Switch Mode

အပိုင်း(၅၄၃)

များပြားလှသော ထိပ်သီး ပါရမီရှင်များ

လက်ရှိတွင် တိုက်ပွဲကွင်းပြင်က တိုက်ပွဲများဖြင့် ရှုပ်ထွေးနေသည်။ ထောင်ပေါင်း များစွာသော တန်ခိုးရှင်များက တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက် နေကြသည်။ လူများကလည်း အဆက်မပြတ် လက်မြှောက် အလျှော့ပေးကာ ဂိတ်တံခါးများမှ ထွက်ခွာ နေကြသည်။

တော်ဝင်ကျဲ နန်းတော် အကြီးအကဲများက တိုက်ပွဲကွင်းပြင်ကို ကြည့်နေကြသည်။ ပုံမှန်အားဖြင့် ထိပ်သီး ပါရမီရှင်များက ထိုလူများ၏အာရုံကို ဖမ်းစားနိုင်သည်သာ။

ဥပမာ တိမ်ဖြူမြို့ ဒုတိယ သခင်လေး ပိုင်စီက လေ့လာ စောင့်ကြည့် ရမည့်အထဲ ပါသည်။ သူကား မယုံကြည် နိုင်လောက် အောင်ပင် ပါရမီမြင့်သည်။ သူက လေထဲတွင် ရပ်နေသော်လည်း သူ့အနီးကို ကပ်ရဲသူမရှိ။ တချို့လူများက စကတည်းက သွားရောက် ထိပါးသင့်သော လူများ မဟုတ်ပေ။

ဒီမွန်းနတ်ဘုရား ကလန်မှ ချိမင်အားလည်း လူအများက စိတ်ဝင်စားကြသည်။ သူ၏လက်များက နဂါးတစ်ကောင်ကဲ့သို့ သန်မာကာ ရန်သူများကို ဆုပ်ကိုင်၍ လွှင့်ပစ်နေသည်။ ဒီမွန်းနတ်ဘုရား ကလန်မှ လူများ၏ တိုက်ခိုက်ပုံများက အမြဲတမ်းအားဖြင့် ကြမ်းတမ်း ရက်စက်ပေသည်။ ချိမင်က သူ၏လူများကို ဦးဆောင်၍ ပတ်ပတ်လည်မှ လူများအား ကြမ်းတမ်းစွာ တိုက်ခိုက်နေသည်။ သူကား သိုးအုပ်ထဲကို ဝင်သွားသော ကျားတစ်ကောင်လို ရက်စက် ကြမ်းတမ်းစွာ အမဲလိုက် နေသည်။

ထိုအခိုက်တွင် လူအုပ်အလယ်မှ ရွှေရောင် အလင်းတန်းများ ထွက်ပေါ် လာသည်။ အလင်းက မျက်စိကျိန်းစပ် သွားအောင်ပင် အားကောင်းသည်။ အလွန်အမင်း တောက်ပြောင်သော အဝတ်အစားများကို ဝတ်ဆင်ထားသော လူငယ် တစ်ယောက်က ရွှေရောင် အလင်းများ လွှမ်းခြုံလျက် ထိုနေရာတွင် ရပ်နေသည်။ သူ၏ခန္ဓာကိုယ်မှ အလင်းတန်းများက နဂါးများနှင့် ဖီးနစ်များအဖြစ် ပြောင်းလဲသွားကာ မည်သူမှ သူ၏တိုက်ခိုက်မှုကို မကာကွယ် နိုင်ကြပေ။ ထိုလူငယ်ကား ကျုံကျိုးမြို့ ဟောင်မိသားစု၏ ပါရမီရှင် ဟောင်ကျူဂီ ဖြစ်သည်။

ဟောင်မိသားစုကား ကျုံကျိုးမြို့တွင် အင်အား အကြီးဆုံး မိသားစုထဲမှ တစ်ခုဖြစ်သည်။ သူတို့က အလွန်အမင်း အားကောင်းလွန်းရကား နတ်ဘုရား၏ မျိုးဆက်များဟုပင် မိမိတို့ကို သမုတ်ကြသည်။ သူတို့အတွက် တော်ဝင်ကျဲ နန်းတော်၏ ပညာအမွေများကပင် သိပ်အရေးကြီးသည် မဟုတ်ပေ။

မြေရိုင်းဒေသမှ လူများက ဟောင်မိသားစု၏ အင်အားကို အသိအမှတ် ပြုကြရသည်သာ ဖြစ်သည်။ ဟောင်မိသားစုမှ လူများက တော်ဝင်ကျဲ နန်းတော်ကို လာရောက်ခြင်းမှာ တော်ဝင်ကျဲ နန်းတော်တွင် လေ့ကျင့်ရန် မဟုတ်ဘဲ စမ်းသပ် စစ်ဆေးမှုမှ​ စိန်ခေါ်မှု အခက်အခဲကို တွေ့ကြုံလို၍ ပါဝင် ဆင်နွဲခြင်းသာ ဖြစ်သည်။

ဟောင်မိသားစုအပြင် ကျုံကျိုးမြို့မှ ထင်းရွယ်အိမ်ကလည်း အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းပေသည်။ ထင်းရွယ်အိမ်တော်မှ လူငယ်များ ရှိနေရာကား လူသတ်လိုသော အငွေ့အသက်များ အားကောင်းစွာ တည်ရှိနေသည်။ သူတို့၏အနီးမှ လူများက ဒဏ်ရာ ပြင်းထန်စွာ ရသူများ သေသွားသော လူများ မရေမတွက် နိုင်အောင် ရှိနေသည်။ ထို့နောက်တွင် ထိုအုပ်စုအနီးသို့ မည်သူကမှ အနား မကပ်ရဲကြတော့။

စီမင်ကလန်နှင့် မိုးကြိုးကလန်တို့ ကလည်း ကျုံးကျိုးမြို့တွင် လွှမ်းမိုးနိုင်သော မိသားစုတစ်ခု ဖြစ်သည်။ သူတို့၏ လူငယ် မျိုးဆက်များက ထူးချွန်ကြကာ ယခု သူတို့၏ စွမ်းရည်များကို ထုတ်ဖော်ပြသ နေကြသည်။

သို့သော်လည်း ထိပ်သီး အင်အားစုများက အချင်းချင်း ရင်ဆိုင် တိုက်ခိုက်ကြခြင်း မရှိသေးပေ။ သည်အဆင့်ကား ဘာမှ မဟုတ်သေး။ တကယ့်တိုက်ပွဲများက နောက်မှ ဆင့်ကဲ လိုက်လာတော့မည် ဖြစ်သည်။

တိုက်ပွဲ ကွင်းပြင်ထဲတွင် အလွန်အမင်း အားကောင်းသည်ဟု ယူဆရသော ပါရမီရှင်များ ကိုလည်း တွေ့ရသည်။ ယန်ချူ၏ နောက်မှ ဓားကိုးလက်က ထူးခြား ထက်မြက်လွန်းကာ အနီးမှ လူများကို အချိန်တိုအတွင်း ဖယ်ရှားနိုင်စွမ်း ရှိသည်။ လူသားကမ္ဘာနှင့် နန်ထျန်း အိမ်တော်မှ လူများကလည်း ထူးချွန်လှသည်။ သူတို့၏ အကြည့်က တစ်စုံ တစ်ယောက်၏ လိုက်သတ်ခြင်း ခံနေရသော ရီဖူရှင်းထံကို ရောက်သွားကာ ထူးဆန်းသော အမူအရာများ ဖြစ်နေကြသည်။

ရီဖူရှင်းက ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံဖြင့် ဆိုပါက သူ၏စွမ်းရည်များက ထိပ်သီး ပါရမီရှင်အဆင့် ဖြစ်သည်။ ထို့အပြင် ယန်ကျန်းနှင့် ယိရှောင်ရှီတို့ သူ့ဘေးတွင် ရှိနေရာ ရီဖူရှင်းက ပြေးနေစရာ မလိုပေ။

လူသားကမ္ဘာမှ ချူရှမ်းနှင့် နန်ထျန်း အိမ်တော်မှ နန်ဖန်းတို့က ဒူဟောင်နှင့် ရီဖူရှင်းတို့အကြား ရန်ငြိုးကို သိပေသည်။ တော်ဝင် မီးတောက်ဂိုဏ်းက အရှေ့မြေရိုင်း ဒေသကို သွားရောက်ခဲ့သည်။ ယခု ဒူဟောင်က ရီဖူရှင်း၏ စွမ်းရည်များကို သိပုံမရပေ။ ဒူဟောင်က ရီဖူရှင်း နောက်ကို လိုက်ပါ သွားသည်ကို မြင်သည်တွင် ဒူဟောင်တော့ ပြဿနာ တက်ပြီဟု သူတို့ တွေးလိုက်ကြသည်။ ရီဖူရှင်း ဘာလုပ်လိုသည်ကို သူတို့ ရိပ်မိကြသည်။

ဟွာဂျီယူက ကောင်းကင်တွင် ရပ်နေသည်။ သူမကလည်း ရီဖူရှင်းကို ကြည့်နေသည်။ သို့သော်လည်း တိုက်ပွဲကွင်းပြင်ကား ရှုပ်ထွေးနေရာ သေသေချာချာ မြင်ရသည်တော့ မဟုတ်ပေ။ ရီဖူရှင်းက ကွင်းပြင်ကြီး၏ ဗဟိုသို့ တမင် ပြေးသွား နေသည်ဟု ထင်ရသည်။

“သူက ထွက်ပြေးနေရတဲ့ပုံပဲ…”  ကျူးကော့ရှင်းက ဘေးမှ ဟွာဂျီယူကို ကြည့်ကာ မှတ်ချက်ပေးသည်… “ကျုပ် တစ်ခုခု လုပ်ပေးဖို့ လိုလား…”

“မလိုဘူး…”  ဟွာဂျီယူက တည်ငြိမ်စွာပင် ပြောသည်။ ယိရှောင်ရှီက ရီဖူရှင်းကို သွားရောက် ကူညီခြင်း မရှိသည်ကို သူမမြင်သည်။ ကော့တေး တပည့်များက စိတ်ပူခြင်း မရှိဆိုလျှင် ယိရှောင်ရှီက ရီဖူရှင်းအပေါ် ယုံကြည် ထားသည်ဟု သတ်မှတ်နိုင်သည်။ ရီဖူရှင်းက ဒူဟောင်အား ယခင်က မကောင်းမှုများ အတွက် လက်စားချေလိုဟန် ရနေသည်။

ဟွာဂျီယူ၏စကား ကြားသည်တွင် သူက ထပ်မံ၍ မပြောတော့။ သူက ရီဖူရှင်း ရှိနေရာဘက်ကို ကြည့်သည်။ ရီဖူရှင်းက ဗဟိုသို့ပင် ရောက်နေပြီ ဖြစ်သည်။ ထို့နောက် ကောင်းကင်တွင် ကြယ်တာရာ သီးသန့်နယ်တစ်ခု ဖြစ်ပေါ်လာကာ ပြေးလမ်းများ အားလုံးကို ပိတ်ဆို့ထားသည်ဟု ထင်မှတ်ရသည်။

ရီဖူရှင်းက ရပ်လိုက်ကာ ဒူဟောင်ဘက်ကို လှည့်ကြည့်သည်။ အနက်ရောင် မီးတောက်များ ဖုံးလွှမ်းလျက် ဒူဟောင်က ရီဖူရှင်းကို ကြည့်ကာ ပြောသည်… “စိတ်မပူနဲ့… ငါမင်းကို မသတ်ဘူး… အများဆုံး ငါက မင်းရဲ့စွမ်းရည်တွေကို ဖျက်ဆီးရုံပဲ… မင်းရဲ့ ချစ်သူက ကောင်းကင် စိတ်ဝိညာဉ် ပညာရှင်ဆို… ရုပ်ရည်ကလည်း ပြိုင်ဘက်ကင်းပဲ… သူမကို လိုချင်လူ အများကြီးပဲ… မင်းရဲ့စွမ်းရည်တွေက ပျက်စီးသွားရင် သူမက တခြားလူရဲ့ မိန်းမ ဖြစ်သွားမှာပဲ…”

“ငါမင်းကို ဘာလို့ ဒီနေရာကို ခေါ်လာလဲ သိလား…”  ရီဖူရှင်းက မေးသည်။

ဒူဟောင်က ပြုံးလျက်ပင် ပြန်မေးသည်… “ဘာလို့လဲ…”

“တခြားလူတွေ အနားမှာ မရှိရင် မင်းကို သတ်ရတာ ပိုလွယ်တယ်လေ…” ရီဖူရှင်းက ထိုသို့ပြောသည်တွင် သူ့ခြေထောက်၌ လျှပ်စီးများ လက်သွားကာ ကောင်းကင်၌ သူ၏ အရိပ်သဏ္ဌာန်တစ်ခု ပေါ်လာသည်။ ရီဖူရှင်းက အရိပ်ခြေလှမ်း ပညာကို သုံးလိုက်ခြင်း ဖြစ်သည်။

ချက်ချင်းပင် ဒူဟောင်က သူ့ထံသို့ အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းသော နိုဘယ် အသိတစ်ခု ဆင်းသက် လာသည်ကို ခံစားရသည်။ သူ၏စိတ်ထဲတွင် ကြယ်တာရာ ကောင်းကင်တစ်ခု ဖြစ်ပေါ်လာကာ သူ့အပေါ်ကို ဆင်းသက် လာနေသည်။

လေထုပေါက်ကွဲသံများ ကြားရသည်တွင် ဒူဟောင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ ရီဖူရှင်းက နိုဘယ်အဆင့်ကိုပင် မရောက်သေးဘဲ​ အဘယ်ကြောင့် ဤမျှ အားကောင်း နေသည်ကို သူ နားမလည်။

သူ့စိတ်ထဲတွင် အားကောင်းသော မီးအသိတစ်ခု ထွက်ပေါ်လာသည်။ အနက်ရောင် မီးတောက်များ ဖုံးလွှမ်းထားသော ပုံသဏ္ဌာန်တစ်ခု ပေါ်လာကာ ကြီးစွာသော ဖိအားကို ပြန်လည် တွန်းကန်သည်။

ရီဖူရှင်းက ကောင်းကင် ပျက်သုဉ်းခြင်းနှင်ကို ဝှေ့ယမ်းနေသည်။ သူက ကောင်းကင်ဘုံ ကိုးဆင့်ရိုက်ချက်ကို အသုံးပြုနေခြင်း ဖြစ်သည်။ သူက ဒူဟောင်၏ အသက်ကို သတ်ရန် အကောင်းဆုံးသော နည်းစနစ်ကို သုံးပြီး သေသေချာချာ အဆုံးသတ်ပေးရန် ဆုံးဖြတ်ထားသည်။

မီးနဂါးများကား ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံ၏ ပထမရိုက်ချက် အောက်တွင်ပင် ပျောက်ကွယ် သွားရသည်။ ဒူဟောင်၏မျက်နှာက မည်းမှောင်သွားကာ သူ၏လက်ထဲ၌ ရှန့်ထိုအဆင့် မီးတောက်နှင်တံ တစ်ချောင်း ပေါ်လာသည်။ မီးနှင်တံအား ဝှေ့ယမ်းသည်တွင် သူ့ရှေ့၌ မဆုံးနိုင်သော မီးဓာတ် စွမ်းအင်များက ဧရာမလက်ဝါး ပုံရိပ်တစ်ခု ဖြစ်လာစေသည်။ လက်ဝါးပုံရိပ်ကား ကြောက်မက်ဖွယ် ကောင်းလွန်းကာ ထိမိပါက ချက်ချင်း လောင်ကျွမ်း ပျောက်ကွယ် သွားနိုင်လောက် ပေသည်။

သို့သော် ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံ၏ ဒုတိယရိုက်ချက် အောက်တွင် လက်ဝါးပုံရိပ်က ဘာမှ မဟုတ်သလို ပျက်စီး ပျောက်ကွယ် သွားသည်။

ဒူဟောင်၏ အမူအရာက ရုတ်တရက် ပြောင်းလဲ သွားသည်။ ရီဖူရှင်းက ဘယ်အချိန်က ဤမျှ အားကောင်း လာသနည်း။ ယခင်က ရီဖူရှင်း၏ တန်ခိုးအဆင့်က သူ့ထက် နိမ့်ပါးခဲ့သည်။ ဒူဟောင်က မီးနှင်တံအား တင်းတင်း ဆုပ်သည်တွင် သူ၏နောက်မှ အနက်ရောင် မီးတောက်များက ထုထည် ကြီးမားလာကာ ပတ်ဝန်းကျင် တစ်ခုလုံးအား စတင်၍ ပျံ့နှံ့လာသည်။

ထိုအခိုက်တွင် ရီဖူရှင်းက လေထဲမှပင် တတိယ ရိုက်ချက်ကို ထုတ်သည်။ သူတို့နှစ်ဦးအကြား အနည်းငယ် လှမ်းနေသည်တွင် နှင်တံဖြင့် အဝေးမှ မမီမကမ်း ရိုက်နေသော ရီဖူရှင်းကို ကြည့်ပြီး ဒူဟောင်က ရယ်မောသည်။ သို့သော် ထိုအခိုက်တွင် နှင်တံက ဧရာမရှည်လျား ကြီးထွားလာကာ သူ့အပေါ်ကို ဆင်းသက် လာသည်ကို ထိတ်လန့်စွာ မြင်တွေ့ လိုက်ရသည်။

“မဟုတ်ဘူး…”  ဒူဟောင်၏မျက်နှာက ထိတ်လန့် အံ့အားသင့်သွားဟန် ရကာ နောက်ဆုတ်ရန် ကြိုးစားသည်။ တစ်ချိန်တည်းမှာပင် အရံအတား ပညာရပ်များဖြင့် အရူးအမူး ကာကွယ်၏။ သို့တိုင်အောင် ဒူဟောင်ကား မြေပြင်ပေါ်ကို ပြိုလဲကျကာ သူ၏ လက်တစ်ဖက်က ကျိုးသွားဟန်ရပြီး ပါးစပ်မှ သွေးများ ယိုစီး ကျလာသည်။

ဒူဟောင်က နောက်ကို မြန်ဆန်စွာ ဆုတ်ကာ အရှုံးပေးပြီး ရုန်းထွက်ရန် ကြံသည်။ သူ၏ လက်တစ်ဖက်က သူ၏ သိုလှောင်လက်စွပ်မှ တံဆိပ်ပြားကိုလည်း မြန်ဆန်စွာ ထုတ်ယူလိုက်သည်။

“သွားစမ်း…” ကြောက်မက်ဖွယ် ကောင်းသော မီးတောက်များက ပတ်ဝန်းကျင်အနှံ့ ပျံ့နှံ့သွားကာ လူအများအပြားက လောင်ကျွမ်း ကြရသည်။ သို့သော်လည်း မီးတောက် သက်ရောက်ခြင်း ခံရသော လူတစ်ယောက်က သူ့အား အေးစက်စွာ ကြည့်သည်။ ချက်ချင်းပင် အလွန်အမင်း ကြီးမား သန်မာသော ရှေးဟောင်း နွယ်ပင်များက ဒူဟောင်ထံကို လာရောက် ရစ်ပတ်သည်။ ဒူဟောင်က ကြောက်လန့်တကြား တံဆိပ်ပြားကို မြှောက်ရန် ကြိုးစားသော်လည်း အချိန်မမီတော့။ နွယ်ပင်များက သူ့လက်ကို ရစ်ပတ်သွားကာ တံဆိပ်ပြားကလည်း မြေပြင်ပေါ်ကို ကျသည်။

ဒူဟောင်ကို သတ်ရန် ပြင်နေသော ရီဖူရှင်းက အံ့အားသင့် သွားသည်။ ဒူဟောင်အား တိုက်ခိုက်လိုက်သူက တခြားလမ်းမှ လူတစ်ယောက် ဖြစ်နေသည်။ ထိုလူငယ်ကား ကြေးနီရောင် အသားအရေဖြင့် နွမ်းပါးသော အဝတ်အစားများကို ဝတ်ဆင်ထားသည်။ သူက ဒူဟောင်အား လေထဲတွင်ပင် တွဲလောင်း ချိတ်တွဲကာ အေးစက်စွာ ကြည့်နေသည်။

“ငါအရှုံးပေးတယ်…”  ဒူဟောင်က အော်သည်… “ငါက အဆိပ် မီးတောက်ဂိုဏ်းက တပည့်ပဲ…”

လူငယ်က သူ့အား ဂရုစိုက်ခြင်း မရှိပေ။ ထက်ရှသော နွယ်ပင်များက ဒူဟောင်၏နှလုံးကို ထွင်းဖောက်သွားကာ သူ့အား မချိမဆံ့ ခံစားရလျက် သေစေသည်။ ရီဖူရှင်း၏ အမူအရာက ပြောင်းလဲ သွားသည်။ ဒူဟောင်က တခြားလူ တစ်ယောက်ထံတွင် သေဆုံးသွားခဲ့သည်။

ဒူဟောင်အား သတ်သူကို ရီဖူရှင်းက ကြည့်လိုက်သည်။ သူ့ဘေး၌ မိန်းကလေး တစ်ယောက် ပေါ်လာကာ အလွန်အမင်း လင်းလက်သော ကျောက်စိမ်းရောင် အရောင်အဝါများ သူမကို လွှမ်းခြုံထားသည်။ ထိုအရောင်အဝါက သူမနှင့် သူမ၏ အပေါင်းအဖော်များကို အားကောင်းသော အသက်ဓာတ် ပေးနေဟန်ရသည်။

တော်ဝင် မီးတောက်ဂိုဏ်းမှ လူများ အပြေး ရောက်လာကြသည်။ ဒူဟောင်၏ အသက်မဲ့နေသော ခန္ဓာကိုယ်ကို မြင်သည်တွင် သူတို့၏ အမူအရာများက ပျက်ယွင်း သွားကြသည်။ ဒူဟောင်ကား ဂိုဏ်း၏ထူးချွန်သော တပည့်တစ်ယောက် ဖြစ်ကာ ကလန်အတွင်း အကြီးအကဲများ၏ အရေးပေးမှုကို ရရှိသူဖြစ်သည်။ ယခုတစ်ဖက်လူ၏ လက်ထဲတွင် သေဆုံးသွားခဲ့ပြီ။

ကောင်းကင်ထက်တွင် တော်ဝင် မီးတောက်ဂိုဏ်းမှ စီကျိက ဒူဟောင်ကို သတ်သွားသော လူငယ်ကို ကြည့်သည်။ စီကျိကား တော်ဝင် မီးတောက်ဂိုဏ်း၏ လူငယ် မျိုးဆက်ထဲတွင် အထူးချွန်ဆုံး ဖြစ်သည်။ သူကား ကြောက်မက်ဖွယ် ကောင်းအောင် အားကောင်းသည်။ သူ၏မျက်လုံးမှ အရိပ်မဲ့ မီးတောက် အသိက လူငယ်ထံကို ပစ်လွင့်သွားသည်။ သို့သော်လည်း လူငယ်က သူ့ကို တည်ငြိမ်စွာပင် ပြန်ကြည့်သည်။

စီကျိ၏ ခန္ဓာကိုယ်က ကြောက်မက်ဖွယ် မီးတောက်များ စုစည်း ဖြစ်ပေါ်လာကာ အမှန်တကယ်ပင် မီးတောက် နဂါးများအဖြစ် ပြောင်းလဲ သွားသည်။ မီးနဂါးများက လူငယ်ထံသို့ မာန်ဟုန်ပြင်းစွာဖြင့် ပြေးဝင် သွားကြသည်။ လူငယ်ကလည်း နွယ်ပင်များကို ထုတ်လွှတ်ကာ မီးတောက်များကို ရင်ဆိုင်သည်။ လူအများအပြားက ထိုမြင်ကွင်းကို ကြည့်ကာ အံ့အားသင့် ကြရသည်။ လူငယ်က မီးတောက်ကို သစ်သစ်ဓာတ်ဖြင့် ကာကွယ်နေသည်။ ထို့အပြင် ထိုမီးတောက်က စီကျိထံမှ လာခြင်း ဖြစ်သည်။

မီးတောက်များက နွယ်ပင်များကို စတင် လောင်ကျွမ်းရန် ကြိုးစားကြ သော်လည်း အံ့အားသင့်ဖွယ် ကောင်းသည်ကား နွယ်ပင်များက ဘာမှ မဖြစ်ဘဲ စိကျိထံကို ဆက်လက် တိုးဝင်လာခြင်းပင်။

စိကျိက နောက်ကို မြန်ဆန်စွာ ဆုတ်ကာ မေးသည်… “မင်းက ဘယ်ကလဲ…”

“အင်မော်တယ်ကျေးရွာ…”  လူငယ်က တည်ငြိမ်စွာ ပြောသည်။

“အင်မော်တယ် ကျေးရွာက လူတွေလည်း ရောက်လာကြတာပဲ…”  ဘေးမှ ကြည့်နေသော အကြီးအကဲ တချို့က သတိထားမိကာ မှတ်ချက် ချကြသည်။ ဒူဟောင်ကား ထိုရှုပ်ထွေးသော အခြေအနေ၌ သေဆုံးခဲ့ရသော ပထမဆုံး ထိပ်သီး ပါရမီရှင်တစ်ဦး ဖြစ်ပေမည်။

အင်မော်တယ် ကျေးရွာကား မြေရိုင်းဒေသ၏ အရှေ့တောင်ဘက်တွင် တည်ရှိသည်။ သူတို့က ပြင်ပလောကနှင့် သိပ်အဆက်အစပ် မရှိကြဘဲ ယခင်ကလည်း တော်ဝင်လမ်းကို တစ်ခါမှ ရောက်လာဖူးခြင်း မရှိပေ။ သို့သော် ဤတစ်ခေါက် သူတို့ ရောက်လာ ကြသည်။

“ကြည့်ရတာ ထာဝရ အဘိုးအိုက ဒီတစ်ခေါက် ကျေနပ်စရာ ကောင်းတဲ့ လူငယ်တွေကို ရွေးထားတာပဲ…”  တစ်ယောက်က မှတ်ချက်ချသည်။ ထာဝရ အဘိုးအိုကား ကောင်းကင် မြေရိုင်း အဆင့်တွင် အပေါ်ပိုင်း၌ ရှိနေသောသူ ဖြစ်သည်။

“မိန်းကလေးကို ကြည့်စမ်း…”  သူမ၏ အပေါင်းအဖော်များကို အသက်ဓာတ် ပေးကာ မီးတောက် သက်ရောက် ခံနေရသူများအား ကုစားပေးသော မိန်းကလေးကို သူတို့က ကြည့်ကြသည်။ သူမကလည်း သာမန် ရိုးရှင်းသော ဝတ်စုံကို ဝတ်ဆင် ထားသော်လည်း အလွန်အမင်း သန့်ရှင်း သပ်ရပ်ကာ သေသေချာချာ ကြည့်ပါက သူမကလည်း မှင်တက် ငေးမောဖွယ် ကောင်းအောင် ချောမောလှပပြီး ထူးခြားသော ကိုယ်ရောင် ကိုယ်ဝါများ သူမထံမှ ဖြာထွက်နေသည်။

“ကောလာဟလတွေ အရတော့ ထာဝရ အဘိုးအိုမှာ ဆက်ခံသူ တစ်ယောက် ရှိတယ်တဲ့… အဲဒါ ဒီကောင်မလေးပဲ ဖြစ်ရမယ်…”  တော်ဝင်ကျဲ နန်းတော်မှ အကြီးအကဲ တစ်ယောက်က ပြောသည်။

“ဟိုကောင်လေး သုံးနေတဲ့ လက်နက်က တော်တော် အားကောင်းပုံရတယ်…”  တစ်ယောက်က ပြောသည်။

“အဲဒါ ကျိုက်ရှင်း အိမ်တော်က တန်ဖိုးကြီး ရတနာဖြစ်တဲ့ ကောင်းကင် ပျက်သုဉ်းခြင်းနှင်တံ ဖြစ်မယ်…”  တစ်ယောက်က မြေရိုင်းဒေသမှ အကြောင်းအရာများ အားလုံးကို သိပုံရကာ ရှင်းပြသည်… “ကောင်လေးက မိုးမြေကောင်းကင်မြို့ ကြယ်မင်းကျောင်းရဲ့ သားတော် ဖြစ်ရမယ်… ပြီးတော့ သူက အရှေ့မြေရိုင်း ဒေသကလာတဲ့ ကျူးကော့မင်းယွီရဲ့ ဂျူနီယာပဲ…”

***

Comment

Leave a Reply

Options

not work with dark mode
Reset