“ဒါပေမဲ့ မင်းတို့တွေ သက်ဝင်ယုံကြည်မှုစွမ်းအားတွေကိုစုဆောင်းဖို့အတွက်ဆိုပြီး ဗုဒ္ဓဂိုဏ်းတော်ကလူတွေကို ဒီလိုနည်းလမ်းမျိုးအပေါ် ဆက်မှီခိုခိုင်းထားမယ်ဆိုရင် ဗုဒ္ဓဂိုဏ်းတော်ပျက်စီးဖို့က မဝေးတော့ဘူး”

ဤသို့ဖြင့် ဖာ့ယွမ်လည်း သူရပ်နေခဲ့သည်နေရာမှပျောက်ကွယ်သွားချေသည်။ သူတို့ခြောက်ယောက်ကသာလျှင် မျက်နှာပျက်၍ကျန်ခဲ့ရ၏။ သည်တစ်ခေါက်တွင်မူ ဗုဒ္ဓဂိုဏ်းတော်မှာ ဆိုးဆိုးဝါးဝါးရှုံးနိမ့်ခဲ့ရလေပြီ။

အပြန်လမ်းတွင် နင်းချန်ရှင်း အတွေးရေယာဉ်ကြော၌ ပိတ်မိနေလေသည်။ လုချန်ရှန်းကလည်း သူ့ကိုမနှောင့်ယှက်ပေ။ ဤဖြစ်ရပ်အပြီးတွင် နင်းချန်ရှင်း၏စိတ်နှလုံးထဲ၌ တာအိုနှင့်ပတ်သက်သော သံသယများရှိနေမည်သာ။ အကူအညီပေးဖို့ရာအတွက် သူလည်းမတတ်နိုင်ချေ။

တာအိုဆိုသည်မှာ သူ့အပိုင်သာဖြစ်ပြီး ထိုလမ်းစဉ်ကိုလျှောက်ဖို့အတွက် သူ့ကိုယ်သူအားကိုးမှသာရပေလိမ့်မည်။

စံအိမ်တော်သို့ပြန်လာခဲ့ပြီးနောက် လုချန်ရှန်း၏ပုံရိပ်ယောင်မှာ သူ့မူလခန္ဓာကိုယ်ထဲသို့ပြန်ရောက်သွားလေသည်။

နင်းချန်ရှင်းကလည်း လုချန်ရှန်းကိုကြည့်၍မေးလိုက်၏။

“ဆရာ.. ကျွန်တော် အမှားတစ်ခုခုလုပ်ခဲ့မိတာလား”

သူဟာ ကမ္ဘာကြီးကိုငြိမ်းချမ်းစေချင်ပေသည်။ ထို့ကြောင့်လည်း သေမျိုးလောကထဲသို့သွား၍ တရားဟောပြောပို့ချနေခဲ့ခြင်းဖြစ်၏။ သို့သော် ဗုဒ္ဓဂိုဏ်းတော်၏လုပ်ရပ်က သူ့စိတ်နှလုံးထဲရှိတာအိုကို သံသယပွားစေခဲ့သည်။

သူ့လမ်းစဉ်ကား စင်စစ်အသုံးဝင်ပါရဲ့လား။

လုချန်ရှန်းက နင်းချန်ရှင်းကိုဖျတ်ခနဲကြည့်ပြီးပြောလိုက်သည်။

“မင်း လိပ်ပြာလုံနေသရွေ့ပေါ့…”

Comment

Leave a Reply

Options

not work with dark mode
Reset