တာအိုလမ်းစဉ်ရှာဖွေရေးတောင်ခြေ၌…
မုကျီချင်းက ယဲ့ချိုးပိုင်၏စကားများကိုကြားသောအခါ တစ်ခဏမျှအံ့အားသင့်သွားပြီးနောက် မျက်ဝန်းအစုံမှာ အရောင်မှိန်သွားလေသည်။
“ဒါပေမဲ့ ကျွန်မမိသားစုတောင်မှ မဖြေရှင်းနိုင်တဲ့ဟာကို…”
ထိုစကားကိုကြားသောအခါ ယဲ့ချိုးပိုင် နားလည်လိုက်သည်။
မုကျီချင်း၏ကျောထောက်နောက်ခံပုဂ္ဂိုလ်မှာ ရိုးရှင်းပုံမရချေ။
“ငါ့ဆရာကလည်း သာမန်လူတစ်ယောက်မဟုတ်ပါဘူး။ ငါ သူ့တပည့်ဖြစ်လာကတည်းက သူ မသိတဲ့အရာဆိုတာ မမြင်ဖူးခဲ့ဘူး”
“ပြီးတော့ တကယ်လို့အလုပ်မဖြစ်ခဲ့ဘူးဆိုရင်တောင် ငါတို့စမ်းကြည့်ရမယ်လေ။ မျှော်လင့်ချက်ဆိုတာ ရှိစမြဲပါ”
“ငါကျင့်ကြနေတဲ့ကျင့်စဉ်က မင်းရဲ့ရုပ်ပိုင်းဆိုင်ရာပြဿနာကို အပြည့်အဝခုခံနိုင်ခဲ့တယ်မဟုတ်ဘူးလား။ အဲ့ဒီကျင့်စဉ်က ငါ့ဆရာသင်ပေးခဲ့တာလေ”
သူ(မ)ဟာ အပြုံးလေးဖြင့်ပြောလာလေတော့သည်။
“ဒါဆို ကျွန်မ အဘိုးမုကိုသွားပြောလိုက်မယ်”
အဘိုးမုတဲ့လား။
ထိုပုဂ္ဂိုလ်မှာ တာအိုလမ်းစဉ်ရှာဖွေရေးတောင်ခြေရှိလူအိုကြီးဖြစ်နိုင်လောက်သည်ဟု တွေးလိုက်သည်။
မုကျီချင်းက ယဲ့ချိုးပိုင်အား အဘိုးအိုဆီသို့ခေါ်သွားလိုက်သည်။ အဘိုးအိုကမူ မျက်လုံးမှိတ်ထားသော်လည်း သူတို့ရောက်လာသည်ကို အာရုံခံစားမိဟန်ပင်။
“မိန်းကလေး.. ခြံဝင်းထဲကထွက်မလာဖို့ ငါမပြောထားဘူးလား”
ခြံဝင်းထဲတွင် မုကျီချင်း၏ရုပ်ပိုင်းဆိုင်ရာပြဿနာကိုဖိနှိပ်ပေးထားနိုင်သည့် တာအိုလမ်းစဉ်ရှာဖွေရေးတောင်တန်းထဲရှိတာအိုဆန္ဒနှင့် ဆက်သွယ်ချိတ်ဆက်ထားသော အစီအရင်တစ်ခုရှိသည်။
“မင်းကရော ဘာလုပ်နေတာလဲ။ မင်း တာအိုလမ်းစဉ်ရှာဖွေရေးတောင်တန်းထဲက တာအိုအမွေအနှစ်ကို ယူသွားပြီးပြီမဟုတ်ဘူးလား”
ထို့နောက်မှာမူ မုကျီချင်းက ယဲ့ချိုးပိုင်ရောက်နေရသည့်အကြောင်းကို အဘိုးမုအား ပြောပြလိုက်သည်။ အဘိုးမုကလည်း ချက်ချင်းမျက်လုံးဖွင့်လာလေသည်။ သူ့မျက်ဝန်းထဲတွင် အသက်အရွယ်ကြီးရင့်မှုကြောင့်ဖြစ်သော နောက်ကျိမှုမျိုးမရှိပေ။
ထိုအစား ကမ္ဘာကြီးထဲရှိ အရာခပ်သိမ်းကို ဖောက်ထွင်းမြင်နိုင်စွမ်းရှိသည့်အလား တောက်တောက်ပပအလင်းတစ်ခု လက်နေချေသည်။
“မင်းရဲ့ဆရာက ကျီချင်းရဲ့ရုပ်ပိုင်းဆိုင်ရာပြဿနာကို ကုသပေးနိုင်တယ်လို့ပြောနေတာလား”
ပြောနေရင်းဖြင့် သူက ဧရာမအရှိန်အဝါတစ်ခုကို ယဲ့ချိုးပိုင်ပေါ်သို့လွှမ်းခြုုဖိနှိပ်ထားလေသည်။
ယဲ့ချိုးပိုင်လည်း အနည်းငယ်အမူအရာပြောင်းသွားလေသည်။
သူဟာ ဤအရှိန်အဝါကို ခုခံနိုင်နေသည့်အကြောင်းအရင်းဖြစ်သည့် သူ့ဓားဆန္ဒများကိုထုတ်လွှတ်လိုက်သည်။
သူ့ရှေ့ရှိအဘိုးအို၏ခွန်အားမှာ အလွန်သန်မာလှသည်မှာ အသိသာချည်းပင်။
မုကျီချင်းကလည် နံဘေးမှာနေ၍ ထိုမြင်ကွင်းကိုမြင်သောအခါ ပြစ်တင်မာန်မဲလိုက်ချေသည်။
“အဘိုးမု.. ဘာလို့ ချိုးပိုင်ကိုခြောက်နေရတာလဲ”
ထိုအခါမှသာ အကြီးအကဲမုလည်း သူ့အရှိန်အဝါများကို ပြန်ရုပ်သွားပေသည်။
ယဲ့ချိုးပိုင်ကလည်း စကားဆိုလိုက်၏။
“ဟုတ်ပါတယ်။ ကျွန်တော့်ဆရာမှာ ဒါကိုဖြေရှင်းဖို့နည်းလမ်းတစ်ခုရှိပါတယ်”
“ဒါဆို မင်းရဲ့ဆရာက ကျီချင်းရဲ့ရုပ်ပိုင်းဆိုင်ရာပြဿနာအကြောင်းကိုသိထားလား”
ယဲ့ချိုးပိုင်က ခေါင်းညိတ်ပြလျက် ပြောလာလေသည်။
“ကျွန်တော့်ဆရာက သခင်မလေးမုကျီချင်းရဲ့ရုပ်ပိုင်းဆိုင်ရာပြဿနာက ရေခဲဝိညာဉ်အာရုံကြောတည်ဆောက်မှုဖြစ်တယ်လို့သိထားပါတယ်။ သူသာ အဲ့ဒါကိုဖိနှိပ်ပြီး စုပ်ယူနိုင်ရင် သူ့ကျင့်ကြံရေးအရှိန်ကိုတောင် မြှင့်တင်နိုင်မှာပါ။ တကယ်လို့ ကျရှုံခဲ့မယ်ဆိုရင်တော့ သူ့ဝိညာဉ်နဲ့ခန္ဓာကိုယ်က ထာဝရအေးခဲသွားရမှာပါ”
“ဟင်”
အကြီးအကဲမု၏အမူအရာမှာ ထိုစကားကိုကြားလိုက်ရပြီးနောက် အနည်းငယ်ပြောင်းလဲသွားရလေသည်။
ဤရုပ်ပိုင်းဆိုင်ရာပြဿနာကို ဤကမ္ဘာ၌ မှတ်တမ်းတင်ထားခြင်းမရှိပေ။ ဤကောင်လေး၏ဆရာက ဤကမ္ဘာကလူမဟုတ်တာများလား…
ထိုအကြောင်းကိုတွေးရင်း အကြီးအကဲမု၏အမူအရာမှာ တည်ငြိမ်သွားချေသည်။
“ဒါဆို ဒီရုပ်ပိုင်းဆိုင်ရာပြဿနာကိုဖြေရှင်းရမဲ့နည်းလမ်းက ဘယ်လောက်ကြမ်းတမ်းလဲဆိုတာ မင်းသိပြီးရောပေါ့ ဟုတ်တယ်မလား”
“ဆရာက သေချာပေါက်သိပါတယ်။ ဒါပေမဲ့ သူ့မှာဖြေရှင်းမဲ့နည်းလမ်းတစ်ခုရှိပါတယ်”
“တကယ်လား”
အကြီးအကဲမု မေးခွန်းထုတ်လိုက်၏။
ယဲ့ချိုးပိုင်က ခေါင်းညိတ်ပြလျက် အတည်ပြုပေးလိုက်သည်။
“ဟုတ်ပါတယ်”
သို့သော် အကြီးအကဲမုက အလွန်သင်္ကာမကင်းဖြစ်နေဆဲပင်။ သူတို့တောင် မုကျီချင်း၏ရုပ်ပိုင်းဆိုင်ရာပြဿနာကို မဖြေရှင်းပေးနိုင်ခဲ့ပေ။ ယခုမူ ယဲ့ချိုးပိုင်ဟာ သူ့ဆရာက ဖြေရှင်းပေးနိုင်သည်ဟု ဆိုလာပေသည်။
အကြီးအကဲမုမှာ ထိုစကားများကိုအခြေခံပြီး မယုံကြည်လိုက်နိုင်ချေ။
ယဲ့ချိုးပိုင်ကလည်း အကြီးအကဲမု၏တွေဝေတုံ့ဆိုင်းနေမှုနှင့် မယုံကြည်မှုကို မြင်ပုံပင်။ ပခုံးတွန့်ပြလိုက်ရင်း အဆုံးမဲ့ခံစားချက်တစ်ခုက ယဲ့ချိုးပိုင်၏ခန္ဓာကိုယ်ကို လွှမ်းခြုံပစ်လိုက်လေသည်။
ထို့နောက် သူ မုကျီချင်း၏လက်ကို ဆုပ်ကိုင်လိုက်ချေသည်။
မုကျီချင်းခမျာ မျက်နှာလေးရဲသွားလေသည်။
“မင်း… မင်း ဘာလုပ်နေတာလဲ”
အကြီးအကဲမုခမျာ ဘာမှထပ်မစဉ်းစားနိုင်တော့ချေ။ ထိုအစား သူဟာ ယဲ့ချိုးပိုင်ကိုသာ ထိတ်လန့်နေသောအမူအရာဖြင့်ကြည့်နေလေတော့သည်။
သူ့လက်များနှင့်ခန္ဓာကိုယ် ခဲမသွားပေ။
သန်မာမှုလုံလုံလောက်လောက်မရှိသူများဆိုလျှင် မုကျီချင်းအနားကိုပင် မကပ်နိုင်ကြပေ။ သူ့လို သန်မာသူများပင်လျှင် မုကျီချင်းအနားကိုကပ်သည့်အခါ အလွန်တရာသတိထားကြရသည်။ သို့မဟုတ်ပါက ရေခဲစွမ်းအင်ကြောင့် ထိခိုက်ဒဏ်ရာရပေလိမ့်မည်။
ယဲ့ချိုးပိုင်ကတော့လား…
သူ ထိုကောင်လေး၏အဆင့်ကိုကြည့်လိုက်သည်။ သူဟူ ရေအလျဉ်ပြည့်လျှံရေးအဆင့်မျှသာရှိသေးသော်လည်း မုကျီချင်း၏လက်ကို ဘာမှမဖြစ်ဘဲ ကိုင်နိုင်လေသည်။
ထိုအခိုက်အတန့်မှာ ယဲ့ချိုးပိုင်ကပြော၏။
“အကြီးအကဲမု.. အခု ကျွန်တော့်ကိုယုံသင့်နေပြီမလား။ ကျွန်တော် ဒီလိုလုပ်နိုင်တာ ကျွန်တော်ကျင်ကြံနေတဲ့ကျင့်စဉ်ကြောင့်ပါ။ ဒီကျင့်စဉ်ကို ကျွန်တော့်ဆရာ ဖန်တီးထားတာလေ”
အတော်ကြာအောင် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
အကြီးအကဲမုက ခေါင်းညိတ်ပြပြီးပြော၏။
“ကြည့်ရတာ မင်းရဲ့ဆရာက အတော်လေးအစွမ်းထက်ပုံပဲ။ ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ကျီချင်းကို မင်းနဲ့အတူထည့်ပေးလိုက်မယ်”
“ဒါပေမဲ့ မင်း သူ့ကိုကုမပေးနိုင်ဘူးဆိုရင် ချက်ချင်းပြန်ပို့ပေး။ သူ အစီအရင်ရဲ့အပြင်ဘက်မှာ ခုနစ်ရက်ထက်ပိုနေလို့မရဘူး”
“ကျီချင်းရဲ့ခန္ဓာကိုယ်ထဲက ရေခဲစွမ်းအင်ကို ခုနစ်ကျော်ကြာတဲ့အထိ မဖိနှိပ်ထားဘူးဆိုရင် အကျိုးဆက်တွေက မတွေးရဲစရာပဲ”
နားထောင်ပြီးနောက်မှာ ယဲ့ချိုးပိုင်၏အမူအရာက အနည်းငယ်တည်ငြိမ်သွားပြီး ခေါင်းညိတ်လျက်ပြောလိုက်ပေသည်။
“ကျွန်တော် နားလည်ပါပြီ”
အကြီးအကဲမုက မုကျီချင်းကိုကြည့်ပြီး ပြောလိုက်လေသည်။
“မိန်းကလေး ဝိညာဉ်ပုလဲကို အချိန်ပြည့်ဝတ်ထားဖို့မမေ့ပါနဲ့”
မုကျီချင်း ခေါင်းညိတ်ပြလိုက်ပြီး အကြီးအကဲကိုနှုတ်ဆက်ကာ တောင်ပိုင်းဒေသသို့ ထွက်လာခဲ့လိုက်သည်။
ထိုအချိန်တွင် တောင်ပိုင်းဒေသရှိသဲကန္တာရအတွင်းအနက်ပိုင်းထဲ၌…
ဟင်းလင်းပြင်အဟနေရာလေးက ဖြည်းဖြည်းချင်းကျယ်ပြန့်စပြုလာလေသည်။ ထိုနေရာမှထုတ်လွှတ်နေသော အဖျက်ဓာတ်အရှိန်အဝါကလည်း ပိုမိုသိပ်သည်းလာချေသည်။
ထိုအချိန်တွင် ချင်းထျန်းနျန်နှင့်အခြားလူများရှိနေသည့်နေရာက ချိတ်ပိတ်အစီအရင်မှာ စတင်ယမ်းခါလာချေသည်။
“သေစမ်း”
ထွန်းသစ်စယန်ဂိုဏ်း၏ဂိုဏ်းခေါင်းဆောင်မှာ မျက်နှာပျက်သွားပြီး အော်ဟစ်လိုက်လေသည်။
“ချိတ်ပိတ်အစီအရင်က မတည်မငြိမ်ဖြစ်လာပြီ”
ဤအချိန်မှာ ချိတ်ပိတ်အစီအရင်က ကြောက်မက်ဖွယ်အရှိန်အဝါကြောင့် ပျက်စီးသွားရပါက ၎င်းမှာ တောင်ပိုင်းဒေသရှိလူတိုင်းအပေါ် အကျိုးသက်ရောက်ရုံသာမက အန္တရာယ်တောထဲတွင်ရှိနေကြသူများပါ ပျက်ကိန်းဆိုက်ရချေတော့မည်။
ဤသည်မှာ ဟွမ်းယွမ်မမြင်တွေ့လိုသောအဖြစ်မျိုးသာဖြစ်၏။ အင်အားပိုကြီးမားလေလေ ရှင်သန်နေထိုင်နိုင်မည့် သက်တမ်းပိုကြာလေလေပင်။ သူဟာ သူ့အသက်ကို ပိုမိုမြတ်နိုးမိသည်သာ။
လူတိုင်းဟာ တွေဝေတုံ့ဆိုင်းနေပြီး ထွက်ပြေးကြမည့်အရိပ်အယောင်များပင်ရှိနေလေကြောင်း ချင်းထျန်းနျန် ရှင်းရှင်းလင်းလင်းအာရုံခံစားလိုက်မိသည်။
သူဟာ တည်ငြိမ်နေသောအမူအရာဖြင့်ပြောလာလေသည်။
“မလန့်ကြနဲ့။ အစီအရင်ကို ချက်ချင်းအားဖြည့်ကြ”
ထို့နောက် သူက လုချန်ရှန်းကိုကြည့်ပြီးမေးလိုက်သည်။
“ဖြေရှင်းဖို့နည်းလမ်းရှိလား”
လုချန်ရှန်းက ခေါင်းညိတ်ပြလေသည်။ ထို့နောက် လက်ကိုဝှေ့ယမ်း၍ ဝိညာဉ်ရေးရာချီစွမ်းအင်ခုနစ်သွယ်ကို ပစ်လွှတ်လိုက်သည်။
၎င်းတို့က အစီအရင်ကိုအားဖြည့်ရန်အတွက် တစ်နေရာစီခွဲထွက်သွားပေသည်။
ထိုခုနစ်နေရာထဲတွင် သေချာဂရုတစိုက်ကြည့်မည်ဆိုပါက ဝိညာဉ်ရေးရာချီစွမ်းအင်ရှိရာနေရာခုနစ်ခုဟာ ချိတ်ဆက်မိနေကြောင်း သိနိုင်ပေလိမ့်မည်။ ဤသည်မှာ စင်စစ် သည်းထိတ်ရင်ဖိုရထားတွဲ၏အရှိန်အဟုန်ပင်တည်း။
ထိုအချိန်မှာ ကောင်းကင်ထက်တွင် ကြယ်ပွင့်ခုနစ်ပွင့်လင်းလက်လာပေသည်။ ထို့နောက် အစီအရင်ထဲသို့ထိုးဆင်းလာပြီး ၎င်းကို ငြိမ်သက်သွားစေခဲ့သည်။
လုချန်ရှန်းလည်း ရထားတွဲ၏စွမ်းအားကို ချိတ်ပိတ်အစီအရင်အားဖိနှိပ်ရန် အသုံးပြုလိုက်သည်။
ထိုအချိန်တွင် အဖျက်ဓာတ်အရှိန်အဝါမှာ ချိတ်ပိတ်စွမ်းအားကြောင့် လေထုထဲသို့ဖိချခံလိုက်ရသည်။ ချိတ်ပိတ်အစီအရင်လည်း တုန်ခါမှုရပ်တန့်သွားသည်။
လူတိုင်း ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါ သူတို့၏စိတ်အစဉ် လှုပ်ယမ်းသွားရချေသည်။
ဒီကောင်လေးက တကယ်ပဲဘယ်သူများလဲ…
သူတို့ဘာမှလုပ်နိုင်စွမ်းမရှိခဲ့သော ဤအဖျက်ဓာတ်အရှိန်အဝါကို သူက တိုက်ခိုက်မှုတစ်ခုမျှဖြင့် ဖိနှိပ်ထားလိုက်နိုင်လေသည်။
ချင်းထျန်းနျန်ကလည်း ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
လုချန်ရှန်းကိုခေါ်လာသည်မှာ မှန်ကန်သောဆုံးဖြတ်ချက်တစ်ခုဖြစ်ပေသည်။ သူ့ကြောင့်သာမဟုတ်ပါက သူတို့ ဤအရာကိုကိုင်တွယ်နိုင်မည်မဟုတ်ပေ။
အမွှေးတိုင်တစ်တိုင်ထွန်းစာခန့်အချိန် ကုန်လွန်သွားလေပြီ။
ထိုအက်ကွဲကြောင်းအဟများကို အစီအရင်ဖြင့် ချိတ်ပိတ်ထားလိုက်နိုင်သည်။ ၎င်း၏အရှိန်အဝါလည်း ထွက်မလာတော့ချေ။ အလုပ်ဖြစ်ပေသည်။
ချင်းထျန်းနျန်နှင့်အခြားလူများလည်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။
လုချန်ရှန်းကမူ ပျင်းတိပျင်းလျော့အကြောဆန့်၍ ပြောလာသည်။
“ကဲ ပြီးပြီဆိုတော့ အခုပြန်လို့ရပြီလား”
ထိုအချိန်မှာ လုချန်ရှန်းဟာ အိမ်ပြန်ပြီး အနားယူချင်နေသည်။
ချင်းထျန်းနျန်ခမျာ ကူကယ်ရာမဲ့သလိုခံစားလိုက်ရပြီး ပြောလိုက်ရသည်။
“ငါတို့သွားလို့မရသေးဘူး။ အထဲကိုဝင်ဖို့နည်းလမ်းရှာပြီး စုံစမ်းစစ်ဆေးရဦးမယ်”
“ဒါဆိုလည်း ခင်ဗျားတို့ပဲဝင်သွားလိုက်ပါလား”
အထဲတွင်ရှိနေသောအရာကို လုချန်ရှန်းက လုံးဝစိတ်မဝင်စားချေ။
“ငါတို့ဝင်သွားရင် အစီအရင်ကလျော့ရဲသွားမှာစိုးလို့။ အဲ့ဒီအခါကျရင် မင်းရဲ့အကူအညီကိုလိုလိမ့်မယ်”
လုချန်ရှန်းခမျာ ရွေးချယ်စရာမရှိပါဘဲ လက်ခံလိုက်ရသည်။
“ဒါဆိုလည်းဝင်လေ။ ကျွန်တော် အပြင်ကနေ စောင့်ကြည့်ပေးမယ်။ အထဲဝင်ရမှာပျင်းလို့”
ထွန်းသစ်စယန်ဂိုဏ်း၏ဂိုဏ်းခေါင်းဆောင်နှင့် အခြားလူများမှာ ထိုအခြင်းအရာကိုမြင်ပြီး ထူးဆန်းနေသောမျက်နှာထားများကို ထုတ်ဖော်လာပေသည်။
ဤအရှိန်အဝါမှာ အလွန်အစွမ်းထက်လှသည်။ ထိုအထဲတွင် ရတနာများရှိရပေမည်။ သို့သော် ဤပုဂ္ဂိုလ်ကတော့ လုံးဝစိတ်မဝင်စားဘူးတဲ့လားလေ…။
တကယ်တမ်းတွင်လည်း လုချန်ရှန်းက ထိုကဲ့သို့သောအရာများကို စိတ်မဝင်စားပေ။