ဗုဒ္ဓဂိုဏ်းတော်မှာ အလွန်အမင်းဆန်းကြယ်လှပေသည်။ ထိုအထဲတွင် သာဝက၁၈ပါးကို မသိသူမရှိပေ။
ယခင်က နင်းချန်ရှင်ကဲ့သို့ ဗုဒ္ဓဂိုဏ်းတော်၏ဆိုးဝါးသောလုပ်ရပ်များကို ဖော်ထုတ်ချင်ခဲ့သူများလည်း ရှိသည်။ ထိုလူများထဲမှနှစ်ယောက်က သာဝက၁၈ပါးထံမှ တိုက်ခိုက်ခံခဲ့ရပြီး သေဆုံးခဲ့ရလေသည်။
သို့သော် ယခုမူ အနောက်ပိုင်းဒေသရှိလူများ ကြောက်ရွံ့နေကြရသောသာဝက၁၈ပါးကို နင်းချန်ရှင်းက အနိုင်ပိုင်းပစ်လိုက်လေပြီ။ ၎င်းမှာ လေဒဏ်တစ်ချက်ကိုပင် ခံနိုင်ရည်မရှိရှာသော ညှိုးခြောက်နေသည့်အပင်တစ်ပင်အလားပင်။
သူဟာ ပညာရှင်တစ်ယောက်မျှသာဖြစ်သော်လည်း သူ့ခွန်အားကတော့ အလွန်ကြောက်မက်ဖွယ်ရာပင်။ ထို့ပြင် သူတို့အနေနှင့် နင်းချန်ရှင်း၏ခန္ဓာကိုယ်မှ မည်သို့သောဝိညာဉ်ရေးရာချီစွမ်းအင်ကိုမှ မခံစားမိပေ။ သူ့တွင် ကျင့်ကြံစဉ်အဆင့် လုံးဝမရှိသည့်အလားပင်။
သို့သော် နင်းချန်ရှင်းတွင် ကျင့်ကြံစဉ်အဆင့် တကယ်မရှိကြောင်းကိုတော့ သူတို့ မည်သို့သိနိုင်မည်တဲ့လဲ။
ဤပုဂ္ဂိုလ်မှာ မည်သူလဲ။
ထိုအချိန်တွင် နင်းချန်ရှင်းက ရှေ့သို့ဆက်တိုးသွားပေသည်။
ဗုဒ္ဓလှေကားအုံကြီးတွင် လှေကားထစ်ပေါင်း ၉၉၉ထစ်ရှိပြီး နင်းချန်ရှင်းက ၉၉၈ထစ်မြောက်ကို ရောက်နေပြီဖြစ်၏။
သူသည် ဗုဒ္ဓဂိုဏ်းတော်ကိုရောက်ရန် လှေကားတစ်ထစ်သာလိုပေတော့သည်။
ထိုအချိန်မှာ နောက်ဆုံးသော၉၉၉ထစ်မြောက်၌ အစိမ်းရောင်သင်္ကန်းကို ဝတ်ဆင်ထားသော ခေါင်းတုံးပြောင်အဘိုးအိုကြီးတစ်ယောက် လေထုထဲ၌ပေါ်လာလေသည်။
လှေကားထစ်၇၀၀ပေါ်တွင် နင်းမင်နှင့်အခြားလူများမှာ ဒူးထောက်ချလိုက်ပြီးနောက် အထက်နားရှိအဘိုးအိုကိုကြည့်လိုက်ကြလေရာ သူတို့၏အမူအရာများမှာ အနည်းငယ်ပြောင်းလဲသွားလေသည်။
“ဝတ်စုံစိမ်းမဟာသတ္တအရှင်”
“ကြည့်ရတာ နင်းချန်ရှင်းတော့ ဗုဒ္ဓဂိုဏ်းတော်ဆီက လုံးဝပစ်မှတ်ထားခံနေရပြီထင်တယ်”
ဗုဒ္ဓဂိုဏ်းတော်ထဲတွင် သာတူညီမျှမှုမျိုးရှိသည်ဆိုလျှင်ပင် အဆင့်ခွဲခြားထားခြင်းမျိုးမရှိပေ။ သို့သော် တပည့်အသစ်များနှင့် သာဝကများဟူ၍တော့ ခွဲခြားထားပေသည်။
သာဝက၁၈ပါးက ဤအဆင့်၌ရှိသည်။
ထိုအဆင့်၏အထက်တွင် မဟာသတ္တအရှင်များရှိသည်။ မဟာသတ္တအရှင်များကို ဝတ်စုံစိမ်းမဟာသတ္တအရှင်နှင့် ရွှေရောင်ဝတ်ရုံမဟာသတ္တအရှင်ဟူ၍ ခွဲခြားထားသေးသည်။ ထိုအထဲမှာမှ ရွှေရောင်ဝတ်ရုံမဟာသတ္တအရှင်များက ပို၍သန်မာပြီး သူ၏ဗုဒ္ဓဘာသာကျင့်ကြံမှုက ပို၍နက်နဲလေသည်။
သူတို့အထက်မှာမှ ဗုဒ္ဓရှိပြီး မဟာဗုဒ္ဓတိုင်းဟာ ဗုဒ္ဓဂိုဏ်းတော်ထဲတွင် ရာထူးခပ်မြင့်မြင့်၌ရှိထားသည်။ သူတို့ဟာ ဗုဒ္ဓဂိုဏ်းတော်၏ အားအကောင်းဆုံးတိုက်ခိုက်ရေးစွမ်းအားဖြစ်၏။ ထိုသို့ဆိုလျှင်ပင် ဝတ်စုံစိမ်းမဟာသတ္တအရှင်ကလည်း အားမနည်းလှပေ။ သူက သာဝက၁၈ပါးထက်တော့ ပိုအစွမ်းထက်သည်ဟု ဆိုနိုင်လေသည်။
ဥပမာအနေနှင့် နင်းချန်ရှင်း၏အရှေ့ရှိ မဟာသတ္တအရှင် ချင်းယီသည် ချန်းယွမ်အထွတ်အထိပ်အဆင့်၌ ရှိပေသည်။
အကယ်၍ သာဝက၁၈ပါးက သာဝက၁၈ပါးအစီအရင်ကို အသုံးပြုခဲ့သည်ဆိုပါက သူတို့ဟာ ဝတ်စုံစိမ်းမဟာသတ္တအရှင်နှင့် ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းရှိလေသည်။ ဝတ်စုံစိမ်းမဟာသတ္တအရှင်၏မျက်နှာထက်တွင် ကြင်နာသောအပြုံးတစ်ပွင့်ဆင်မြန်းထားပေသည်။
“အကျိုးတော်ဆောင်ကြီး ကျေးဇူးပြုပြီး ဒီနေရာမှာရပ်လိုက်ပါ”
“မင်းအနေနဲ့ စစ်မှန်ရိုးသားမှုမရှိဘူးဆိုရင် ဗုဒ္ဓက မင်းရဲ့မေးခွန်းတွေကိုဖြေပေးမှာမဟုတ်ဘူး”
နင်းချန်ရှင်း၏အမူအရာမှာ တည်ငြိမ်နေပြီး သူ့ရှေ့ရှိ ဝတ်စုံစိမ်းမဟာသတ္တအရှင်ကိုကြည့်လိုက်လေသည်။
“စစ်မှန်ရိုးသားမှုဆိုတာ ဘာလဲ”
“ခင်ဗျားပြောသလိုဆိုရင် လှေကားထစ်ဆယ်ထစ်တက်ပြီးတိုင်း ဦးညွှတ်အရိုအသေပေးတာကို စစ်မှန်ရိုးသားတယ်လို့ပြောတာလား”
ဝတ်စုံစိမ်းမဟာသတ္တအရှင်က အပြုံးလေးဖြင့်ခေါင်းကိုခါယမ်းလိုက်ပြီး ပြောလေသည်။
“ဦးညွှတ်တယ်ဆိုတာ လုပ်ရိုးလုပ်စဉ်တစ်ခုပါ။ မင်းရဲ့စိတ်နှလုံးက စစ်မှန်ရိုးသားမှုမရှိဘူးဆိုရင် ဗုဒ္ဓကို ဘာလို့ဦးညွှတ်နေမှာလဲ”
နင်းချန်ရှင်းက ဝတ်စုံစိမ်းမဟာသတ္တအရှင်ပြောသောစကားများကို သဘောမတူသဖြင့် ပြန်လည်ကန့်ကွက်လိုက်လေသည်။
“စစ်မှန်ရိုးသားတဲ့လူဆိုတာ ခိုင်မာပြတ်သားတဲ့စိတ်ဓာတ်မျိုးရှိရမယ်။ ဒူးထောက်ဦးညွှတ်တာလောက််နဲ့ ဒါကို ဘယ်သက်သေပြလို့ရမှာလဲ”
“တစ်ပါးသူတွေအတွက်တော့ ကျွန်တော့်မှာ နောင်တမရှိဘူး။ တစ်ပါးသောအရာတွေအတွက်တော့ ကျွန်တော့်မှာ ပြတ်သားတဲ့စိတ်ဓာတ်တစ်ခုရှိတယ်”
“ကျွန်တော် ဒီကိုရောက်လာတာက လမ်းတစ်လျှောက်မှာ ကျွန်တော်မြင်ခဲ့ကြားခဲ့တဲ့အရာတွေကို သက်သေပြဖို့ပါ။ ဒါက စစ်မှန်ရိုးသားမှုပဲမဟုတ်လား”
“စိတ်နှလုံးစစ်မှန်ရိုးသားမှုဆိုတာသာတကယ်ရှိရင် ဘာလို့ အဓိပ္ပာယ်မရှိတဲ့ဒီဗုဒ္ဓလှေကားအုံကြီးကိုလုပ်ထားတာလဲ”
“ဒါက သက်ဝင်ယုံကြည်မှုစွမ်းအားတွေကို စုဆောင်းဖို့အတွက်လား”
“ဒါမှမဟုတ် ခင်ဗျားတို့ရဲ့ဗုဒ္ဓဂိုဏ်းတော်က စစ်မှန်ရိုးသားတယ်ဆိုရင် ကျုပ်လာတဲ့လမ်းကို ဘာလို့လာတားနေတာလဲ”
နင်းချန်ရှင်း၏အသံနေအသံထားမှာ တည်ငြိမ်နေသော်လည်း စကားလုံးတိုင်းဟာ စိတ်နှလုံးမချမ်းမြေ့ဖွယ်ရာပင်။
ဝတ်စုံစိမ်းမဟာသတ္တအရှင်က မျက်နှာထက်တွင် စေတနာအပြုံးတစ်ပွင့် ဆင်မြန်းထားဆဲပင်။ သူ့မျက်လုံးမှေးမှေးများကမူ သတ်ဖြတ်လိုသောဆန္ဒများဖြင့် ပြည့်နှက်နေလေသည်။
နင်းချန်ရှင်း၏စကားလုံးများမှာ ဗုဒ္ဓဂိုဏ်းတော်၏ရည်မှန်းချက်များပင်။
၎င်းမှာ ပြောစရာမလိုလောက်အောင်ထင်သာမြင်သာရှိပေသည်။
ဝတ်စုံစိမ်းမဟာသတ္တအရှင်မှာ ဘာမှထပ်မပြောတော့ချေ။ ထိုအစား သူက အောက်ဘက်လှေကားထစ်ရှိ လူများကိုကြည့်၍ ပြောလိုက်လေသည်။
“မဆိုင်တဲ့လူတွေက ခဏလောက်တောင်ပေါ်ကဆင်းသွားပေးပါ”
နင်းမင်နှင့်အခြားလူများ၏အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားလေသည်။ သိသာလှသည်မှာ ဝတ်စုံစိမ်းမဟာသတ္တအရှင်မှာ နေရာကိုလူရှင်းပစ်ချင်နေပေသည်။ သူက နောက်ထပ်ဆက်ဖြစ်လာမည့်အရာများကို သူတို့အား မမြင်စေချင်ပေ။
နောက်တစ်နည်းဆိုရလျှင် ဗုဒ္ဓဂိုဏ်းတော်က နင်းချန်ရှင်းကို အင်အားသုံး၍သတ်ပစ်ရန် စီစဉ်ထားခြင်းပင်။ သို့သော် ဝတ်စုံစိမ်မဟာသတ္တအရှင်နှင့် ဗုဒ္ဓဂိုဏ်းတော်၏ထူးခြားဆန်းပြားသောဂိုဏ်း၏အင်အားကို ဆန့်ကျင်ရန်မှာ သူတို့အဖို့မဖြစ်နိုင်ပေ။
သူတို့ခမျာ ရွေးချယ်စရာမရှိဘဲ နောက်ပြန်လှည့်ကြရပေတော့သည်။
ဝတ်စုံစိမ်းမဟာသတ္တအရှင်က ထိုအခြင်းအရာကိုမြင်သောအခါ သူ့အမူအရာမှာ လုံးဝအေးစက်သွားလေသည်။
“လူငယ်လေး.. မင်းရဲ့အရည်အချင်းနဲ့ဆိုရင် ကျင့်ကြံရေးအပိုင်းမှာ အနှေးနဲ့အမြန် အဆင့်ခပ်မြင့်မြင့်ကိုရောက်မဲ့ဟာကို ဘာလို့ ဒီလိုအမှားမျိုးကျူးလွန်ချင်ရတာလဲ”
“မင်းသိထားရမှာက သူတစ်ပါးရဲ့လုပ်ငန်းမှာ ဝင်စွက်ဖက်ရင် လမ်းတစ်ဝက်မှာတင် သေတတ်တယ်ကွ”
ယခုတော့ ပတ်ပတ်လည်တွင် မည်သူမှမရှိတော့ပေ။ ထို့ကြောင့် ဝတ်စုံစိမ်းမဟာသတ္တအရှင်က ဟန်ဆောင်နေခြင်းကို ရပ်တန့်လိုက်သည်။
ထိုအချိန်မှာ သူဟာ ဗုဒ္ဓကျောင်းတော်ထဲက ဝတ်စုံစိမ်းမဟာသတ္တအရှင်နှင့်မတူတော့ဘဲ ဝတ်စုံစိမ်းမိစ္ဆာနှင့် တူနေလေတော့သည်။
နင်းချန်ရှင်းကလည်း လက်ထဲတွင် တာအိုသိုင်းကျမ်းကို ကိုင်ထားပြီး ညင်သာသောအရှိန်အဝါကိုထုတ်လွှတ်လိုက်သည်။
“ကျွန်တော်က ဘာလို့အမှားလုပ်ရမှာလဲ။ ကျွန်တော်က ဒီအတိုင်းစိတ်စေရာကိုလိုက်နေရုံပါပဲ”
“ကျင့်ကြံသူတွေက သူတို့စိတ်စေရာကို မလိုက်ဘူးဆိုရင် သူတို့ ဘယ်လိုလုပ်ကျင့်ကြံကြတော့မလဲ”
ဝတ်စုံစိမ်းမဟာသတ္တအရှင်က ပြုံးလိုက်သည်။
“သတိနိုးကြားမှု… ဒါပေါ့…ကျင့်ကြံသူတွေက သူတို့စိတ်စေရာကိုလိုက်ရမှာပေါ့”
“ဒါပေမဲ့ မင်းရဲ့လုပ်ရပ်တွေကြောင့် မင်းအသက်ကိုပေးဆပ်ရတော့မယ်ဆိုတာရောသိလား”
“အဲ့ဒီတော့ဘာဖြစ်လဲ”
ဝတ်စုံစိမ်းမဟာသတ္တအရှင်၏စကားများမှတစ်ဆင့် နင်းချန်ရှင်း ဗုဒ္ဓဂိုဏ်းတော်အစစ်မှာ မသန့်ရှင်းလောက်ကြောင်း အာရုံခံစားမိလိုက်လေသည်။
တစ်ဖက်လူကလည်း သူ့ကို သတ်ပစ်ချင်နေလေသည်။
နင်းချန်ရှင်းလည်း ဘာမှထပ်မပြောတော့ဘဲ သူ့လက်ထဲရှိ တာအိုသိုင်းကျမ်းကိုလှန်လိုက်၏။
သူ အသံခပ်နိမ့်နိမ့်ဖြင့်အော်လိုက်သည်။
“လာစေ”
“စစ်သည်တို့”
“တိုက်ခိုက်လော့”
ချက်ချင်းပင် ကောင်းကင်ဘုံစစ်သည်တစ်ပါးက ပုဆိန်လှံတံကိုကိုင်စွဲ၍ ဝတ်စုံစိမ်းမဟာသတ္တအရှင်ကို တိုက်ခိုက်လေတော့သည်။
လေတဟူးဟူး တိုက်ခတ်လာ၏။
ပုဆိန်လှံတံဟာ လေဟာပြင်ကို အရူးအမူးဖိညှစ်ထားသည်။ အသံလှိုင်းအတွဲလိုက်ကြီးတစ်ခု ပဲ့တင်ထပ်သွားလေသည်။
ဝတ်စုံစိမ်းမဟာသတ္တအရှင်လည်း မော့ကြည့်လိုက်သည်။ သူ့အမူအရာကတော့ ပြောင်းလဲမသွားပေ။ သူ့ခွန်အားမှာ သာမန်ချန်းယွမ်အထွတ်အထိပ်အဆင့်ပညာရှင်တစ်ယောက်ထက် အနည်းငယ်ပိုသန်မာသည်။
ဗုဒ္ဓဘာသာကျင့်စဉ်များအားလုံးက အလွန်အမင်းကြီးကျယ်ခမ်းနားလှသည်။
ဝတ်စုံစိမ်းမဟာသတ္တအရှင်က လက်တစ်ဖက်ဖြင့် သင်္ကေတများကိုဖန်ဆင်းလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့်လည်း သင်္ကေတများ ဖန်ဆင်းနေပြန်သည်။
သူ့ဘေးတွင်မူ ရွှေရောင်ပုံရိပ်ယောင်တစ်ခု ပေါ်ပေါက်လာသည်။ ထိုပုံရိပ်ယောင်၏ပုံစံမှာ အလွန်ရုပ်ဆိုးလှသည်။ သူဟာ လက်နှစ်ဖက်စလုံးဖြင့် နေနှင့်လကိုကိုင်ဆောင်ထား၏။ ၎င်းမှာ နတ်ဆိုးပင်။
နတ်ဆိုးဆိုသည်မှာ ဗုဒ္ဓဂိုဏ်းတော်၏ အလွန်အမင်းကြီးကျယ်ခမ်းနားလှသောကျင့်စဉ်တစ်ခုဖြစ်သည်။ ဝတ်စုံစိမ်းမဟာသတ္တအရှင်က လက်နှစ်ဖက်ကိုသာဆင့်ခေါ်နိုင်ပေသည်။
ဒဏ္ဌာရီထဲတွင် ဤကျင့်စဉ်ကို အထွတ်အထိပ်ထိရောက်အောင် ကျင့်ကြံပါက လက်ခြောက်ချောင်းရှိသောနတ်ဆိုးကို ဆင့်ခေါ်နိုင်သည်ဟူသောအဆိုရှိသည်။ ထိုနတ်ဆိုး၏ဟိန်းဟောက်သံမှာ မိုးကြိုးပစ်နေသလိုပင်ဖြစ်ပြီး ပင်လယ်ရေများကို လှိုင်းထလာစေပြီး ကမ္ဘာကြီးကို ပြောင်းပြန်လှန်ပစ်နိုင်လေသည်။
ဝတ်စုံစိမ်းမဟာသတ္တအရှင်၏နတ်ဆိုးမှာ အထွတ်အထိပ်ထိ မကျင့်ကြံရသေးသော်ငြား ၎င်း၏အရှိန်အဝါမှာ အလွန်အမင်းကြောက်မက်ဖွယ်ကောင်းနေဆဲပင်။
ဝတ်စုံစိမ်းမဟာသတ္တအရှင်၏လက်ထဲရှိသင်္ကေတက ပြောင်းလဲသွားပြီး သူ့အနောက်ရှိနတ်ဆိုးပုံရိပ်ယောင်ဟာ ကမ္ဘာကြီးကိုပင့်မထားပေးတော့မည့်အလား လက်နှစ်ဖက်ကို ကောင်းကင်နှင့်မျက်နှာချင်းဆိုင်လိုက်လေသည်။ သူဟာ ကောင်းကင်ဘုံစစ်သည်များကို မျက်နှာချင်းဆိုင်လိုက်ခြင်းပင်။
ကောင်းကင်ဘုံစစ်သည်၏လက်ထဲရှိ ပုဆိန်လှံတံက နတ်ဆိုးပုံရိပ်ယောင်၏လက်ကို ထိုးခွင်းလိုက်လေသည်။ လျှပ်တပြက်အတွင်း၌ သူတို့နှစ်ယောက် နောက်ကို တစ်ပြိုင်တည်းခြေတစ်လှမ်းဆုတ်လိုက်သည်။
ဝတ်စုံစိမ်းမဟာသတ္တအရှင်၏အမူအရာကား အနည်းငယ်ပြောင်းလဲသွားလေသည်။
သူ နင်းချန်ရှင်းကို လျှော့မတွက်ထားခဲ့ပေ။ ထို့ကြောင့် စလာကတည်းက နတ်ဆိုးပုံရိပ်ယောင်ကို ထုတ်သုံးခဲ့ခြင်းပင်။ သို့သော်လည်း သူ အသာစီးမရခဲ့ချေ။
နင်းချန်ရှင်းကမူ ထိုအကြောင်းကို များများစားစားတွေးမနေဘဲ နောက်ထပ်စကားတစ်ခွန်းကို ထပ်အော်လိုက်ပြန်လေ၏။
“ကျဲ”
ချက်ချင်းပင် မြင့်မြတ်သောလင်းရောင်ခြည်က ကောင်းကင်ဘုံစစ်သည်များထံမှ ဆင်းသက်လာပေသည်။ ငွေဖြူရောင်သံချပ်ကာကိုဝတ်ဆင်ထားရင်း သူ့လက်ထဲရှိပုဆိန်လှံတံ၏အရှိန်အဝါမှာ ဆူပွက်လာချေသည်။ ၎င်းမှာ ကောင်းကင်ဘုံစစ်သူကြီးတစ်ပါးအလားပင်။
သူ့အရှိန်အဝါများ တစ်ဖန်ပေါက်ကွဲထွက်လာပြန်သည်။
နင်းချန်ရှင်းက ရှေ့ကိုခြေတစ်လှမ်းတိုးလိုက်သည်။ ကောင်းကင်ဘုံစစ်သူကြီးကလည်း တိတ်တဆိတ်ဟိန်းဟောင်လိုက်ပြီး ဝတ်စုံစိမ်းမဟာသတ္တအရှင်ဆီသို့ လျှောက်သွားလေတော့သည်။
ဝတ်စုံစိမ်းမဟာသတ္တအရှင်က ထိုအဖြစ်ကိုမြင်သောအခါ အမူအရာမှာ သိသိသာသာပြောင်းလဲသွားသည်။ ဤအရှိန်အဝါက မတိုင်ခင်ကထက် ပိုမိုအားကောင်းလေသည်။ သူ့ခွန်အားဖြင့်ဆိုလျှင် ဤတိုက်ခိုက်မှုကိုခံနိုင်ဖို့မှာ မဖြစ်နိုင်တော့ချေ။
သို့သော် ထိုအချိန်မှာပင် ဗုဒ္ဓရောင်ခြည်က ကောင်းကင်ထက်မှ ဆင်းသက်လာ၏။ ထိုရောင်ခြည်က ကောင်းကင်ဘုံစစ်သူကြီးပေါ်တွင် တောက်ပနေလေတော့သည်။
ထိုအခိုက်အတန့်လေးတွင် ကောင်းကင်ဘုံစစ်သူကြီးက တဖြည်းဖြည်းအရည်ပျော်ကျလာလေသည်။ နင်းချန်ရှင်း မော့ကြည့်လိုက်မိသည်။
ရွှေရောင်ဝတ်ရုံဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက် လျှောက်လှမ်းလာသည်။ ဤပုဂ္ဂိုလ်မှာ ရွှေရောင်ဝတ်ရုံမဟာသတ္တအရှင်ဖြစ်၏။ သူ့ခွန်အားမှာ အာကာသနတ်ဘုရားအဆင့်တစ်ဝက်သို့ ရောက်ရှိထားပြီးဖြစ်၏။
ရွှေရောင်ဝတ်ရုံမဟာသတ္တအရှင်ဆိုသည်မှာ ကမ္ဘာကြီး၏အမြင်၌ သူ့ကိုကြားသာကြားဖူးပြီး သူ တိုက်ခိုက်သည်ကို လုံးဝမမြင်ဖူးကြပေ။
အကယ်၍ ဤနေရာတွင် တစ်ယောက်ယောက်ရှိနေပြီး ဤမြင်ကွင်းကိုမြင်လိုက်ရပါက သူတို့ သေချာပေါက်ထိတ်လန့်သွားမည်သာ။
ရွှေရောင်ဝတ်ရုံမဟာသတ္တအရှင်မှာ အာကာသနတ်ဘုရားအဆင့်တစ်ဝက်သို့ ရောက်ရှိထားပြီးဖြစ်၏။ ဤသို့ဆိုပါက ဗုဒ္ဓအရှင်များဆိုလျှင် မည်သည့်အဆင့်ကိုများရောက်နေလောက်မလဲလေ။