Switch Mode

အခန်း (၁၂၄)

သင်္ကေတစာလုံးကိုးလုံး

ဗုဒ္ဓဘာသာကျင့်ကြံသူဒါဇင်ခန့်က လေထုအလယ်တွင် ဝဲပျံနေပြီး နင်းချန်ရှင်းကိုဝန်းရံလျက် စကြာသဏ္ဌာန်ပုံဖော်ထားပေသည်။ မျက်စိကျိန်းဖွယ်ဗုဒ္ဓရောင်ခြည်တစ်ဖြာက ဗုဒ္ဓဘာသာကျင့်ကြံသူ၏အနောက်ဘက်၌ ပေါ်ထွက်လာချေသည်။

ချီစွမ်းအင်အလင်းတန်းများက ကောင်းကင်ထက်သို့ ဆန်တက်သွားလေသည်။

နင်းမင်နှင့် ကျန်လူများမှာ ထိတ်လန့်ကြောက်ရွံ့သွားရှာသည်။ ဗုဒ္ဓဂိုဏ်းတော်က အလွန်အမင်းဆန်းကြယ်လှပြီး ဤသည်မှာ အစသာရှိသေးပေသည်။

နင်းချန်ရှင်း တောင်ပေါ်သို့ တကယ်ပဲတက်သွားနိုင်ပါ့မလား…

“အကျိုးတော်ဆောင်ကြီး.. တောင်ပေါ်က မြန်မြန်ထွက်သွားပါ။ အဲ့လိုမှမဟုတ်ရင် ရိုင်းပျမိတဲ့အတွက် ကျုပ်တို့ကိုအပြစ်မမြင်နဲ့နော်”

သူ ဘယ်အချိန်မှာ နောက်ပြန်ဆုတ်ရမည်ဆိုသည်ကို သိသော်လည်း ယခုအချိန်မှာမူ သူ ရှေ့ကိုထပ်တိုးသွားလိုက်ပြီး ထိုဗုဒ္ဓဘာသာကျင့်ကြံသူများကို တည့်တည့်ကြည့်လိုက်သည်။

“မလုပ်နိုင်ဘူးဆိုတာသိရင်တောင်မှ လုပ်ကိုလုပ်ရမဲ့အရာတချို့ရှိတယ်”

“ကျုပ်ရဲ့နှလုံးသားထဲက တာအိုအတွက် နောက်ပြန်ဆုတ်ဖို့မဖြစ်နိုင်ဘူး”

နင်းချန်ရှင်းလည်း တာအိုသိုင်းကျမ်းကို ဖွင့်လိုက်ပြီး ထိုဗုဒ္ဓဘာသာကျင့်ကြံသူများကို တည်ငြိမ်နေသောအမူအရာဖြင့်ကြည့်လိုက်သည်။

“ခင်ဗျားတို့တွေ လိပ်ပြာလုံတယ်ဆိုရင်လည်း ဘာလို့ ကျုပ်ကိုတားနေကြသေးလဲ”

ထိုစကားကိုကြားသော် ဗုဒ္ဓဘာသာကျင့်ကြံသူများ၏အမူအရာများမှာ ပြောင်းလဲသွားလေသည်။

နင်းမင်နှင့်ကျန်လူများလည်း တိတ်ဆိတ်သွားကြချေ၏။

အမှန်ပင်.. အကယ်၍ သူတို့ဘက်က လိပ်ပြာလုံလှပါချည်ရဲ့ဆိုလျှင် အပြစ်ရှိသလိုလည်း ခံစားနေစရာမလိုချေ။ ထိုသို့ဆိုလျှင် သူတို့ ဘာကြောင့်များ သူ့ကိုတားနေရလေသလဲ။

နင်းချန်ရှင်းက ရှေ့ဆက်လာခဲ့ရင်းဖြင့် လှေကားထစ်ပေါင်း၂၀၂ထစ်အထိ ရောက်လာခဲ့သည်။

“ခင်ဗျားတို့ ကျုပ်ကိုတားချင်သပဆိုရင်လည်း စမ်းကြည့်လို့ရတယ်”

လှေကားထစ်ပေါင်း ၉၉၉ထစ်ရှိ၏။

နင်းချန်ရှင်းမှာ တစ်လှမ်းပြီးတစ်လှမ်း အပေါ်သို့တက်လာခဲ့သည်။ ဗုဒ္ဓဘာသာကျင့်ကြံသူများက ဤမြင်ကွင်းကိုမြင်သောအခါ တွေဝေတုံ့ဆိုင်းမနေတော့ဘဲ တစ်ယောက်ပြီးတစ်ယောက်တိုက်ခိုက်လာကြလေတော့သည်။

တစ်စုံတစ်ယောက်က ဗုဒ္ဓရောင်ခြည်လက္ခဏာကို ပစ်လွှတ်လာ၏။ တစ်ယောက်ကမူ ဗုဒ္ဓကျမ်းစာများ ရွတ်ဆိုနေပေသည်။ တချို့က လက်သီးချက်တစ်ချက်ပစ်သွင်းလာ၏။

တိုက်ခိုက်မှုတစ်ခုပြီးတစ်ခုက နင်းချန်ရှင်းဆီသို့ ချဉ်းကပ်လာသည်။

နင်းချန်ရှင်းကလည်း လုံးဝမရှောင်ပေ။ သူ့လက်ထဲရှိတာအိုသိုင်းကျမ်းကို ဖွင့်လှန်ထားလိုက်ပြီးဖြစ်၏။

တည်ငြိမ်နေသောအမူအရာဖြင့် သူအော်ဟစ်လိုက်သည်။

“ဖျက်ဆီးပစ်လိုက်”

မိုးကြိုးသံက ခပ်အုပ်အုပ်ထွက်ပေါ်လာပေသည်။

တစ်ခွန်းတည်းသောစကား၏စွမ်းအားပင်။

ကောင်းကင်ထက်ရှိ တိုက်ခိုက်မှုများအားလုံးသည် တစ်ခါမှမရှိခဲ့ဖူးသည့်အရာများအလား ခြေရာလက်ရာပင်မကျန်ဘဲ ချက်ချင်းပျောက်ကွယ်သွားလေသည်။

ဗုဒ္ဓဘာသာကျင့်ကြံသူများမှာ မှင်တက်သွားလေသည်။ သူတို့ရှေ့ရှိ အန္တရာယ်ပေးနိုင်ပုံမပေါ်သောပညာရှင်လေးက အလွန်အစွမ်းထက်နေလိမ့်မည်ဟု သူတို့ထင်မထားပေ။

နောက်ကျောဘက်ရှိလူများမှာ မယုံကြည်နိုင်ခြင်းများစွာကြောင့် ပါးစပ်အဟောင်းသားဖြစ်နေကြပေသည်။

တစ်ဖက်တွင်မူ နင်းမင်ခမျာ စိုးရိမ်တကြီးအမူအရာဖြင့် ဤမြင်ကွင်းကိုကြည့်နေလေသည်။

ဤပညာရှင်၏ခွန်အားမှာ နားလည်ရန် စင်စစ်ခက်ခဲလှသည်။ စကားတစ်ခွန်းတည်းမျှဖြင့် အရာခပ်သိမ်းကို ဖိနှိပ်ပစ်နိုင်ပုံပင်။

ဤပုဂ္ဂိုလ်က ဘယ်သူများလဲ။ သူ ဘယ်ဒေသကလာခဲ့လေသလဲ။

ထိုကဲ့သို့သောလူမျိုးကို သူတို့ အလယ်ပိုင်းဒေသမှာပင် မတွေ့ခဲ့ဖူးပေ။

ဗုဒ္ဓဘာသာကျင့်ကြံသူများအားလုံးမှာ တည်တည်ငြိမ်ငြိမ်ရှိနေကြသည်။ တစ်ဖက်လူက သူတိူ့ထက် ပိုသန်မာသည်မှာ သိသာပေသည်။

“အစီအရင်ချစေ”

ထိုသို့ပြောပြီးနောက် ဗုဒ္ဓဘာသာကျင့်ကြံသူများမှာ တိကျသောနေရာတစ်ခုတွင် မတ်တတ်ရပ်ကာ နင်းချန်ရှင်းကို ဝန်းရံထားလိုက်သည်။ ထို့နောက် သူတို့က လက်ခုပ်ချီလျက် ဗုဒ္ဓကျမ်းစာများကို အတူတကွရွတ်ဆိုကြလေတော့သည်။

သူတို့၏ကြားထဲရှိ နင်းချန်ရှင်းမှာ သူ့ပတ်ပတ်လည်ရှိ မရေမတွက်နိုင်အောင်များပြားသောကျောက်စာများကို မြင်လိုက်ရသည်။ ထိုစာလုံးတစ်လုံးချင်းစီမှာ ဖိနှိပ်ထားသောအရှိန်အဝါတစ်ခုခု ပါရှိလေသည်။

ဤဗုဒ္ဓဘာသာကျင့်ကြံသူများမှာ နင်းချန်ရှင်းကို ချေမှုန်းချင်နေကြသည်။ နင်းချန်ရှင်း၏အမူအရာကတော့ တည်ငြိမ်နေပေသည်။ သူ့အဖို့ သူ့ပြိုင်ဘက်က မည်မျှခွန်အားကြီးမားနေပါစေ သူ့စိတ်နှလုံးထဲကသံသယများကို အဖြေရှာရန်အတွင် တောင်ပေါ်ကို တက်သွားမှဖြစ်ပေလိမ့်မည်။

ဗုဒ္ဓဘာသာကျင့်ကြံသူအားလုံးက သူမြင်ခဲ့သလို အတူတူချည်းဟုတ်မဟုတ် မြင်ချင်လှသည်။ နင်းချန်ရှင်းလည်း သူ့လက်ထဲရှိ တာအိုသိုင်းကျမ်းကို တစ်ဖန်လှန်ဖွင့်လိုက်ပြန်သည်။

ထိုအချိန်မှာ များပြားလှသောအရှိန်အဝါများက နင်းချန်ရှင်း၏ခန္ဓာကိုယ်ကို စတင်ဝန်းရံလာလေတော့သည်။

“လာလေရော့”

ဤသည်မှာ နင်းချန်ရှင်းထုတ်သုံးလိုက်သော တာအိုသိုင်းကျမ်းထဲတွင် မှတ်တမ်းတင်ထားသည့် မန္တန်ကိုးလုံးပင်ဖြစ်၏။

ကြီးမားလှသည့် “လင်း”ဟူသောစာလုံးကြီးက နင်းချန်ရှင်းကို ဝိုင်းရံထားပြီး ကောင်းကင်ပြည့်လျှမ်းလုမတတ်သောကျောက်စာများကို ခုခံတိုက်ခိုက်နေပေသည်။

ထိုစာလုံးများဟာ “လင်း”ဟူသောချိတ်ပိတ်စာလုံးနှင့် ထိတွေ့မိသောအခါတွင် ပျောက်ကွယ်သွားကြကုန်၏။

နင်းချန်ရှင်းက ညင်သာစွာပြောလိုက်သည်။

“သွားစေ”

ချက်ချင်းပင် ချိတ်ပိတ်အဆောင်များက နေရာအရပ်ရပ်သို့ စတင်ပျံ့နှံ့သွားပေသည်။

ကျောက်စာအသစ်များကလည်း ဆက်တိုက်ဖျက်ဆီးခံလိုက်ရသည်။

ဗုဒ္ဓဘာသာကျင့်ကြံသူများက ထိုအခြင်းအရာကိုမြင်သောအခါ မျက်နှာများဖြူဖျော့သွားပြီး ဗုဒ္ဓကျမ်းစာများ ရွတ်ဆိုနှုန်းကို မြှင့်တင်လိုက်သည်။

တစ်ချိန်တည်းမှာပင် စာလုံးအရေအတွက်က ရုတ်ခြည်းမြင့်တက်သွားသည်။ ဖိနှိပ်လိုသောအင်အားကလည်း ရုတ်တရက်မြင့်တက်လာ၏။

သို့သော် ဤစာလုံးများက ချိတ်ပိတ်အဆောင်ကိုတော့ မတွန်းလှန်နိုင်သေးပေ။ ၎င်းတို့ကား လျှပ်တပြက်အတွင်း အမြစ်ဖြတ်ချေမှုန်းခံလိုက်ရသည်။

ချက်ချင်းဆိုသလိုပင် “လင်း”ဟူသောစာလုံးက ဗုဒ္ဓဘာသာကျင့်ကြံသူများတည်ဆောက်ထားသောအစီအရင်ကို ဖျက်ဆီးပစ်လိုက်သည်။

ဗုဒ္ဓဘာသာကျင့်ကြံသူများအှာ မိုးကြိုးပစ်ခံလိုက်ရသည့်အလား ခံစားလိုက်ရသည်။ သူတို့ခမျာ သွေးများအန်ထွက်လာပြီး အော်ကာဟစ်ကာဖြင့် လေထဲလွင့်သွားကြကုန်၏။

နင်းချန်ရှင်းက တာအိုသိုင်းကျမ်းကိုကိုင်လိုက်ပြီး သူတို့ကို တစ်ချက်မှမကြည့်ဘဲ ရှေ့ဆက်တိုးလာပေသည်။ သူသည် ကျောကိုခပ်မတ်မတ်တောင့်ထားလျက်သာ သူ့ခရီးကိုရှေ့ဆက်လေတော့သည်။

တစ်ချိန်တည်းမှာပင် ယဲ့ချိုးပိုင်ကလည်း လျှို့ဝှက်တာအိုပင်မကျောင်းတော်ဆီသို့ ရောက်လာလေပြီ။

ခေါင်းဆောင်ယန်က သူ့အား ပင်မခန်းမဆောင်ဆီသို့သွားရန် ပြောလာလေသည်။

“ယဲ့ချိုးပိုင် မဆိုးဘူးပဲ။ မင်းက ငါ့ကို လင်းရူဖန်ရှေ့မှာ ထင်ပေါ်ကျော်ကြားအောင်လုပ်ပေးခဲ့တယ်”

ယဲ့ချိုးပိုင်ကို မြင်မြင်ချင်း ခေါင်းဆောင်ယန်က ပခုံးပုတ်လျက် ရယ်မောလိုက်ချေသည်။

သူတို့ကျောင်းတော်ရှိလူက လျှို့ဝှက်ဓားသွားဂိုဏ်းရှိ ဘယ်သူမှမရောက်နိုင်ခဲ့သော ဓားသင်္ချိုင်းအဆုံးအထိ အရောက်သွားနိုင်ခဲ့ပေသည်။

သူဟာ ဓားသင်္ချိုင်းထဲရှိ ဓားသိုင်းပညာရှိ၏အမွေအနှစ်ကိုပင် အရယူနိုင်ခဲ့သည်။ သူ့အနေနှင့် အတော်မျက်နှာသာရခဲ့သည်ဟုပင် ဆိုနိုင်လေသည်။

ယဲ့ချိုးပိုင်က မောက်မာဟန်တစ်စက်မှမပါဘဲ ပြုံးလိုက်သည်။

ထိုအခြင်းအရာကိုမြင်သော် ခေါင်းဆောင်ယန်က တစ်ကိုယ်တည်းခေါင်းတညိတ်ညိတ်လုပ်နေချေသည်။

ယဲ့ချိုးပိုင်မှာ စိတ်နေစိတ်ထားနှင့်စွမ်းရည်အရကြည့်လျှင် အကောင်းဆုံးရွေးချယ်မှုပင်ဖြစ်၏။ ဖြစ်နိုင်မည်ဆိုပါက ခေါင်းဆောင်ယန်အနေနှင့် ယဲ့ချိုးပိုင်ကို သူ့တပည့်အဖြစ် သတ်မှတ်လိုက်ချင်သည်။

“ဒီတစ်ခေါက် ဒီကိုဘာကိစ္စနဲ့ရောက်လာတာလဲ”

ယဲ့ချိုးပိုင်က ဘာမှကွယ်ဝှက်မထားဘဲ တိုက်ရိုက်ပြောချလိုက်သည်။

“ကျွန်တော် မုကျီချင်းကို ဆရာ့ဆီခေါ်သွားချင်လို့ပါ”

“ဟင်”

မုကျီချင်းက လျှို့ဝှက်တာအိုကျောင်းတော်၏ဂိုဏ်းခေါင်းဆောင်ဖြစ်၏။

ခေါင်းဆောင်ယန်လည်း အလိုလိုသိထားသည်။

“မုကျီချင်း.. ကြည့်ရတာ မင်းတို့နှစ်ယောက်က အချင်းချင်းသိထားကြပြီးသားထင်တယ်။ ဒါဆို သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာလက္ခဏာက သာမန်မဟုတ်ဘူးဆိုတာ မင်းသိပြီးရောပေါ့။ အဲ့ဒါက ငါကိုယ်တိုင်တောင်ပြုပြင်ပေးလို့မရခဲ့တဲ့အရာပဲ”

ယဲ့ချိုးပိုင်က ပြုံး၍ပြောလိုက်သည်။

“ဆရာက ဖြေရှင်းနည်းတစ်ခုရှာတွေ့ထားပါပြီ။ အခု ကျွန်တော်တို့ မုကျီချင်းကိုခေါ်သွားဖို့ပဲ လိုတော့တာပါ”

“ဘယ်လို”

ခေါင်းဆောင်ယန်ခမျာ မှင်တက်သွားရချေသည်။

မုကျီချင်း၏နောက်ခံမှာ အလွန်ဆန်းကြယ်လှသည်။ ထို့ပြင် ဤနေရာ၌ သူ(မ)ကိုစောင့်ကြပ်ပေးနေသောပုဂ္ဂိုလ်ဆိုလျှင် လက်ရှိအချိန်တွင် တာအိုလမ်းစဉ်ရှာဖွေရေးတောင်တန်းအောက်မှာ စောင့်ကြပ်ပေးနေလေသည်။

ခေါင်းဆောင်ယန်ကိုယ်တိုင်ပင် ထိုလူအိုကြီး၏ခွန်အားကို မယှဉ်နိုင်ကြောင်း ဝန်ခံရပေမည်။

မုကျီချင်း၏နောက်ကွယ်ကစွမ်းအားမှာ မည်မျှကြောက်ဖို့ကောင်းကြောင်း သိနိုင်ပေသည်။ ဤပြဿနာမှာ သူတို့ကိုယ်တိုင်ပင် မဖြေရှင်းနိုင်သောအရာတစ်ခုပင်။

သို့သော် ယဲ့ချိုးပိုင်ကတော့ သူ့ဆရာကဖြေရှင်းပေးနိုင်သည်ဟု ပြောနေလေရဲ့။ ယဲ့ချိုးပိုင်၏ဆရာက လျှို့ဝှက်စွမ်းအားကြီးပုဂ္ဂိုလ်များဖြစ်နေလေမလား။

“မင်းရဲ့ဆရာက ဘယ်သူလဲဆိုတာ ငါမေးလို့ရမလား”

ယဲ့ချိုးပိုင်က တစ်ခဏမျှတွေးကြည့်လိုက်သည်။ အကယ်၍ သူ့ဆရာကိုသာ ဖော်ထုတ်လိုက်မိပါက သူ့အသက်ကိုဆုံးရှုံးရပေလိမ့်မည်။

သူဟာ ကူကယ်ရာမဲ့စွာခေါင်းခါယမ်းလျက် ပြောလာပေသည်။

“ကျွန်တော့်ဆရာက သူ့သရုပ်မှန်ကို လူသိမခံချင်ဘူး”

ထိုစကားကိုကြားသည့်တိုင် ခေါင်းဆောင်ယန်မှာ အံ့သြမသွားပေ။

သူ ခေါင်းညိတ်လျက်ပြောလိုက်သည်။

“ကောင်းပြီ။ သူ့ကိုသွားရှာချေ။ မင်းနဲ့အတူ သူလိုက်မလိုက်ဆိုတာကတော့ မင်းအပေါ်ပဲမူတည်တယ်”

ယဲ့ချိုးပိုင်လည်း အသာအယာဦးညွှတ်လိုက်သည်။

“ကျေးဇူးတင်ပါတယ် ခေါင်းဆောင်”

“သွားလေ”

တာအိုလမ်းစဉ်ရှာဖွေရေးတောင်ခြေရှိ မြစ်ကမ်းဘေးနားတွင် အဖြူရောင်ဆံပင်များကို ကျောပေါ်ဖြန့်ချထားသောမုကျီချင်းက မြစ်ဘေးနားမှာ ဆောင့်ကြောင့်ထိုင်နေပေသည်။

သူ(မ)ပတ်ပတ်လည်တွင် မြစ်ရေများကား ခဲနေချေသည်။ သူ(မ)ဘေးနားရှိမြေပြင်ထက်တွင် အနက်ရောင်အမှတ်အသားတစ်ခုရှိနေပေသည်။ ဤနေရာတွင် မီးလောင်ကျွမ်းထားလေကြောင်း ရှင်းနေပေသည်။

သူ(မ)၏အကြည့်က အာရုံစူးစိုက်မှုမရှိပေ။ သူ(မ) ဘာတွေးနေသလဲဆိုသည်ကို မည်သူမှမသိနိုင်ပေ။

ထိုအချိန်တွင် မုကျီချင်း၏ဘေးမှ အသံတစ်သံထွက်ပေါ်လာသည်။

“ဘာလို့လဲ။ ငါးကင်ထပ်စားချင်နေပြန်ပြီလား”

မုကျီချင်းက အနည်းငယ်မှင်တက်သွားရှာသည်။

သူ(မ)လည်း ပြုံးပြနေသောယဲ့ချိုးပိုင်ကို မော့ကြည့်ပြီး ပြန်ပြုံးပြလိုက်သည်။

“ရှင် ရောက်လာတာပဲ”

သူ(မ)၏စကားလုံးများမှာ အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေပေသည်။

ယဲ့ချိုးပိုင်ကလည်း ပြုံးပြုံးလေးခေါင်းညိတ်ပြသည်။

“ဒီရုပ်ပိုင်းဆိုင်ရာပြဿနာကိုဖြေရှင်းလို့ရမရ ဆရာ့ကိုမေးပေးမယ်လို့ ငါမင်းကိုပြောခဲ့တယ်လေ”

မုကျီချင်းခမျာ အနည်းငယ်အံ့သြသွားရှာလေ၏။

“နည်းလမ်းရှိတယ်ဆိုတဲ့သဘောလား”

ယဲ့ချိုးပိုင်က ခေါင်းညိတ်ပြပြီး ပြောလာလေသည်။

“သွားကြစို့။ ငါ့ဆရာကိုသွားတွေ့ဖို့ တောင်ပိုင်းဒေသကိုလိုက်ခဲ့လေ”

Comment

Leave a Reply

Options

not work with dark mode
Reset