ဤရက်ပိုင်းတွင် မုဝမ်အာက မအိပ်မနေကြိုးပမ်းအားထုတ်နေပြီး သူတို့သုံးယောက်လည်း ထိုအဖြစ်ကိုမြင်ထားသည်။
ဤ၁၉ရက်တာကာလအတွင်း၌ သူ(မ)မှာ သိုင်းကျင့်ကြံသူတစ်ဦးနှင့်မခြားပေ။
မုဝမ်အာက ယခင်က ရွှတ်နောက်နောက်နိုင်သောမိန်းမပျိုလေးဖြစ်ခဲ့ပါသော်ငြား ယခုတော့ ကြိုးစားအားထုတ်တတ်နေပြီဖြစ်၏။
လုချန်ရှန်းလည်း သူ့လက်ထဲကဆေးကို ကြည့်လိုက်မိသည်။ ၎င်း၏အဆင့်မှာ စိတ်တန်ခိုးရှင်အလယ်အလတ်အဆင့်ဖြစ်သည်။ သူ့မျက်လုံးထဲတွင် ထိုအဆင့်မှာ သိပ်မမြင့်လှပေ။
သို့သော် အဂ္ဂိရတ်ညီလာခံပြီးဆုံးသွားသည့်နောက်မှာ ပြင်ပလောကရှိ အဂ္ဂိရတ်ပညာရှင်များ၏ခွန်အားကို နားလည်သဘောပေါက်သွားခဲ့သည်။
မုဝမ်အာ၏အသက်အရွယ်မျိုးတွင် စိတ်တန်ခိုးရှင်အလယ်အလတ်အဆင့်ဆေးမျိုးကို သန့်စင်နိုင်သည်ကပင် ကောင်းလွန်းနေပြီ။
ထို့ပြင် မသန့်စင်မှုကိုလည်း နှစ်ဆယ်ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားနိုင်ပေသည်။
ထိုနှစ်ခုကိုခြုံကြည့်လိုက်လျှင် မုဝမ်အာ၏အဂ္ဂိရတ်ပညာအစွမ်းက မည်မျှကြောက်ဖို့ကောင်းကြောင်း သိနိုင်လေသည်။
လုချန်ရှန်းက ပြုံးလိုက်ပြီး ညင်သာစွာမေးလိုက်သည်။
“ဒါက ဘယ်လိုဆေးမျိုးလဲ”
ယဲ့ချိုးပိုင်နှင့် မဟူရာတို့လည်း စပ်စုလိုစိတ်ဖြင့် လျှောက်လာခဲ့လိုက်သည်။
မုဝမ်အာက တခစ်ခစ်ရယ်လျက်ပြောလာသည်။
“အဟင်း.. ဒါကို ကျွန်မဘာသာသုတေသနလုပ်ထားတာပါ”
သူ(မ)ဟာ တင်ပါးပေါ်လက်နောက်ပစ်ထားလျက် ချစ်စရာကောင်းအောင်နှာခေါင်းတရှုံ့ရှုံ့လုပ်နေလေပြီး အနည်းငယ်လည်းဂုဏ်ယူနေဟန်ပင်။
ယဲ့ချိုးပိုင်က ပြုံး၍ပြောလိုက်သည်။
“ဒါကို မင်းဘာသာဖန်တီးလိုက်တာလား။ မဆိုးဘူးပဲ”
လုချန်ရှန်းက ဆေးကို ယဲ့ချိုးပိုင်ထံသို့ပေးလိုက်ပြီး ပြောလာသည်။
“သောက်ကြည့်လိုက်”
ယဲ့ချိုးပိုင်၏မျက်ဝန်းအစုံမှာ ပြူးကျယ်သွားရလေသည်။
“ဟင် ဆရာက ဒီဆေးကို ကျွန်တော့်ခန္ဓာကိုယ်မှာ စမ်းသပ်စေချင်နေတာလား”
“အဲ့လိုမှမဟုတ်ရင် ဘာရှိသေးလို့လဲ”
ထိုစကားကိုကြားသော် ယဲ့ချိုးပိုင်လည်း ခါးသက်သက်အပြုံးတစ်ပွင့်ဖြင့် ဆေးကိုလှမ်းယူလိုက်ရုံသာတတ်နိုင်သည်။ ထို့နောက် သူ မုဝမ်အာကိုကြည့်လိုက်မိသည်။
“ဒါက အဆိပ်တော့မဟုတ်ဘူးမလား”
မုဝမ်အာကလည်း ခေါင်းခါပြသည်။
“မဟုတ်ပါဘူး”
ထိုစကားကိုကြားသော် ယဲ့ချိုးပိုင် ခါးသက်သက်ပြုံးလိုက်မိပြီး ဆေးကို ပါးစပ်နားတေ့ထားလိုက်သည်။ သူ မျိုမချခင်မှာ တုံ့ခနဲရပ်တန့်သွားရပြန်သည်။
“ဒါ တကယ်အဆိပ်မဟုတ်ဘူးနော်”
“မဟုတ်ဘူး။ ကျွန်မကိုယုံပါ”
လုချန်ရှန်းလည်း စိတ်မရှည်တော့ဘဲ သူ့လက်ကိုဝှေ့ယမ်းပြီး ဆေးကို ယဲ့ချိုးပိုင်၏ပါးစပ်ထဲသို့ ပို့ပေးလိုက်လေတော့သည်။
“အရေးမပါတာတွေတော်လိုက်တော့။ ငါ ဒီမှာရှိနေတာကို မင်းက အဆိပ်မိမှာကြောက်နေသေးတာလား”
ဂလု…
ဆေးလုံးက ယဲ့ချိုးပိုင်၏လည်ချောင်းထဲ စီးဝင်သွားလေသည်။
“ဟမ်..’
“ဘာတုံ့ပြန်မှုမှမရှိတော့တဲ့ပုံပဲ”
မုဝမ်အာက သွားပေါ်အောင်ပြုံးပြီး ပြောလိုက်သည်။
“ဒါဆို အစ်ကို့ရဲ့ဓားကိုဆွဲထုတ်ကြည့်လိုက်”
“ဟင်”
ယဲ့ချိုးပိုင် သူ့သစ်သားဓားကိုဆွဲထုတ်ပြီး ခုတ်ချလိုက်သည်။
“ဟင်”
ယဲ့ချိုးပိုင် အနည်းငယ်မှင်တက်သွားရလေသည်။
ထို့နောက် သူ ဓားကို နောက်တစ်ကြိမ်လွှဲယမ်းလိုက်သည်။
သူ့ဓားကို သာမန်အတိုင်းလွှဲယမ်းလိုက်ခြင်းဖြစ်တာတောင် သူ့လွှဲချက်၏အရှိန်မှာ သိသိသာသာတိုးတက်လာပေသည်။
သူ ဓားကိုလွှဲယမ်းလိုက်လေတိုင်း ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်ရေးရာချီစွမ်းအင်က ပိုမိုမြန်ဆန်စွာလှည့်လည်စီးဆင်းနေတော့သည်။
ဤသည်မှာ ယဲ့ချိုးပိုင် ဓားသိုင်းကိုအသုံးပြုသည့်အချိန်တိုင်းမှာ သူ့အရှိန်က ပိုမိုမြန်ဆန်လာမည်ဟူသည့်သဘောပင်။
အပြင်ပန်းအရတော့ သိပ်အသုံးမဝင်သော်လည်း တိုက်ပွဲတွင်းမှာမူ သူလုပ်နိုင်သည့်အရာများက များပြားလှသည်။
လက်ရည်တူများနှင့် တိုက်ခိုက်ရသည့်အခါ သူက တစ်ဖက်လူထက် ခြေတစ်လှမ်းအသာစီးရနေမည်ဖြစ်ပြီး နှစ်ဆပိုတိုက်ခိုက်နိုင်လိမ့်မည်။
သေရေးရှင်ရေးအခြေအနေမျိုးတွင် ၎င်းက အနိုင်အရှုံးကိုအဖြေကွဲပြားစေနိုင်မည်သာ။
ယဲ့ချိုးပိုင်၏အမူအရာမှာ အနည်းငယ်လေးနက်သွားပြီး စကားဆိုလာသည်။
“ဒီဆေးက မဟူရာ့အတွက် ပိုအသုံးဝင်လောက်တယ်”
မဟူရာက ခန္ဓာကျင့်ကြံသူတစ်ယောက်ဖြစ်သည်။
လက်သီးတစ်ချက်တည်း၏စွမ်းအားကပင် တောင်တန်းများနှင့်မြစ်ပြင်များကို လှုပ်ခါပစ်နိုင်လေသည်။
ဤဆေးကိုသောက်ပြီးသွားလျှင် ဒုတိယလက်သီးချက်ကို ပိုမိုမြန်ဆန်စွာပစ်သွင်းနိုင်ပေလိမ့်မည်။
တတိယလက်သီးချက်လည်း ထိုနည်းလည်းကောင်းပင်။
ထို့နောက်တွင်မူ တစ်ဖက်လူက ဤအရာကို မည်သို့များကိုင်တွယ်နိုင်မည်တဲ့လဲ။
လုချန်ရှန်းကလည်း ဤဆေး၏သက်ရောက်မှုကို သဘောပေါက်လိုက်ပေသည်။
ဤသည်မှာ အဂ္ဂိရတ်လောကသားတိုင်း ယခင်က မမြင်ဖူးခဲ့သောဆေးပင်။
ထို့ပြင် ၎င်းမှာ အလွန်အသုံးဝင်ပေသည်။
“မဆိုးဘူး”
ဤမိန်းကလေးနှင့် သူ၏အဂ္ဂိရတ်အတွေးအခေါ်ပိုင်းဆိုင်ရာမှာ တူညီမှုအချို့ အမှန်တကယ်ရှိနေပုံပင်။
မုဝမ်အာက ခိုးခိုးခစ်ခစ်ရယ်မောလိုက်သည်။
“ဘယ်လိုနေလဲ။ မဆိုးဘူးမလား”
ယဲ့ချိုးပိုင်နှင့်မဟူရာက ခေါင်းညိတ်ပြသည်။ သူတို့ရှေ့ရှိမိန်းကလေးက ရွှတ်နောက်နောက်နိုင်သော်ငြား သူ(မ)၏အဂ္ဂိရတ်စွမ်းရည်ကတော့ စင်စစ်ထူးခြားလှသည်။
ထိုအချိန်မှာ လုချန်ရှန်းက စာအုပ်တစ်အုပ်ကိုထုတ်ယူလာပြီး မုဝမ်အာကို ပစ်ပေးလိုက်သည်။
“ကဲ ဒါက ငါ့ရဲ့ဆေးဖော်စပ်ရေးအတွေ့အကြုံတွေကို အနှစ်ချုပ်ထားတဲ့စာအုပ်ပဲ။ ယူပြီးဖတ်ကြည့်လိုက်”
မုဝမ်အာ၏မျက်ဝန်းအစုံမှာ ဝင်းလက်သွားရလေသည်။
“ဦးလေး ရှင် ကျွန်မကို တပည့်အဖြစ်လက်ခံတော့မှာလား”
ထိုစကားကိုကြားသော် လုချန်ရှန်းက မျက်နှာထားခပ်တင်းတင်းထားလိုက်ပြီး ပြောလာသည်။
“မင်းက သိပ်ငယ်လွန်းတယ်”
ထိုသို့ပြောပြီးနောက် သူ ကုလားထိုင်ပေါ်မှာ သွားထိုင်လိုက်ပြန်ပြီး မျက်လုံးမှိတ်၍ အနားယူသည်။ မုဝမ်အာကမူ နှုတ်ခမ်းရှုံ့ထားမိလေတော့သည်။
ယဲ့ချိုးပိုင်ခမျာ ထိုမြင်ကွင်းကိုမြင်သောအခါ မရယ်ဘဲမနေနိုင်တော့ချေ။
“ဆရာက သူ့စကားကိုသူပြန်မရုပ်သိမ်းချင်ရုံပါပဲ”
“ဆက်ပြီးကြိုးစားနေ။ မင်း ဆရာ့ဆီကခွင့်ပြုချက်ကို သေချာပေါက်ရလိမ့်မယ်”
“အဟမ်း.. ယဲ့ချိုးပိုင် ရှင် ကျွန်မကိုလေ့ကျင့်ပေးချင်လား”
ယဲ့ချိုးပိုင်လည်း ချက်ချင်းပြန်မပြောရဲချေ။
မုဝမ်အာ၏မျက်နှာထက်ရှိအပြုံးမှာ လခြမ်းကွေးလေးတစ်ခုအလားပင်။ ထို့နောက် သူ(မ) တစ်ဖက်ကိုလှည့်ပြီး ကျောက်သားစားပွဲပေါ်၌ ပြန်ထိုင်လိုက်သည်။ သူ(မ)ဟာ လုချန်ရှန်းပေးထားသော အဂ္ဂိရတ်ပညာအနှစ်ချုပ်စာအုပ်ကို ဖတ်နေလေသည်။
ရက်အနည်းငယ်ခန့် ကုန်လွန်သွားလေသည်။
ယဲ့ချိုးပိုင်လည်း အလယ်ပိုင်းဒေသရှိ လျှို့ဝှက်တာအိုကျောင်းတော်ဆီသို့ ထွက်ခွါလာခဲ့သည်။
သူ့ရည်ရွယ်ချက်မှာ မုကျီချင်းကိုခေါ်လာရန်ဖြစ်၏။
သူ(မ)၏ရုပ်ပိုင်းဆိုင်ရာပြဿနာကိုဖြေရှင်းရန် သူ့ဆရာကိုလိုအပ်သည်။
ဤအချိန်တွင် ချင်းထျန်းနျန်ကလည်း စံအိမ်တော်သို့ရောက်လာခဲ့သည်။
ချင်းထျန်းနျန်က လုချန်ရှန်းကိုကြည့်ပြီးပြောလိုက်သည်။
“ချန်ရှန်း… သွားကြစို့။ တောင်ပိုင်းဒေသရဲ့လေထုက ပိုပိုပြီးမတည်မငြိမ်ဖြစ်လာပြီ။ အတွင်းထဲကပစ္စည်း ထွက်လာတော့မယ်ထင်တယ်”
သူ့ဘက်က ထိုကိစ္စနှင့်ပတ်သက်ပြီး သဘောတူထားပြီးဖြစ်သည့်အတွက် လုချန်ရှန်း ခေါင်းညိတ်ပြလိုက်၏။
တောင်ပိုင်းဒေသ၏သဲကန္တာရမှာ ပတ်ဝန်းကျင်ကြမ်းတမ်းမှုကြောင့် လူသူကင်းမဲ့နေချေသည်။ ဝိညာဉ်ရေးရာချီစွမ်းအင်ကလည်း အလွန်ပါးလျသည်။
သဲကန္တာရထဲတွင်ပျံ့နှံ့နေသော မှော်ဝင်သားရဲအချို့လည်းရှိ၏။
ဤနေရာတွင် မည်သူမှ စွမ်းအားများကိုထုတ်သုံး၍မရပေ။
သဲကန္တာရအတွင်းပိုင်းဆီသို့ လုချန်ရှန်းနှင့်ချင်းထျန်းနျန်တို့ အတူရောက်လာကြသည်။
ဤနေရာသို့အရင်ရောက်နှင့်နေသူများလည်း အနည်းငယ်ရှိသည်။
“သြော်.. ခေါင်းဆောင်ချင်းလည်း ရောက်လာပြီကိုး”
“ကောင်းပြီ။ ဒါဆို စဖို့အသင့်ပြင်ကြတာပေါ့”
“အာ.. ခေါင်းဆောင်ချင်း.. ခင်ဗျားဘေးက ဘယ်သူလဲ”
ယခုအချိန်မှာ လုချန်ရှန်း၏မျက်နှာကို ကာထားသည့်အတွက် မည်သူမှ သူ့ကိုမမှတ်မိကြပေ။
မျက်နှာကိုမကာထားလျှင်ပင် မှတ်မိနိုငိကြလိမ့်မည်မဟုတ်။
ထိုသို့လုပ်ရခြင်းမှာ လုချန်ရှန်းက သူ့အား မမှတ်မိစေချင်ရုံသာဖြစ်သည်။
အနာဂတ်တွင် ပြဿနာမဖြစ်စေဖို့အတွက် ချင်းထျန်းနျန်က ကူကယ်ရာမဲ့စွာပြောလိုက်သည်။
“ဒါက ငါ့ညီနောင်တွေထဲကတစ်ယောက်ပါ။ သူက အရမ်းအစွမ်းထက်လို့ ငါ သူ့ကို ဒီကိုခေါ်လာခဲ့တာ”
လုချန်ရှန်း ဤကမ္ဘာသို့ရောက်လာစဉ်က ချင်းထျန်းနျန်မှာ သူ့ကို အမြဲစောင့်ရှောက်ပေးခဲ့သည်။ သူဟာ အမှန်တကယ်ပင်ညီနောင်ဟု ခေါ်ထိုက်ပေသည်။
ထို့ကြောင့်လည်း လုချန်ရှန်း သူ့တောင်းဆိုချက်ကိုမငြင်းဆန်ခြင်းပင်။
“အိုး.. တအားအစွမ်းထက်တာပဲလား။ သူက ခေါင်းဆောင်ချင်းထက်တောင် ပိုအစွမ်းထက်တာလား”
“ကဲ ထျန်းယန် စကားတွေသိပ်မပြောနဲ့တော့ စကြရအောင်”
ထျန်းယန်က ထွန်းသစ်စယန်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ပင်။
သူတို့၏ခွန်အားက ထျန်းယွမ်မင်းဆက်ကို မမီသော်ငြား သူတို့ဟာ တောင်ပိုင်းဒေသအတွင်းရှိ အဓိကဂိုဏ်းဂဏကြီးများထဲမှ တစ်ခုဖြစ်၏။
သူဟာ ချန်းယွမ်အလယ်အလတ်အဆင့်သို့ ရောက်နေလေပြီ။
ထိုအချိန်တွင် သူတို့ရှေ့ရှိလေဟာပြင်ကြီးမှာ အပြင်းအထန်စတင်ခါယမ်းလာသည်။
ထို့နောက် အက်ကွဲကြောင်းများ ပေါ်ပေါက်လာချေသည်။ အက်ကွဲကြောင်းထဲမှ အလွန်အမင်းသာမန်ကျပြီး ရှေးဟောင်းဆန်သောအရှိန်အဝါတစ်ခုထုတ်လွှတ်လာပေသည်။
ဤအရှိန်အဝါက လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။
ချင်းထျန်းနျန်၏အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားပေသည်။ သူက တည်ငြိမ်လှသောအမူအရာဖြင့်ပြောလိုက်၏။
“အားလုံးပဲ.. စလိုက်ရအောင်။ ထပ်ပြီးကြန့်ကြာနေလို့မဖြစ်တော့ဘူး”
သူဟာ အက်ကွဲကြောင်းအနည်းငယ်ကိုသာ ဆွဲဟထားသော်ငြား အစွမ်းထက်လှသောအရှိန်အဝါတစ်ခုကတော့ စိမ့်ထွက်လာပြီဖြစ်၏။
အကယ်၍ အတွင်းဘက်ရှိပစ္စည်းသာ လေဟာပြင်ထဲကဆင်းသက်လာပါလျှင် တောင်ပိုင်းဒေသ၌ ဧရာမကပ်ဘေးတစ်ခု သေချာပေါက်ကျရောက်လာပေလိမ့်မည်။
ဤစည်းမျဉ်းကို လူတိုင်းလည်း နားလည်သဘောပေါက်ကြသည်။ သူတို့ လူစုခွဲပြီး နေရာအသီးသီးတွင် မတ်တတ်ရပ်လိုက်ကြသည်။
လူတိုင်းရပ်နေသောနေရာအောက်တွင် အစီအရင်မျက်လုံးတစ်ခုရှိ၏။
ဤအစီအရင်မှာ အလယ်ပိုင်းဒေသရှိ အလွန်အမင်းကျွမ်းကျင်လှသော အစီအရင်ဆရာသခင်တစ်ဦး တည်ဆောက်ထားသည့်ချိတ်ပိတ်အစီအရင်တစ်ခုဖြစ်သည်။
လုချန်ရှန်းက သူ့ကိုယ်သူလက်ညှိုးထိုးပြပြီး မေးလိုက်သည်။
“ဒါဆို ကျွန်တော်ကဘာလုပ်ရမှာလဲ”
ချင်းထျန်းနျန်ကလည်း ပြန်ပြောလိုက်၏။
“အစီအရင်ရဲ့ထောင့်နားမှာ မတ်တတ်ရပ်ပြီး အစီအရင်ကိုထိန်းသိမ်းဖို့ အာရုံစိုက်ထား”
အခြားလူများက မျက်မှောင်ကြုတ်လိုက်ကြသော်လည်း လုချန်ရှန်းကတော့ ခေါင်းညိတ်ပြလိုက်သည်။
ဤနေရာသည် အစက ချင်းထျန်းနျန်ယူထားသောနေရာဖြစ်၏။
မည်သို့ပင်ဖြစ်စေ ချင်းထျန်းနျန်က ချန်းယွမ်အထွတ်အထိပ်အဆင့်ပညာရှင်တစ်ဦးဖြစ်ပြီး သူတို့ထဲမှာ ပထမနေရာဗိုလ်စွဲပေသည်။
သဘာဝကျကျပင် အစီအရင်ကြီးတစ်ခုလုံးကို သူက တည်ငြိမ်အောင်ထိန်းသိမ်းရမည်ဖြစ်၏။
သို့သော် သူ့ညီနောင်ကို လုပ်ခိုင်းနေသတဲ့လား။ ဤပုဂ္ဂိုလ်၏ခွန်အားက ချင်းထျန်းနျန်ထက်ပင် သာလွန်နေခြင်းမျိုးများ ဖြစ်နေလေမလား။