တော်ဝင်ကျဲ နန်းတော်၏ ခြေရင်း၌ တော်ဝင်ကိုးလမ်းမှ လူများအားလုံး စုစည်း နေကြသည်။ တော်ဝင်လမ်းက ပထမအဆင့် ရွေးချယ် စိစစ်မှုသာ ဖြစ်ကြောင်း သူတို့အားလုံး သိကြသည်။ တော်ဝင်လမ်းမှ ထွက်လာနိုင်ခြင်းမျှဖြင့် တော်ဝင်ကျဲ နန်းတော်၏ တပည့်မ ဖြစ်နိုင်သည်ကို နားလည်ကြသည်။
သူတို့က ပထမအဆင့်ကို ဖြတ်သန်း နိုင်ခဲ့သည်ဟုသာ ပြောရမည်။ နောက်တစ်ဆင့်က ပိုမို ရက်စက်ပေမည်။
တော်ဝင်ကျဲ နန်းတော်၏ လှေကားထစ်တွင် အကြီးအကဲများက ရပ်နေကြသည်။ ထို့အတူ တခြားသော ဘေးပတ်လည် အဆောင်များတွင်လည်း တော်ဝင်ကျဲ နန်းတော်မှ အကြီးအကဲများ ရှိနေကြသည်။ ပိုင်လွေလီ ကဲ့သို့သော ကု့ချင်း တီးခတ်နေသူများ၊ ကျူးကော့ခမ်ယန်နှင့် ကျူးကော့မင်းယွီတို့လို တိတ်ဆိတ်စွာ ရပ်ကြည့်နေသူမျာနှင့် သောက်စား နေသူများကို မြင်တွေ့ရမည်။
ယခု တော်ဝင်ကျဲ နန်းတော်မှ အကြီးအကဲအများစု ရောက်ရှိနေခြင်းက နန်းတော်၏ တပည့်များကို ရွေးချယ်တော့မည်ဟု အဓိပ္ပာယ် ရနေသည်။
တော်ဝင်ကျဲ နန်းတော်မှ ဝင်ခွင့် စစ်ဆေးခြင်းကား တခြားဂိုဏ်း၊ ကလန်များနှင့် ကွဲပြား ခြားနားပေသည်။ တော်ဝင်ကျဲ နန်းတော်မှ အကြီးအကဲများက သူတို့၏ တပည့်များကို ကိုယ်တိုင် ရွေးချယ်ကြသည်။ ကျွန်းစု တစ်ထောင် တော်ဝင်မြေမှ အကြီးအကဲ တစ်ယောက်က တပည့် တစ်ယောက်ကို သဘောကျလျှင် ထိုတပည့်က သူ၏လက်အောက်တွင် သွားရောက်၍ လေ့ကျင့်ခွင့် ရှိသည်။ အကယ်၍ အလွန်အမင်း ထူးချွန်သူ တစ်ယောက်အား ပင်မနန်းတော်မှ အကြီးအကဲ တစ်ယောက်က သဘောကျပါက ထိုပါရမီရှင်ကလည်း ပင်မနန်းတော်၏ တပည့်ဖြစ်ပေမည်။
ထို့ကြောင့်လည်း မြေရိုင်းဒေသ တစ်ခုလုံးမှ ပါရမီရှင်များက တော်ဝင်ကျဲ နန်းတော်၏ ဝင်ခွင့် စစ်ဆေးခြင်းကို လာရောက်ကြခြင်း ဖြစ်သည်။ သို့သော်လည်း တော်ဝင်ကျဲ နန်းတော်မှ အကြီးအကဲများက တပည့်အများအပြား လက်ခံလေ့မရှိရာ တကယ် အရွေးခံရသူကလည်း အလွန် ရှားပါးပေသည်။ ပါရမီရှင်များစွာထဲမှ ကျွန်းစုတစ်ထောင် တော်ဝင်မြေကို ဝင်ရောက်ခွင့် ရရန်ပင် အလွန်အမင်း ခက်ခဲပေသည်။
မှန်သည်… အကြီးအကဲများက မရွေးချယ်မီ တပည့်များက ယှဉ်ပြိုင် ရဦးမည် ဖြစ်သည်။ နောက်ဆုံး ဆန်ခါတင် ကျန်ရစ်သူများကိုမှ အကြီးအကဲများက သဘောကျ ရွေးချယ်ကြမည် ဖြစ်သည်။
ထိုစဉ်မှာပင် လှေကားထစ်ပေါ်မှ အကြီးအကဲ တစ်ယောက်က ကြေညာသည်…“တော်ဝင်လမ်း ကိုးလမ်းက ထွက်လာတဲ့လူတွေ ရှေ့ကို တက်လာခဲ့ကြ… တော်ဝင်ကျဲ နန်းတော်က အကြီးအကဲတွေက တပည့်မရွေးချင် မင်းတို့အထဲက လူတွေ အများကြီး စစ်ထုတ်ရဦးမယ်…”
လူအုပ်က နားလည်စွာဖြင့် ခေါင်းညိတ်ကြသည်။ တော်ဝင်ကျဲ နန်းတော်၏ စည်းကမ်းများကို အားလုံးက သိနှင့်ပြီးသား ဖြစ်သည်။ ထောင်ပေါင်း များစွာသော ပါရမီရှင်များက တော်ဝင်လမ်းမှ ထွက်လာကြရာ ထိုအကြီးအကဲများက မည်သို့ ရွေးချယ်မည်နည်း။
ထို့နောက်တွင် လူတိုင်းက အလယ်မှ ကွင်းပြင်ကျယ်ကြီးထဲကို ဝင်ရောက် လာကြသည်။ ထိုစဉ် ထိုနေရာ တစ်ခုလုံးကို အရံအတားများ ဖုံးအုပ်သွားပြီး ပတ်ပတ်လည်တွင် ဂိတ်တံခါးပေါက်ကိုးခု ဖြစ်ပေါ်လာသည်။
အရံအတားများက ထွင်းဖောက်၍ မြင်ရသော်လည်း ထိုနေရာမှ ဖြတ်ကျော်၍ မသွားနိုင်ပေ။ ဂိတ်တံခါးများ တွင်ကား စွမ်းအားမြင့် တန်ခိုးရှင်များက စောင့်ကြပ် နေကြသည်။
“မင်းတို့ အားလုံးက တော်ဝင်လမ်းက ထွက်လာကြပြီးတော့ တော်ဝင် တံဆိပ်ပြားတွေ လက်ထဲမှာ ရှိကြတယ်… တချို့က ကိုယ်ပိုင် စွမ်းရည်ကို သုံးမယ်… တချို့က လှည့်ကွက်တွေ သုံးမယ်… တော်ဝင်ကျဲ နန်းတော်က ဒါတွေကို ဝင်စွက်ဖက်မှာ မဟုတ်ဘူး… ဒါပေမဲ့ ဒီကွင်းထဲမှာတော့ အဆုံးသတ်မှာ လူသုံးထောင်ပဲ ကျန်ရစ်ရမယ်… မင်းတို့အားလုံးက နည်းလမ်းပေါင်းစုံကို သုံးလို့ရတယ်… ဒီကွင်းပြင်ထဲက နုတ်ထွက်ချင်တဲ့လူက မင်းတို့ရဲ့ တော်ဝင် တံဆိပ်ပြားကို ထောင်ပြရမယ်… ဒီလိုဆိုရင် ဘယ်သူမှ မင်းတို့ကို တိုက်ခိုက်မှာ မဟုတ်တော့ဘူး… ဂိတ်တံခါးကိုးခုက မင်းတို့အတွက် ထွက်ပေါက်ပဲ… မင်းတို့က ဂိတ်တံခါးက ထွက်တဲ့အခါ တော်ဝင် တံဆိပ်ပြားကို တော်ဝင်ကျဲ နန်းတော်သို့ ပြန်ပေးအပ်ရမယ်…” လှေကားထစ်ပေါ်မှ အကြီးအကဲက ပြောသည်။
လူအုပ်က ထိတ်လန့် သွားသည်။ သည်တစ်ခေါက် လူစစ်ထုတ်ခြင်းက ပိုမို၍ ပြင်းထန် ရက်စက်ပေသည်။ ထောင်ပေါင်း များစွာသော ပါရမီရှင်များထဲမှ လူသုံးထောင်မျှသာ ကျန်ရစ်ရမည်။ ထိုသုံးထောင်က မြေရိုင်းဒေသ တစ်ခုလုံးမှ အတော်ဆုံးလူများ ဖြစ်ရပေမည်။ တော်ဝင်လမ်း ကိုးလမ်းတွင် တစ်လမ်း၌ လူသုံးထောင်ခန့် ရှိပေသည်။
“မင်းတို့က စပြီး ပြင်ဆင်သင့်ပြီလို့ ငါ အကြံပေးချင်တယ်… မဟုတ်ရင် ငါက စတင်တဲ့အကြောင်း ကြေညာတဲ့အခါ မင်းတို့က ကိုယ်ဘယ်အချိန် သေသွားမှာကိုတောင် မသိလိုက်ဘဲ ဖြစ်နေမယ်…” ထိုအကြီးအကဲက ပြောသည်။ ချက်ချင်းပင် လူအများအပြားက သတိကြီးစွာဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်ကာ အဆင်သင့် ပြင်ထားကြသည်။
တိုက်ပွဲကွင်းပြင်က ကြီးမားလွန်းသော်လည်း အထဲတွင် တန်ခိုးရှင်များက ပြည့်ကျပ်နေဆဲ ဖြစ်သည်။ တိုက်ပွဲ စတင်သည်နှင့် ရုန်းရင်းဆန်ခတ် ဖြစ်မည်မှာ သေချာပေသည်။ အနီးမှ အမည်မသိသော လူများက အချိန်မရွေး တိုက်ခိုက် နိုင်ပေသည်။ အလွန်အမင်း အားကောင်းသော လူများသာလျှင် အခွင့်အရေး ရှိသည်ဟု ပြောရမည်။
ပတ်ပတ်လည်မှ တန်ခိုးရှင်များစွာက တိုက်ပွဲကွင်းပြင်ထဲမှ လူများကို မျှော်လင့်တကြီး ကြည့်နေကြသည်။ ရီဖူရှင်းကို အာရုံစိုက် ကြည့်နေသူများလည်း ရှိပေသည်။ သူ့အတွက် စိုးရိမ်နေသူများ ရှိပေသည်။
ကျူးကော့မင်းယွီက သူ့အတွက် မျှော်လင့်ချက် ကြီးမားစွာ ထားရှိပေသည်။ ရီဖူရှင်းအား ဂူတုံးလျိုက ကန်ယီနိုင်ငံတွင် ကိုယ်တိုင် သွားရောက် ဖိတ်ခေါ်လာခဲ့ခြင်းက သူတို့၏ မောင်ငယ်လေးအား တကယ့် ခက်ခဲသော စစ်ဆေးခြင်းများတွင် အတွေ့အကြုံ မရှိ ဖြစ်စေခဲ့သည်။ ယခု တော်ဝင်ကျဲ နန်းတော်၏ စစ်ဆေးခြင်းတွင် ရီဖူရှင်းက အဆင်ပြေပါ့မလား သူမ စိတ်ပူမိသည်။
သူမက ရီဖူရှင်း၏ပါရမီနှင့် ပတ်သက်၍ အလွန်အမင်း ယုံကြည်ချက် ရှိသော်လည်း ရီဖူရှင်း၏ တန်ခိုးအဆင့်က နိမ့်နေပေသည်။ လွန်ခဲ့သော နှစ်နှစ်ခန့်က ရီဖူရှင်း၏အဆင့်ကို သူမသိသည်။
တိုက်ပွဲ ကွင်းပြင်ထဲတွင် ရီဖူရှင်းကား အသက် အငယ်ဆုံးထဲတွင် ပါသည်။ အကယ်၍ သူသာ နောက်သုံးနှစ်ခန့် စောင့်ခဲ့ပါက သူမ၏မောင်ငယ်လေးက ပြိုင်ဘက် ကင်းပေမည်။ သို့သော် ထိုအချိန်တွင် သူ၏တန်ခိုးအဆင့်က အတန်းအစားနိမ့် နိုဘယ်ကို ကျော်လွန်သွားကာ တော်ဝင်ကျဲ နန်းတော်၏ စစ်ဆေးခြင်းကို ဝင်ရောက်ခွင့် ရတော့မည် မဟုတ်တော့။
ကျောင်းအုပ်ချန်းကလည်း ရီဖူရှင်းကို ကြည့်သည်။ တိုက်ပွဲ ကွင်းပြင်ထဲတွင် ရီဖူရှင်းကား ထင်ရှားခြင်း မရှိပေ။ သို့သော် ကောင်လေးက မထင်မှတ်သည်များ လုပ်ပြနိုင်သည်ကို သူသိသည်။ သူက တော်ဝင်ကျဲ နန်းတော်မှ အကြီးအကဲများ ရှိရာဘက်ကို ကြည့်သည်။ အချို့မှ ကောင်းကင်မြေရိုင်း အဆင့်တွင် ပါဝင်သူများ ဖြစ်ကြသည်။
ဘယ်သူက ရီဖူရှင်းကို တပည့်အဖြစ် ရွေးမလဲ သူသိလိုသည်။
တခြားအရပ် တစ်ခုတွင် ထိုက်ရှင်းတောင်မှ ရွှေလူဝံကြီးက ရီဖူရှင်းဘက်ကို ကြည့်သည်။ ယန်ကျန်းက သူ့အား အလွန်အမင်း အံ့အားသင့်စေသော အကြောင်းအရာ တစ်ခုကို ပြောပြခဲ့သည်။
တိုက်ပွဲ ကွင်းပြင်ထဲတွင် ရီဖူရှင်းက သူ့နောက်မှ လူများကို ပြောသည်… “ငါ့နောက်က ကပ်နေကြ…”
“ငါက ဒီတိုက်ပွဲမှာ ပါမှာ မဟုတ်ဘူး… ဒီနေရာက ငါ့အတွက် မဟုတ်ဘူး…” လီချန်းရီက ပြုံးလျက် ပြောသည်။ သူမက ဤနေရာသို့အထိ ရောက်ရှိခြင်းကိုပင် ကျေနပ်နေပြီး ဖြစ်သည်။
“ငါလည်း ဝင်ပါမှာ မဟုတ်ဘူး…” ကုယွန်ချီက ပြုံးလျက် ပြောသည်။ လောင်မူနှင့် ကျန်သော လူများကလည်း သက်ပြင်းချကြသည်။ အလယ်အလတ် အကာနာအဆင့်မျှဖြင့် သူတို့ကလည်း ဤနေရာတွင် ဘောင်မဝင်ပေ။
“ကောင်းပြီ… ဒီအခြေအနေမှာ လက်လျှော့တာက မသင့်တော်တာတော့ မဟုတ်ဘူး…” ရီဖူရှင်းက ခေါင်းညိတ်သည်။ ထို့နောက် ကုယွန်ချီ၊ လီချန်းရီနှင့် တခြားလူများက ထွက်ပေါ်ရှိရာသို့ လျှောက်သွားသည်ကို မြင်ရသည်။ တိုက်ပွဲ စသည်နှင့် သူတို့က အပြင်ဘက်ကို ထွက်သွားကြမည် ဖြစ်သည်။
သူတို့မျှသာ မဟုတ်ဘဲ တခြားလူ အများအပြားကလည်း ထွက်ပေါက်တွင် စုစည်းကာ လက်လျှော့ရန် အဆင်သင့် ပြင်ထားကြပြီး ဖြစ်သည်။ အပေါင်းအဖော်များ ကောင်းသောကြောင့် ဤနေရာကို ရောက်လာသူများကား နောက်တစ်ဆင့်တွင် လွယ်ကူခြင်း မရှိတော့သည်ကို သိကြသည်။
“စတော့…” လှေကားထစ်ပေါ်မှ အကြီးအကဲက ကြေညာသည်။ သူ၏အသံကို ကြားသည်တွင် ပြင်းထန် အားကောင်းသော စွမ်းအင်လှိုင်းများ ဖြစ်ပေါ်လာကာ တိုက်ပွဲများ စတင် ဖြစ်ပေါ်တော့သည်။
လူအများအပြားက ထွက်ပေါက်မှ ပြေးထွက်ကြသည်။ လူအချို့က လေထဲကို ပျံတက် သွားကြသည်။ ထိုသို့ လုပ်ရဲသူများကား ထိပ်သီး ပါရမီရှင်များ ဖြစ်ကြသည်။ လေထဲမှ လူများက ထင်သာမြင်သာ ပိုရှိကာ လူအများ၏ ဝိုင်းဝန်း တိုက်ခိုက်ခြင်းကို ခံရတတ်ပေသည်။
ရီဖူရှင်း၏အကြည့်က တိုက်ပွဲကွင်းပြင် တစ်ခုလုံးကို ခြုံငုံကာ ကြည့်နေသည်။ သူက ဟွာဂျီယူ ရှိနေသည့် နေရာကို ခန့်မှန်း၍ မရပေ။ သူ့အနီးမှ လူများမူကား ရီဖူရှင်းကို တိုက်ခိုက်ကြခြင်း မရှိပေ။ မည်သို့ဆိုစေ သူ၏အနီးတွင် ရှိနေသူများမှာ အာရုဏ်လမ်းမှ လူများဖြစ်ကာ ရီဖူရှင်းကို တိုက်ခိုက် ရလောက်အောင် မရူးသွပ်ကြပေ။
ယန်ချူကဲ့သို့သော သူပင်လျှင် ရီဖူရှင်းကို ရင်ဆိုင်လိုခြင်း မရှိပေ။
ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံကို ကိုင်ကာ ရီဖူရှင်းက လေထဲကို ပျံတက် သွားသည်။ လေထက်တွင်ကား သူ့လိုပင် ယုံကြည်ချက် မြင့်မားသူများ ရှိနေကြသည်။
အဝေးတစ်နေရာရှိ ခွဲခွာခြင်းလမ်းမှ အေးစက်သော အကြည့်တစ်ခု ရီဖူရှင်းထံကို လူသတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာဖြင့် ရောက်လာသည်။ ထိုနေရာတွင် မီးဓာတ်စွမ်းအင်များ အသုံးပြုသော တန်ခိုးရှင်တစ်စု ရှိနေသည်။
ထိုနေရာကား တော်ဝင် မီးတောက်ဂိုဏ်းမှ လူများဖြစ်ကြကာ ဒူဟောင်ကလည်း ထိုအထဲတွင် ရှိသည်။ ယခင်က တော်ဝင် မီးတောက်ဂိုဏ်းမှ လူများကို ဦးဆောင်လျက် ဒူဟောင်က အရှေ့မြေရိုင်း ဒေသကို သွားကာ ရီဖူရှင်းအား အတင်းခေါ်လျက် ကောင်းကင်တောင်သို့ တက်ခဲ့သည်။ ဒူဟောင်က ရီဖူရှင်း၏ သိမ်းငှက်နက်ထံတွင် အသက် သေလုနီးပါးပင် ဖြစ်ခဲ့သည်။
သူက ထိုရန်ငြိုးကို တစ်ခါမှ မမေ့ပေ။ ယခု အခွင့်အရေး ရပါက သူက ရီဖူရှင်းကို သတ်ရန် ကြိုးစားမည်ဟု တေးထားသည်။
“ယန်ကျန်း… ကျိချူ… မင်းတို့ ခွဲခွာခြင်းလမ်းက တော်ဝင် မီးတောက်ဂိုဏ်း အကြောင်းကို သိလား…” ရီဖူရှင်းက မေးသည်။
“သိပ်မသိဘူး…” ယန်ကျန်းနှင့် မူကျိချူတို့က ခေါင်းယမ်း ကြသည်။
“တော်ဝင်မီးတောက်ဂိုဏ်းက တပည့်တစ်ယောက်ကို ငါသတ်မယ်ဆိုရင် ဘာဖြစ်မလဲ…” ရီဖူရှင်းက ထပ်မေးသည်။
“ဒီလောက် ရှုပ်ထွေးနေတဲ့ အချိန်မှာ လူသေတာက ထုံးစံပဲ… ရှင်က တော်ဝင် မီးတောက်ဂိုဏ်းက သာမန်တပည့် တစ်ယောက်ကို သတ်မယ်ဆိုရင် ဘာမှ ဖြစ်မှာ မဟုတ်ဘူး.. ဒါပေမဲ့ အဓိက တပည့် တစ်ယောက်ကို သတ်မိရင်တော့ သူတို့ရဲ့ အငြိုးထားတာကို ခံရနိုင်တယ်… တစ်ခုတော့ ရှိတယ်… ရှင်က တော်ဝင်ကျဲ နန်းတော် အကြီးအကဲ တစ်ယောက်ရဲ့ သဘောကျ နှစ်ခြိုက်တာကို ခံရရင်တော့ ဒါက ပြဿနာ မဟုတ်လောက် တော့ဘူး…”
“ငါ နားလည်ပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်။ ဒူဟောင်က သူ့ထံကို ပျံသန်း လာနေသည် ကိုလည်း သူမြင်သည်။ သူကလည်း မြေပြင်မှ လျှပ်တစ်ပြက် တစ်ဖက်ကို ပြေးသွားကာ ဒူဟောင်ကို တမင် ရှောင်ဖယ်ဟန် ပြုမူလိုက်သည်။
ဒူဟောင်၏ လူသတ်လိုသော စိတ်ကား ပိုမို ပြင်းထန်လာသည်။ တစ်စုံ တစ်ယောက်က သူ့ကို တိုက်ခိုက်ရန် ကြိုးစားသော်လည်း ကြောက်မက်ဖွယ် ကောင်းသော မီးတောက်နက်က ထိုလူအား လောင်ကျွမ်း သွားသည်။
“ထွက်ပြေးဖို့ ကြိုးစားနေတာလား…” ဒူဟောင်က လူအုပ်ထဲမှ ရီဖူရှင်းကို အေးစက်စွာ ကြည့်သည်။ ရီဖူရှင်းနှင့် ကျူးကော့မင်းယွီတို့က ရင်းနှီးကြ သော်လည်း သူ့အား မသတ်လျှင်ပင် တန်ခိုးအစွမ်းကို ဖျက်ဆီးခြင်းက ပြဿနာ တက်မည်ဟု သူမထင်။
တစ်ချိန်တည်းမှာပင် ရီဖူရှင်း၏ မျက်လုံးများကလည်း အေးစက်သွားသည်။ အရှေ့မြေရိုင်း ဒေသတွင် ရှိစဉ်တုန်းက ဒူဟောင်၏ ရက်စက် ယုတ်မာမှုများကို ကြုံတွေ့ခဲ့ရသည်။ ဒူဟောင်က ဒွန်ဟွာကလန်ကို အမြစ်ဖြုတ်ခဲ့သော လူက ဒူဟောင်ဖြစ်သလို ဟွာချင်းချင်းအား တပ်မက်သောကြောင့် ဒွန်ဟွာကလန် ခေါင်းဆောင်နှင့် ဇနီးအပါအဝင် ကလန်တစ်ခုလုံးကို အမြစ်ဖြုတ် သတ်ဖြတ်ခဲ့သည်။
ထိုဖြစ်ရပ်များကြောင့် အပြစ်ကင်းစင်သော မိန်းကလေးက အရှက်တကွဲ အကျိုးနည်း ဖြစ်ရသလို မိဘများလည်း ဆုံးရှုံးခဲ့ရသည်။
ရီဖူရှင်းနှင့် ဒွန်ဟွာကလန်က ရန်သူများ ဖြစ်သည့်တိုင် အရှေ့မြေရိုင်း ဒေသတွင် ဒူဟောင် လုပ်ခဲ့သော မကောင်းမှုများက သူ့အတွက် သေဆုံးရန် ထိုက်တန်ပေသည်။
***