Switch Mode

အခန်း (၁၂၃)

မရိုးသားခြင်း

နင်းချန်ရှင်း၏စကားများကိုကြားသောအခါ စားသောက်ဆိုင်ကြီး ရုတ်ခြည်းတိတ်ဆိတ်သွားရလေသည်။

သိမ်မွေ့ပြီး အန္တရာယ်မပြုတတ်ပုံပေါ်သောပညာရှင်လေးမှာ ဗုဒ္ဓဂိုဏ်းတော်၏ခွန်အားကို နားမလည်ရှာပေ။ သို့မဟုတ်ပါက သူဟာ ဗုဒ္ဓဂိုဏ်းတော်ထဲမှ ခြေရာလက်ရာမပျက်ပြန်ထွက်လာနိုင်လိမ့်မည်ဟု ထင်နေလေသလား။
နင်းမင်ဟာ လေးလေးနက်နက်ရှိလှသောနင်းချန်ရှင်းကို စိုးရိမ်နေသောအကြည့်ဖြင့်ကြည့်လိုက်မိသည်။

ဤပုဂ္ဂိုလ်က ထိုစကားများကိုပြောရလောက်သည်အထိ ရူးမိုက်လှခြင်းမျိုးလည်းဖြစ်နိုင်သည်။ သို့မဟုတ်ပါက သူ့မှာ အားထားစရာတစ်ခုခုရှိနေခြင်းမျိုးလည်း ဖြစ်နိုင်သည်။ နင်းမင်လည်း ဤသည်မှာ နောက်ပိုင်းပြဿနာမျှသာဖြစ်ကြောင်း ခံစားမိသည်။

ဗုဒ္ဓဂိုဏ်းတော်၏စွမ်းအားကို မကြားဖူးသူရှိပါလေသလား။

သူတို့က နယ်မြေလေးခုလုံးအနှံ့ကလာသော တပည့်များစွာရှိပါသည့် အနောက်ပိုင်းဒေသတွင်းအင်အားစုကြီးတစ်ရပ်ဖြစ်သည်။

နင်းမင်ကတော့ ဗုဒ္ဓမြို့တော်ထဲမှာ ယခုလိုအရူးအနှမ်းတစ်ယောက်ရှိလိမ့်မည်ဟု မယုံကြည်ပေ။

ဗုဒ္ဓဂိုဏ်းတော်၏တားမြစ်နယ်မြေထဲတွင် ဗုဒ္ဓဂိုဏ်းတော်အကြောင်း မကောင်းပြောနေသေးသည့်အပြင် သူပြောလိုက်သည့်စကားများကလည်း အလွန်တရာစိတ်ထိခိုက်နာကျင်စရာပင်။ ဤသို့ဆိုပါက ဤပညာရှင်လေး အားကိုးအားထားပြုနေသည့်အရာဟာ ဘာများလဲ။

နင်းမင်လည်း အခြေအနေကိုဆက်လက်စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ဗုဒ္ဓဂိုဏ်းတော်အတွက် ခုခံပေးကြသူများကတော့ နင်းချန်ရှင်းစကားများကိုကြားပြီး အေးတိအေးစက်ရယ်မောလိုက်ပေသည်။

“ကြည့်ရတာ မင်း တာဝန်ယူခိုင်းဖို့အတွက်နဲ့ ဗုဒ္ဓဂိုဏ်းတော်ဆီကိုသွားချင်နေတုန်းပဲထင်တယ်”

“မင်း ငါတို့ကိုတောင်ဖြတ်သွားနိုင်မှာမဟုတ်ပါဘူး”

ဤသည်မှာ ဗုဒ္ဓဂိုဏ်းတော်၏ ကြောက်မက်ဖွယ်ရှုထောင့်ဆိုလည်း မမှားပေ။ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူများနှင့် တပည့်တပန်းများမှာ အလွန်အမင်းသစ္စာရှိကြလေသည်။

နင်းချန်ရှင်းက ဤမြင်ကွင်းကိုမြင်ပြီးနောက် စိတ်နှလုံး လေးလံသွားရချေသည်။

ဗုဒ္ဓဂိုဏ်းတော်၏ယုံကြည်သက်ဝင်သူများမှာ အလွန်သစ္စာရှိကြလေသည်။

အကယ်၍ သူတို့သာ ထိုဆန်ကုန်မြေလေးများနှင့် အတူတူပဲဆိုပါက အဆုံးကျလျှင် ဤကမ္ဘာကြီး ထိခိုက်ရပေလိမ့်မည်။

ဤသို့ဖြင့် ဗုဒ္ဓကာကွယ်သူသုံးဦးက နင်းချန်ရှင်းအနားကို ဖြည်းဖြည်းချင်းချဉ်းကပ်လာသည်။

သူတို့၏အမူအရာကတော့ ဖော်ရွေမှုမရှိ။

နင်းချန်ရှင်းကလည်း သူတို့သုံးယောက်ကိုကြည့်၍ ပြောလိုက်သည်။

“ငါ မင်းကိုတိုက်ခိုက်လိုစိတ်မရှိဘူး”

သူတို့သုံးယောက်သားကမူ နှာခေါင်းရှုံ့ပြီး သူတို့၏အရှိန်အဝါများကို ထုတ်လွှတ်ကာ တိုက်ခိုက်ရန်ပြင်လာပေသည်။

သူတို့အားလုံးမှာ ပင်လယ်ရေလှိုင်းကနဦးအဆင့်ကို ရောက်ထားကြသည်။

နင်းချန်ရှင်းမှာ သက်ပြင်းသာချမိတော့သည်။

ရန်သူများကိုချေမှုန်းအတွက် တာအိုသိုင်းကျမ်းကို သူထုတ်တော့မည့်ဆဲဆဲ၌ စားသောက်ဆိုင်ထဲမှ အသံတစ်သံထွက်ပေါ်လာပေသည်။

“မင်းတို့အချင်းချင်း ဘယ်လိုရန်ငြိုးပဲရှိရှိ ငါဂရုမစိုက်ဘူး။ ဒါပေမဲ့ စားသောက်ဆိုင်ထဲမှာ ပြဿနာရှာမယ်ဆိုရင်တော့ ငါ့ရဲ့ရိုင်းပျမှုကြောင့် အပြစ်မမြင်ပါနဲ့”

အသံကား တိုးဖျော့ဖျော့။ သို့သော် အရှိန်အဝါကတော့ ထိပ်တန်းပင်။

လူတိုင်း ထိတ်လန့်သွားကြကုန်၏။

ထိုလူသုံးယောက်လည်း မျက်နှာပျက်သွားပြီး ထိုအခိုက်အတန့်မှာပင် သူတို့အရှိန်အဝါများကို ပြန်ရုပ်သိမ်းလိုက်လေသည်။ ဤစားသောက်ဆိုင်ပိုင်ရှင်ကိုစော်ကားဖို့ မဖြစ်နိုင်ပေ။

“မင်း ကံကောင်းသွားတယ်မှတ်ပါ”

သုံးယောက်သား လှည့်ပြန်သွားကြလေသည်။

ထိုအခြင်းအရာကိုမြင်သော် နင်းချန်ရှင်း ခေါင်းကို အသာအယာခါယမ်းလိုက်ပြီး စားသောက်ဆိုင်ထဲက ထွက်ခွာရန်ပြင်လိုက်သည်။ နင်းမင်က ထိုအခြင်းအရာကိုမြင်သော် မေးခွန်းထုတ်လိုက်သည်။

“သခင်လေး… ခင်ဗျား ဗုဒ္ဓဂိုဏ်းကိုသွားမလို့လား”

ထိုစကားကိုကြားသည့်အခါ နင်းချန်ရှင်းက တုံခနဲရပ်တန့်သွားပြီး အသာအယာခေါင်းညိတ်ပြသည်။

နင်းမင်က သူ့ကို သတိထပ်ပေးလိုက်သည်။

“ဗုဒ္ဓဂိုဏ်းတော်က သိပ်မရိုးရှင်းဘူးနော်။ သခင်လေး.. ခင်ဗျား သတိထားသင့်တယ်”

တစ်ဖက်လူ၏ကောင်းမွန်သောရည်ရွယ်ချက်ကို မြင်လိုက်ရသောအခါ နင်းချန်ရှင်းပြုံးလိုက်မိသည်။

“လုပ်ကိုလုပ်ရမဲ့အရာတွေရှိတယ်လေ”

ဤသို့ဖြင့် သူ စားသောက်ဆိုင်ထဲမှ ထွက်ခွာလာခဲ့လိုက်သည်။

ထိုအဖြစ်ကိုမြင်သော် နင်းမင်နှင့်အခြားလူများလည်း နောက်ကလိုက်သွားရန် ဆုံးဖြတ်ချက်ချလိုက်သည်။

ထိုအချိန်တွင် စားသောက်ဆိုင်ထဲရှိ အခန်းတစ်ခန်းထဲ၌ အမျိုးသားနှစ်ယောက်က ထိုမြင်ကွင်းကိုမြင်ပြီးနောက် မရယ်ဘဲမနေနိုင်ပေ။

“ကြည့်ရတာ တစ်ယောက်ယောက်ကတော့ ဗုဒ္ဓဂိုဏ်းတော်ရဲ့မကောင်းတဲ့ဘက်အခြမ်းကို ရှာတွေ့သွားပုံပဲ”

“အဟင်း.. ဒါကိုသိတဲ့လူတွေ အများကြီးပဲမဟုတ်လား။ ဗုဒ္ဓဂိုဏ်းက တအားအစွမ်းထက်နေလို့သာ သူတို့က အဲ့ဒီအပေါ်ယံအလွှာကိုခွာချပစ်ဖို့ သတ္တိမရှိကြတာ”

ထိုအမျိုးသားက ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါယမ်းလိုက်ပြီးပြော၏။

“ငါတို့က ဘာလုပ်နိုင်မှာလဲကွာ။ ဒီလိုမြင်ကွင်းမျိုးဖန်တီးတဲ့လူက ဘယ်တုန်းကများ အဆုံးသတ်လှဖူးလို့လဲ”

“ဘာလို့လဲ။ မင်းပြောတဲ့စကားအရဆိုရင် မင်း အဲ့ဒီပညာရှင်လေးကို ကာကွယ်ပေးချင်နေတာမလား”

ထိုအမျိုးသားက ခေါင်းခါယမ်းပြသည်။

“ဗုဒ္ဓဂိုဏ်းတော်က သိပ်ဆန်းကြယ်တာကွ။ သူတို့သာ ဒီကောင်လေးကိုသတ်ပစ်ချင်ရင် ငါလည်း ဘာမှမလုပ်နိုင်ဘူး”

ဗုဒ္ဓဂိုဏ်းတော်က ဗုဒ္ဓမြို့တော်၏မြောက်ဘက်တွင် တည်ရှိလေသည်။

ဤနေရာတွင် ဗုဒ္ဓတောင်တန်းဟုခေါ်သော ကောင်းကင်ကိုထိလုမတတ်သော ဧရာမတောင်တန်းကြီးတစ်ခုရှိသည်။

ထိပ်ပိုင်းတွင် ဗုဒ္ဓရောင်ခြည်လင်းလက်နေသော ခန်းမတစ်ခုရှိ၏။ တချို့တစ်ဝက်က တိမ်အောက်တွင် ထင်သာမြင်သာရှိလှပြီး အများစုကမူ တိမ်တိုက်များအကြား ပုန်းအောင်းနေပေသည်။

နင်းချန်ရှင်းလည်း ဗုဒ္ဓတောင်ခြေအောက်သို့ ရောက်လာခဲ့သည်။ ဤနေရာတွင် တင်ပျဉ်ခွေထိုင်နေသော ဗုဒ္ဓဘာသာကျင့်ကြံသူနှစ်ဦးရှိ၏။

နင်းချန်ရှင်းရောက်လာသည်ကိုမြင်သောအခါ ဗုဒ္ဓဘာသာကျင့်ကြံသူတစ်ယောက်က မေးလာလေသည်။

“ဒီကို ဘာအတွက်ရောက်လာတာလဲ”

နင်းချန်ရှင်း ကိုယ့်ဘာသာတွေးနေမိသည်။

“ကျွန်တော် နားမလည်တဲ့အရာတစ်ခုရှိလို့ အဖြေရှာဖို့ ဒီနေရာကိုရောက်လာတာပါ”

“ဘာကြီးလဲ”

“ဗုဒ္ဓဘာသာကျင့်ကြံသူတွေအားလုံးက ကြောင်သူတော်တွေချည်းပဲလား”

ထိုစကားကိုကြားသော် ဗုဒ္ဓဘာသာကျင့်ကြံသူနှစ်ဦးက ချက်ချင်းမျက်လုံးဖွင့်လာကြသည်။

“မင်းကများ…”

သူတို့က အော်ဟစ်လျက် ရွှေရောင်လက်ဝါးအမှတ်အသားနှစ်ခုကိုသုံး၍ နင်းချန်ရှင်းအား ဖိနှိပ်ထားလိုက်ပေသည်။

နင်းချန်ရှင်း မရှောင်လိုက်ပေ။ သူက တာအိုသိုင်းကျမ်းကို လက်ထဲတွင်ကိုင်ထားလေသည်။ သူ့နှုတ်ဖျားမှ စကားတစ်ခွန်းထွက်ကျလာသည်။

“ဖိနှိပ်စေ”

လျှပ်တပြက်အတွင်းမှာပင် ရွှေရောင်လက်ဝါးအမှတ်အသားနှစ်ခု ချက်ချင်းပျောက်ကွယ်သွားလေတော့သည်။

ဗုဒ္ဓဘာသာကျင့်ကြံသူနှစ်ဦးမှာ ထိတ်လန့်သွားရပြီးနောက် ဖိနှိပ်ရေးချိတ်ပိတ်အဆောင်ဖြင့် ဖိနှိပ်ခြင်းခံလိုက်ရသည်။

နင်းချန်ရှင်းက သူတို့နှစ်ယောက်ကိုလျစ်လျူရှု၍ ဗုဒ္ဓတောင်တန်းပေါ်သို့ တက်သွားလိုက်သည်။

နင်းမင်နှင့်အခြားလူများမှာ ဤမြင်ကွင်းကိုမြင်သောအခါ ကြောက်ရွံ့ထိတ်လန့်သွားကြကုန်၏။

ဤပညာရှင်လေး၏ပုံစံမှာ ကြင်နာပုံပေါ်ပေသည်။

သူ တိုက်ရိုက်ဖိနှိပ်လိုက်နိုင်မည်ဟု မည်သူထင်ထားပါအံ့နည်း။

ဗုဒ္ဓတောင်ခြေမှ တောင်ခါးပန်းအထိရောက်ရန် ခြေလှမ်းပေါင်း၉၉၉လှမ်း သွားရပေမည်။

အရှေ့ကို ခရီးဆက်လိုပါက ဗုဒ္ဓဘာသာကို လေးစားကြောင်း ဒူးထောက်ပြရမည်ဖြစ်ပြီး ဆယ်လှမ်းလှမ်းပြီးတိုင်းမှာ ဗုဒ္ဓကိုပူဇော်ရမည်။

ဗုဒ္ဓဂိုဏ်းတော်၏အဆိုအရ ဗုဒ္ဓကိုရှိခိုးဦးချလိုပါက ကြည်ညိုဖို့လည်းလိုပေသည်။

ထိုဆန်ကုန်မြေလေးဗုဒ္ဓဘာသာကျင့်ကြံသူများကို မြင်ပြီးနောက်မှာ နင်းချန်ရှင်းအနေနှင့် ဘယ်လိုများကြည်ညိုနိုင်ပါတော့မလဲ။

ဗုဒ္ဓလှေကားထစ်များပေါ်ကို သူချက်ချင်းလှမ်းလိုက်ပြီး တစ်လှမ်းပြီးတစ်လှမ်းတက်သွားလိုက်သည်။

လူတချို့က လှေကားထစ်များပေါ်မှာ ဒူးထောက်နေကြလေသည်။ နင်းချန်ရှင်း ဒူးမထောက်သည်ကို သူတို့မြင်လိုက်ရသောအခါ အနည်းငယ်မှင်တက်သွားကြကုန်၏။

မကြာမီမှာ နင်းချန်ရှင်း လှေကားထစ်ငါးဆယ်အထိ ရောက်လာခဲ့သည်။

ထိုအချိန်တွင် ဗုဒ္ဓဘာသာကျင့်ကြံသူသုံးယောက်က နင်းချန်ရှင်း၏လမ်းကြောင်းကို ပိတ်ထားလိုက်ချေသည်။ သူတို့က မျက်မှောင်ကြုတ်လျက် မေးလိုက်၏။

“မင်း ဘာလို့ဦးမညွှတ်တာလဲ”

နင်းချန်ရှင်းကလည်း ပြန်မေးလိုက်သည်။

“ဘာလို့ဦးညွှတ်ရမှာလဲ”

ဗုဒ္ဓဘာသာကျင့်ကြံသူတစ်ဦးက လက်အုပ်ချီ၍ ပြောလာသည်။

“အောမီတောဖော.. မင်းရဲ့စိတ်နှလုံးထဲမှာ စစ်မှန်တဲ့ကြည်ညိုမှုမရှိဘူးဆိုရင် ဗုဒ္ဓကိုဖူးမြော်ဖို့ တောင်ပေါ်ကိုတက်ခွင့်ရမှာမဟုတ်ဘူး”

ဤလူက သူ ဗုဒ္ဓဂိုဏ်းတော်ကိုသွားမည့်လမ်းကြောင်းမှာ အမှန်တကယ်တိုက်ခိုက်ချင်နေလေသလား။

လူတိုင်း၏ကြောက်လန့်နေသောအကြည့်များအောက်တွင် လက်ဝါးအမှတ်အသားများမှာ ပျောက်ကွယ်သွားပေသည်။

“ဗုဒ္ဓက တကယ်ပဲကိုးကွယ်ဖို့ထိုက်တန်လို့လား”

ဗုဒ္ဓဘာသာကျင့်ကြံသူသုံးယောက်၏မျက်နှာများ မည်းမှောင်သွားရချေသည်။

“ကြည့်ရတာ မင်းက ဒီနေရာကိုပြဿနာလာရှာတာထင်တယ်”

နင်းချန်ရှင်း တစ်ကိုယ်တည်းတွေးနေမိသည်။

‘ဒီနေရာကိုလာတာ သံသယတွေကိုရှင်းလင်းဖို့ပဲ’

“ဒါဆိုလည်း မင်း ရှေ့ဆက်သွားဖို့မဖြစ်နိုင်တော့ဘူးထင်တယ်။ တောင်အောက်ကိုပြန်ဆင်းတော့”

ဗုဒ္ဓဘာသာကျင့်ကြံသူများ၏တောင်းဆိုချက်ကို နင်းချန်ရှင်းက မလိုက်နာဘဲ ရှေ့ဆက်တိုးလိုက်လေသည်။ ထိုအဖြစ်ကိုမြင်သော် ဗုဒ္ဓဘာသာကျင့်ကြံသူသုံးဦးက တခြားဘာမှထပ်မပြောတော့ဘဲ တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်ကြလေတော့သည်။

ဗုဒ္ဓဘာသာကျင့်ကြံသူသုံးဦးမှာ ဗုဒ္ဓရောင်ခြည်များလင်းလက်လာပြီး တစ်ယောက်ချင်းစီက ဧရာမလက်ဝါးအမှတ်အသားတစ်ခုကို ထုတ်လွှတ်လိုက်ကြသည်။

ဤဗုဒ္ဓဘာသာကျင့်ကြံသူသုံးယောက်က တောင်ခြေမှာတွေ့ခဲ့သည့်ဗုဒ္ဓဘာသာကျင့်ကြံသူများထက် ပိုသန်မာလေသည်။

နင်းချန်ရှင်းက တာအိုသိုင်းကျမ်းကိုကိုင်ထားပြီး ရှေ့ဆက်တိုးလိုက်၏။ ထို့နောက် သူ တာအိုသိုင်းကျမ်းကို ဖွင့်လိုက်လေသည်။

“ဖူ”

“ဖူ”ချိတ်ပိတ်အဆောင်တစ်ခုက သူ့အား နှုတ်ခွန်းဆက်လာချေသည်။

နင်းမင်နှင့်အခြားလူများအပြင် ဗုဒ္ဓကိုပူဇော်ဖို့ တောင်ပေါ်တက်လာကြသောလူများလည်း ထိုမြင်ကွင်းကိုမြင်လိုက်ရပြီးနောက် မယုံမကြည်နိုင်လောက်အောင် ဖြစ်သွားကြသည်။

ဤလူက ဗုဒ္ဓဂိုဏ်းတော်ထဲသွားဖို့ တကယ်တိုက်ခိုက်ချင်နေတာလား…

လူတိုင်း၏ကြောက်လန့်နေသောအကြည့်များအောက်မှာ လက်ဝါးအမှတ်အသားများ ပျောက်ကွယ်သွားပေသည်။ ဗုဒ္ဓဘာသာကျင့်ကြံသူသုံးယောက်လည်း တွန်းလှန်ခံလိုက်ရချေသည်။

သွေးစိမ်းရှင်ရှင်များ ပန်းထွက်လာပြီး ထိုလူတစ်သိုက်ခမျာ မှိန်ဖျော့ဖျော့အရှိန်အဝါတစ်ခုနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားလေရာ ထပ်မံတိုက်ခိုက်နိုင်တော့မည်မဟုတ်သည်မှာ ရှင်းလင်းသွားလေပြီ။ ယခုတော့ သူတို့ခမျာ နင်းချန်ရှင်း ရှေ့ဆက်သွားသည်ကိုသာ ကြည့်နေကြရလေတော့သည်။

ဗုဒ္ဓဘာသာကျင့်ကြံသူတစ်ယောက်က အသံပို့လွှတ်မှုတခုပြုလုပ်လိုက်သည်။

“ကျူးကျော်သူရှိတယ်”

တောင်ပေါ်ရှိ ဗုဒ္ဓဘာသာကျင့်ကြံသူများမှာ ထိုသတင်းကို လက်ခံရရှိလိုက်သောအချိန်မှာ ကြက်သေသေသွားကြချေသည်။ ဗုဒ္ဓတောင်တန်းပေါ်သို့ မည်သူမှကျူးကျော်မလာတော့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့လေပြီ။

ထို့နောက်မှာတော့ သူတို့အားလုံး လှေကားထစ်များဆီသို့ အသည်းအသန်အပြေးနှင်ကြလေတော့သည်။

နင်းချန်ရှင်းက ဒူးလည်းမထောက်သလို ကြည်ညိုခြင်းလည်းအလျဉ်းမရှိဘဲ တစ်လှမ်းပြီးတစ်လှမ်း ရှေ့ဆက်လျှောက်လာပေသည်။

မကြာမီ သူ လှေကားထစ်ပေါင်း၂၀၀အထိ ရောက်လာခဲ့သည်။

ထိုအချိန်မှာ ဗုဒ္ဓဘာသာကျင့်ကြံသူဆယ်ယောက်ကျော်က ကောင်းကင်ထက်မှ ဆင်းသက်လာချေသည်။

ဒါဇင်ချီခန့်ရှိသော ထိုဗုဒ္ဓဘာသာကျင့်ကြံသူများမှာ ဗုဒ္ဓရောင်ခြည်များ ထုတ်လွှတ်လိုက်ကြသည်။ သူတို့၏ကျင့်ကြံရေးအဆင့်မှာ ထူးခြားလှပြီး အများစုက ပင်လယ်ရေလှိုင်းအထွတ်အထိပ်အဆင့် ရှိကြလေသည်။

သူတို့ထဲမှသုံးယောက်က ရေအလျဉ်ပြည့်လျှံရေးအဆင့်ကိုပင် ရောက်နေလေပြီ။

“မင်း ဒီထက်ပိုပြီးရှေ့ဆက်လို့မရတော့ဘူး”

Comment

Leave a Reply

Options

not work with dark mode
Reset