Switch Mode

အခန်း (၁၂၉)

စိတ်အာရုံမြင်ကွင်း

ဗုဒ္ဓဂိုဏ်းတော်ထဲတွင် ဝတ်စုံစိမ်းမဟာသတ္တအရှင်နှင့် ရွှေရောင်ဝတ်ရုံမဟာသတ္တအရှင်ဆယ်ပါးရှိ၏။ ဝတ်စုံစိမ်းမဟာသတ္တအရှင်သည် ချန်းယွမ်အထွတ်အထိပ်အဆင့်၌ရှိပြီး ရွှေရောင်ဝတ်ရုံမဟာသတ္တအရှင်ကမူ အာကာသနတ်ဘုရားအလယ်အလတ်အဆင့်တွင်ရှိလေသည်။ သာဝက၁၈ပါးနှင့်ပေါင်းလိုက်သော် သူတို့၏တိုက်ခိုက်ရေးခွန်အားမှာ အလွန်တရာကြောက်မက်ဖွယ်ကောင်းလှသည်ဟု ဆိုနိုင်လေသည်။

ထို့ပြင် သူတို့အထက်တွင် ဗုဒ္ဓဂိုဏ်းတော်၏ဗုဒ္ဓအရှင်များ ရှိသေးပေသည်။ ဗုဒ္ဓအရှင်များ၏အဆင့်ကိုကား မည်သူမှမသိနိုင်ပေ။ သူတို့သည် အနည်းဆုံးအာကာသနတ်ဘုရားအဆင့်တော့ ရှိကြသည်။ အကယ်၍ ဤကဲ့သို့သောအင်အားစုမျိုးအဖြစ် ကျော်ကြားနေလေသည်ဖြစ်ရာ အင်အားစုဘယ်လောက်များများက ထိတ်လန့်ကြောက်ရွံ့လိုက်ကြလေမလဲ။

ဂိုဏ်းဂဏပေါင်းများစွာ၏အမြင်တွင် ဗုဒ္ဓဂိုဏ်းတော်၏ခွန်အားအစစ်အမှန်မှာ ဆန်းကြယ်မှုတစ်ခုဖြစ်ပေသည်။ သူတို့၏ခွန်အားအစစ်အမှန်ကို မည်သူမှမသိနိုင်ချေ။ သူတို့ဟာ ဗုဒ္ဓဂိုဏ်းတော်ကို အသရေဖျက်သူများအနေနှင့် အဆုံးသတ်မလှကြလေကြောင်းသာ သိထားကြသည်။ တစ်နည်းဆိုရသော် ထိုလူများက လောကကြီးထဲက ပျောက်ကွယ်သွားကြရသည်သာဖြစ်၏။

ထို့ပြင် ဗုဒ္ဓဘာသာဝင်များက လူမသိသူမသိလေးသာနေတတ်ကြသည်။ သက်ဝင်ယုံကြည်သူများစုဆောင်းရန်အတွက်လည်း တပည့်သာဝကများကိုသာ စေလွှတ်ကြသည်။ ဤသည်မှာ ဗုဒ္ဓဂိုဏ်းတော်၏ သက်ဝင်ယုံကြည်မှုစွမ်းအားကို တိုးမြှင့်လိုသောကြောင့်ပင်။

ရွှေရောင်ဝတ်ရုံမဟာသတ္တအရှင်က ရောက်လာသော်လည်း စကားအများကြီးမပြောချေ။ သူက ဗုဒ္ဓကျမ်းစာများသာ ရွတ်ဆိုနေလေသည်။ ဗုဒ္ဓရောင်ခြည်များက နင်းချန်ရှင်းဆီသို့ဦးတည်လာပေသည်။

နင်းချန်ရှင်းကလည်း တာအိုသိုင်းကျမ်းကိုလှန်လိုက်ပြီး ညင်သာစွာအော်ဟစ်လိုက်သည်။

“အရာခပ်သိမ်း”

မမြင်နိုင်သောအကာအကွယ်တစ်ခုက ဗုဒ္ဓရောင်ခြည်များကိုခုခံလျက် နင်းချန်ရှင်း၏ဘေးပတ်ပတ်လည်၌ ပေါ်ပေါက်လာသည်။ သို့သော် ဤဗုဒ္ဓရောင်ခြည်က အရာအားလုံးကို အရည်ပျော်ကျစေနိုင်စွမ်းရှိဟန်တူသည်။ ဗုဒ္ဓရောင်ခြည်၏တောက်ပလင်းလက်မှုအောက်မှာ အကာအကွယ်က တဖြည်းဖြည်းပျောက်ကွယ်စပြုလာပေသည်။

ထိုအခြင်းအရာကိုမြင်သော် နင်းချန်ရှင်း၏အမူအရာက လုံးဝမပြောင်းလဲသွားချေ။ ၎င်းမှာ လှိုင်းကြက်ခွပ်ကင်းစင်သောရေကန်တစ်ကန်အလား တည်ငြိမ်နေသည်။

ရွှေရောင်ဝတ်ရုံမဟာသတ္တအရှင်က ထိုမြင်ကွင်းကိုမြင်သောအခါ အနည်းငယ်မျက်မှောင်ကြုတ်လိုက်လေသည်။

ဤကောင်လေးမှာ ဝှက်ဖဲတစ်ချပ်ရှိနေခြင်းမျိုးများ ဖြစ်နိုင်လေသလား။

နင်းချန်ရှင်းက တာအိုသိုင်းကျမ်းကိုဖွင့်လိုက်ပြီး ညင်သာစွာပြောလိုက်သည်။

“တာအိုက အလောကြီးနေရင် အပြည့်အဝအသုံးချလို့မရတော့ဘူး။ အသူတရာချောက်နက်ကြီးဆိုတာ အရာခပ်သိမ်းရဲ့နေရပ်ပါပဲ”

သူ့အသံမှာ မိုးကြိုးထစ်ချုန်းညံနေသည့်အလား နိမ့်လှသည်။ ထိုစကားတစ်ခွန်းမျှဖြင့် ဥပဒေတစ်ရပ်ကား အတည်ပြုလိုက်ပြီးဖြစ်၏။

ထိုအချိန်မှာ တာအိုဉာဏ်စဉ်လှိုင်းတစ်ခုက ကောင်းကင်ထက်သို့ ပျံတက်သွားသည်။ ၎င်းမှာ ဗုဒ္ဓရောင်ခြည်ကို ခပ်ယဲ့ယဲ့ဆန့်ကျင်နေပေသည်။ ဤတာအိုဉာဏ်စဉ်ကို တုန်လှုပ်ဖွယ်ကောင်းသောဗုဒ္ဓရောင်ခြည်က အရည်ပျော်မကျသွားစေနိုင်ပေ။ ထိုအစား ထိုတာအိုဉာဏ်စဉ်ထဲ၌ ၎င်းကိုတိုက်ခိုက်သိမ်းယူလိုသောဆန္ဒခပ်ဖျော့ဖျော့ပင် ရှိနေသေးသည်။

ရွှေရောင်ဝတ်ရုံမဟာသတ္တအရှင်၏အမူအရာမှာ အနည်းငယ်ပြောင်းလဲသွား၏။ သူသည် လက်အုပ်ချီလျက် အခြားဗုဒ္ဓကျမ်းစာများကို ပြောင်းရွတ်နေပေသည်။ ထို့နောက် သူ လက်ဝါးဖြင့်ရိုက်ထုတ်လိုက်ချေသည်။ ထိုဗုဒ္ဓရောင်ခြည်တန်းကြီးက လက်ဝါးသင်္ကေတဖြင့် စင်စစ်ပေါင်းစပ်သွား၏။ ၎င်းမှာ ကြောက်မက်ဖွယ်ကောင်းအောင်အစွမ်းထက်လှပေသည်။

ထိုအချိန်၌ ဝတ်စုံစိမ်းမဟာသတ္တအရှင်က တွေဝေတုံ့ဆိုင်းမနေဘဲ နတ်ဆိုးပုံရိပ်ယောင်ကို တစ်ဖန်ဆင့်ခေါ်လိုက်ပြန်သည်။ နတ်ဆိုးပုံရိပ်ယောင်မှာ လက်နှစ်ဖက်စလုံးတွင် နေနှင့်လကိုကိုင်ဆောင်ထားပြီး လွှားခုန်လိုက်သည်။

၎င်းမှာ ပင်လယ်ပြင်ကြီးကို ခြေတစ်လှမ်းတည်းနှင့်ကျော်ဖြတ်ပစ်လိုက်သလိုပင်။ သူ့လက်က နင်းချန်ရှင်းပေါ်သို့ဖိချလိုက်သည်။ ချန်းယွမ်အထွတ်အထိပ်အဆင့်ပညာရှင်၏ နောက်ထပ်တိုက်ခိုက်မှုတစ်ခုမှာ အာကာသနတ်ဘုရားအလယ်အလတ်အဆင့်ပညာရှင်တစ်ဦးထံမှ ထွက်ပေါ်လာချေသည်။

အာကာသနတ်ဘုရားအဆင့်ထက်နိမ့်သောပညာရှင်များပင်လျှင် ထိုတိုက်ခိုက်မှုများကြောင့် ထိတ်လန့်သွားကြပေလိမ့်မည်။ နင်းချန်ရှင်းကလည်း နတ်ဆိုးကိုအော်ဟစ်လိုက်သည်။

“တိုက်ခိုက်လော့”

ကောင်းကင်ဘုံစစ်သည်များက ထပ်မံတိုက်ခိုက်ပြန်သည်။ ထိုစစ်သည်များက နတ်ဆိုးပုံရိပ်ယောင်နှင့် တိုက်မိကုန်လေသည်။

နင်းချန်ရှင်းတစ်ယောက်တည်းနှင့် လူနှစ်ယောက်ကိုတိုက်ခိုက်နေရသည့်တိုင် သူ အရေးနိမ့်ခြင်းမရှိ။ နောက်ဆက်တွဲလှိုင်းလုံးများက နင်းချန်ရှင်း၏ခန္ဓာကိုယ်ထက်ကို လွင့်လာလေသည်။ သူ့အဝတ်အစားများက တဖျပ်ဖျပ်လွင့်သွားသည်။ သို့သော် သူ့အမူအရာကတော့ ကမ္ဘာပေါ်ရှိဘယ်အရာကမှ သူ့အားစိတ်မလှုပ်ရှားစေနိုင်သည့်အလား လုံးဝမပြောင်းလဲချေ။

ဤမြင်ကွင်းက မဟာသတ္တအရှင်နှစ်ပါးကို ထိတ်လန့်သွားစေလေသည်။

သူတို့နှစ်ဦး အင်အားပူးပေါင်းထားသည့်တိုင် ဤလူငယ်လေးကို ဘာမှမလုပ်နိုင်ဘူးတဲ့လား…..

ဤပုဂ္ဂိုလ်၏နောက်ကွယ်ရှိအင်အားစုက မည်သူလေလဲ။

ထိတ်လန့်ဖွယ်ကောင်းသော ပင်ကိုစွမ်းရည်ရှိသည့် ဤကဲ့သို့သောတပည့်မျိုးကို သင်ကြားပြသပေးနိုင်သူမှာ မည်သူလဲ။

သို့သော် ဤသည်မှာ သူတို့နှစ်ယောက်၏အတွေးသက်သက်သာဖြစ်၏။

သူတို့အမြင်တွင် သူတို့ဗုဒ္ဓဂိုဏ်းတော်၏အစွမ်းက မိုးထိတိုင်မြင့်မားနေလေပြီသာ။ မည်သူမှ သူတို့ကိုမကျော်ဖြတ်နိုင်ပေ။

ရုတ်ခြည်းပင် ဗုဒ္ဓတောင်တန်းပေါ်သို့ ရွှေရောင်ဝတ်ရုံမဟာသတ္တအရှင်နှစ်ပါးနှင့် ဝတ်စုံစိမ်းမဟာသတ္တအရှင်လေးပါး လျှောက်လှမ်းလာပေသည်။ သူတို့က နင်းချန်ရှင်းကို ထွက်ပြေးလွတ်မြောက်နိုင်မည့်အခွင့်အရေးမပေးတော့မည်မှာ သိသာလှသည်။ သူတို့က သူ့အား ဤနေရာမှာတင် ထာဝရချုပ်နှောင်ထားချင်နေခြင်းပင်။

မဟာသတ္တအရှင်ခြောက်ပါးက ဘာစကားမှမပြောဘဲ သူတို့၏အစွမ်းအထက်ဆုံးတိုက်ခိုက်မှုများကို ထုတ်သုံးလိုက်သည်။ သူတို့ထဲတွင် အာကာသနတ်ဘုရားအလယ်အလတ်အဆင့်ပညာရှင်သုံးဦးနှင့် ချန်းယွမ်အထွတ်အထိပ်အဆင့်ရှိပညာရှင်ငါးဦးတို့ ရှိသည်။ သူတို့ဟာ နင်းချန်ရှင်းကိုသတ်ပစ်ရန်အတွက် ထိုသို့သောအင်အားတစ်ရပ်ကို ထုတ်သုံးလာပေသည်။

ထိုအခြင်းအရာကိုမြင်သော် နင်းချန်ရှင်းက တာအိုသိုင်းကျမ်းကို ထပ်ဖွင့်လိုက်ပြီး ညင်သာစွာပြောလိုက်လေသည်။

“ထက်ရှမှုကိုဖျက်စီးပါ။ ဖရိုဖရဲဖြစ်ခြင်းကို ဖြေရှင်းပါ။ အလင်းနဲ့အမှုန်တို့လည်း အတူစုစည်းကြလော့”

ထိုအချိန်တွင် တာအိုဉာဏ်စဉ်တန်းက ကောင်းကင်ထက်သို့ ဆန်တက်သွားသည်။ ဗုဒ္ဓလက်ဝါးသင်္ကေတလည်း ထိုနည်းလည်းကောင်းပင်။

ထိုနေရာတွင် နေနှင့်လကိုကိုင်ဆောင်ထားသော နတ်ဆိုးပုံရိပ်ယောင်လည်းရှိနေချေသည်။ သို့သော် ဤတစ်ခေါက်တွင်မူ နင်းချန်ရှင်းဘက်က အရေးနိမ့်နေလေသည်။ ဆက်တိုက်ဆန်သော ဤတိုက်ခိုက်မှုများက နင်းချန်ရှင်းဆီမှ ထွက်ပေါ်လာသော မဟာလမ်းစဉ်စွမ်းအားကို အရည်ပျော်ကျစေပြီး နင်းချန်ရှင်းကို စတင်ဖိနှိပ်လာချေသည်။ သူတို့ဘက်က နင်းချန်ရှင်းကို အခွင့်အရေးတစ်ခုတလေမှမပေးပေ။

ဤပုဂ္ဂိုလ်က ဗုဒ္ဓဂိုဏ်းတော်၏အမှောင်ဘက်ခြမ်းကို သိထားရုံသာမက ဗုဒ္ဓဂိုဏ်းတော်၏ခွန်အားကိုပါ သိသွားပြီဖြစ်၏။ ထို့ပြင် ဤပညာရှင်လေး၏ခွန်အားနှင့်အရည်အချင်းကို မဖယ်ရှားနိုင်ပါက အနာဂတ်တွင် ပြဿနာများသယ်လာပေလိမ့်မည်။ သူတို့အနေနှင့် နင်းချန်ရှင်းကို မည်သို့သောအခွင့်အရေးမှမပေးဘဲ သူ့ကို ဤနေရာမှာပင် ထာဝရထိန်းသိမ်းရမည်။

နင်းချန်ရှင်း၏မျက်နှာမှာ အနည်းငယ်ဖြူရော်လာသော်လည်း သူ့မျက်ဝန်းထဲမှာမူ ပြောင်းလဲမှုတစ်စုံတစ်ရာမရှိ။ သူက တာအိုဉာဏ်စဉ်များကိုသာ ဆက်လက်ထုတ်လွှတ်နေပေသည်။

ကောင်းကင်ထက်တွင် အခြမ်းနှစ်ခြမ်းကွဲသွားပေသည်။ တစ်ဖက်တွင် သန့်စင်သောအဖြူရောင်နှင့် ပြစ်မျိုးမှဲ့မထင်တာအိုဉာဏ်စဉ်ရှိပြီး ကျန်တစ်ဖက်တွင်မူ ကောင်းကင်တစ်ခုလုံးကို အပြည့်ဖုံးထားသော ဗုဒ္ဓရောင်ခြည်တစ်ဖြာရှိလေသည်။ သို့သော် မဟာလမ်းစဉ်၏စွမ်းအားသည်ကား ထိုအခိုက်အတန့်လေးမှာ ဖိနှိပ်ခံလိုက်ရပေသည်။

ဗုဒ္ဓရောင်ခြည်က နင်းချန်ရှင်း၏ခန္ဓာကိုယ်သို့ လွှမ်းခြုံတော့မတတ်ဖြစ်သွားသည်။ ထိုအခြင်းအရာကိုမြင်သော် နင်းချန်ရှင်းလည်း အသာအယာသက်ပြင်းချလိုက်လေသည်။ သူ၏လက်ရှိတာအိုသိမြင်မှုဖြင့်သာဆိုလျှင် ဤသည်မှာ သူတတ်စွမ်းသမျှအကုန်ပင်ဖြစ်၏။ နှမြောစရာကောင်းလှသည်မှာ သူ့ဆရာ၏ကျေးဇူးကို ပြန်မဆပ်နိုင်တော့ပေ။

သို့သော် ဗုဒ္ဓရောင်ခြည်က နင်းချန်ရှင်း၏ခန္ဓာကိုယ်ကိုလွှမ်းခြုံပြီး သတ်မပစ်နိုင်ခင်မှာပင် ကျောက်စိမ်းဆွဲပြားလေးတစ်ခုက နင်းချန်ရှင်း၏လည်ပင်ထက်မှ ရုတ်ခြည်းလွင့်ထွက်လာပေသည်။ ထိုသူမှာ နင်းချန်ရှင်း၏ရှေ့၌ မတ်တတ်ရပ်လိုက်ပေ၏။ သူတို့ကြားတွင်မူ ကြောက်မက်ဖွယ်ကောင်းသောအစီအရင်တစ်ခု ရှိနေချေသည်။

ထိုအရာက ဗုဒ္ဓရောင်ခြည်၊ လက်ဝါးသင်္ကေတနှင့် နတ်ဆိုးပုံရိပ်ယောင်၏တိုက်ခိုက်မှုတို့ကို တားဆီးပစ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ဓားအစီအရင်ထဲရှိ နိယာမစွမ်းအားများကိန်းဝပ်နေသောဓားများက ဤလေဟာပြင်ကြီးထဲတွင် တရစပ်ညာသံပေးလာလေသည်။ ဗုဒ္ဓရောင်ခြည်မှာ နိယာမဓားသွားများ၏ဖျက်ဆီးခြင်းကိုခံလိုက်ရ၏။ လက်ဝါးသင်္ကေတမှာလည်း ချေမှုန်းခံလိုက်ရပြီး နတ်ဆိုးပုံရိပ်ယောင်၏မျက်ခုံးနှစ်ဖက်ကြားရှိနေရာကို နိယာမဓားသွားက ထိုးခွင်းပစ်လိုက်လေရာ ပေါက်ကွဲသွားလေတော့သည်။

ဝတ်စုံစိမ်းမဟာသတ္တအရှင်မှာ နောက်ဆက်တွဲရိုက်ခတ်မှုဒဏ်ကို ခံစားလိုက်ရသည်။ သူ့ခမျာ မိုးကြိုးအပစ်ခံလိုက်ရသည့်အလား ပါးစပ်ထဲမှ သွေးများစီးကျလာချေသည်။ ရွှေရောင်ဝတ်ရုံမဟာသတ္တအရှင်ကမူ မျက်နှာဖြူဖျော့သွားပြီး နောက်ကို ခြေလှမ်းအနည်းငယ်ပြန်ဆုတ်လိုက်ရသည်။

ထိုမြင်ကွင်းကိုမြင်သော် မဟာသတ္တအရှင်များအားလုံး ထိတ်လန့်သွားကြလေတော့သည်။

ဒါက ဘာပါလိမ့်…ဒီလိုကြောက်စရာကောင်းတဲ့ဓားအစီအရင်မျိုး တကယ်ရှိတာလား… ဒီဓားအစီအရင်ကိုဖန်တီးတာ ဘယ်သူပါလိမ့်…

နင်းချန်ရှင်းကလည်း ကျောက်စိမ်းဆွဲပြားလေးကို မြင်လိုက်သည်။ ဤကျောက်စိမ်းဆွဲပြားလေးက ထိုစဉ်တုန်းက သူ့ဆရာ သူ့ကိုပေးထားသောအရာဖြစ်သည်။ ထိုဆွဲပြားကို သူ့လက်ထဲထည့်ပေးခဲ့စဉ်က သူ့ဆရာက ဤအရာလေးသည် အရေးပေါ်အခိုက်အတန့်လေး၌ သူ့အသက်ကိုကယ်တင်ပေးနိုင်ကြောင်း ပြောလိုက်သေးသည်။ သူ့ဆရာ၏စွမ်းရည်က စင်စစ်ခန့်မှန်း၍မရနိုင်ပုံပင်။

နင်းချန်ရှင်း ထိုသို့တွေးမိလိုက်သောအခါ သူ ခေါင်းတခါခါလုပ်လျက် မရယ်ဘဲမနေနိုင်တော့ချေ။

ဓားအစီအရင်ပျောက်ကွယ်သွားသောအခါ မဟာသတ္တအရှင်များ၏တိုက်ခိုက်မှုများမှာလည်း ဤလေဟာပြင်ထဲကပျောက်ကွယ်သွားရလေသည်။

ရွှေရောင်ဝတ်ရုံမဟာသတ္တအရှင်တစ်ပါးက ထိုအဖြစ်ကိုမြင်သောအခါ အော်ဟစ်လိုက်ပေသည်။

“ဆက်တိုက်ခိုက်ကြ။ ဓားအစီအရင်က ပျောက်သွားပြီ”

သို့သော် မဟာသတ္တအရှင်များက ဆက်လက်တိုက်ခိုက်တော့မည့်ဆဲဆဲမှာပင် ရုတ်တရက်ဆန်သောပြောင်းလဲမှုတစ်ခု ပေါ်ပေါက်လာ၏။

ကျောက်စိမ်းဆွဲပြားလေး ကွဲကြေသွားပြီး အရှိန်အဝါတစ်ခုက ဤလေထုထဲ၌ အမှန်တကယ်ထွက်ပေါ်လာလေသည်။

ဗုဒ္ဓတောင်တန်းတစ်ခုလုံးကို ကြောက်မက်ဖွယ်ကောင်းသော ထိုအရှိန်အဝါက ဖုံးလွှမ်းပစ်လိုက်ချေသည်။ တပည့်သာဝကများနှင့် မဟာသတ္တအရှင်တို့၏အမူအရာမှာ သိသိသာသာပြောင်းလဲသွား၏။ ဗုဒ္ဓတောင်တန်းဆီသို့ မည်သို့သောအင်အားကြီးပုဂ္ဂိုလ်ရောက်လာလေသလဲ။

နင်းချန်ရှင်း၏အရှေ့တွင် ပုံရိပ်ယောင်အသွင်သဏ္ဌာန်တစ်ခု ပုံရိပ်ထင်လာချေသည်။ ပုံရိပ်ယောင်အမျိုးသားမှာ ဝတ်ရုံဖြူကိုဝတ်ဆင်ထားပြီး သူ့ဝတ်ရုံအနားစွန်းများမှာ လေမတိုက်ပါဘဲ တဖျတ်ဖျတ်လူးလွန့်နေပေသည်။ သူဟာ လက်နောက်ပစ်ထားလျက် အားလုံးကို ငုံ့ကြည့်လိုက်ပေသည်။ ထို့ပြင် ဤပုဂ္ဂိုလ်ပေါ်လာသည့်အချိန်တွင် ဗုဒ္ဓတောင်တန်းတစ်ခုလုံးကိုလွှမ်းမိုးထားသော ကြောက်မက်ဖွယ်ကောင်းသည့်အရှိန်အဝါမှာ လွတ်ထွက်လာပေသည်။

မဟာသတ္တအရှင်အားလုံးက သူတို့ရှေ့ရှိပုဂ္ဂိုလ်ကို ကြောက်လန့်တကြားကြည့်လိုက်ကြလေသည်။ ထိုလူကလည်း တီးတိုးဆိုလာလေသည်။

“ငါ့တပည့်ကို ဘယ်သူကသတ်ချင်နေတာလဲကွ”

Comment

Leave a Reply

Options

not work with dark mode
Reset