“ကျုပ်တပည့်ကိုတိုက်ခိုက်ခဲ့တဲ့လူတွေ… ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံလိုက်”
လုချန်ရှန်းက ထိုစကားကို တည်တည်ငြိမ်ငြိမ်ပြောလိုက်ခြင်းပင်။ သို့သော် ၎င်းမှာ ဗုဒ္ဓကျောင်းဆောင်ကြီးတစ်ခုလုံး နားစည်ကွဲလုမတတ်ပင်။
ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံရမည်တဲ့လား။
သူတို့မှာ ဗုဒ္ဓဂိုဏ်းတော်၏ထိပ်တန်းတိုက်ခိုက်ရေးခွန်အားပင်။ ဝတ်စုံစိမ်းမဟာသတ္တအရှင်၏ကျင့်ကြံရေးအဆင့်မှာ အာကာသနတ်ဘုရားအလယ်အလတ်အဆင့်ဖြစ်ပြီး အာကာသနတ်ဘုရားအဆင့်ကို ကျော်ဖြတ်နိုင်မည့်အခွင့်အရေးလည်းရှိသည်။ ဤသည်မှာ ဗုဒ္ဓဂိုဏ်းတော်၏အခြေခံအုတ်မြစ်များထဲက တစ်ခုလည်းဖြစ်၏။
အကယ်၍ သူတို့သာသေကြောင်းကြံရမည်ဆိုပါက ဗုဒ္ဓဂိုဏ်းတော်ထဲရှိလူများမည်သို့တွေးကြလိမ့်မလဲဆိုသည်ကို လျစ်လျူရှုလျှင်ပင် သူတို့ကိုလက်လွှတ်ရန်မဖြစ်နိုင်ပေ။ အဘိုးအိုကား အမျက်ခြောင်းခြောင်းထွက်သွားလေသည်။ သူက သူ့ခေါင်းကိုခါယမ်းပြီးပြောလိုက်လေသည်။
“အကျိုးတော်ဆောင်ကြီး.. ဒီတောင်းဆိုမှုက အရမ်းကြမ်းတမ်းလွန်းပါတယ်။ ဖြည့်ဆည်းပေးဖို့ခက်ခဲမှာစိုးမိပါတယ်”
လုချန်ရှန်းကလည်း ပြောလိုက်လေသည်။
“ခင်ဗျား ဘာမှထပ်ပြောစရာမလိုတော့ဘူး”
ထိုနေရာအရောက်တွင် နိယာမဓားသွားများက မဟာသတ္တအရှင်များနှင့် အကြီးအကဲခြောက်ဦးပေါ်သို့ ချိန်ရွယ်ထားကြလေသည်။ ယခုမူ လုချန်ရှန်းအနေနှင့် ကံကံ၏အကျိုးကိုရော နောက်ဆက်တွဲဖြစ်ရပ်များကိုပါ ဂရုမစိုက်တော့ပေ။ တစ်ဖက်လူက သူ့တပည့်ကိုပင် အနိုင်ကျင့်ထားလေသည်။
လုချန်ရှန်းအနေနှင့် သည်အတိုင်းထိုင်ကြည့်မနေနိုင်ချေ။
အဘိုးအိုခြောက်ဦးကလည်း ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါ တည်ငြိမ်နေသောအမူအရာဖြင့် အချင်းချင်းကြည့်လိုက်ကြသည်။ ထို့နောက် သူတို့က မဟာသတ္တအရှင်များကိုပြောလိုက်၏။
“မင်းတို့အားလုံး… ဒီနေရာကမြန်မြန်ထွက်သွားကြတော့”
တိုက်ပွဲကား ဤအဆင့်အထိရောက်လာပါက ထိုမဟာသတ္တအရှင်များလည်း အသက်ရှင်လွတ်မြောက်နိုင်တော့မည်မဟုတ်ပေ။
ထိုစကားကိုကြားသော် မဟာသတ္တအရှင်များအားလုံး ခေါင်းညိတ်လိုက်ကြသည်။ သူတို့၏ခွန်အားမျှဖြင့် တစ်ဖက်လူ၏လက်မှလွတ်မြောက်နိုင်ဖို့ မဖြစ်နိုင်ကြောင်း သူတို့ သေချာသိထားသည်။ သို့ဖြစ်ရာ သူတို့ ထွက်ခွာရန်ပြင်လိုက်ကြသည်။
ထိုအခြင်းအရာကိုမြင်သော် လုချန်ရှန်းက သူတို့ကို ဤမျှလွယ်လင့်တကူထွက်သွားခွင့်မပေးပေ။ သူ လက်ဝါးကိုလှန်လိုက်သည်။ အစီအရင်တစ်ခုကား ရုတ်ခြည်းအသက်ဝင်လာချေသည်။ ထိုအစီအရင်က ဤနေရာရှိလူတိုင်းကို ဝန်းရံပစ်လိုက်လေသည်။
ဤအစီအရင်ထဲ၌ လုချန်ရှန်းသည် လူတိုင်း၏အသက်ဓာတ်စွမ်းအင်ကို ချိတ်ပိတ်ထားလိုက်လေသည်။ လွတ်မြောက်ဖို့ မည်မျှပင်ကြိုးစားကြိုးစား လုချန်ရှန်း၏တိုက်ခိုက်မှုမှ မလွတ်မြောက်နိုင်တော့ချေ။ ဤသည်မှာ ထောင်ချောက်အစီအရင်ပေတည်း။
ဤသည်မှာ သူအားလပ်နေစဉ်က ဖန်တီးထားသောအရာပင်။
အဘိုးအိုခြောက်ဦးမှာ မျက်မှောင်ကြုတ်လိုက်မိသည်။ သူတို့က လက်ကိုမြှောက်၍ အစီအရင်ကိုအသက်သွင်းလိုက်၏။ တစ်ဖက်လူမှာ အစီအရင်မဟာပညာရှင်တစ်ဦးဖြစ်နိုင်လောက်ပေသည်။
ယနေ့ဖြစ်ပျက်နေသည့်ကိစ္စမှာ ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းဖို့မဖြစ်နိုင်တော့ပေ။
ထိုအချိန်တွင် လုချန်ရှန်းက အချိန်ထပ်မဖြုန်းတော့ဘဲ နိယာမဓားသွားများကို တစ်ပြိုင်တည်းပစ်လွှတ်လိုက်သည်။ သူ ထိုဓားများဖြင့် မဟာသတ္တအရှင်များကို ခုတ်ချလိုက်၏။ အဘိုးအိုခြောက်ဦးက ထိုအခြင်းအရာကိုမြင်သောအခါ အော်ဟစ်ကြွေးကြော်လိုက်လေသည်။
ဟား…
ဗုဒ္ဓခြင်္သေ့ဟိန်းဟောက်သံပေတည်း။
အသံလှိုင်းများမှာ အကောင်အထည်ပေါ်လာပြီး နိယာမဓားသွားများကို ပိတ်ပင်တားဆီးလိုက်သည်။ အဘိုးအိုခြောက်ဦးလည်း လုချန်ရှန်းကိုမညှာတာဝံ့တော့ပေ။ သူတို့၏အရှိန်အဝါမှာ တစ်ခုပြီးတစ်ခုပေါက်ထွက်လာချေသည်။ သူတို့အားလုံးက အာကာသနတ်ဘုရားကနဦးအဆင့်များဖြစ်ကြသည်။ အဘိုးအိုတစ်ယောက်ကမူ အာကာသနတ်ဘုရားအလယ်အလတ်အဆင့်ဖြစ်၏။
သို့သော် နိယာမဓားသွားများ၏ခွန်အားမှာ သူတို့ထင်ထားသည်ထက် သာလွန်နေပေသည်။ လျှပ်တပြက်အတွင်းမှာပင် ထိုအသံလှိုင်းများက သူ့အတွက် မည်သို့သောသက်ရောက်မှုမျိုးမှမရှိချေ။ သူ့အရှိန်မှာ လေထုကိုပင်ထိုးခွင်းနိုင်ဟန်တူလေသည်။
သူက ဝတ်စုံစိမ်းမဟာသတ္တအရှင်ငါးဦးကို တိုက်ရိုက်သတ်ဖြတ်ပစ်ပြီး သူတို့၏စိတ်ဝိညာဉ်ကိုပါ ဖျက်ဆီးပစ်လိုက်လေသည်။ သူတို့ ပြန်လည်ဝင်စားရေးစက်ဝန်းထဲသို့ ဝင်နိုင်တော့မည်မဟုတ်ပေ။
ထိုအခြင်းအရာကိုမြင်သော် အကြီးအကဲခြောက်ဦးမှာ စိုးရိမ်တကြီးဖြစ်သွားကြလေသည်။ သူတို့ခြောက်ယောက် အင်အားပူးပေါင်းထားသည့်တိုင် သူတို့ရှေ့ရှိလူကိုတော့ မတားဆီးနိုင်ခဲ့ပေ။
ဧကန္တ…
ဤပုဂ္ဂိုလ်ဟာ အာကာသနတ်ဘုရားအထွတ်အထိပ်အဆင့်သို့ ရောက်နေလေသလား။
ထို့ပြင် ဤသည်မှာ ပုံရိပ်ယောင်မျှသာဖြစ်၏။ သူ့ခန္ဓာအစစ်သာဆိုလျှင် မည်သည့်အဆင့်ထိများရောက်နေလိမ့်လေမလဲ။ ထိုအကြောင်းကို သူတို့တွေးပင်မတွေးဝံ့ချေ။
ထို့နောက် သူတို့ခြောက်ယောက်လည်း အချင်းချင်းကြည့်လိုက်မိကြပြီး တည်ငြိမ်အေးဆေးစွာခေါင်းညိတ်ပြလိုက်ကြသည်။ ကြည့်ရသည်မှာ သူတို့အားလုံး ဆုံးဖြတ်ချက်တစ်ခုခုကိုချလိုက်ပုံပေါ်သည်။
ချက်ချင်းပင် သူတို့ခြောက်ယောက်သား လက်ဟန်သင်္ကေတစ်ခုကို ပုံဖော်လိုက်သည်။ ထို့နောက် တစ်ပြိုင်တည်းအော်ဟစ်လိုက်ကြသည်။
“အစီအရင် အသက်ဝင်စေ”
စကားအဆုံးတွင် ဗုဒ္ဓတောင်တန်းတစ်ခုလုံးတွင် ရွှေရောင်အစီအရင်တစ်ခုက ကောင်းကင်ထက်သို့ဆန်တက်သွားလေသည်။ အလွန်အမင်းအစွမ်းထက်လှသောဗုဒ္ဓအရှိန်အဝါတစ်ခုက ကောင်းကင်ဆီသို့ အပြင်းနှင်သွားလေတော့သည်။
ဗုဒ္ဓမြို့တော်တစ်ခုလုံးရှိလူများလည်း ကောင်းကင်ထက်သို့ ကြောက်လန့်တကြားမော့ကြည့်လိုက်ကြလေသည်။ ကောင်းကင်ကြီးသည်ကား ရွှေရောင်အလင်းတန်းများဖြင့်ဖုံးအုပ်ခံလိုက်ရလေပြီ။
စားသောက်ဆိုင်ထဲရှိ အမျိုးသားနှစ်ဦးကလည်း အံ့အားသင့်သွားဟန်တူလေသည်။
“ဗုဒ္ဓအစီအရင်လား”
“အဲ့ဒီခေါင်းတုံးပြောင်မြည်းအိုကြီးတွေက ဒါကို ရင်မဆိုင်တော့တဲ့ပုံပဲ။ အစီအရင်ကိုတောင် မှီခိုနေရပြီလား”
ဗုဒ္ဓအစီအရင်မှာ ဗုဒ္ဓဂိုဏ်းတော်၏ တောင်တန်းအကာအကွယ်အစီအရင်တစ်ခုဖြစ်ပေသည်။ ၎င်းမှာ ရှေးယခင်ကတည်းက ဒဏ္ဌာရီထဲမှာတည်ရှိနေခဲ့ခြင်းပင်။ ယခုနေုာက်ပိုင်းတွင် ထိုအစီအရင်ကို လုံးဝပြန်လည်အသက်မသွင်းခဲ့ကြပေ။
သို့သော် လုချန်ရှန်းရောက်လာချိန်မှာတော့ ရွေးချယ်စရာမရှိတော့ဘဲ အစီအရင်ကိုအသက်သွင်းလိုက်ကြရလေသည်။
အဘိုးအိုကပြောလေသည်။
“အကျိုးတော်ဆောင်ကြီ… အခုထွက်သွားမယ်ဆိုရင် ကျုပ်တို့ငြိမ်းချမ်းရေးယူလို့ရနိုင်သေးတယ်နော်”
“အမုန်းတရားတွေကိုမေ့ထားလိုက်ပါ။ ကျုပ်တို့မှာ အငြှိုးထားစရာလည်းဘာမှမရှိပါဘူး။ ဘာလို့ အချင်းချင်းအသေအကြေတိုက်ခိုက်နေကြမှာလဲ”
တစ်ဖက်တွင်မူ လုချန်ရှန်းက နားမထောင်ပေ။ သူက ကောင်းကင်ထိတိုင်ဆန်တက်နေသော ဗုဒ္ဓအစီအရင်ကိုစူးစမ်းလေ့လာနေပေသည်။ သူက ထိုအစီအရင်ကို သူ၏ငရဲကိုးဘုံအစီအရင်နှင့် တိတ်တိတ်လေးနှိုင်းယှဉ်နေခြင်းပင်။
ကဲ… ဒီလိုဆိုရင် ဒါက ငရဲကိုးဘုံအစီအရင်ရဲ့ ၁ရာခိုင်နှုန်းလောက်တောင်မရှိဘူးပဲ…
နင်းချန်ရှင်းကမူ စိုးရိမ်နေပုံပေါ်ပြီးပြောလိုက်လေသည်။
“ဆရာ အရင်ဆုံး ကျွန်တော်တို့ထွက်သွားကြမလား”
သူတစ်ယောက်တည်းသာဆိုပါက နင်းချန်ရှင်း ဤနေရာမှာဆက်နေဖို့ရွေးချယ်မည်သာ။ သူ့အနေနှင့် သူ့နှလုံးသားထဲရှိသံသယများကို မဖြေရှင်းရမချင်း လှည့်ပြန်မည်မဟုတ်။ ယခု သူ့ဆရာလည်း ဤနေရာမှာရှိနေသည်ဖြစ်ရာ သူ့ဆရာကို ဆွဲမချချင်ပေ။
ထိုစကားကိုကြားသော် လုချန်ရှန်းက သူ့လက်ကိုဝှေ့ယမ်းလိုက်ပြီးပြော၏။
“မစိုးရိမ်ပါနဲ့”
ဒါပဲလေ…
၎င်းက သူ့အားမထိခိုက်စေနိုင်သေးပေ။
ချက်ချင်းပင် လုချန်ရှန်းက သူ့လက်ချောင်းကိုထုတ်လိုက်ပြန်ပြီး လေထဲမှာ မျဉ်းတစ်ကြောင်းဆွဲလိုက်လေသည်။ ထိုအချိန်တွင် လေထုကား ဆွဲဖြဲခံလိုက်ရပေသည်။ ထို့နောက် အပေါက်အဟလေးတစ်ခုက ရွှေရောင်ဝတ်ရုံမဟာသတ္တအရှင်များရှေ့တွင် ပေါ်ပေါက်လာပေသည်။ နိယာမဓားသွားများလည်း လွတ်ထွက်လာချေ၏။
သူက ကျန်နေသေးသော ရွှေရောင်ဝတ်ရုံမဟာသတ္တအရှင်များအားလုံးကို သုတ်သင်ပစ်လိုက်လေသည်။ ထိုအခြင်းအရာကိုမြင်သော် အဘိုးအိုခြောက်ယောက်၏အမူအရာမှာ မည်းခနဲဖြစ်သွားလေသည်။ တစ်ဖက်လူက သူတို့ကို အရေးပင်မလုပ်ချေ။
ထိုသို့ဖြစ်လေရာ တခြားဘာမှထပ်ပြောစရာမရှိတော့ပေ။
အဘိုးအိုခြောက်ဦးက လက်သင်္ကေတများကို တစ်ဖန်ပုံဖော်လိုက်ပြန်သည်။ သူတို့ခြောက်ယောက်နောက်တွင် ရွှေရောင်ဗုဒ္ဓတစ်ပါးက ဧရာမပုဂ္ဂိုလ်တစ်ဦးအဖြစ် အသွင်ပြောင်းသွားပေသည်။
ရွှေရောင်ဗုဒ္ဓ၏အနောက်တွင် လက်ပေါင်းထောင်ချီရှိနေဟန်ပင်။ ၎င်းမှာ လက်ထောင်ချီဗုဒ္ဓအလားပင်။
အဘိုးအိုခြောက်ဦးက တစ်ပြိုင်တည်းအော်ဟစ်လိုက်၏။
“လက်ထောင်ချီဗုဒ္ဓသင်္ကေတ”
ထိုအခိုက်အတန့်တွင် လက်ထောင်ချီဗုဒ္ဓက လုချန်ရှန်းဆီသို့လျှောက်လာပေသည်။ ထို့နောက် အနောက်ဘက်ရှိဗုဒ္ဓလက်တော်ထောင်ချီက လက်သီးတင်းတင်းဆုပ်လိုက်လေသည်။ ထိုလက်သီးဆုပ်ကြီးက လုချန်ရှန်းကို ထိုးနှက်လိုက်ပေသည်။
ဗုဒ္ဓလက်တော်ထောင်ချီကိုကြည့်ရင်း လုချန်ရှန်း၏အမူအရာမှာ ပြောင်းလဲမသွားပေ။ သူက လက်သီးတင်းတင်းဆုပ်လိုက်ချေသည်။ သစ်ကိုင်းတစ်ခုက လုချန်ရှန်း၏လက်ထဲ၌ပေါ်လာလေသည်။ ထို့နောက် တာအိုနိယာမဓားသွားများက အမှောင်ထုထဲသို့အပြင်းနှင်သွားလေတော့သည်။ ၎င်းမှာ အလင်းလှိုင်းတစ်ခုနှယ်ပင်။ ကောင်းကင်ထက်သို့ဆန်တက်သွားသည့် တာအိုနိယာမဓားသွားများက အတူတကွစုစည်းလိုက်ပြီး ဧရာမဓားချက်တစ်ခုကို ဖန်ဆင်းလိုက်လေသည်။
ထိုဓားချက်က လက်တော်ထောင်ချီဗုဒ္ဓကို ခုတ်ချလိုက်၏။ အဘိုးအိုခြောက်ယောက်၏ကြောက်ရွံ့နေသောအကြည့်များအောက်မှာပင် လက်တော်ထောင်ချီဗုဒ္ဓက ထိုဧရာမဓားချက်ကြီးကြောင့် တစ်စစီကွဲပျက်သွားရလေသည်။ လက်တော်ထောင်ချီဗုဒ္ဓသင်္ကေတခမျာ ရေညှိခြောက်လေးနှယ် ကွဲကြေသွားခဲ့လေသည်။ ဤဓားချက်ကိုရင်ဆိုင်လိုက်ရပြီးနောက် ၎င်းမှာ ရိုက်ချက်တစ်ချက်လေးကိုပင် ခံနိုင်ရည်မရှိတော့ပေ။
တစ်ဖက်လူကား သစ်ကိုင်းလေးတစ်ကိုင်းကိုသာ ကိုင်ထားခြင်းဖြစ်လေသည်။ သူ့လက်ထဲရှိသစ်ကိုင်းက ရှေ့ကိုညွှန်လာလေသည်။ ဓားသွားတာအိုများက လုချန်ရှန်းရှေ့မှာစုစည်းလာပြီး ဧရာမဓားကြီးတစ်ခုကို ပေါ်ပေါက်လာစေသည်။
၎င်းက လက်တော်ထောင်ချီရှိသောဗုဒ္ဓကို တိုက်ခိုက်ပစ်လေတော့သည်။
အုန်း…
ကျယ်လောင်လှသောမြည်ဟည်းသံကြီးတစ်ခုက ဗုဒ္ဓတောင်တန်းဆီမှ ထွက်ပေါ်လာလေသည်။ နားကန်းဖွယ်လေထုပေါက်ကွဲသံကြီးက အနောက်ပိုင်းဒေသတစ်ခုလုံးကို ပဲ့တင်ထပ်သွားချေသည်။ နောက်ဆက်တွဲလှိုင်းလုံးကြီးတစ်ခုက ဗုဒ္ဓဂိုဏ်းတော်မှတစ်ဆင့် ကောင်းကင်ထက်ရှိအရပ်မျက်နှာအဖက်ဖက်ဆီသို့ ပျံ့နှံ့သွားလေသည်။
ကောင်းကင်ကြီးတစ်ခုလုံးလည်း ယမ်းခါသွားပေသည်။ လူတိုင်းလူတိုင်း ဗုဒ္ဓဂိုဏ်းတော်ရှိရာအရပ်ကို ကြည့်လိုက်ကြသည်။ သူတို့အားလုံး ထိတ်လန့်သွားကြသည်။ ဤကဲ့သို့သောစွမ်းအားမျိုးကိုဖန်ဆင်းနိုင်သူမှာ မည်သူလေလဲ။
တစ်ဖက်တွင်မူ ဗုဒ္ဓတောင်တန်း၏လှေကားထက်၌ ထိုအခိုက်အတန့်လေးမှာ လက်ပေါင်းထောင်ချီဗုဒ္ဓက ကမ္ဘာမြေပေါ်မှ တစ်ခါမှပေါ်မလာခဲ့ဖူးသည့်အလား ပျောက်ကွယ်သွားလေသည်။
အဘိုးအိုခြောက်ယောက်လည်း သွေးများအန်ထွက်သွားချေသည်။ ဗုဒ္ဓဂိုဏ်းတော်၏အစီအရင်ကား ကျိုးပျက်သွားပြီး နောက်ဆက်တွဲရိုက်ခတ်ဒဏ်အကြီးကြီးတစ်ခုကို ခံစားလိုက်ရသည်။ ထိုအချိန်တွင် လုချန်ရှန်းက သူ့လက်ထဲရှိသစ်ကိုင်းကို ထပ်မံလွှဲယမ်းရန်ပြင်လိုက်လေသည်။အဘိုးအိုခြောက်ယောက်ကို သူသတ်ပစ်လိုက်ချေသည်။
ပုံရိပ်တစ်ခုကလည်း သူတို့အကြားပေါ်လာသည်။
“အကျိုးတော်ဆောင်ကြီး နေပါဦး”
နင်းချန်ရှင်းလည်း ထိုလူကိုမြင်သောအခါ အနည်းငယ်အံ့ဩသွားရှာသည်။
“ခင်ဗျားပဲ”