အလွန်အမင်းအားကောင်းလှသောအရှိန်အဝါတစ်ခုက ဗုဒ္ဓတောင်တန်းတစ်ခုလုံးကို လွှမ်းခြုံပစ်လိုက်လေသည်။ ဗုဒ္ဓမြို့တော်ထဲရှိလူတိုင်းကလည်း လှမ်းကြည့်လိုက်ကြသည်။ သူတို့၏မျက်နှာထက်မှာ ကြောက်လန့်မှုများအထင်းသားပင်။
ဤအရှိန်အဝါကို မည်သူထုတ်လွှတ်လိုက်လေသလဲ။ ဗုဒ္ဓတောင်တန်းကိုယမ်းခါသွားစေသူမှာ ဘယ်သူလဲ။
ထိုကြောက်မက်ဖွယ်အရှိန်အဝါကို ခံစားမိလိုက်ချိန်မှာ နင်းမင်နှင့်ကျန်လူများသည် ယခုလေးတင်မှ ဗုဒ္ဓတောင်ခြေသို့ရောက်ခါစဖြစ်သည်။ ဤအရှိန်အဝါကိုအာရုံခံမိချိန်၌ သူတို့၏ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်ရေးရာချီစွမ်းအင်က စီးဆင်းမှုရပ်တန့်သွားသည့်အလားပင်။ မြေပြင်ပေါ်သို့လဲကျသွားပြီး အသက်ရှူရခက်နေသူများလည်း ရှိသည်။
ဤသည်မှာ ခွန်အားဖြင့်ဖိနှိပ်ခြင်းပင်တည်း။
နင်းမင်၏မျက်နှာလည်း ဖြူဖပ်ဖြူရော်ဖြစ်လာချေသည်။ သူက ရင်ဘတ်ကိုဖိကိုင်ထားလိုက်ပြီး တောင်တန်းဆီကို ကြောက်လန်တကြားလှမ်းကြည့်လိုက်သည်။ မည်သည့်အင်အားကြီးပုဂ္ဂိုလ်ကများ တိုက်ခိုက်မှုပြုလိုက်လေသလဲ။
ဤအရှိန်အဝါကား သူတို့မိသားစုဝင်များထက် အဆပေါင်းများစွာပိုသန်မာလှပေသည်။ သူ ထိုအရှိန်အဝါမျိုးကို ဘိုးဘေးများထံမှပင် မတွေ့ကြုံခဲ့ဖူးပေ။ နင်းချန်ရှင်း၏နောက်ကွယ်က ကျောထောက်နောက်ခံကများ ထိုလှုပ်ရှားမှုကိုပြုလုပ်လိုက်လေသလား။
သို့သော် ၎င်းမှာမထူးဆန်းလှပေ။ နင်းချန်ရှင်းကဲ့သို့ ပါရမီရှင်မျိုးကိုပျိုးထောင်နိုင်သူမှာ သေချာပေါက်ရိုးရှင်းလိမ့်မည်မဟုတ်။
ဗုဒ္ဓမြို့တော်ထဲရှိ စားသောက်ဆိုင်အခန်းတစ်ခုထဲဝယ်…
အမျိုးသားနှစ်ယောက်က ပြတင်းပေါက်နားမှာ မတ်တတ်ရပ်နေပြီး ဗုဒ္ဓတောင်တန်းဘက်ကိုလှမ်းကြည့်နေပေသည်။ ဤဧရာမအရှိန်အဝါကိုခံစားမိလိုက်သဖြင့် သူတို့လည်း ထိတ်လန့်နေကြချေသည်။ ဤအရှိန်အဝါက မည်သူ့ဟာလဲ။
သူတို့အားလုံး အင်အားပူးပေါင်းလိုက်လျှင်ပင် ထိုအရှိန်အဝါကိုခုခံရန်မစွမ်းသာပေ။
“အဲ့ဒီပညာရှင်က ဗုဒ္ဓတောင်တန်းပေါ်ကို ဒီလိုမျိုးတက်သွားရဲတာမထူးဆန်းတော့ပါဘူး။ အဲ့လိုနောက်ခံမျိုးနဲ့ဆိုရင် သူ မထိမခိုက်ဘဲ လွတ်လာနိုင်မှာပါ”
“ဟီးဟီး… ကြည့်ရတာ မင်း ထပ်ပြီးစိတ်ပူနေဖို့မလိုတော့ဘူးထင်တယ်”
လူတစ်ယောက်က သူ့ကိုစိုက်ကြည့်ပြီးပြောလာလေသည်။
“ငါ ဘယ်တုန်းကစိုးရိမ်မိလို့လဲ”
ထိုလူကလည်း စနောက်လေသည်။
“ပညာရှင်လေးကို အဲ့ဒီမဟာသတ္တအရှင်တွေဝိုင်းထားတုန်းက မင်း တောင်ပေါ်တက်သွားပြီး သူ့ကိုကယ်ချင်နေခဲ့တာမဟုတ်လား”
“မင်း အရှိန်အဝါတွေကို မတတ်သာဘဲထုတ်လိုက်တာ ငါတွေ့သားပဲ”
“ဟမ့်… ငါက အဲ့လိုပါရမီရှင်တစ်ယောက်ကို ဗုဒ္ဓဂိုဏ်းတော်က သူတော်ကောင်းယောင်ဆောင်နေတဲ့လူတွေဆီမှာ အသတ်ခံရတာကိုမမြင်ချင်ရုံလေးပဲ”
သို့သော် ရောက်ချလာသောပုဂ္ဂိုလ်မှာ ပုံရိပ်ယောင်မျှသာဆိုသည်ကို သူတို့သိသွားပါက သူတို့ဘာတွေးကြလိမ့်မလဲဆိုသည်ကို သူသိချင်လှသည်။
ဗုဒ္ဓတောင်တန်းပေါ်ဝယ်..
ဘုရားကျောင်းထဲရှိ ရွှေရောင်ဗုဒ္ဓရုပ်တုရှေ့မှောက်တွင် ဘုရားရှိခိုးဖျာပေါ်၌ တင်ပျဉ်ခွေထိုင်နေသော သင်္ကန်းဝတ်အဘိုးအိုခြောက်ပါးက တစ်ပြိုင်တည်းမျက်စိဖွင့်လိုက်ကြသည်။ သူတို့၏မျက်လုံးထဲကလည်း ရွှေရောင်အလင်းတန်းများဖြာထွက်နေချေသည်။
ဗုဒ္ဓရောင်ခြည်များက ထိုအဘိုးအိုခြောက်ယောက်၏ပတ်ပတ်လည်၌ ဝန်းရံထားလေသည်။ အဓိပ္ပာယ်ကား ထိုအဘိုးအိုခြောက်ယောက်၏အဆင့်မှာ အလွန်မြင့်မြတ်သောအဆင့်သို့ရောက်နေပြီဟူသော သဘောပင်။
ထိုအချိန်တွင် အဘိုးအိုခြောက်ဦးက တည်ငြိမ်လျက်သာ။ ဤအရှိန်အဝါက သူတို့ကို သတိကြီးကြီးထားစေရုံသာရှိ၏။
“အဲ့ဒါဘယ်သူလဲ”
“အဲ့ဒါ အဲဒီပညာရှင်လေးရဲ့ကျောထောက်နောက်ခံလား”
“ဒီအရှိန်အဝါက…. ဒါဘယ်သူလဲ။ ဒီပြည်မကြီးမှာ ဒီလိုလူမျိုးရှိလို့လား”
“ကျုပ်လည်းမသိဘူး။ ဒီလူက အလယ်ပိုင်းဒေသမှာရော အရှေ့ပိုင်းနဲ့မြောက်ပိုင်းဒေသမှာပါမရှိဘူး။ တောင်ပိုင်းဒေသကတော့လား။ အဲ့လိုနေရာမျိုးမှာ ဒီလိုပညာရှင်မျိုးပေါ်ထွက်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး”
“အဲ့ဒါ လျှို့ဝှက်စွမ်းအားရှင်များလား”
“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့တစ်ခုခုလုပ်ရတော့မယ်”
ဤသို့ဖြင့် အဘိုးအိုခြောက်ဦးက တစ်ပြိုင်တည်းပျောက်ကွယ်သွားချေသည်။ ဗုဒ္ဓလှေကားအုံထိပ်မှာမူ မဟာသတ္တအရှင်များက သူတို့ရှေ့ရှိပုံရိပ်ယောင်ကို ကြောက်လန့်တကြားစိုက်ကြည့်နေကြချေသည်။
ဤအရှိန်အဝါက သူတို့အား မွန်းကျပ်သွားစေသည်။
နင်းချန်ရှင်းက အရိုအသေပေးလျက် ပြောလိုက်လေသည်။
“ဆရာ”
ဆရာတဲ့လား….
နင်းချန်ရှင်း၏စကားများကိုကြားသောအခါ မဟာသတ္တအရှင်များ ထိတ်လန့်သွားလေသည်။ ဤပုဂ္ဂိုလ်က ဤပညာရှင်လေး၏နောက်ကွယ်ကလူပင်။ သူ့ဆရာပေတည်း။
လုချန်ရှန်းက ပတ်ပတ်လည်ကိုလှည့်ပတ်ကြည့်ရှုလိုက်ပြီး နင်းချန်ရှင်းကိုကြည့်လိုက်၏။ သူ ကူကယ်ရာမဲ့စွာ ပြောလိုက်လေသည်။
“မင်းက ငါစိတ်မပူရအောင်အနေတတ်ဆုံးတပည့်ပဲကို။ ဘာလို့ အခုမှဒီလိုတွေလုပ်နေတာလဲ”
အမှန်ပင်။ သူဟာ ပုံမှန်ဆိုလျှင် အလွန်တိတ်ဆိတ်ပြီး ပြဿနာလည်းမရှာတတ်ချေ။
သူ့ကို ပြဿနာဖြစ်အောင်လှုံ့ဆော်နိုင်ခြင်း၏နောက်ကွယ်မှာ ဆူပူအုံကြွမှုကြီးတစ်ခု သေချာပေါက်ရှိရပေလိမ့်မည်။ သူဟာ ဗုဒ္ဓဂိုဏ်းတော်ကို တိုက်ရိုက်ဝင်ရောက်၍ တစ်ယောက်တည်းတိုက်ပွဲဝင်ခဲ့ပေသည်။ အပြင်ထွက်ခဲပြီး စံအိမ်တော်ထဲမှာသာနေသော လုချန်ရှန်းပင်လျှင် ဗုဒ္ဓဂိုဏ်းတော်၏ဆန်းကြယ်မှုနှင့်စွမ်းအားများအကြောင်း ချင်းထျန်းနျန်နှင့်အခြားလူများ ပြောဆိုနေကြသည်ကို ကြားထားဖူးသည်။ ဤသည်မှာ တိုက်နယ်တစ်ခွင်ရှိတပည့်ပေါင်းများစွာ ပိုင်ဆိုင်ထားသောဂိုဏ်းဂဏတစ်ခုဖြစ်၏။
နင်းချန်ရှင်းက ခါးသက်သက်ပြုံး၍ ပြောလိုက်သည်။
“ဆရာ့ကိုဒုက္ခပေးမိရင်တောင်းပန်ပါတယ် ဆရာ။ ဒါပေမဲ့ ကျွန်တော့်မှာ ဒီလိုလုပ်ရုံအပြင် ရွေးချယ်စရာမရှိတော့လို့ပါ”
နင်းချန်ရှင်း၏စိတ်နှလုံးထဲတွင် ထိုသို့သောကိစ္စမျိုးကိုလျစ်လျူရှုရန်မှာ မဖြစ်နိုင်ချေ။ ကမ္ဘာကြီးကိုတရားဟောပြောနေသော ဗုဒ္ဓဂိုဏ်းတော်၊ ငြိမ်းချမ်းရေးကိုဆောင်ကြည်းတတ်သော ဗုဒ္ဓဂိုဏ်းတော်က သူတို့ကိုယ်ကျိုးတစ်ခုတည်းအတွက်နှင့် ဆန့်ကျင်သူများကို ဖယ်ရှားရှင်းလင်းပစ်ရန် ဘာမဆိုလုပ်ဝံ့ကြသည်။
နင်းချန်ရှင်း၏မျက်ဝန်းထဲရှိ စိတ်ပိုင်းဖြတ်ထားသောအရိပ်အယောင်ကိုမြင်သောအခါ နင်းချန်ရှင်းက စကားပြောနေခြင်းကိုရပ်တန့်လိုက်သည်။ သူ ပတ်ပတ်လည်ကိုလှည့်ကြည့်၍ မဟာသတ္တအရှင်များကိုကြည့်လိုက်သည်။ သူက တည်ငြိမ်စွာစကားဆိုလိုက်ချေသည်။
“ဘာလို့လဲ။ ကျုပ်တပည့်ကို ဘာလို့ဒီလိုဆက်ဆံရတာလဲ”
သူက စကားပြောနေရင်း မဟာသတ္တအရှင်များကို အရှိန်အဝါဖြင့်ဖိနှိပ်ထားလိုက်သည်။
ထိုအချိန်တွင် မဟာသတ္တအရှင်များလည်း လေပေါ်မှာဝဲမနေနိုင်တော့သဖြင့် မြေပြင်ပေါ်သို့ဆင်းသွားရချေသည်။ ဤအရှိန်အဝါကိုခုခံရန်အတွက် သူတို့ရှိသမျှခွန်အားအကုန်ထုတ်သုံးလိုက်ရသည်။
“အရှင်… အရှင့်ရဲ့တပည့်က ဗုဒ္ဓဂိုဏ်းတော်ထဲကိုကျူးကျော်ဝင်ရောက်လာပြီး ကျွန်တော်တို့ဂိုဏ်းကို အသရေဖျက်ပြောဆိုခဲ့ပါတယ်”
“ဗုဒ္ဓရဲ့ဂိုဏ်းတော်သားတွေအနေနဲ့… ကျွန်တော်တို့လည်း ဒီတိုင်းထိုင်ပြီး ဘာမှမလုပ်ဘဲမနေနိုင်ပါဘူး”
ဤအကြောင်းအရာများကို လုချန်ရှန်းက လုံးဝဂရုစိုက်လိမ့်မည်မဟုတ်ကြောင်း မည်သူထင်ထားပါအံ့နည်း။
သူ့လက်ကိုဝှေ့ယမ်းလိုက်ပြီး မျက်လုံးကိုမှေးကျဉ်းလျက် အေးတိအေးစက်ပြောလိုက်လေသည်။
“ငါ့တပည့်ကို မင်းတို့ဘယ်လိုဆက်ဆံခဲ့တာလဲ”
ထို့နောက် သူ နောက်ကိုခြေတစ်လှမ်းဆုတ်လိုက်သည်။ သူ့အရှိန်အဝါများလည်း ပေါက်ကွဲထွက်လာချေသည်။ အပြင်ဘက်၌ ယဲ့ချိုးပိုင်ကို နေမဝင်အင်ပါယာက အကြိမ်ပေါင်းများစွာဝိုင်းရံတိုက်ခိုက်ခဲ့ဖူးသည်။ ယခုမူ နင်းချန်ရှင်းကို ဗုဒ္ဓဂိုဏ်းတော်၏ပညာရှင်များစွာက ဝိုင်းထားလေသည်။ လုချန်ရှန်း ဒေါသမထွက်ဘဲ ဘယ်နေနိုင်လေမလဲ။
ပုံမှန်အချိန်မျာဆိုလျှင သူ့တပည့်များကိုဂရုမစိုက်တတ်ပုံပေါ်သော်လည်း လုချန်ရှန်းဟာ အကာအကွယ်ပေးတတ်သောပုဂ္ဂိုလ်တစ်ဦးပင်။ သူ့အနေနှင့် သူ့တပည့်များ၏လမ်းကြောင်းကို များများစားစားဝင်ရောက်မစွက်ဖက်လိုခြင်းမျှသာ။ မည်သို့ပင်ဖြစ်စေ ဆရာဖြစ်သူက လမ်းပြရုံသာဖြစ်ပြီး ထိုလမ်းကြောင်းကိုမူ သူတို့ဘာသာဆက်လျှောက်ကြရမည်သာ။ သူ့တပည့်များ တစ်ခုခုဖြစ်ခဲ့ပါက လုချန်ရှန်းအနေနှင့် ထိုကိစ္စများကို သူတို့အစားကူညီဖြေရှင်းပေးမည်ဖြစ်၏။ ဤသို့ဆိုပါက သူ့တပည့်များ၏လမ်းကြောင်း မည်မျှဝေးဝေးအထိရောက်နိုင်လေမလဲ။
ထိုအခြင်းအရာကိုမြင်သော် မဟာသတ္တအရှင်များက ဘာမှထပ်မပြောတော့ချေ။ ထို့နောက် လုချန်ရှန်းက ရှေ့ကိုခြေတစ်လှမ်းထပ်တိုးလာပြီး သူ့လက်ချောင်းကိုဆန့်ထုတ်လိုက်သည်။ လက်ချောင်းအင်အားတစ်ရပ်က အာဏာရှင်ဓားသွားတစ်လက်အဖြစ် ပြောင်းလဲသွားလေသည်။ မည်သူမှမတုံ့ပြန်နိုင်ခင်မှာပင် ထိုဓားသွားက အပြင်းနှင်လာချေသည်။
ထိုဓားက ရွှေရောင်ဝတ်ရုံမဟာသတ္တအရှင်၏နဖူးကို ထိုးဖောက်ပစ်လိုက်လေသည်။ ချက်ချင်းပင် ရွှေရောင်ဝတ်ရုံမဟာသတ္တအရှင်၏ဝိညာဉ်မှာ ဖျက်ဆီးလိုက်ရပေသည်။ သို့မှသာ မဟာသတ္တအရှင်များလည်း သတိပြန်ဝင်လာပြီး သူတို့မျက်နှာထက်မှာ အကြောက်တရားများပြည့်နှက်သွားလေသည်။
လုချန်ရှန်း၏အမူအရာကာ အေးစက်နေချေသည်။ အာဏာရှင်ဓားသွားများက သူ့လက်ချောင်းထိပ်တွင် တစ်ဖန်အသွင်ပြောင်းသွားပြန်သည်။ သူက ဤနေရာတွင်ရှိနေသော ဗုဒ္ဓကျင့်ကြံသူများအားလုံးကို ခဏအနားပေးလိုက်ခြင်းပင်။
ထိုအခိုက်အတန့်၌ ရွှေရောင်အလင်းတန်းတစ်ခုက ကောင်းကင်ထက်မှဆင်းသက်လာလေသည်။
“အောမီတော်ဖော”
“အကျိုးတော်ဆောင်ကြီး… ကျေးဇူးပြုပြီး ညှာတာပေးပါဦး”
သင်္ကန်းဝတ်အဘိုးအိုခြောက်ဦးက လုချန်ရှန်းရှေ့သို့ ချက်ချင်းရောက်ချလာသည်။ ထိုအခြင်းအရာကိုမြင်သော် မဟာသတ္တအရှင်များလည်း ဝမ်းမြောက်ဝမ်းသာဖြစ်သွားလေသည်။ သူတို့က လက်အုပ်ချီလျက် ထိုအဘိုးအိုခြောက်ဦးကိုဦးညွှတ်လိုက်သည်။ အဘိုးအိုတစ်ယောက်ကမတ်တတ်ရပ်လျက် ကြင်ကြင်နာနာပြောလာလေသည်။
“အကျိုးတော်ဆောင်ကြီး… ဒါကနားလည်မှုလွဲနေရုံသက်သက်ပါ။ ထပ်ပြီးမသတ်ဖြတ်ပါနဲ့တော့”
ထိုစကားကိုကြားသော် မဟာသတ္တအရှင်များက အနည်းငယ်ကြက်သေသေသွားကြသည်။ တစ်ဖက်လူက ဗုဒ္ဓဂိုဏ်းတော်ကိုအရှက်ခွဲခဲ့သော်လည်း သူကတော့ အရာအားလုံးကို ငြိမ်းငြိမ်းချမ်းချမ်းသာဖြစ်စေချင်နေလေသည်။ မျှော်လင့်မထားပါဘဲ အဘိုးအိုခြောက်ဦးက လုချန်ရှန်းကိုကြောက်ရွံ့နေချေသည်။
ဤသည်မှာ ပုံရိပ်ယောင်တစ်ခုမျှသာဖြစ်သည်။ ပုံရိပ်ယောင်တစ်ခုမျှက ဤကဲ့သို့သောအရှိန်အဝါမျိုးကို ပိုင်ဆိုင်ထားလေသည်။ လူကိုယ်တိုင်ရောက်ချလာပါက ဘာများဖြစ်သွားလေမလဲ။
ထိုအချိန်ကျလျှင် ဗုဒ္ဓဂိုဏ်းတော်တစ်ခုလုံး ပျက်ကိန်းဆိုက်ရပေလိမ့်မည်။ ထို့ပြင် ဤပုံရိပ်ယောင်၏အရှိန်အဝါမှာ သူတို့ထက်အားမနည်းပေ။ သူတို့ခြောက်ယောက်အင်အားပူးပေါင်းလျှင်ပင် တစ်ဖက်လူကိုတားဆီးရန် လွယ်ကူလိမ့်မည်မဟုတ်။
မျှော်လင့်မထားပါဘဲ…
လုချန်ရှန်းက ခေါင်းကိုခါယမ်းလိုက်ပြီး ပြောလာလေသည်။
“ခင်ဗျားတို့က ကျုပ်တပည့်ကိုသတ်ချင်နေတာလေ။ အခု ခင်ဗျားတို့မအောင်မြင်တော့ဘူးဆိုမှ ငြိမ်းငြိမ်းချမ်းချမ်းလေးအဆုံးသတ်ချင်နေတာလား”
အဘိုးအိုက မျက်မှောင်ကြုတ်လိုက်လေသည်။
“ဒါဆို ဘယ်လိုဖြေရှင်းချင်လို့လဲ”
လုချန်ရှန်းက အေးတိအေးစက်ပြောလိုက်လေသည်။
“ရှင်းရှင်းလေးပါ။ ကျုပ် ခင်ဗျားတို့ကိုခက်ခဲအောင်မလုပ်ပါဘူး”
ထို့နောက် လုချန်ရှန်းက မဟာသတ္တအရှင်အုပ်စုကို လက်ညှိုးညွှန်ပြီးပြောလိုက်လေသည်။
“ကျုပ်တပည့်ကိုတိုက်ခိုက်ခဲ့တဲ့လူတွေ…. ကိုယ့်ကိုကိုယ်သတ်သေလိုက်”