Switch Mode

Chapter 2

သူက နတ်ဆိုးတစ်ကောင်ပဲ

ထိုအချိန်အတောအတွင်း၌ ဧကရာဇ်ဟိုတယ်၏ဘေးတွင် မာစီဒီးဘန့်စ် တစ်စီးရပ်ထားသည်။ ထိုကားထဲ၌ ယာဥ်မောင်းသူနှင့် လူငယ်လေးတစ်ယောက် ထိုင်နေသည်။

နှစ်ယောက်လုံးသည် ဟိုတယ်၏ ဝင်ပေါက်ကို စိုက်ကြည့်နေကာ ပွဲကြီးပွဲကောင်းတစ်ခုကို စောင့်မျှော်နေသည့်ဟန်ဖြင့် လှောင်ပြုံးပြုံး၍ စိုက်ကြည့်နေသည်။ အထူးသဖြင့် လူငယ်လေး၏ မျက်နှာက ပို၍ ကြောက်မက်ဖွယ်ကောင်းသည်။

“ဟီးဟီးဟီး … ယဲ့ဖန် ခွေးမသား…မင်း ပုံဆိုးပန်းဆိုးနဲ့ သေရတော့မယ်၊ သူ လင်းလန်နဲ့ အတူတူ အိပ်ပြီးပြီ ဆိုတော့ သူ့သတို့သားလောင်း ကုန်းယွင်ဖေးက ဒီကောင့်ကို တစ်စစီဖြစ်အောင် လုပ်ပြစ်မှာပဲ။ အဘိုးကြီး သူ့တရားမဝင်သားကို ဒီတစ်ခါရော ဘယ်လို ကာကွယ်ပေးဦးမလဲ သိချင်လိုက်တာ၊ ဟားဟားဟား…”

ယဲ့ဖန်၏အဖြစ်ကို တွေးနေသည့် ထိုလူငယ်လေး၏ပုံစံက ပို၍ ကြောက်စရာကောင်းလှသည်။ ထိုစဉ် ဒရိုင်ဘာ၏ဖုန်း မြည်လာသည်။

“သခင်လေး ကျန်းရှီမြူနီစီပယ်ရုပ်မြင်သံကြားဌာနက ကျန်း**ဆက်တာပါ”

ဒရိုင်ဘာက ဖုန်းခေါ်ဆိုသူကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ သခင်လေးသည် ဝမ်းသာအားရ ပြုံးလိုက်ပြီး ပြောလိုက်သည်။

“မြန်မြန်…သူ့ဖုန်းကို ကိုင်လိုက်။ သူ ပုံတွေ ရိုက်ပြီးလောက်ပြီ၊ သူ့ကို ငါ့ဆီ ပုံတစ်ချို့ ထပ်ပို့ပေးဖို့ကိုလည်း ပြောဖို့ မမေ့နဲ့၊ ငါ အဲ့ခွေးမသားရဲ့ သေမလို ဖြစ်နေတဲ့ပုံကို ကြည့်ချင်လို့၊ ဟားဟားဟား”

သခင်လေးဆိုသူက အရယ်မရပ်တော့။

သို့သော် ဒရိုင်ဘာက ဖုန်းကိုင်လိုက်ပြီးသည်နှင့် သူ ပြုံးနေရာမှ ရပ်သွားသည်။ သေချာကြည့်မည်ဆိုလျင် သူ့ပုံစံက သရဲကို တွေ့လိုက်ရသည်နှင့် တူသည်။ ဒရိုင်ဘာက ဖုန်းကျသွားသည်နှင့် တံတွေးကို အားယူ၍မြိုချလိုက်ပြီး သခင်လေးကို ပြောလိုက်သည်။

“သခင်လေး… ကျန်း … ကျန်းပြောတာက သူ မမလေးလင်းတစ်ယောက်ပဲ အခန်းထဲမှာ ရှိပါတယ်တဲ့..

“ဘာ”

ယဲ့ဟူ ချက်ချင်း ဂနာမငြိမ်ဖြစ်လာကာ မျက်နှာရှစ်ခေါက်ချိုး ဖြစ်သွားသည်။

“အဓိပ္ပာယ်မရှိလိုက်တာ… ဒီဖေဖေကြီးက အဲ့ခွေးမသားနဲ့ လင်းလန်ကို အတူတူ ထည့်ထား လိုက်တာကွ၊ ဘယ်လိုလုပ် လင်းလန်တစ်ယောက်ပဲ အဲ့အခန်းထဲမှာ ရှိနေမှာလဲကွ၊ အဲ့ခွေးမသား အခုထိ အခန်းထဲမှာ ရှိနေမှာပဲ”

ယဲ့ဟူ ရူးမတတ်ဒေါသထွက်နေသည်။

ယဲ့ဖန်ကို သတိလစ်အောင်လုပ်ပြီး လင်းလန်ကို ဆေးခပ်ကာ နှစ်ယောက်လုံးကို တစ်ကုတင်တည်းရောက်အောင် သူ တော်တော် ကြိုးစား၍ လုပ်ယူခဲ့ရသည်။ သူ့အကြံကား ယဲ့ဖန်ကို လူထုကြား အတင်းအဖျင်းသတင်းထွက်အောင် လုပ်၍ ငါးပါးမှောက်စေရန် ဖြစ်သည်။

အဲ့ခွေးမသားက လင်းလန်နှင့် အိပ်ကိုအိပ်ခဲ့ပြီးဖြစ်ရမည်။ သို့သော် ဒင်းက ဘယ်ဂျာနယ်လစ်၏ ဓာတ်ပုံရိုက်တာကိုမျှ မခံခဲ့ရပေ။ ဒီအဖြစ်ကြောင့် သူ ဂနာမငြိမ် ဖြစ်နေသည်။

ယဲ့ဟူ၏ ခက်ထန်တင်းမာနေသော မျက်နှာထားကြောင့် ဒရိုင်ဘာသည် လန့်ဖြန့်ကာ ကြောက်လန့်တကြား တုန်ယင်နေသည်။

သူ ထပ်ပြောလိုက်သည်က

“သခင်လေး .. ကျန်းပြောတာကတော့ သူတို့ ဟိုတယ်ရဲ့ နေရာတိုင်း ထောင့်တိုင်းကို လိုက်ကြည့်ပြီးပြီတဲ့၊ သူတို့ စီစီတီဘီကနေတောင် စစ်ကြည့်သေးတယ်တဲ့၊ ဒါပေမယ့် ထူးဆန်းတာက အဲ့ခွေးမသား အခန်းထဲက ထွက်ကိုမလာတာတဲ့၊ လင်းလန်တစ်ယောက်ပဲ အခန်းထဲမှာ ရှိနေတာပါတဲ့”

*မဖြစ်နိုင်ဘူး …*

ယဲ့ဟူ သူ့နားနဲ့ ဆတ်ဆတ်ကြားရတာကို မယုံနိုင်သေး။ ဘယ်လိုလုပ် လူအကောင်လိုက်ကြီးက ပျောက်သွားရတာလဲ။

“ခွေးမသား…ခွေးမသား…”

ယဲ့ဟူတစ်ယောက် မလိုလားမှုကြောင့် ဒေါသထွက်ကာ နဖူးပေါ်၌ သွေးကြောများပင် ထောင်နေသည်။

“ဘယ်လိုလုပ်ပြီး အဲ့ခွေးမသားက လွတ်သွားတာလဲ … သေစမ်း… သေစမ်းကွာ”

ယဲ့ဟူပုံစံက ဒေါသူပုန်ထနေသည့် ခြင်္သေ့အတိုင်းပင်။

ထိုအချိန်မှာပင် ဒရိုင်ဘာ၏အမူအရာက တစ်မျိုးဖြစ်နေကာ ကြောင်တောင်တောင်ဖြစ်နေသည်ကို ယဲ့ဟူ သတိထားလိုက်မိသည်။ ထို့ကြောင့် သူက ဒရိုင်ဘာကို စိတ်ရှုပ်စွာ မေးလိုက်သည်။

“မင်း ဘာဖြစ်နေတာလဲ … ဘာလို့ မင်းပုံစံက ဆိုးဆိုးရွားရွား ပုံပေါက်နေတာလဲ”

သို့သော်လည်း ဒရိုင်ဘာသည် နောက်ခုံကိုသာ စိုက်ကြည့်နေကာ သရဲကို မြင်နေရသည့်အလား မယုံနိုင်သလို ဖြစ်နေသည်။ ယဲ့ဟူ ပြောနေတာကို သူ ကြားတောင်မကြားပေ။

*အမ်*

သိချင်စိတ်ကြောင့် သူ ဘေးသို့ လှည့်ကြည့်လိုက်သောအခါ သူ အလန့်တကြား ဖြစ်သွားသည်။ လူငယ်တစ်ယောက်က သူ့ဘေး၌ ထိုင်နေ၏။

ထိုလူငယ်သည် ချောမော၍ နှုတ်ခမ်းထောင့်၌ အပြုံးစတစ်ချို့ တွဲခိုလျက်ရှိပြီး အေးစက်သည့်အသွင် ရှိသည်။ သူ၏ နက်မှောင်နေသောမျက်လုံး၌ ကြောက်မက်ဖွယ်ကောင်းသော အလင်းတစ်ချို့ ဖြာထွက်နေသည်။

ထိုသူကား ယဲ့ဖန်ပင် ဖြစ်သည်။

ထူးဆန်းတာက ဒရိုင်ဘာကော ယဲ့ဟူပါ ယဲ့ဖန် ကားထဲ ရောက်နေသည်ကို သတိမထားမိခြင်းပင်။ သူက သရဲသဖွယ် ရုတ်တရက် ပေါ်လာသည်။ ထို့ကြောင့် ဒရိုင်ဘာကော ယဲ့ဟူပါ ကြောက်လန့်ပြီး ကတုန်ကယင် ဖြစ်သွားသည်။

“မင်းကိုး … ခွေးမသား…ဘာမှသုံးစားမရတဲ့ကောင်”

ယဲ့ဟူသည် စက္ကန့်ပိုင်းလောက်သာ ကြောင်သွားပြီးနောက် မုန်းတီးသည့် အမူအရာသို့ ပြောင်းလဲသွားသည်။

သူက လှောင်ပြုံးပြုံး၍

“သုံးစားမရတဲ့ကောင်…မင်း ဘယ်လိုလုပ်ပြီး ငါ့ကားပေါ် ရောက်နေတာလဲ… အမှိုက်တွေအတွက် ငါ့ကားပေါ်မှာ နေရာမရှိဘူး..မြန်မြန်…ဒီနေရာက ဒိုးလိုက်တော့”

ယဲ့ဟူက ယဲ့ဖန်ကို နက်နက်ရှိုင်းရှိုင်းကို အထင်သေးပြီး မနှစ်သက်သည့်အကြည့်နှင့် ကြည့်နေသည်။ သူ့မျက်လုံးထဲတွင် ယဲ့ဖန်သည် သုံးစားမရ၍ သူ ရှင်းပစ်ချိန်သည့်အချိန်တွင် ရှင်းပစ်လိုက်လို့ရသည့် အမှိုက်သာဖြစ်သည်။

သူက ဒီကိစ္စ၏လက်သည်ဆိုတာကို ယဲ့ဖန် ကြားသွားသော်လည်း သူ မကြောက်ပေ။ ယဲ့ဟူ၏ စိတ်ကြီးဝင်နေသော အမူအရာကို ကြည့်နေရင်း ယဲ့ဖန် နတ်ဆိုးသဖွယ် ပြုံး၍ မေးလိုက်သည်။

“ယဲ့ဟူ? ယဲ့ကလန်ရဲ့ တိုက်ရိုက်မျိုးဆက်ကနေ ဆင်းသက်လာတဲ့ မိသားစုဝင်တစ်ယောက်ပေါ့.. ဒီကိစ္စကို မင်း လုပ်တာလား”

ယဲ့ဖန်သည် ခုနတုန်းကလိုပင် တည်တည်ငြိမ်ငြိမ်နှင့် အသေးအဖွဲကိစ္စလေးကို ပြောနေဟန်ဖြင့် မေးလိုက်သည်။

*ဟမ်*

ယဲ့ဟူ မျက်မှောင်ကြုတ်လိုက်ပြီး ယဲ့ဖန်သည် အရင်ကနှင့် မတူတော့သလို ခံစားလိုက်ရသည်။ အရင်တုန်းက ယဲ့ဖန်သည် အမြဲ ကြောက်ရွံ့နေကာ သူ့နာမည်ကိုလည်း တိုက်ရိုက်မခေါ်ရဲပေ။ သူ့ရှေ့တွင် အသက်ပင် ဖြောင့်ဖြောင့်မရှူရဲပေ။ ယဲ့ဟူက သူ့ကို နေ့စဉ်ရိုက်နှက်သော်လည်း သူ အထွန့်မတက်ရဲပေ။

သို့သော်လည်း ယခုအခါ ယဲ့ဖန်သည် အနည်းငယ် ထူးဆန်းနေသည်။

“ဟမ့်…မင်း ကြားသွားတော့လည်း အမှန်အတိုင်း ပြောပြရတာပေါ့ကွာ”

ယဲ့ဟူက စိတ်ကြီးဝင်ကာ ထေ့ငေါ့သော အကြည့်ဖြင့် ယဲ့ဖန်၏မျက်လုံးကို တည့်တည့်ကြည့်ကာ

“ဟုတ်တယ်…ငါ လုပ်ခဲ့တာ…မင်းကို သတိလစ်သွားအောင် လုပ်ပြီး လင်းလန်ကို ဆေးခပ်ခဲ့တာ ငါပဲ…ငါပဲ ဂျာနယ်လစ်တွေကို

သတင်းပေးလိုက်တာ…လင်းလန်ရဲ့သတို့သားလောင်း ကျန်းယွင်ဖေးကို အသုံးချပြီးတော့ ငါ မင်းကို သေစေချင်ခဲ့တာပဲ”

ထိုသို့ ပြန်ပြောနေသော ယဲ့ဟူ၏မျက်လုံးတွင် ရက်စက်ကြမ်းကြုတ်မှုက အထင်းသားပင်။

“ဟမ့်…ဒီသုံးစားမရတဲ့ကောင်က ဘယ်လိုလုပ်ပြီး အဘိုးကြီးရဲ့ ချစ်ခင်နှစ်သက်တာကို ခံရတာလဲ…သူက မင်းကို ယဲ့ကလန်ရဲ့ ပိုင်ဆိုင်မှုတွေကိုတောင် အမွေဆက်ခံစေချင်သေးတယ်… နားထောင်စမ်း …မင်းက ယဲ့ကလန်ရဲ့ ရှက်စရာကောင်းတဲ့ကောင်ပဲ … အမှိုက်… သုံးစားမရတဲ့ကောင် … ယဲ့ကလန်ရဲ့ ပိုင်ဆိုင်မှုကို လိုချင်ရင် မင်း သေမှပဲ ရမယ်”

ယဲ့ဟူ၏ အသံတွင် ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြည့်နှက်နေ၏။

သို့သော် ယဲ့ဟူ၏ ရက်စက်သောစကားများကို ကြားရသောလည်း ယဲ့ဖန်ကို ကြည့်ရတာ စိတ်ဆိုးသည့်ပုံတောင် မပေါ်ပေ။ စိတ်ဆိုးရမည့်အစား သူက တည်ငြိမ်စွာ ခေါင်းပင် ညိတ်နေလိုက်သေးသည်။

ထို့နောက် သူ ပြောလိုက်သည်က

“အိုး…ဟုတ်သား… အခု မင်းက ငါ့ကို သတ်ချင်နေတာဆိုတော့ ငါ မင်း ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ပါ့မယ်..”

ထိုသို့ ပြောပြီးနောက် ယဲ့ဖန်သည် ကားနောက်ခုံ၌ ထူးဆန်းသော မန္တန်တစ်ခုကို သူ့လက်ချောင်းများနှင့် ရေးဆွဲလိုက်သည်။

မန္တန်သည် ပုံစံအစုအဝေးနှင့် ဆင်တူသည်။ ယဲ့ဟူ စိတ်ရှုပ်သွားသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း ယဲ့ဟူ မျက်နှာရှစ်ခေါက်ချိုးနှင့် ထအော်လိုက်သည်။

“အမှိုက်ကောင်..မင်း ဘာတွေလုပ်နေတာလဲ… ငါ့ကားက စျေးကြီးတယ်ကွ…မင်း င့ါကားပေါ်က ခုံတွေကို ပျက်စီးအောင်လုပ်ရင် ငါ မင်းကို သတ်ပစ်မယ်”

“ငါ့ကို သတ်မယ်?”

ယဲ့ဟူ စကားကို ကြားပြီးနောက် သကြားလုံးကို ခိုးစားထားသည့် ကလေးကဲ့သို့ ယဲ့ဖန် ထူးဆန်းစွာ ပြုံးလိုက်သည်။

“စိတ်မကောင်းပါဘူး…ငါ မင်းကို အသက်ရှင်စေချင်မှ မင်း ရှင်ရမယ်…ငါ မင်းကို သေစေချင်ရင် မင်း သေကို သေရမယ်”

ထိုသို့ ပြောပြီးနောက် ယဲ့ဖန်သည် လူသေကို ကြည့်သလိုမျိုး ယဲ့ဟူကို ကြည့်၍ ကားတံခါးကို ဖွင့်ကာ ဆင်းသွားသည်။

“ခွေးမသား”

ယဲ့ဖန် ဆင်းသွားတာကို ကြည့်ရင်း ယဲ့ဟူ ဒေါသူပုန်ထလာတော့သည်။

“ချီးပဲ…ဒီခွေးမသားက ငါ့ရှေ့မှာ အခြားသူတစ်ယောက်လိုမျိုး ဟန်ဆောင်ရဲသေးတယ်… ကောင်းပြီလေ…ဒီတစ်ခေါက် မင်း အသက်ရှင်နေမှတော့ ငါ မင်းကို နောက်တစ်ခါကျရင် သေအောင်သတ်ပစ်မယ်လို့ ငါ ကျိန်ပြောတယ်ကွာ”

ထိုသို့ ပြောပြီး ယဲ့ဟူက ဒရိုင်ဘာကို “ကားထွက်တော့” ဟု အမိန့်ပေးလိုက်သည်။

ယဲ့ဟူ၏အမိန့်ကို ကြားပြီးနောက် ဒရိုင်ဘာသည် ကြောက်လန့်နေသည့်မျက်နှာနှင့် တံတွေးတစ်ချက် မြိုချလိုက်သည်။

“သခင်လေး…ဟိုအမှိုက်ကောင် ဆွဲသွားတဲ့ပုံစံက ထူးဆန်းသလိုပဲ”

ဘာကြောင့်မှန်းမသိဘဲ ဒရိုင်ဘာသည် ထိုမန္တန်ကို မြင်တုန်းက ကြက်သီးမွေးညင်း ထသွားပြီး သူ့ဆံပင်တွေပင် ထောင်သွားရသည်။ ဘေးအန္တရယ် ကျရောက်တော့မလို သူ ခံစားနေရသည်။

ထိုမန္တန်သည် သာမန်မန္တန်မဟုတ်ပေ။ သေခြင်းမန္တန်ပင်။

သိချင်စိတ်ကြောင့် ယဲ့ဟူ ဘေးသို့လှည့်၍ မန္တန်ကို ကြည့်လိုက်သည်။ သို့သော် သူ လှည့်လိုက်သည့် အချိန်လေးမှာတင် ထိုပုံစံက အလင်းရောင်စူးစူးများ ထွက်လာကာ ပျက်စီးစေသောချီများ တရိပ်ရိပ်ထိုးထွက်လာသည်။

“သေစမ်း…. ကားပေါ်ကဆင်း ”

ယဲ့ဟူ သူ၏စိတ်ဝိညာဉ်ကို ဆုံးရှုံးမတတ် ခံစားလိုက်ရသောကြောင့် ကားပေါ်မှ ချက်ချင်း လှိမ့်ဆင်းလိုက်သည်။
သို့သော် နောက်ကျသွားချေပြီ။

ဘုန်း….

ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာပြီး မီးညွန့်များက ကောင်းကင်ထိ ထိုးတက်သွားသည်။ ကားတစ်စီးလုံး စက္ကန့်ပိုင်းအတွင်း ပေါက်ကွဲသွားသည်။

ယဲ့ဟူသည် သုံး၊ လေးမီတာလောက် လွင့်သွားပြီး မြေကြီးပေါ်သို့ သွေးအလိမ်းလိမ်းဖြင့် ပြန်ကျလာသည်။
သူ့ခြေထောက်တစ်ချောင်းက ကျိူးသွားပြီး ဆိုးဆိုးရွားရွား ဒဏ်ရာရသွားသည်။ တစ်ကိုယ်လုံးလည်း သွေးများဖြင့် ပေကျံနေ၏။

ထက်ရှသောနာကျင်မှုက သူ့အား တုန်ယင်စေကာ ဆန်စက်ထဲ စပါးထည့်လှေ့သလို ခံစားရသည်။

“အား … အား … အား … ငါ့ခြေထောက်…ငါ့ခြေထောက် ကျိုးသွားပြီ…”

ယဲ့ဟူမျက်လုံးထဲတွင် ထိတ်လန့်သွားမှုတို့က ကြီးစိုးသွားသည်။

ထို့ပြင် ယဲ့ဖန်၏ ကားပေါ်မှမဆင်းခင် ပြုံးသွားသောအပြုံးကို ပြန်အမှတ်ရသွားသောအခါ ယဲ့ဟူစိတ်ထဲ ခေါင်းမှခြေဖျားအထိ အေးစက်သောချီများ ဖြတ်သန်းသွားသလို သူ ခံစားလိုက်ရသည့်အပြင် ဦးရေပြားတစ်ခုလုံး ကြက်သီးမွေးညင်းထသလို ခံစားလိုက်ရသည်။

“နတ်ဆိုး…သူက လူမဟုတ်ဘူး…သူက နတ်ဆိုးတစ်ကောင်ပဲ”

ယဲ့ဟူ၏မျက်လုံးထဲတွင် နတ်ဆိုးများသာ ဤသို့ကြောက်မက်ဖွယ်ကောင်းသော လှည့်စားမှုမျိူးကိုသာ လုပ်နိုင်သည်။


Comment

  1. Anonymous says:

    ⁠<⁠)⁠♡(⁠♡⁠♡⁠ ⁠❤⁠♡♡♡

Leave a Reply

Options

not work with dark mode
Reset