ထိုအခိုက်တွင် တော်ဝင်ကျဲ နန်းတော်၏ လှေကားရင်း၌ မရေမတွက်နိုင်သော လူများက ရီဖူရှင်းကို ကြည့်နေကြသည်။ အထူးသဖြင့် ထိပ်သီးကလန်များနှင့် ဂိုဏ်းများ ဖြစ်သည်။ လူငယ်မျိုးဆက်တွင် အလွန်အမင်း နာမည်ကျော်ကြားသော နတ်မိမယ်လေး ဟွာဂျီယူတွင် ချစ်သူ ရှိနေသည်လား။
“ဒါက အရမ်းလွန်တာပဲ…” ကျူးကော့မင်းယွီက ပြုံးလျက် ပြောသည်။
ပေ့ထင်ရှင်းအာက စိုးရိမ်စွာ မေးသည်… “အစ်မနှစ်… မောင်ငယ်လေးက အခု ပြဿနာ တက်မှာလား…”
“ငါမသိဘူး…” ကျူးကော့မင်းယွီက ပြုံးသည်။ သူမ၏ဘေးမှ ကျူးကော့ရှင်းက ရီဖူရှင်းကို ကြည့်ကာ ထူးဆန်းသော အမူအရာ ဖြစ်နေသည်။ ကျူးကော့ကလန်၏ လူငယ်မျိုးဆက် တစ်ယောက် ဖြစ်သောသူက အရှေ့မြေရိုင်းဒေသတွင် ဟွာဂျီယူ၌ ချစ်သူတစ်ယောက် ရှိသည်ကို သိသည်။ သို့သော်လည်း ရီဖူရှင်းကို အခုမှ သူက မြင်ဖူးခြင်းဖြစ်ပြီး သူကား အမှန်ပင် ချောမော ခန့်ညားသည်။ သို့သော် ဟွာဂျီယူက ရုပ်ချော၍ ထိုကောင်လေးကို သဘောကျသည် ဆိုပါက သူမက အလွန် တုံးအသည်ဟု ပြောရမည်။
အာရုဏ်လမ်း၏ အုပ်စုတွင် ကျောင်းအုပ်ချန်း၏ မျက်လုံး၌ပင် အထင်ကြီး လေးစားဟန်များ ပေါ်လာသည်။ ကြည့်ရသည်မှာ သူက ရီဖူရှင်းကို အထင်သေးမိခဲ့ပြီ ထင်၏။
မူကျိဖန်၏အမူအရာက သိပ်မကောင်းတော့။ ရီဖူရှင်းတွင် ချစ်သူရှိသည်ကို သူက ပျော်သင့်သည်။ သို့သော် ရီဖူရှင်း၏ချစ်သူက ဟွာဂျီယူ ဖြစ်နေသည်က သူ့အတွက် စိတ်ပျက်စရာ ကောင်းလှသည်။ သူက ဟွာဂျီယူကို စိတ်ဝင်စားသောကြောင့် မဟုတ်ဘဲ သူ၏ မသိစိတ် ကိုယ်တိုင်က ရီဖူရှင်းအား အဆင့်နိမ့်သူ အသုံးမကျသူဟု အထင်သေးစိတ် ဝင်နေရာ ယခု တစ်နည်းအားဖြင့် ရီဖူရှင်းက သူ့ထက် သာလွန်နေခြင်းက သူ့ကို သက်သောင့်သက်သာ မဖြစ်စေနိုင်။
မူကျိချူ၊ ကုယွန်ချီနှင့် ချန်ရန်တို့က ရီဖူရှင်းတို့ စုံတွဲကို ကြည့်နေကြသည်။ သူတို့က ရီဖူရှင်း၏ တကယ့်ပုံစံကို တစ်ခါမှ မမြင်ဖူးကြပေ။
“မူချန်း… မင်းက ငါကမ်းလှမ်းတာကို ထပ်မစဉ်းစားတော့ဘူးလား… မင်းရဲ့ အချစ်ဆုံးမြေးမက ရီဖူရှင်းနှင့် ရင်းနှီးနေပြီးမှတော့ ဘာလို့ တော်ဝင် ဆက်ခံသူကို မထောက်ခံတာလဲ…” ချန်းယွန်က ကျိုက်ရှင်းအိမ်တော် ခေါင်းဆောင်ကို မေးသည်။ မူချန်းက ဒေါသတကြီး ပြန်ပြောသည်… “အိပ်မက် မက်နေလိုက်…”
“ဘယ်လောက် ခေါင်းမာသလဲ… မင်းက မင်းရဲ့ မြေးမလောက်တောင် မျက်လုံး မကောင်းတော့ဘူး… ရီဖူရှင်းက အာရုဏ်လမ်းကို အကာနာအဆင့်နဲ့ ဝင်ပြီး အခု တော်ဝင်ကျဲ နန်းတော်ကို ရောက်လာတယ်… သူ့ဘေးက လူတွေကိုကြည့်စမ်း… အဓိကလူက ဘယ်သူလဲ မင်း သတိမထားမိဘူးလား…” ကျောင်းအုပ်ချန်းက ထူးမခြားနားစွာ ပြောသည်… “နောက်နှစ် နည်းနည်း ကြာရင် မင်းက ဒီလို အခွင့်အရေး ရမှာ မဟုတ်တော့ဘူး…”
“ငါ ဂရုစိုက်မယ် ထင်လား…” ကျိုက်ရှင်း အိမ်တော် ခေါင်းဆောင်က ပြန်ပက်သည်။
“မင်းက စေတနာကို နားမလည်ဘူး… နောက်ပိုင်း ရီဖူရှင်းက မင်းရဲ့ ကျိုက်ရှင်း အိမ်တော်ကို နင်းခြေလိမ့်မယ်…” ကျောင်းအုပ်ချန်းက အထင်သေးစွာ ပြောသည်။
“မင်း စမ်းကြည့်ပါလား…” မူချန်းက ကျောင်းအုပ်ချန်းကို ပြောသည်။
“ငါ မလုပ်ရဲဘူးထင်လား…”
***
ထိုအခိုက်တွင် ရီဖူရှင်းက မရေမတွက်နိုင်သော လူများ၏ စိုက်ကြည့်ခြင်းကို ခံနေရကာ ကျောကပင် စိမ့်တက်လာသလို ခံစားရသည်။ သူ့ရှေ့မှ ဉာဏ်နီ ဉာဏ်နက်များသော မိန်းကလေးကို ကြည့်ကာ ရီဖူရှင်းက အကွက်ချခံရသလို ခံစားနေရသည်။
“ဂျီယူ… သူတို့တွေက ငါ့သူငယ်ချင်းတွေ… သူတို့က မင်းကို ရှင်းပြပေးကြ လိမ့်မယ်… အထင်မလွဲပါနဲ့…” ရီဖူရှင်းက ရှင်းပြသည်။
“နင်က သူတို့ကို ကြိုက်ရင် ငါ့ကို ပြောပါ… ငါမငြင်းဘူး…” ဟွာဂျီယူက သနားစဖွယ် ပြောသည်။
“အာ…” ရီဖူရှင်း၏ အတွေးများ ဟိုဟိုဒီဒီ ပြေးလွှား သွားသည်။ ဒါ ထောင်ချောက်… ဒါ ထောင်ချောက်…။ သူက တောက်ပစွာ ပြုံးကာ ပြောသည်… “ဟင့်အင်း…” ထိုမျှငြင်းရုံမျှက လုံလောက်မည် မဟုတ်သည်ကို သူသိသည်… “ငါ ကျိန်ရဲတယ်…” ထိုအခါမှ ဟွာဂျီယူ၏ မျက်နှာလေးက ဝင်းပလာသည်။
ကြည့်ရသည်မှာ သူက စမ်းသပ်မှုကို အောင်မြင်ခဲ့ဟန် ရသည်။ ဟွာဂျီယူ၏ ကျေနပ်သွားသော မျက်နှာကို မြင်မှ သက်ပြင်း ခိုးချရသည်။ မြေခွေးမဆိုတဲ့အတိုင်း သူမကား ရင်ဆိုင်ရ ခက်လှသည်။
“ဂျီယူ… ဘာလို့ လူတွေ အများကြီးက ငါတို့ကို ကြည့်နေကြတာလဲ…” ရီဖူရှင်းက ပတ်ဝန်းကျင်ကို အကဲခတ်ကာ မေးသည်။
“ငါမသိဘူး…” ဟွာဂျီယူက ခေါင်းယမ်းသည်။
“ငါက အရမ်း ချောလို့များလား…” ရီဖူရှင်းက မှတ်ချက်ချသည်။
“ဟုတ်မှာပေါ့…” ဟွာဂျီယူက ပြုံးလျက် ခေါင်းညိတ်သည်။ တခြားလူများ ကြည့်နေသည်ကို ဂရုမစိုက်ဘဲ သူတို့နှစ်ယောက်က လက်ချင်းတွဲလျက် ကျူးကော့မင်းယွီထံကို လျှောက်သွား လိုက်ကြသည်။ သူတို့က လူများ ကြည့်နေသည်ကို ဂရုမစိုက်၍ မဟုတ်ဘဲ အချိန်ကြာမြင့်စွာ လွမ်းဆွတ် သတိရခြင်းက သူတို့အတွက် အလွန် ခက်ခဲသောအချိန် ဖြစ်ခဲ့သော ကြောင့်သာ ဖြစ်သည်။ သူတို့က အချင်းချင်း တီးတိုး ပြောသည့်တိုင် သူတို့ပြောသော စကားများကို အားလုံးက ကြားကြရသည်။
“အစ်မနှစ်… အစ်မရှင်းအာ… ကျွန်တော် အစ်မတို့ကို အရမ်း သတိရတယ်…” ရီဖူရှင်းက ကျူးကော့မင်းယွီတို့ကို ကြည့်ကာ ပြောသည်။
“တကယ်လား…” ကျူးကော့မင်းယွီက ပြုံးလျက် ပြန်ပြောသည်။ ရီဖူရှင်း၏ စကားများက တမင် လုပ်ပြောနေသည်ဟု သူမက အဘယ်ကြောင့် ခံစားနေရသနည်း။ သူက ဂျီယူကိုသာ သတိရနေခြင်း ဖြစ်ရပေမည်။
“လုံးဝ လုံးဝ ဟုတ်တာပေါ့… အစ်မနှစ်က ကော့တေးက ထွက်သွား ကတည်းက ကျွန်တော်က နေ့တိုင်း သတိရတယ်… အစ်နှစ်မရှိတော့ တစ်ခုခု လိုနေသလိုပဲ… ဒါကြောင့်ပဲ ကျွန်တော်က မြေရိုင်းဒေသကို လာတာပေါ့… အခု အစ်မနှစ်က ပိုပြီးတော့တောင် လှလာတယ်…” ရီဖူရှင်းက စိတ်အားထက်သန်စွာ ပြောသည်။
“မင်းရဲ့စကားတွေက ချိုသာလွန်းလို့ ယုံကြည်လုနီးပါးပဲ…” ကျူးကော့မင်းယွီက ပြန်ပြောသည်။ ကောင်လေးကား ယခင်ကကဲ့သို့ပင် ပြောင်းလဲခြင်း မရှိသေး။
ပေ့ထင်ရှင်းအာက ဘေးမှ ပြုံးလျက် ကြည့်နေသည်။ သူမကလည်း ရီဖူရှင်းကို ပြန်မြင်ရသည်တွင် ပျော်ရွှင်ရသည်။ ကော့တေးတွင် ရီဖူရှင်းအား အားလုံး၏ ချစ်ခင် အလိုလိုက်ခံရသူဟု ပြောလျှင် မမှားပေ။
“အရှက်မရှိဘူး…” ကျူးကော့ကလန်မှ လူများက ရီဖူရှင်းကို သဘောမကျစွာ ကြည့်ကြသည်။ ဤပုံစံဖြင့်ပင် သည်ကောင်က ဟွာဂျီယူကို ရခဲ့သည် ဖြစ်ရမည်။
တန်ခိုးရှင် တစ်ယောက်က ဘယ်လိုလုပ် ဒီလောက် အရှက်မရှိရတာလဲ…။ ဟွာဂျီယူသာမဟုတ် ကျူးကော့မင်းယွီပင် ရီဖူရှင်း၏စကားများကို သဘောကျ နှစ်ခြိုက်နေဟန် ရသည်။
ဟူး… မိန်းမများ…
“ရှီကလေး… မင်းရဲ့ ညီလေးကို ဂရုစိုက်ပေးခဲ့လား…” ယိရှောင်ရှီ အနီးကို လျှောက်လာသည်ကို မြင်လျှင် ကျူးကော့မင်းယွီက ပြုံးလျက် ပြောသည်။
“ကျွန်တော်…” ယိရှောင်ရှီက သူနှင့် ရီဖူရှင်းအပေါ် အစ်မနှစ်၏ ခွဲခြားဆက်ဆံမှုကို မြင်ကာ စိတ်ဓာတ်ကျ သွားသည်။ သို့သော် အစ်မနှစ်၏ အကြည့်ကို မြင်သည်တွင် ခေါင်းငုံ့၍ ပြောသည်… “သေချာပေါက် သူ့ကို ဂရုစိုက် ပေးရမှာပေါ့…”
“မောင်ငယ်လေး… အဲဒါ မှန်လား…” ကျူးကော့မင်းယွီက ရီဖူရှင်းကို မေးသည်။
“အစ်ကိုခုနစ်ရဲ့ စွမ်းဆောင်ရည်က တကယ်ပဲ လက်ခံလို့ ရပါတယ်…” ရီဖူရှင်းက ပြုံးလျက် ပြောသည်တွင် ကျူးကော့မင်းယွီက ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်သည်။ ဖက်တီးကား သက်ပြင်းချရုံမှ အပ ဘာမှ မတတ်နိုင်။ ငါက ဘာလို့ အငယ်ဆုံး မဖြစ်ခဲ့ရတာလဲ… ဟူး…။
“အစ်မနှစ်… အစ်ကိုလေးနဲ့ အစ်ကိုငါးကရော…” ရီဖူရှင်းက မေးသည်။ သည်မတိုင်မီက ရွှီယီနှင့် လျိုဖန်းက ယိရှောင်ရှီနှင့်အတူ မြေရိုင်းဒေသကို ရောက်လာခဲ့ကြ သော်လည်း ယခု ဖက်တီးကိုသာ တွေ့ရပြီး သူတို့ကို မတွေ့ရပေ။
“ဒီနှစ်ကောင်က ပျင်းရိနေတာနဲ့ ငါက အလုပ်နည်းနည်း ခိုင်းထားတယ်…” ကျူးကော့မင်းယွီက ပြောသည်။ ယိရှောင်ရှီက စီနီယာ အစ်ကိုနှစ်ယောက် အကြောင်းကို တွေးကာ သူ့အပေါ် အစ်မနှစ်က အမှန်ပင် ကောင်းသည်ဟု တွေးလိုက်သည်။
ယိရှောင်ရှီ၏ အမူအရာကို ကြည့်ကာ စီနီယာ အစ်ကိုနှစ်ယောက်၏ အခြေအနေက သိပ်မဟန်သည်ကို ရီဖူရှင်းက ရိပ်မိလိုက်သည်။ သူတို့က အစ်မနှစ်ကို သွားရှာခြင်းက ကိုယ့်သေတွင်း ကိုယ်သွားတူးခြင်းပင်။
“အစ်ကိုသုံးကရော… သူ့ကို တွေ့သေးလား…” ရီဖူရှင်းက ဂူတုံးလျိုကို တွေးမိကာ မေးသည်။
ကျူးကော့မင်းယွီ၏ မျက်နှာပေါ်မှ အပြုံးက ချက်ချင်း ပျောက်ကွယ် သွားသည်… “သူ့အကြောင်း မပြောနဲ့… တန်ခိုးအဆင့်က တက်ခါစပဲ ရှိသေးတယ်… ဟန်ရေးက ပြချင်တယ်… သူက ပိုင်လွေလီကို ရှုံးသွားတယ်လေ… အခု ဘယ်မှာ သွားလေ့ကျင့်နေမှန်း မသိဘူး…”
ရီဖူရှင်းက အစ်မနှစ်၏ အမူအရာကို မြင်သည်တွင် သူမက အစ်ကိုသုံးကို စိုးရိမ်နေမှန်း သိလိုက်သည်။ သူက တော်ဝင်ကျဲ နန်းတော်၏လှေကားထစ်တွင် ကု့ချင်း တီးခတ်နေသော လူငယ်ကို လှမ်းကြည့်သည်။ ကောင်းကင်မြေရိုင်း အဆင့်တစ်ဆယ်အတွင်း ဝင်နိုင်စွမ်းသောသူက မည်သို့ အလွယ်တကူ အနိုင်ယူ၍ ရမည်နည်း။
အစ်ကိုသုံး၏ စိတ်နေ သဘောထားအရ သူက တစ်နေရာတွင် ပြင်းပြင်းထန်ထန် လေ့ကျင့်နေလောက် ပေသည်။
ထိုအခိုက်တွင် တော်ဝင်ကျဲ နန်းတော်၏လှေကားထစ်မှ အရေးပါသော အကြီးအကဲများ ဆင်းလာကြသည်။ သူတို့၏ အကြည့်များက မြေကွက်လပ်ကြီး တစ်ခုလုံးကို ဖြတ်သန်းသွားသည်။ ကွင်းပြင် တစ်ခုလုံးကား လူများဖြင့် ပြည့်ကျပ်နေသည်။
ထိုအခိုက်တွင် မရေမတွက်နိုင်သော လူများက လှေကားထစ်ပေါ်မှ အကြီးအကဲများကို ကြည့်ကြသည်။ ထို့နောက် တော်ဝင်ကျဲနန်းတော်မှ အကြီးအကဲ တစ်ယောက်က ပြောသည်… “တော်ဝင်ကျဲ နန်းတော်က နန်းတော်မှာ လေ့ကျင့်မယ့် တပည့်တွေကို အခု ရွေးချယ်တော့မယ်… မပါဝင်တဲ့လူတွေက ဗဟိုကွင်းပြင်ထဲက ထွက်ပေးကြ…”
သူ၏စကားကို ကြားလျှင် လူအများအပြားက နောက်ဆုတ်ကြသည်။ အလယ်ရှိ ကွင်းပြင်၌ လူငယ်များသာ ကျန်ရစ်ခဲ့သည်။
“တော်ဝင်ကိုးလမ်းက လူတွေ… ကိုယ့်လမ်းနဲ့ကိုယ် နေရာယူကြ…” နောက်ထပ် အသံတစ်သံကို ကြားကြရသည်။
ရီဖူရှင်းက ဟွာဂျီယူ၏လက်ကို ဆွဲထားရင်းက ပြောသည်… “ငါ သွားလိုက်မယ်…”
“ကောင်းပြီ…” ဟွာဂျီယူက ခေါင်းညိတ်သည်တွင် ရီဖူရှင်းနှင့် ယိရှောင်ရှီတို့က အာရုဏ်လမ်းဘက်ကို ပြန်လျှောက် လာကြသည်။
တော်ဝင်ကျဲ နန်းတော်၏ တပည့်သစ် လက်ခံရာတွင် သူတို့က တော်ဝင်လမ်း ကိုးလမ်းကို ဖွင့်လှစ်လေ့ရှိသည်။ ထိုလမ်းများကို မြေရိုင်းလမ်း၊ အာရုဏ်လမ်း၊ ခရီးကြမ်းလမ်း၊ မြေအောက်လမ်း၊ ဒေသန္တရလမ်း၊ ကန္တာရလမ်း၊ ခွဲခွာခြင်းလမ်း၊ အေးခဲလမ်းနှင့် ဆုတ်ယုတ်ခြင်းလမ်းတို့ ဖြစ်ကြသည်။ လမ်းကိုးလမ်းထဲတွင် မြေရိုင်းလမ်း တစ်ခုတည်းက ကျုံကျိုးမြို့နှင့် သက်ဆိုင်သည်။ တခြား ရှစ်လမ်းက မြေရိုင်းဒေသ တစ်ခုလုံးနှင့် သက်ဆိုင်သည်။
ယခု လမ်းကိုးလမ်းမှ လူများက သီးခြား စုစည်းနေကြပြီး ဖြစ်သည်။ ရီဖူရှင်းတို့ အုပ်စုက အာရုဏ်လမ်း အုပ်စုတွင် ဖြစ်သည်။ သူတို့၏အုပ်စုက စစ်တပ်ကြီး တစ်ခုအလား ထင်မှတ်ရသည်။
တော်ဝင်လမ်းမှ စစ်ထုတ်ခြင်း ခံရသည့်တိုင် မရေမတွက်နိုင်သော လူများ ကျန်ရစ်နေဆဲ ဖြစ်သည်။ ယခု လမ်းကိုးလမ်းက သီးခြား ခွဲထုတ်လိုက်သော အခါတွင်မှ အာရုဏ်လမ်းက လူအများဆုံး ဖြစ်နေသည်ကို အားလုံးက အံ့အားသင့်စွာ မြင်ကြရသည်။
ထိုအဖြစ်က အာရုဏ်လမ်း၏ ပြိုင်ဆိုင်မှုက တခြားလမ်းများနှင့် စာလျှင် အလွန်အမင်း အားနည်းသည်ဟု ထင်မြင်ကြစေသည်။ တော်ဝင်လမ်းတွင် အများစုက တံဆိပ်ပြားအတွက် ယှဉ်ပြိုင် တိုက်ခိုက်ကြရာ အနည်းငယ်သော လူများကသာ နောက်ဆုံးတွင် တံဆိပ်ပြား လက်ဝယ် ပိုင်ဆိုင်ကာ လမ်းမှ ထွက်နိုင်ကြပေသည်။ သို့သော်လည်း အာရုဏ်လမ်းမှ အဖြစ်အပျက်များက တခြားလမ်းများနှင့်မတူ တစ်မူကွဲပြားခဲ့သည်ကိုကား ထိုလူများ မသိကြပေ။
ရီဖူရှင်းက မူကျိချူ၊ ကုယွန်ချီနှင့် ကျန်လူများ၏ဘေးသို့ ပြန်ရောက်လာသည်။ လီချန်းရီက တော်ဝင်ကိုးလမ်းမှ လူများကို ကြည့်သည်။ ထို့နောက် တော်ဝင်ကျဲ နန်းတော်သို့ သွားရာ လှေကားထစ်ကို ကြည့်သည်။ သူမ၏ခရီးက ဤနေရာတွင် အဆုံးသတ်ပြီကို သူမသိသည်။ သူမက တော်ဝင်ကျဲ နန်းတော်တွင် လေ့ကျင့်ရန် မျှော်လင့်ချက် မရှိပေ။ ဤမြင်ကွင်းကို မြင်တွေ့ရခြင်းကပင် သူမအတွက် စိတ်ကျေနပ်စရာ ကောင်းနေပြီ ဖြစ်သည်။
မြေရိုင်းဒေသမှ အထူးချွန်ဆုံးသော လူများက ဤနေရာတွင် စုစည်းနေကြသည်။ ယခုတွင် ကျူးကော့မင်းယွီကလည်း တော်ဝင် လှေကားထစ်ပေါ်သို့ လျှောက်သွားကာ လူတစ်ယောက်၏ ဘေးနားတွင် သွားရပ်သည်။ ထိုလူအား ရီဖူရှင်းက မြင်ဖူးသည်။ သူကား ကော့တေးတွင် အစ်မနှစ်ကို လာခေါ်သော လူတစ်ယောက် ဖြစ်သည်။ သူကလည်း မြေရိုင်းဒေသတွင် အလွန်အမင်း ကျော်ကြားပြီး ကျူးကော့ကလန်၏ ဆက်ခံသူဖြစ်သည်။ သူ၏နာမည်က ကျူးကော့ခမ်ယန် ဖြစ်သည်။
“သူ ရောက်လာလား…” ကျူးကော့ခမ်ယန်က ကျူးကော့မင်းယွီကို မေးသည်။
“အင်း…” ကျူးကော့မင်းယွီက အသာအယာ ခေါင်းညိတ်သည်။
“ဒီနှစ်နှစ်မှာ မင်းက ဟွာဂျီယူကို သူ့အတွက် နှစ်နှစ်တိတိ သေသေချာချာ စောင့်ရှောက် ပေးခဲ့တယ်… အခု သူက တော်ဝင်လမ်းကို ဖြတ်ကျော်ပြီး ဒီနေရာအထိ ရောက်လာတယ် ဆိုတော့ သူက မင်းရဲ့ မျှော်လင့်ချက်တွေနဲ့ ထိုက်တန်မလား ကြည့်ကြတာပေါ့…” ကျူးကော့ခမ်ယန်က ပြောသည်။
***