Switch Mode

အခန်း (၁၂၂)

မြင်ရကြားရသမျှအရာရာ

တောင်ပိုင်းသဲကန္တာရ၊ လူသူကင်းမဲ့ရာနယ်မြေ…

သဲကန္တာရထဲတွင် သေစေနိုင်လောက်သောမှော်ဝင်သားရဲအမျိုးအစားပေါင်းများစွာရှိရုံကြောင့်သာမက ဝိညာဉ်ရေးရာချီစွမ်းအင်ကလည်း အလွန်ပါးလျသောကြောင့် လူသူဆိတ်ငြိမ်နေရခြင်းဖြစ်၏။

သိုင်းပညာကျင့်ကြံသူများအနေနှင့် ဤနေရာမှာတိုက်ခိုက်မှုပြုပါက သူတို့ခန္ဓာကိုယ်ထဲရှိဝိညာဉ်ရေးရာစွမ်းအင်များ အဆက်မပြတ်ကုန်ခမ်းရပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် ပြင်ပကမ္ဘာရှိဝိညာဉ်ရေးရာချီစွမ်းအင်ကိုလည်း စုပ်ယူ၍မရနိုင်ပေ။

ထို့ကြောင့် ဤနေရာမှာ အချိန်အတော်ကြာအောင်တိုက်ခိုက်၍မဖြစ်နိုင်ပေ။ သာမန်လူများမှာ ဤနေရာရှိမှော်ဝင်သားရဲများကို မကိုင်တွယ်နိုင်ကြပေ။

ဤနေရာတွင်သိုင်းပညာကျင့်ကြံကြသော ကျင့်ကြံသူများ၏ကျွမ်းကျင်မှုမှာလည်း အလွန်နိမ့်ပါးလှသည်။

ထိုအခိုက်တွင် တောင်ပိုင်းဒေသ၏ပညာရှင်များမှာ ဤနေရာတွင် အစီအရင်များတည်ဆောက်နေကြပေသည်။ သူတို့ခန္ဓာကိုယ်ထဲတွင် သိုမှီးထားသောစွမ်းအင်များကို အချိန်ပြည့်ထိန်းသိမ်းထားရမည်ဖြစ်၏။

“အားလုံးပဲ စကြစို့”

ချင်းထျန်းနျန်က လုချန်ရှန်းကိုကြည့်၍ ပြောလိုက်သည်။

“အစီအရင်ကို တည်ငြိမ်အောင်လုပ်ဖို့မမေ့နဲ့။ အခွင့်အရေးရရင် အားဖြည့်ပေးဖို့မမေ့နဲ့”

အားဖြည့်ပေးရမည်တဲ့လား။

လုချန်ရှန်း ခေါင်းညိတ်ပြလိုက်သည်။

ချက်ချင်းပင် လူအားလုံး သူတို့၏ကျင့်ကြံစဉ်များကို စတင်ထုတ်လွှတ်ကြလေတော့သည်။

သူ ချိတ်ပိတ်အစီအရင်ကို အသက်သွင်းလိုက်လေရာ ချိတ်ပိတ်စွမ်းအင်တန်းများက ကျဉ်းမြောင်းလှသောအက်ကွဲကြောင်းအဟများထဲကို စတင်စုစည်းသွားလေတော့သည်။

ဤဟင်းလင်းပြင်မှာ အလွန်အမင်းမတည်မငြိမ်ဖြစ်နေလေသည်။ အထဲကို သူဝင်ရောက်လိုပါက ၎င်းကိုတည်ငြိမ်အောင်လုပ်ရန်အတွက် ချိတ်ပိတ်အစီအရင်ကို အသုံးပြုရမည်ဖြစ်၏။

သို့မှသာ အထဲကိုဝင်ပြီး ဤလေဟာပြင်ထဲတွင် မည်သည့်အရာပုန်းအောင်းနေလေကြောင်း သူကြည့်နိုင်မည်သာ။

တစ်ဖက်တွင်မူ တိမ်လွှာဖီးနစ်ဂိုဏ်း၏တည်နေရာအဟောင်းရှိ ခန်းမကြီးတစ်ခုထဲတွင် ဟုန်ရင်နှင့်ယွင်မင်တို့၏ရှေ့တွင် အရပ်ရှည်ရှည်အမျိုးသားတစ်ဦး မတ်တတ်ရပ်နေလေသည်။

ထိုအမျိုးသား၏အထက်နားတွင် ပုံရိပ်ယောင်စိတ်ဝိညာဉ်တစ်ခုရှိနေလေသည်။

ဂရုတစိုက်ကြည့်မည်ဆိုပါက ဤစိတ်ဝိညာဉ်၏မျက်နှာမှာ ထိုအမျိုးသားနှင့်တစ်ရုပ်တည်းဖြစ်ကြောင်း သိရပေလိမ့်မည်။

ဤဝိညာဉ်မှာ သူ့ခန္ဓာကိုယ်နှင့် တဖြည်းဖြည်းပေါင်းစည်းနေချေသည်။

သိပ်မကြာခင်မှာ သူ့ဝိညာဉ်က ထိုအမျိုးသား၏ခန္ဓာကိုယ်ထဲသို့ အောင်အောင်မြင်မြင်ပေါင်းစည်းလိုက်နိုင်လေသည်။ ထိုအချိန်တွင် အရပ်ရှည်ရှည်နှင့်အမျိုးသားက မျက်လုံးဖွင့်လာ၏။

ထိုအမျိုးသားက သူ့ရှေ့ရှိဟုန်ရင်ကိုကြည့်လိုက်ပြီးနောက် ပီတိဖြစ်နေလေဟန်အကြည့်များ ပေါ်ပေါက်လာသည်။ ထို့နောက် သူက ဟုန်ရင့်ရှေ့တွင် ဒူးတစ်ဖက်ထောက်ချလိုက်ပြီး တရိုတသေစကားဆိုသည်။

“နှုတ်ခွန်းဆက်သအပ်ပါတယ် အရှင်မ”

ဟုန်ရင်က ပြုံး၍ ခေါင်းညိတ်ပြသည်။

“ယွင်ကျန်း.. မင်းရဲ့ခန္ဓာကိုယ်က အရမ်းအားနည်းနေသေးတယ်လေ။ ထပါ”

အရပ်ရှည်ရှည်နှင့်အမျိုးသားက ယွင်ကျန်းပင်။

သူဟာ တိမ်လွှာဖီးနစ်အင်ပါယာ၏ ကောင်းကင်ဘုံကိုးသွယ်မျိုးနွယ်စုခေါင်းဆောင်ဖြစ်သည်။

သူ့တိုက်ခိုက်ရေးခွန်အားက ဟုန်ရင်နှင့်အင်ပါယာဂုရုကြီးတို့ထက် တစ်ဆင့်သာနိမ့်လေသည်။

“မှန်လှပါ”

ယွင်ကျန်းက စိတ်လှုပ်ရှားစွာမတ်တတ်ထရပ်လိုက်ပြီး ဟုန်ရင်၏အနောက်ရှိယွင်မင်ကိုကြည့်လိုက်သည်။ သူ ပြုံးလျက်စကားဆိုလိုက်သည်။

“ကြည့်ရတာ ကျန်တဲ့ညီနောင်တွေက ချိတ်ပိတ်အစီအရင်ထဲကနေ လွတ်လာကြပြီပဲ”

ယွင်မင် ရယ်လိုက်မိသည်။

“ဒါပေါ့”

“ကောင်းတယ်”

ယွင်ကျန်းက ယွင်မင်၏ပခုံးကိုပုတ်လိုက်ပြီး တောက်ပနေသောအပြုံးဖြင့်ပြောလိုက်သည်။

“ငါတို့ ကောင်းကင်ဘုံလမ်းကြောင်းကို နောက်တစ်ခေါက်ပြန်တိုက်လို့ရပြီ”

“သေချာတာပေါ့”

ဟုန်ရင်က ပတ်ပတ်လည်ကိုကြည့်ရှုလိုက်ပြီး မေး၏။

“အင်ပါယာဂုရုကြီးက ဘယ်မှာချိတ်ပိတ်ခံထားရတာလဲ”

ထိုစကားကိုကြားသော် ယွင်ကျန်း၏မျက်နှာထက်ရှိအပြုံးက အနည်းငယ်မှိန်ဖျော့သွားပြီး တည်ငြိမ်စွာပြောလာပေသည်။

“အင်ပါယာဂုရုကြီးက ပြင်ပဂိုဏ်းကလူတွေဆီက ချိတ်ပိတ်မခံခဲ့ရဘူး။ သူက သူ့ကိုယ်သူချိတ်ပိတ်ပစ်ဖို့ရွေးချယ်ခဲ့တာ”

“ဟင်”

ဟုန်ရင် အနည်းငယ်မှင်တက်သွားရသည်။

ကောင်းကင်ဘုံကိုးသွယ်မျိုးနွယ်စုကို ချိတ်ပိတ်ထားရာနေရာကို သူ(မ)သိသည်။ အင်ပါယာဂုရုကြီး၏တည်နေရာတစ်ခုတည်းကိုသာ သူ(မ)မသိခြင်းဖြစ်၏။

ယွင်ကျန်းက ရှင်းပြသည်။

“ကျွန်တော်တို့ချိတ်ပိတ်ခံလိုက်ရပြီးတော့ အင်ပါယာဂုရုကြီးက အင်ပါယာဂုရုနန်းတော်ထဲမှာ သူ့ကိုယ်သူချိတ်ပိတ်ပစ်လိုက်တာ။ အဲ့ဒီအချိန်မှာပဲ သူက အင်ပါယာဂုရုနန်းတော်ကို လျှို့ဝှက်နယ်မြေ အဖြစ်ပြောင်းပစ်ခဲ့ပါတယ်”

“ပြီးတော့ အင်ပါယာဂုရုကြီးရဲ့အတွေးအရဆိုရင် ကျွန်တော်တို့ချိတ်ပိတ်ခံလိုက်ပြီးတဲ့နောက်မှာ ဒီကမ္ဘာကြီးက ဧရာမပြောင်းလဲမှုကြီးတစ်ခုနဲ့ သေချာပေါက်ကြုံတွေ့ရလိမ့်မယ်တဲ့”

“အရင်တုန်းကတောင် တိုက်နယ်ကြီးတစ်ခုလုံးရဲ့စွမ်းအားကို ကျွန်တော်တို့သုံးခဲ့ပေမဲ့ တိုက်ပွဲမှာ မအောင်နိုင်ခဲ့ဘူး။ အခု ကျွန်တော်တို့ကောင်းကင်ဘုံကိုးသွယ်မျိုးနွယ်စုနဲ့ အရှင်မပဲပါဝင်တိုက်ခိုက်မယ်ဆိုရင် ကောင်းကင်ဘုံလမ်းကြောင်းကိုတိုက်ခိုက်ဖို့က အရမ်းခက်ခဲလိမ့်မယ်”

ဟုန်ရင်က ခေါင်းညိတ်ပြလေသည်။

အင်ပါယာဂုရုကြီးက တိမ်လွှာဖီးနစ်အင်ပါယာတွင် စစ်ရေးအကြံပေးသူတစ်ဦး ဖြစ်ခဲ့သည်။

သူက ဟုန်ရင့်အတွက် အစီအစဉ်ဆွဲပေးခဲ့ရာတွင်လည်း ဘာတစ်ခုမှမလွဲချော်ခဲ့ဖူးပေ။ သူ၏စဉ်းစားသုံးသပ်မှုများမှာ အလွန်အမင်းစေ့စပ်တိကျလှသည်။

ယွင်ကျန်းက ဆက်ပြောလေသည်။

“အဲ့ဒါကြောင့် အင်ပါယာဂုရုကြီးက အင်ပါယာဂုရုနန်းတော်ထဲမှာ သူ့ကိုယ်သူချိတ်ပိတ်ပြီး စိတ်တန်ခိုးရှင်ဘုံတစ်ခုနဲ့ မရေမတွက်နိုင်တဲ့အမွေအနှစ်တွေကိုတည်ဆောက်ခဲ့တာပါ”

“အကြောင်းပြချက်ကတော့ နှစ်တွေအများကြီးအကြာမှာ တစ်ယောက်ယောက်ကများ လျှို့ဝှက်နယ်မြေ ထဲကိုဝင်ရောက်လာပြီး အဲ့ဒီအမွေအနှစ်တွေကို အရယူနိုင်မလားဆိုတာကြည့်ချင်လို့ပါတဲ့”

ဟုန်ရင် နားလည်သဘောပေါက်ပေသည်။

အင်ပါယာဂုရုကြီး၏လုပ်ရပ်များက ရှေးဟောင်းအမွေအနှစ်များကို အတတ်နိုင်ဆုံးအတိုင်းအတာအထိ ထိန်းသိမ်းစောင့်ရှောက်ထားချင်ရုံသာမက သူတို့ ပြန်လည်မွေးဖွားချိန်မှာ ဤကမ္ဘာထဲရှိတစ်စုံတစ်ယောက်ကို အသုံးချနိုင်မလားဆိုသည်ကိုလည်း သိချင်သောကြောင့်ပင်။

သူက ကောင်းကင်ဘုံလမ်းကြောင်းကို နောက်တစ်ခေါက်ပြန်တိုက်ခိုက်နိုင်ရန် အင်အားစုဆောင်းလိုခဲ့ခြင်းပင်။

“အဲ့ဒီလျှို့ဝှက်နယ်မြေ က ဘယ်မှာလဲ”

ယွင်ကျန်းက ခဏမျှတွေးတောပြီး ပြောလိုက်သည်။

“တောင်ပိုင်းဒေသထဲမှာပါ”

“အချိန်ကိုတွက်ကြည့်လိုက်ရင် လျှို့ဝှက်နယ်မြေ ပေါ်လာသင့်နေပြီ”

….

တစ်ဖက်ရှိ အနောက်ပိုင်းဒေသထဲ၌မူ အခြားနယ်မြေလေးခုနှင့်မတူဘဲ စွမ်းအားများပြည့်နှက်နေခြင်းမရှိပေ။ ဤနေရာတွင် ခွန်အားကြီးအင်အားတစ်ရပ်သာရှိ၏။

ဤသည်မှာ ဗုဒ္ဓဂိုဏ်းတော်ပင်တည်း။

အနောက်ပိုင်းနယ်မြေထဲတွင် ဗုဒ္ဓဂိုဏ်းတော်မှာ ပကတိအုပ်စိုးသူသာလျှင် ဖြစ်၏။

တစ်ချိန်တည်းတွင် ၎င်းမှာ အလွန်အမင်းဆန်းကြယ်လှပေသည်။ ထိုအချိန်တွင် စာအုပ်ခြင်းတောင်းလေးတစ်ခုကို သယ်ဆောင်ထားသောအမျိုးသားတစ်ယောက်မှာ ဗုဒ္ဓဘာသာမြို့တော်ဆီသို့ ရောက်လာချေသည်။

ဗုဒ္ဓဘာသာမြို့တော်က ဗုဒ္ဓဂိုဏ်းတော်တည်ရှိရာနေရာဖြစ်၏။

ဗုဒ္ဓမြို့တော်ထဲတွင် စားသောက်ဆိုင်တစ်ခုတည်ရှိလေသည်။ ဗုဒ္ဓမြို့တော်ထဲရှိလူတိုင်းက ဗုဒ္ဓကျင့်ကြံသူများမဟုတ်ကြပေ။ ထိုလူများထဲတွင် အခြားကျင့်ကြံသူများလည်း ရှိသည်။

စာအုပ်ခြင်းတောင်းလေးကို သယ်ဆောင်ထားသောအမျိုးသားတစ်ယောက်က စားသောက်ဆိုင်ထဲသို့ ဝင်လာခဲ့လိုက်သည်။ သူက ထိုင်စရာနေရာတစ်နေရာရှာလိုက်ကြသည်။ သူ့ဘေးတွင် စကားပြောဆိုဆွေးနွေးနေကြသောလူသုံးယောက်လေးယောက်ခန့်ရှိလေသည်။

“ဗုဒ္ဓဂိုဏ်းတော်ထဲမှာ ဗုဒ္ဓရဲ့သားတော်တစ်ပါး ပေါ်ထွန်းလာတယ်လို့ ငါကြားမိတယ်နော်”

“ငါလည်း ဒီဗုဒ္ဓရဲ့သားတော်က မဟာဗုဒ္ဓပြန်ဝင်စားတာလို့ကြားထားတယ်။ သူမွေးတဲ့အချိန်တုန်းက ဗုဒ္ဓရောင်ခြည်တောက်ပလာတယ်ဆိုပဲ”

“အခုဆိုရင် ဒီဗုဒ္ဓသားတော်ရဲ့ကျင့်ကြံမှုက တအားလေးနက်ထူးခြားတာ။ သူက ဗုဒ္ဓဂိုဏ်းတော်ထဲကိုရောက်သွားပြီလို့ပြောကြတာပဲ”

“ဗုဒ္ဓဂိုဏ်းတော်ထဲက တခြားမဟာဗုဒ္ဓဝင်တချို့တော့ အခက်တွေ့ပြီပဲ”

“ပြီးတော့ ဒီဗုဒ္ဓရဲ့သားတော်က သေမျိုးလောကထဲမှာ လေ့ကျင့်ပေးခံထားရပြီး ဗုဒ္ဓဝါဒီကိုဆက်ခံထားတဲ့ပုံပဲ”

ထိုစကားကိုကြားသော် ပညာရှင်လေးက မတ်တတ်ထရပ်လာပြီး လူအုပ်ကြီးရှိရာဆီသို့ ရောက်လာလေသည်။

“ဗုဒ္ဓဂိုဏ်းတော်က ဗုဒ္ဓဝါဒကိုဆက်ခံထားတယ်တဲ့လား။ ဂိုဏ်းနဲ့သဘောထားကွဲလွဲသူတွေကို ဖယ်ကြဉ်ထားဖို့ကိုရော အဲ့ဒီဝါဒထဲမှာ ပြဋ္ဌာန်းထားလို့လား”

ပညာရှင်၏စကားများကိုကြားသော် ထိုလူများ၏အမူအရာမှာ သိသိသာသာပြောင်းလဲသွားလေသည်။

အနောက်ပိုင်းဒေသ၌ ဗုဒ္ဓမြို့တော်ထဲမှာပင် ဗုဒ္ဓဂိုဏ်းတော်၏မကောင်းကြောင်းပြောခြင်းကို ပြင်းပြင်းထန်ထန်တားမြစ်ထားသည်။

“ခင်ဗျားဘာလို့အဲ့လိုပြောရတာလဲ သခင်လေး”

“စကားပြောဆင်ခြင်ပါ”

ပညာရှင်ကမူ လုံးဝမလှုပ်ပေ။ ထိုအစား သူက ဆက်ပြောပြန်၏။

“ဗုဒ္ဓဘာသာဝင်တွေက တအားမြင့်မြတ်လွန်းလို့ စကားလုံးကြမ်းကြမ်းတွေကို နားထောင်လို့မရတာများလား”

လူအုပ်ကြီးထဲတွင် ကျင်ခပ်ဝတ်ရုံဝတ်ဆင်ထားသောအမျိုးသားတစ်ယောက်ရှိသည်။ သူသည် ဤဗုဒ္ဓမြို့တော်ထဲရှိ မိသားစုတစ်စု၏သခင်လေးတစ်ပါးဖြစ်သည်။

ထိုမိသားစုမှာ ဗုဒ္ဓဂိုဏ်းတော်ကလွဲလျှင် ဗုဒ္ဓဘာသာမြို့တော်ထဲရှိ အစွမ်းအထက်ဆုံးမိသားစုများထဲမှ တစ်ခုပင်။

နင်းမင်က သူ့ကိုသတိပေးပြောကြားလိုက်သည်။

“သခင်လေး ကျုပ်တို့ရှေ့မှာပြောတာ အဆင်ပြေပေမဲ့ အဲ့ဒီဗုဒ္ဓကျင့်ကြံသူတွေရှေ့တော့ သွားပြောလို့မရဘူး”

ပညာရှင်၏အမူအရာမှာ ပြောင်းလဲမသွားပေ။ ထိုအစား သူက ခေါင်းကိုခါယမ်းလိုက်ပြီး ပြောလာသည်။

“ကျုပ် မြင်ရကြားရသမျှက မျက်စိနဲ့တပ်အပ်မြင်ခဲ့ရတာ။ တချို့ဗုဒ္ဓကျင့်ကြံသူတွေကတော့ သေမျိုးတွေက ဗုဒ္ဓဘာသာကိုမယုံကြည်မကိုင်းရှိုင်းတာနဲ့ပဲ မှော်ဝင်သားရဲတွေ တစ်ရွာလုံးကိုအပိုင်းပိုင်းအစစဖြစ်တဲ့အထိ ဖျက်ဆီးသွားတာကို ဒီအတိုင်းထိုင်ကြည့်နေကြတာပဲ။ သူတို့နဲ့ဘာသာမတူတာနဲ့ပဲ အဲဒီလူတွေကိုမကယ်ခဲ့ဘူးလေ”

“ကျုပ်က ဒီစကားတွေကို ဘာလို့မပြောနိုင်ရမှာလဲ။ ဗုဒ္ဓဂိုဏ်းတော်ထဲကလူတွေအကုန်လုံး ဒီလိုတွေချည်းပဲလား”

နင်းမင်နှင့်ကျန်လူများမှာ အလေးအနက်ဖြစ်သွားကြဟန်ပင်။

ဤစကားများက လူအပေါင်း၏စိတ်နှလုံးကို ညှိုးငယ်သွားစေခဲ့သည်။

ဗုဒ္ဓဂိုဏ်းတော်မှလူများသာ ထိုစကားကိုကြားပါက ဤပညာရှင်ကို ဗုဒ္ဓဂိုဏ်းတော်ဆီသို့ ဆွဲခေါ်သွားကြလိမ့်မည်ဖြစ်၏။

ဤသည်မှာ သူတို့အဖို့ အကြပ်ရိုက်စရာကိစ္စတစ်ခုဖြစ်သည်။

အကြောင်းအရင်းမှာမူ အနောက်ပိုင်းဒေသထဲရှိ ဤဗုဒ္ဓမြို့တော်ထဲတွင် ဗုဒ္ဓဂိုဏ်းတော်မှာ ကောင်းကင်ဘုံတစ်ဘုံသာဖြစ်၏။

ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်ပြီး ဗုဒ္ဓဘာသာကို မြင့်မြတ်ရာနယ်မြေဟုသတ်မှတ်ထားကြသူပေါင်းများစွာလည်း ရှိသည်။

နင်းမင်က ထပ်ပြောပြန်၏။

“သခင်လေး.. ဒီနေရာမှာ ဗုဒ္ဓဂိုဏ်းအကြောင်းကိုမပြောတာ ပိုကောင်းလိမ့်မယ်”

ပညာရှင်လေးကမူ သူ့စကားကိုနားမထောင်ဘဲ ထပ်ပြောချင်နေသေးသည်။ ဘေးဘက်တွင် တစ်စုံတစ်ယောက်က အနားကိုချဉ်းကပ်လာလေသည်။

“မင်းရဲ့ရည်ရွယ်ချက်က ဘာလဲ။ မင်းကများ ငါတို့ဗုဒ္ဓဂိုဏ်းတော်ကို အသရေဖျက်ရဲတယ်ပေါ့လေ”

နင်းမင်နှင့်အခြားလူများ နောက်ဆုတ်သွားကြလေသည်။

ပညာရှင်လေးနှင့်အတူ ပါဝင်ပတ်သက်ရန်ဆန္ဒမရှိကြသည်မှာ သိသာလှသည်။

နင်းချန်ရှင်းက ထိုလူများကိုကြည့်ပြီး ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

“ကျုပ် ကမ္ဘာအနှံ့ပတ်လာခဲ့ပြီးပြီ။ အစတုန်းက ကျုပ်လည်း ဗုဒ္ဓဘာသာနဲ့ ဗုဒ္ဓကျင့်ကြံသူတွေအပေါ် မျှော်လင့်ချက်တွေရှိခဲ့ဖူးပေမဲ့ ဒီမြင်ကွင်းကိုတော့ မျက်စိနဲ့တပ်အပ်မြင်ခဲ့ရတာ”

“ကိုယ်တိုင်မြင်ခဲ့ရတာက ဘယ်လိုလုပ်အသရေဖျက်မှုဖြစ်ရမှာလဲ”

“သူ့မျက်စိနဲ့တပ်အပ်မြင်ခဲ့တာတဲ့လား။ ဗုဒ္ဓဂိုဏ်းတော်မှာ အဲ့လိုဆန်ကုန်မြေလေးမျိုး ဘယ်လိုလုပ်ရှိနိုင်မှာလဲ”

နင်းချန်ရှင်းက ခေါင်းညိတ်ပြီးပြောလိုက်သည်။

“ကျုပ်တို့ အကြမ်းဖျင်းမိတ်ဆက်တာမျိုးတောင် မလုပ်နိုင်တာတော့အမှန်ပဲ။ အဲ့ဒါကြောင့် ကျုပ် ဗုဒ္ဓဂိုဏ်းတော်ဆီကိုသွားကြည့်ပြီး ကျုပ်နှလုံးသားထဲကသံသယတွေကိုဖြေရှင်းဖို့ ဆုံးဖြတ်ထားတယ်”

Comment

Leave a Reply

Options

not work with dark mode
Reset