Switch Mode

အခန်း (၁၂၆)

လျှို့ဝှက်ဘုံထဲမှအသံပို့လွှတ်မှု

လေဟာပြင်၏တစ်ဖက်ခြမ်းတွင် ဘာရှိလေသလဲ။ ချင်းထျန်းနျန်နှင့်အခြားလူများ မသိကြပေ။

သို့သော် သူတို့၏အဆင့်နှင့်ဆိုလျှင် ရှေ့ဆက်တိုးဖို့ခက်ခဲလိမ့်မည်သာ။ သူတို့အနေနှင့် ကျော်ဖြတ်လိုပါက အခွင့်အရေးတစ်ခုနှင့် ပက်ပင်းတိုးမှဖြစ်ပေလိမ့်မည်။
နောက်တစ်နည်းဆိုရလျှင် သူတို့အနေနှင့် ထိုနေရာကိုကျော်ဖြတ်ပြီး ဘဝသက်တမ်းပိုရနိုင်ရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့်လည်း ထွန်းသစ်စယန်ဂိုဏ်း၏ဂိုဏ်းခေါင်းဆောင်က လေဟာပြင်၏တစ်ဖက်ခြမ်းကိုဝင်ရောက်ရန်အတွက် စွန့်စားလိုခြင်းဖြစ်၏။

မည်သို့ပင်ဖြစ်စေ မတိုင်ခင်ကထုတ်လွှတ်လိုက်သော အဖျက်ဓာတ်အရှိန်အဝါကိုကြည့်ခြင်းအားဖြင့် ၎င်းမှာ အန္တိမရတနာဖြစ်လေမလား၊ လျှို့ဝှက်အမွေအနှစ်ဘုံတစ်ခုဖြစ်လေမလားဆိုသည်မှာ မရိုးရှင်းလှပေ။ ဤသည်မှာ ရှေးခတ်ကတည်းက ချန်ရစ်ထားခဲ့သောပစ္စည်းမျိုးဖြစ်နိုင်ခြေများသည်။

ထိုအရာကိုအရယူနိုင်သရွေ့ သူတို့အဆင့်တက်နိုင်စွမ်းရှိပြီးဖြစ်ပြီး သက်တမ်းလည်း ပိုရပေလိမ့်မည်။ သိုင်းပညာကျင့်ကြံသူအားလုံးက အမတများပင်။ ထို့ပြင် သူတို့က ရာထူးခပ်မြင့်မြင့်တွင်ရှိကြပြီး သူတို့၏အသက်ကိုလည်း ပို၍တန်ဖိုးထားတတ်ကြလေသည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး ဘာမှမမှားချေ။

အကယ်၍ သူတို့သာ လေဟာပြင်၏တစ်ဖက်ခြမ်းကိုဝင်ရောက်လိုပါက ၎င်းကိုပွင့်သွားစေရန်အတွက် ဧရာမအင်အားကိုသုံးမည်ဆိုလျှင် ထိုအရာက အတွင်းဘက်ရှိ အဖျက်ဓာတ်အရှိန်အဝါ၏ပေါက်ကွဲမှုကို သေချာပေါက်လှုံ့ဆော်ပေးသလိုဖြစ်သွားပေလိမ့်မည်။

ချင်းထျန်းနျန်နှင့်ကျန်လူများလည်း ထိုသို့တွေးမိကြသည်။
ထိုသင်္ဘောပေါ်တွင် ဆူပူအုံကြွမှုကိုခုခံရန်အတွက် အလယ်ပိုင်းဒေသရှိ အစီအရင်ဆရာသခင်တစ်ဦးဖန်တီးထားသော ခုခံရေးအစီအရင်ပေါင်းများစွာ ပါဝင်လေသည်။ ထိုအစီအရင်တွင် အချိန်တိုလေးအတွင်းမှာ လေဟာပြင်ကိုဖြတ်၍ ကူးသန်းသွားလာနိုင်သောသက်ရောက်မှုမျိုးလည်း ရှိသည်။

ထိုအရာကိုဖန်တီးဖို့ အရင်းအမြစ်များစွာသုံးလိုက်ရသည်။

ချင်းထျန်းနျန်က ပြောလိုက်သည်။

“အားလုံး အဆင်သင့်ပဲလား”

ထွန်းသစ်စယန်ဂိုဏ်း၏ဂိုဏ်းခေါင်းဆောင်နှင့်အခြားလူများမှာ တည်ငြိမ်နေသောအမူအရာဖြင့် ခေါင်းညိတ်ပြလေသည်။ ထိုအခြင်းအရာကိုမြင်သော် ချင်းထျန်းနျန်လည်း ခေါင်းညိတ်ပြပြီး သင်္ဘောကိုစတင်ရွက်လွှင့်လေတော့သည်။

လူတိုင်း သင်္ဘောပေါ်ကို တက်လိုက်ကြသည်။

“ချန်ရှန်း… မင်း တကယ်ပဲ တစ်ချက်လောက်လိုက်မကြည့်တော့ဘူးလား”

လုချန်ရှန်း မျက်ဆန်သာလှန်လိုက်မိတော့သည်။

“ကျွန်တော် တကယ်မသွားဘူး”

သူက ထိုအရာများကို အမှန်တကယ်စိတ်မဝင်စားချေ။

ထို့နောက် ချင်းထျန်းနျန်က သင်္ဘောငယ်လေးကို အသက်သွင်းလိုက်လေရာ အလင်းတန်းလေးတစ်ခုအဖြစ် အသွင်ပြောင်းသွားကာ လေဟာပြင်၏တစ်ဖက်ခြမ်းကို တိုးဝှေ့ဝင်ရောက်သွားလေတော့သည်။ လေဟာပြင်ထဲတွင် ဟင်းလင်းပြင်ပဋိပက္ခနှင့် သေစေနိုင်လောက်သော ဟင်းလင်းပြင်မုန်တိုင်းများရှိသည်။

ခုခံရေးအစီအရင်တစ်ခုမပါဘဲ ချင်းထျန်းနျန်နှင့်ကျန်လူတို့၏ခွန်အားမျှဖြင့်ဆိုလျှင် ထိုဟင်းလင်းပြင်ပဋိပက္ခကိုခုခံနိုင်ရန်မှာ မဖြစ်နိုင်ပေ။

ဟင်းလင်းပြင်ပဋိပက္ခကိုခုခံလိုပါက အနည်းဆုံးတော့ အာကာသနတ်ဘုရားအဆင့်ကို ရောက်နေမှရပေလိမ့်မည်။ သို့သော် ဟင်းလင်းပြင်မုန်တိုင်းနှင့် ပက်ပင်းတိုးလိုက်သည်နှင့် အာကာသနတ်ဘုရားအဆင့်ပညာရှင်များကိုယ်တိုင်ပင် သေမင်းကို ထိုင်စောင့်ကြရလေတော့သည်။

တစ်နည်းပြောရလျှင် သူတို့က သေဖို့ထိုင်စောင့်နေရခြင်းပင်။

ချင်းထျန်းနျန်နှင့်ကျန်လူများ သင်္ဘောကိုစီး၍ လေဟာပြင်ဆီကိုဝင်ရောက်လာလိုက်သောအခါ နေရာတကာတွင်မြင်နိုင်သော ဟင်းလင်းပြင်ပဋိပက္ခထက်စာလျှင် သူတို့ရှေ့ရှိအရာကသာလျှင် သူတို့အဖို့ ကြီးမားလှသောအတားအဆီးကြီးတစ်ခုပင်။

အတားအဆီး၏အတွင်းဘက်တွင် လူသူမဲ့နယ်မြေတစ်ခုရှိသည်။ ဤနယ်မြေထဲတွင် မရေမတွက်နိုင်လောက်အောင်များပြားသောအပျက်အစီးများ ပြန့်ကျဲလျက်ရှိသည်။

ထိုအပျက်အစီးပုံထဲတွင် မရေမတွက်နိုင်လောက်သောအကြွင်းအကျန်များလည်းရှိသည်။ ဤသည်မှာ လျှို့ဝှက်ဘုံတစ်ခုပင်။ ရှေးဟောင်းလျှို့ဝှက်ဘုံပေတည်း။

ထို့ပြင် ဤစိတ်တန်ခိုးရှင်ဘုံ၏အဆင့်မှာ တောင်ပိုင်းဒေသရှိ စိတ်တန်ခိုးရှင်အဆင့်သွေးအကျဉ်းထောင်ထက် ပိုမိုအဆင့်မြင့်လေသည်။ ထွန်းသစ်စယန်ဂိုဏ်း၏ဂိုဏ်းခေါင်းဆောင်နှင့်ကျန်လူများလည်း ထိုအရာကိုမြင်သောအခါ ဝမ်းပန်းတသာဖြစ်သွားကြပေသည်။

“ငါထင်တာမှန်သားပဲ။ တကယ်ကို ကံအခွင့်သင့်တဲ့အခွင့်အလမ်းကောင်းတစ်ခုရှိနေတယ်ဟ”

“အထဲဝင်ပြီး တစ်ချက်သွားကြည့်ရအောင် သွားကြမလား”

ချင်းထျန်းနျန်က ခေါင်းခါယမ်းလိုက်ပေသည်။

“ခဏနေဦး”

“ဒီလိုစိတ်တန်ခိုးရှင်ဘုံတွေထဲမှာ နေရာတိုင်း အန္တရာယ်တွေအပြည့်ပဲ။ ရုပ်သေးရုပ်ကို အရင်လွှတ်ကြည့်ရအောင်ပါ”

ချင်းထျန်နျန် သတိပေးလိုက်ပြီးနောက်မှ လူတိုင်း စိတ်ငြိမ်သွားကြချေသည်။ သုန်မှုန်နေသောအဘိုးအိုများထဲကတစ်ယောက်ဟာ ထိုစကားကိုကြားပြီး ရုပ်သေးရုပ်တစ်ရုပ်ကို ပစ်လွှတ်လိုက်သည်။

ရုပ်သေးရုပ်၏ခန္ဓာကိုယ်မှာ ဟင်းလင်းပြင်ပဋိပက္ခကိုခုခံရန်အတွက် ချိတ်ပိတ်အဆောင်များဖြင့်ကပ်ထားလေသည်။ ထိုသို့ဆိုပါက ဟင်းလင်းပြင်ပဋိပက္ခကြောင့် တိုက်ရိုက်မထိခိုက်နိုင်တော့ပေ။ ထို့နောက် သူက ရုပ်သေးရုပ်ကို အရံအတားနားသို့ချဉ်းကပ်သွားရန်စေခိုင်းလိုက်သည်။

အနားကပ်သွားသောအခါ လျှပ်တပြက်အတွင်း၌ ရုပ်သေးရုပ်လေးခမျာ မမြင်ရသောဖိအားတစ်ရပ်နှင့် ထိခတ်မိသွားလေသည်။

ထိုအခြင်းအရာကိုမြင်သော် လူတိုင်း မျက်နှာပျက်သွားကြသည်။ သုန်မှုန်နေသောအဘိုးအို၏အမူအရာကတော့ ပို၍ပင်တည်ငြိမ်နေချေသည်။ ထိုရုပ်သေးရုပ်မှာ ချန်းယွမ်ကနဦးအဆင့်ရုပ်သေးရုပ်ဖြစ်ပေသည်။

အကယ်၍ ဤရုပ်သေးရုပ်ကပါ ထိုအရာကို တစ်ခဏမျှပင် ခံနိုင်ရည်မရှိပါက သူတို့တော့ ပျက်ကိန်းဆိုက်ပြီသာ။ ထွန်းသစ်စယန်ဂိုဏ်း၏ဂိုဏ်းခေါင်းဆောင်က စိတ်ဆိုးမာန်ဆိုးဖြင့်ပြောလေသည်။

“ကျုပ်တို့ အခုဘာလုပ်ကြမလဲ”

ချင်းထျန်းနျန်လည်းရွေးချယ်စရာမရှိတော့ပေ။ သို့သော် သူ ယခုလိုမျိုးထွက်သွားလိုစိတ်မရှိပေ။ အခွင့်အရေးကား သူတို့ရှေ့တည့်တည့်၌ ရှိနေသည်မဟုတ်ပါလား။

လူတိုင်း ထိုသို့တွေးနေစဉ်မှာပင် အသံတစ်သံက ဤဟင်းလင်းပြင်ထဲတွင် ပဲ့တင်ထပ်လာပေသည်။ အသံကား တိုးဖျော့ဖျော့… ။ အသူတရာနက်သောချောက်နက်ကြီးထဲမှ လာသောအသံအလားပင်။

“အချိန်ကိုမှန်းကြည့်မယ်ဆိုရင် ဒီနေရာကို တစ်ယောက်ယောက်ရှာတွေ့သင့်နေပါပြီ”

“ဒါပေမဲ့… မင်းတို့က ဘာလို့သိပ်အားနည်းနေရတာလဲ။ မင်းတို့မှာ အရည်အချင်းများများစားစားတောင်ရှိတာမဟုတ်ဘူး”

ထိုစကားကိုကြားသော် အားလုံး မျက်နှာပျက်သွားကြရသည်။

သူတို့ဟာ တောင်ပိုင်းဒေသရှိ ထောင်ချီလှသောလူပေါင်းများစွာ၏ ကြည်ညိုလေးစားမှုကိုခံထားရသောပုဂ္ဂိုလ်များဖြစ်သည်။ သို့သော် ဤအသံကတော့ သူတို့၏ခွန်အားမှာ အလွန်အားနည်းလှပြီး အရည်အချင်းကလည်း မပြည့်စုံဟုပြောနေလေသည်။

ချင်းထျန်းနျန်၏အမူအရာမှာ တည်ငြိမ်နေပြီး လက်နှစ်ဖက်ကိုယှက်လျက် မေးလိုက်၏။

“စီနီယာက ဘယ်သူများလဲ”

ထိုအသံကလည်း တစ်ဖန်ထွက်ပေါ်လာပြန်သည်။

“ငါဘယ်သူလဲဆိုတာ ကိစ္စမရှိပါဘူး.. မင်းတို့သိစရာမလိုဘူး”

“ငါမေးပါရစေဦး။ ဒီခေတ်မှာရှိတဲ့လူတွေတိုင်းက မင်းတို့လိုအားနည်းကြတာလား”

ချင်းထျန်းနျန်က မငြင်းဆန်ပေ။ ထိုအစား သူပြောလိုက်သည်။

“ကျွန်တော်တို့ရဲ့ခွန်အားက ဒီကမ္ဘာမှာ ထိပ်တန်းတော့မဟုတ်ပါဘူး။ တခြားဂိုဏ်းဂဏကြီးတွေမှာ ကျွန်တော်တို့ထက် ပိုအစွမ်းထက်တဲ့လူတွေရှိပါသေးတယ်”

“တော်တော်ပိုသန်မာတာလား။ ဒါဖြင့် သူတို့က ဘာလို့ဒီကိုရောက်မလာတာလဲ”

“ကျွန်တော်တို့ရောက်လာတဲ့ဘုံက မတူဘူးလေ။ ဒီစိတ်တန်ခိုးရှင်ဘုံးက ကျွန်တော်တို့တောင်ပိုင်းဒေသမှာ မတော်မဆပေါ်ပေါက်လာတာ”

“နားလည်ပြီ။ သွားကြတော့။ မင်းတို့က ဒီစိတ်တန်ခိုးရှင်ဘုံကို ဝင်နိုင်တဲ့အရည်အချင်းမရှိဘူး”

ထွန်းသစ်စယန်ဂိုဏ်း၏ဂိုဏ်းခေါင်းဆောင်ခမျာ မျက်နှာအမူအရာပြောင်းသွားချေသည်။ အခွင့်အရေးကား သူတို့ရှေ့တွင် ရောက်နေလေပြီ။ သို့သော် သူကတော့ လက်လျှော့ရတော့မည်တဲ့လား။ ဤသည်မှာ အမတလမ်းစဉ်ကို ဖောက်ထွက်နိုင်မည့်အခွင့်အရေးတစ်ခုဖြစ်သည်။

“အရှင်”

သို့သော် သူ့စကားမဆုံးခင်မှာပင် ကြားဖြတ်နှောင့်ယှက်ခံလိုက်ရသည်။

“ငါ့ကို နောက်တစ်ခါထပ်ပြောရအောင်မလုပ်နဲ့။ မင်းတို့ခွန်အားနဲ့အရည်အချင်းအရဆိုရင် မင်းတို့ ပထမဆုံးစစ်ဆေးရေးဂိတ်ကိုတောင် ကျော်ဖြတ်နိုင်မှာမဟုတ်ဘူး”

ထိုသို့ပြောပြီးနောက် ဘာအသံမှထပ်မထွက်လာတော့ချေ။

လူတိုင်း မျက်နှာပျက်သွားချေသည်။

သို့သော်ငြား သူတို့ ဘာမှလည်းမပြောနိုင်ပေ။ ဤသည်မှာ အမှန်တရားဖြစ်နေသည်မဟုတ်ပါလား။

ချင်းထျန်းနျန်က သက်ပြင်းချလျက် ပြောလာလေသည်။

“ကောင်းပြီ။သွားကြစို့”

“ကျုပ်တို့ ဒီလိုမျိုးပဲလက်လျှော့လိုက်တော့မှာလား”

ချင်းထျန်းနျန်လည်း ခေါင်းခါယမ်းလိုက်သည်။

“ဘယ်ဟုတ်မလဲ။ ဒါပေမဲ့ ငါတို့တောင်ပိုင်းဒေသတစ်ခုတည်းနဲ့တော့ ဒီစိတ်တန်ခိုးရှင်ဘုံကို အနိုင်ယူနိုင်စွမ်းမရှိဘူး”

ချင်းထျန်းနျန်၏စကားကိုကြားသောအခါ လူတိုင်း၏အမူအရာ ပြောင်းလဲသွားလေသည်။ ချင်းထျန်းနျန်ဆိုလိုချင်သောသဘောကို သူတို့နားလည်လိုက်သည်။

သူက တခြားဒေသများနှင့် ပူးပေါင်းချင်နေပေသည်။ သို့သော် ထိုနည်းလမ်းအတိုင်းသွားပါက သူတို့၏ဝေစုကို ခွဲဝေပေးရတော့မည်ဖြစ်၏။

ချင်းထျန်းနျန်လည်း သူတို့ကိုကြည့်ပြီး ဩရှရှအသံဖြင့်ပြောလိုက်သည်။

“ဘာမှမရတာထက်စာရင် သူတို့နဲ့အင်အားပူးပေါင်းလိုက်တာက ပိုကောင်းပါတယ်။ အဲ့လိုမှ အတွင်းဘက်ကအခွင့်အရေးတွေကို ခံစားနိုင်မှာ”

ထိုစကားကို ကြားလိုက်ရသည့်အခါ သူတို့လည်း မည်းမှောင်နေသောအမူအရာဖြင့် သဘောတူရုံသာတတ်နိုင်လေသည်။

“သွားကြရအောင်”

အားလုံး ထွက်လာခဲ့လိုက်ကြသည်။

ဤနေရာမှ သူတို့ထွက်သွားပြီးနောက် ပုံရိပ်ယောင်ဝိညာဉ်တစ်ခုက အပျက်အစီးပုံကြီး၏အတွင်းနက်နက်ထဲမှနေ၍ ထိုမြင်ကွင်းကိုစောင့်ကြည့်နေပေသည်။

သူ ခပ်ကျိတ်ကျိတ်သက်ပြင်းချလိုက်မိသည်။

“ဒီမျိုးဆက်ရဲ့ခွန်အားနဲ့ဆိုရင် သူတို့တွေ ကောင်းကင်ဘုံလမ်းကြောင်းကို နောက်တစ်ခါထပ်မတိုက်ခိုက်နိုင်တော့မှာကို ငါစိုးရိမ်မိတယ်”

ကောင်းကင်ဘုံလမ်းမထက်ရှိလူတစ်စုမှာ အလွန်အမင်းအစွမ်းထက်လှပေသည်။ ရှေးယခင်ခေတ်များတုန်းက ပညာရှင်များဟာ နေရာတိုင်းမှာရှိနေသော်ငြား ကောင်းကင်ဘုံလမ်းမကိုတိုက်ခိုက်ရာတွင် သူတို့ကျရှုံးသွားလေသည်။

ယခုမူ ဤမျိုးဆက်၏ခွန်အားမျှဖြင့် သူတို့ ကောင်းကင်ဘုံလမ်းမကို မည်သို့တိုက်ခိုက်နိုင်လေမလဲ။

“ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက ရှာဖွေတွေ့ရှိခဲ့တဲ့အချိန်က ဒီမျိုးဆက်ပဲ”

“ဒီမျိုးဆက်မှာ ပါရမီရှင်တွေအများကြီးရှိတယ်။ ဒါက မဟာတိုက်ခိုက်ရေးခေတ်ကြီးဖြစ်လာမှာလေ”

“ငါအတွက်မှားတာပဲလား”

ပုံရိပ်ယောင်ဝိညာဉ်မှာ ခေါင်းကိုခါယမ်းလျက် တစ်ဖန်တိတ်ဆိတ်သွားပြန်လေသည်။

“အချိန်…စေ့နေပြီ”
ချင်းထျန်းနျန်နှင့်ကျန်လူများ ထိုနေရာမှထွက်သွားပြီးနောက် ထိတ်လန့်ဖွယ်သတင်းအပိုင်းအစတစ်ခုမှာ တိုက်နယ်ကြီးတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားလေသည်။

တောင်ပိုင်းဒေသရှိ ကန္တာရလွင်ပြင်တွင် ရှေးဟောင်းအပျက်အစီးပုံကြီးတစ်ခု ပေါ်ပေါက်လာပြီး အံ့ဖွယ်အခွင့်အရေးကို အရယူရန်အတွက် စိတ်တန်ခိုးရှင်ဘုံကိုဝင်ရောက်ကြရန် ဂိုဏ်းဂဏကြီးများစွာကိုဖိတ်ကြားကြလေသည်။

ထိုသတင်းထွက်လာပြီးနောက် ဂိုဏ်းဂဏပပေါင်းများစွာ ရုတ်ရုတ်သဲသဲဖြစ်သွားချေသည်။

ရှေးဟောင်းအပျက်အစီးတစ်ခု…

ဤသည်မှာ ရှေးဟောင်းပညာရှင်များ၏အမွေအနှစ်များစွာရှိသည်ဟူသောသဘောပင်။ တစ်စုံတစ်ယောက်သာ တစ်ခုခုအရယူလိုက်နိုင်ပါက ထိုသူသည် ကောင်းကင်ထိတိုင်ဆန်တက်သွားနိုင်တော့မည်ဖြစ်၏။

Comment

  1. kaungkhantsoe.1 says:

    Good

Leave a Reply

Options

not work with dark mode
Reset