Switch Mode

အပိုင်း(၅၄၀)

ငါက မကောင်းလို့လား

“ဒါက အရမ်းလွန်တာပဲ…” ကျူးကော့မင်းယွီက ပြုံးလျက်ပြောသည်… “မိန်းမလှတွေ ဝန်းရံပြီးတော့ ဘယ်လောက်တောင် ပျော်စရာ ကောင်းလဲ…”

“ဟွာဂျီယူက သဘောမကျစွာ ခေါင်းညိတ်သည်။ အချိန်ကြာမြင့်စွာ စောင့်လင့်ပြီးနောက် ဤသို့သော အခြေအနေ၌ ပြန်တွေ့ရသည်။

“ငါ သူ့ကို လှမ်းခေါ်သင့်လား…” ကျူးကော့မင်းယွီက မေးသည်။

“ညီမ သူ့ကို မသိဘူး…” ဟွာဂျီယူက ဒေါသထွက်နေသလို ဟန်ဆောင်သည်။ သို့သော် သူမ၏လှပသော မျက်လုံးများက ရီဖူရှင်းရှိရာဘက်ကို မကြာမကြာ ရောက်သွားသည်။ သူက ဘေးမှ လှပသော မိန်းကလေးများနှင့် ပျော်ရွှင်စွာ စကား ပြောနေသည်ကို မြင်ရသည်။

“အင်း… ဂျီယူ… ငါက နောက်တစ်ခါ သူ့ထက် ပိုကောင်းတဲ့လူတွေကို မိတ်ဆက်ပေးမယ်… အဲဒီ အသည်းနှလုံး မရှိတဲ့အကောင်ကို ဂရုမစိုက်နဲ့တော့…” ကျူးကော့မင်းယွီက လေးနက်စွာ ပြောသည်။

“အာ…” ဟွာဂျီယူက မျက်လုံးလေးများ ပြူးကျယ်စွာဖြင့် ကျူးကော့မင်းယွီကို ပြောသည်။ သို့သော် ပေ့ထင်ရှင်းအာက ပြောသည်… “အစ်မနှစ်… မောင်ငယ်လေးက ဒီလောက်ချောပြီး တော်တာ… သူ့ကို ဘယ်မိန်းကလေးက မကြိုက်ဘဲ နေမလဲ… ဒါက မောင်ငယ်လေးရဲ့ အမှား မဟုတ်လောက်ဘူး…”

“ရှင်းအာ.. နင်က ဘယ်ဘက်ကလဲ…” ကျူးကော့မင်းယွီက ပေ့ထင်ရှင်းအာကို ပြုံးရောင်သန်းလျက် မေးသည်။

ပေ့ထင်ရှင်းအာက ပြုံးကာ သူမ၏နားကို အသာကုတ်သည်။ သို့သော် ဟွာဂျီယူက တီးတိုးပြော၏။ “အစ်မနှစ်… ရှင်းအာပြောတာ မမှားဘူးထင်တယ်…”

“…” ကျူးကော့မင်းယွီက ဟွာဂျီယူကို ပြုံးလျက် ကြည့်သည်။ သူမက သူ့အား အပြစ်ပင် မတင်ရသေးပေ။ ကောင်မလေးကား အမှန်ပင် ဆေးမမီတော့။

ကျူးကော့မင်းယွီက သူမ၏အတွေးများကို မြင်တွေ့ သွားသည့်အတွက် ဟွာဂျီယူ၏မျက်နှာက ရှက်သွေးများ ဖြန်းသွားဟန် ရသည်။ ထိုအဖြစ်က သူမအား ပိုမို၍ပင် ဆွဲဆောင်အား ကောင်းစေသည်။ သို့သော် ကောင်စုတ်ကား အမှန်တရားလွန်သည်။ တစ်ယောက် နှစ်ယောက်က ဟုတ်သေးသည်။ ယခုကား သူ့ဘေးတွင် မိန်းမလှ လေးယောက်ပင် ရှိသည်။

ရီဖူရှင်းမူကား ဘာမှ သိဟန်မတူ။ သူ၏အကြည့်က ကု့ချင်း တီးခတ်နေသော လူငယ်ထံကို ရောက်သွားသည်။ ကု့ချင်းသံစဉ်ကို သူ ရင်းနှီးသည်။ သူကိုယ်တောင်က ထိုသံစဉ်ကို အကြိမ်များစွာ လေ့ကျင့်ဖူးသည်။

ယူချင်းနှင့် ရီဝူချင်းတို့၏ အကြည့်များကလည်း ထိုနေရာကို ရောက်သွားသည်။ ရီဖူရှင်းက မူကျိချူကို မေးသည်… “သူက ဘယ်သူလဲ…”

မူကျိချူက တိတ်ဆိတ်စွာ ထိုင်ကာ ကြီးမြတ်ထည်ဝါသော ဟန်ပန်ရှိသော လူငယ်ကို ကြည့်သည်။ သူကား ထိုအခိုက်တွင် ကောင်းကင်နှင့် မြေကြီး၌ တစ်သားတည်း ဖြစ်နေဟန်ရသည်။ သူ၏တန်ခိုးအဆင့်ကား အလွန်အမင်း မြင့်မားပြီး ဤမျှငယ်ရွယ်သော အသက်ဖြင့် တော်ဝင်ကျဲ နန်းတော်တွင် ရှိနေသည် ဆိုပါက…

မူကျိချူက သူ့အား ပထမဦးဆုံး မြင်ဖူးခြင်း ဖြစ်သော်လည်း လူငယ် ဘယ်သူဖြစ်သည်ကို ခန့်မှန်းနိုင်သည်။ မြေရိုင်းဒေသတွင် ထိုအချက်များနှင့် ကိုက်ညီသောလူ အလွန်အမင်း နည်းသည်။

“ငါထင်တာ မမှားရင် သူက တိမ်ဖြူမြို့က သခင်လေး ပိုင်လွေလီပဲ…” မူကျိချူက တီးတိုးပြောသည်။ ရီဖူရှင်းက ထိုလူငယ်ကို စိုက်ကြည့်ကာ ပြုံးသည်… “သူက တကယ်ပဲ ထူးခြားတဲ့လူပဲ… ငါကြားတာက တိမ်ဖြူမြို့ သခင်လေးပိုင်က မြေရိုင်းဒေသ အဆင့်ထဲကို ဝင်နေပြီဆို…”

“ဟုတ်တယ်…” မူကျိချူက ခေါင်းညိတ်သည်။ ပိုင်လွေလီ၏ တန်ခိုးအဆင့်က သိပ်မြင့်မားခြင်း မရှိသော်လည်း သူ၏ပါရမီကို မြေရိုင်းဒေသ တစ်ခုလုံးက အသိအမှတ် ပြုရသည်။ သူ၏အနာဂတ်က တောက်ပရန် သေချာနေ၏။

“သူက ဒီသံစဉ်ကို ဒီလောက် ကောင်းကောင်း ဖော်ကျူးနိုင်တာ မထူးဆန်းတော့ပါဘူး…”

ပိုင်လွေလီ ယခု တီးခတ်နေသော သံစဉ်က ကောင်းကင်ဒေသ၏ အကောင်းဆုံး သံစဉ်ဆယ်ခုမှ တစ်ခုဖြစ်သော အူကီယိုဖြစ်သည်။ သံစဉ်က ပထမတစ်ဝက်မျှသာ ဖြစ်သော်လည်း အနုပညာရသသိက အကောင်းဆုံးဟု ပြော၍ ရသည်။ သူသာ တီးခတ်ရပါကလည်း ထိုလူငယ်ထက် ပိုကောင်းအောင် မတီးနိုင်တော့ဟု ရီဖူရှင်းက ဝန်ခံရသည်။

တိမ်ဖြူမြို့သခင်လေး ပိုင်လွေလီက ထိုသံစဉ်အား မည်သို့ ရရှိခဲ့သည်ကိုမူကား ရီဖူရှင်းက မအံ့ဩတော့ပေ။ ထိပ်သီး အင်အားစု တစ်ခုခုက အရှေ့မြေရိုင်း ဒေသကို သွားရုံမျှဖြင့် သံစဉ်သင်္ကေတ ဖွဲ့စည်းပုံကို ရရှိနိုင်သည်။ တိမ်ဖြူမြို့ သခင်လေး၏ အဆင့်အတန်းဖြင့် သူသာ အလိုရှိပါက ထိုနေရာသို့ ကိုယ်တိုင်မသွားဘဲ ရရှိနိုင်၏။

ကောင်းကင်မြေရိုင်း အဆင့်၏ ထိပ်သီး ဆယ်ယောက် စာရင်းဝင် ဆိုသည့် အဓိပ္ပာယ်က ဘာကို ဆိုလိုသနည်း။ ဆိုလိုသည်က မြေရိုင်းဒေသ တစ်ခုလုံးတွင် ပိုင်လွေလီက အတော်ဆုံး ဆယ်ယောက်ထဲ ပါနေပြီဖြစ်သည်။

“မြေအောက်လမ်းက ဘယ်ဘက်မှာလဲ…” ရီဖူရှင်းက ရုတ်တရက် မေးသည်။ သည်မတိုင်မီက အူကီယို၏ ဆွဲဆောင်မှုကြောင့် ထိုလူငယ် အကြောင်းကို စိတ်ဝင်စားမိ သော်လည်း သူက အစ်မနှစ်နှင့် ဂျီယူကို တွေ့ရမည့် အရေးအား မေ့လျော့ နေသည်တော့ မဟုတ်ပေ။

သူတို့အုပ်စု၏အကြည့်က လူအုပ်ကြီး တစ်ခုထံကို ရောက်သွားပြီး မူကျိချူက ပြောသည်… “ငါထင်တာတော့ အဲဒီနေရာပဲ…”

ရီဖူရှင်းက ထိုလူအုပ်ကို ကြည့်သည်။ ချက်ချင်းပင် လူအုပ်ထဲတွင် လှပသော မိန်းကလေးတစ်ဦးက သူ့အား ပြုံးလျက် ကြည့်နေသည်ကို မြင်သည်။ ထိုအပြုံးက သူ့ကို ကျောစိမ့်စေသည်။ ထိုအပြုံးဖြင့် သူက အလွန်အမင်း ရင်းနှီး၏။ ကော့တေးတွင် အစ်မနှစ်က ထိုသို့ပြုံးတိုင်း အစ်ကိုလေးနှင့် အစ်ကိုငါး တစ်ယောက်ယောက်က ပြဿနာ တက်ရသည်သာ။

“အစ်မနှစ်…” ရီဖူရှင်းက ရေရွတ်လိုက်သည်။ ထို့နောက် သူက ကျူးကော့မင်းယွီ၏ဘေးမှ​မိန်းကလေးကိုပါ မြင်သည်။ ဟွာဂျီယူက သူ၏အကြည့်ကို တမင်ရှောင်လွှဲ နေသည်ကိုလည်း သတိထားမိသည်။ တစ်စုံတစ်ခု မှားနေပြီ။ ဂျီယူက သူ့ကို သတိမရဘဲ မည်သို့ နေမည်နည်း။ အစ်မနှစ်ကသူ့ကို မြင်လျှင် ဂျီယူကလည်း သူ့ကို မြင်ရမည်။

ပေ့ထင်ရှင်းအာက သူ့အား မျက်စပစ်၍ အချက်ပြ နေသည်ကို မြင်သည်။ ထို့နောက် သူက ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိကာ အေးခဲသွားသည်။ သူ၏ဘယ်ဘက်ကို ကြည့်သည်တွင် ကုယွန်ချီက တိတ်ဆိတ်စွာ ရပ်နေသည်။ ညဘက်တွင်ကား မူကျိချူက သူ့ကို ရင်းရင်းနှီးနှီး စကားပြောနေသည်။

“သေစမ်း…” ရီဖူရှင်း ထိတ်လန့်သွားသည်။ အခြေအနေကား အလွန် ဆိုးရွားပေသည်။ သည်အတွက် သူ့ကို အပြစ်တင်နိုင် မည်လော။

“ကျိချူ… ယွန်ချီ… မင်းတို့က ငါ့ကို ကူရှင်းပြပေးဖို့တော့ လိုနေပြီထင်တယ်…” ရီဖူရှင်းက ပြောသည်။ မူကျိချူက နားမလည်စွာ ကြည့်သည်တွင် ကုယွန်ချီ၏ မျက်လုံးများက အရောင်လက် သွားသည်။ သူမက တစ်စုံတစ်ခုကို ရိပ်မိသွားသည်။

“ကျိချူ…” ထိုအခိုက်တွင် အသံတစ်သံကို ကြားကြရသည်။ ရီဖူရှင်းက ဟွာဂျီယူထံကို သွားမည် လုပ်သည်တွင်ပင် ကျောင်းအုပ်ချန်းနှင့် ကျိုက်ရှင်း အိမ်တော်ခေါင်းဆောင်တို့ သူ့ထံကို လျှောက်လာသည်ကို မြင်၏။ ကျိုက်ရှင်းအိမ်တော် ခေါင်းဆောင်က ရီဖူရှင်း၏ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေသော မူကျိချူကို ဒေါသတကြီး ကြည့်နေသည်။ သူကား ခုနကမှ ကျောင်းအုပ်ချန်းနှင့် ငြင်းခုံနေခြင်း ဖြစ်သည်။ ယခု သူက ဘာကို မြင်ရသနည်း။

မူကျိချူကား ရီဖူရှင်း၏ဘေးတွင် ရပ်ကာ ရင်းနှီးစွာ စကားပြောနေသည်။ ဘာတွေ ဖြစ်ပျက်နေသနည်း။

“အဘိုး…” မူကျိချူကလည်း ပြန်ခေါ်သည်။

“ကျိချူ… မင်းက ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံကို ပြန်ယူပြီးပြီလား…” မူကျိဖန်က မျက်နှာ ညိုမည်းစွာဖြင့် မေးသည်။ ရီဖူရှင်းက နှင်တံကို ယူသွားသောနေ့က သူကလည်း ရှိနေခဲ့သည်။ သို့သော် ကျောင်းအုပ်ချန်း ရောက်လာသည်တွင် သူတို့က မည်သို့မှ မတတ်နိုင်ဘဲ လက်လွှတ်ခဲ့ရ၏။

သူမ၏အစ်ကိုနှင့် အဘိုးက အဘယ်ကြောင့် မပျော်မရွှင် ဖြစ်နေသည်ကို မြင်သည်တွင် မူကျိချူက အပြစ်ရှိသလို ခံစားရကာ ခေါင်းငုံ့သည်။ သူမက ပြန်ယူလိုခဲ့သည်။ သို့သော် ရီဖူရှင်းက သူမအား ထပ်မံ၍ အနိုင်ယူခဲ့၏။ သို့သော်လည်း ထိုအပြုအမူက သူမ၏အစ်ကိုနှင့် အဘိုးအား ပိုမို၍ ခံရခက်စေသည်။ သူမက တိတ်တဆိတ် ဝန်ခံနေသည်လား…။ ဒါမှမဟုတ်…။

“ဘာဖြစ်ခဲ့တာလဲ…” ကျိုက်ရှင်းအိမ်တော် ခေါင်းဆောင်က ဒေါသတကြီး မေးသည်။

“ဖူရှင်း… ကောင်းတယ်…” တခြားတစ်ဖက်တွင် ကျောင်းအုပ်ချန်းက ပြုံးလျက် ရီဖူရှင်းကို ကြည့်သည်။ သည်မတိုင်မီက ကုကလန် ခေါင်းဆောင်နှင့် သူနှင့် အတွေးတူခဲ့သည်။ ထိုအချိန်ကမှ သူရွေးခဲ့သော သားတော်က တန်ခိုးကျင့်ခြင်းအပြင် တခြားနေရာတွင်လည်း ထူးချွန်သည်ကို သိခဲ့ရသည်။ ယခု ရီဖူရှင်း၏ပတ်ပတ်လည်ကို ကြည့်သည်တွင် သူက အမှန်ပင် အထင်ကြီးရသည်။

ကျိုက်ရှင်း အိမ်တော်၏နာမည်ကျော် အလှပဂေးလေးပင် သူ့လက်မှ မလွတ်ပေ။

ရီဖူရှင်း  မျက်လုံးပြူး သွားသည်။ သည်လူများ အမှန်ပင် အထင်လွဲနေကြပြီ။ ကျိုက်ရှင်း အိမ်တော် ခေါင်းဆောင်ကား ယခု သူ့ကို စားမတတ် ဝါးမတတ် ကြည့်နေသည်။ ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံကို လုယူစဉ်ကပင် ဤသို့သော အမူအရာကို သူမမြင်ခဲ့ရပေ။

ကျိုက်ရှင်း အိမ်တော် ခေါင်းဆောင်က အထင်လွဲမည်ဆိုလည်း လွဲစရာပင်။ မူလက သူနှင့် မူကျိချူတို့က ရန်သူများ ဖြစ်သည်။ ယခု ဘေးချင်းကပ် သွားလာကာ ကျောင်းအုပ်ချန်းကလည်း မီးစာ ထပ်ထည့်ပေးရာ ကျိုက်ရှင်း အိမ်တော် ခေါင်းဆောင်က မည်သို့ အထင်မလွဲဘဲ နေတော့မည်နည်း။

“အဘိုး… ကျိချူမှားတာပါ… သူ့ကို တော်ဝင်လမ်းမှာ ထပ်ရှုံးခဲ့တယ်…” မူကျိချူက တိုးညင်းစွာ ပြောသည်။

“မင်းက သူ့ကို ရှုံးရင်တောင်မှ… ဟင်း…” ကျိုက်ရှင်း အိမ်တော် ခေါင်းဆောင်ကား အလွန်အမင်း စိတ်ပျက်ဟန် ရနေသည်။ သူ၏မြေးမကား လှပကာ အလွန်မြင့်မားသော ပါရမီရှိသည်။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…။

“ကျိချူ… မင်းက ဘယ်လိုလုပ် သူခိုးနဲ့ အတူရှိနေရတာလဲ…” မူကျိဖန်က ခံစားချက် ကင်းမဲ့စွာ ပြောသည်။ ရီဖူရှင်းက သူ၏ကောင်းကင် ပျက်သုဉ်းခြင်းနှင်တံကို ခိုးသွားသည်ဟု သူက အမြဲသတ်မှတ် ထားခဲ့သည်။

ရီဖူရှင်းနှင့် ရီဖူရှင်းအနီးမှ လူများအားလုံးက မူကျိဖန်ကို အေးစက်စွာ ကြည့်ကြသည်။ ရီဖူရှင်း မျက်မှောင်ကြုတ် သွားသည်။ မူကျိဖန်၏စကားက ကြမ်းတမ်း ရိုင်းစိုင်းလွန်းသည်။

“စီနီယာ … ဒါက အထင်လွဲတာပါ…” ရီဖူရှင်းက ကျိုက်ရှင်းအိမ်တော် ခေါင်းဆောင်ကို ကြည့်သည်။

“ဒါက အထင်လွဲတာပဲ ဆိုရင်တောင် မင်းက ငါ့ညီမကို လက်ဖျားနဲ့ထိရဲရင် ထိကြည့်… ငါက မင်းရဲ့လက်ကို ချိုးပစ်မယ်…” မူကျိဖန်က ကြားဖြတ် ပြောသည်။

“အရူး…” ရီဖူရှင်းက မူကျိဖန်ကို စိတ်ရှုပ်စွာ ကြည့်သည်။ ထို့နောက် သူက လက်ဆန့်တန်းကာ မူကျိချူ၏ ပခုံးကို အသာလက်တင်ပြီး မူကျိဖန်ကို ကြည့်သည်။

မူကျိချူ၏ခန္ဓာကိုယ်က ဆတ်ခနဲ တုန်ယင်သွားပြီး ရီဖူရှင်းကို ကြည့်သည်။ အဝေးမှ ဟွာဂျီယူနှင့် ကျူးကော့မင်းယွီတို့မူကား နှစ်ခါမျှ ကြည့်လိုက်ရသည်။ သည်တစ်ခေါက်ကား များသွားပြီ။

“မင်း…” မူကျိဖန်က ရှေ့ကို တက်လာသည်။ သို့သော် ယန်ကျန်း၊ ယိရှောင်ရှီနှင့် ရီဝူချင်းတို့ကလည်း ရှေ့ကို တက်လာကာ သူ့ကို အေးစက်စွာ ကြည့်ကြသည်။

“ယန်ကျန်း…” ထိုအခိုက်တွင် ဧရာမလူဝံကြီး တစ်ကောင် ယန်ကျန်းရှေ့ကို ရောက်လာသည်။ ထိုက်ရှင်းတောင် ရွှေလူဝံ…။ ကျောင်းအုပ်ချန်းနှင့် ကျိုက်ရှင်းအိမ်တော် ခေါင်းဆောင်တို့ကလည်း ရီဖူရှင်း၏ရှေ့တွင် ရပ်နေသော ယန်ကျန်းကို စိတ်ဝင်စားစွာ လှမ်းကြည့်ကြသည်။

သည်ကောင်လေးက ဘယ်တုန်းက ရွှေလူဝံများနှင့် သိနေရသနည်း။

“အဖေ…” ယန်ကျန်းက ထိုလူဝံကြီးကို ခေါ်သည်။ ထို့နောက် ရီဖူရှင်းအား မိတ်ဆက်၏… “အဖေ… ဒါက ကျွန်တော်က တော်ဝင်လမ်းမှာ တွေ့ခဲ့တဲ့ မိတ်ဆွေကောင်း တစ်ယောက်ပဲ… အဖေနဲ့ အဘိုးက သူ့ကို သဘောကျမှာ သေချာတယ်…”

ရွှေလူဝံကြီးက ရီဖူရှင်းကို ကြည့်သည်။ ထိုစဉ် ရီဖူရှင်းကား မူကျိချူထံမှ သူ၏လက်ကို ပြန်ရုပ်သိမ်းထားပြီး ဖြစ်ကာ ရွှေလူဝံကြီးကို ဦးညွှတ် အရိုအသေပေးသည်… “ရီဖူရှင်းက စီနီယာကို တွေ့ရတာ ဝမ်းသာဂုဏ်ယူပါတယ်…”

“အင်း…” ယန်ကျန်း၏အဖေက ခေါင်းညိတ်သည်။

“ကျိချူ… ရှင်းပြစမ်း…” ကျိုက်ရှင်းအိမ်တော် ခေါင်းဆောင်က မူကျိချူကို မေးသည်။

မူကျိချူက ရီဖူရှင်းကို ဒေါသတကြီး ကြည့်သည်။ သူအကောင်ကား တမင် ပြဿနာရှာနေသည်။

“စနောက်တာပါ… စီနီယာက စိတ်မဆိုးပါနဲ့… ကျွန်တော့်မှာ ချစ်သူရှိပါတယ်…” ရီဖူရှင်းက ပြုံးလျက်ပြောကာ တစ်နေရာကို လက်ညှိုးထိုးပြသည်… “သူမက အဲဒီမှာ ရှိတယ်…”

ကျိုက်ရှင်း အိမ်တော် ခေါင်းဆောင်နှင့် ကျန်လူများ အားလုံးက ရီဖူရှင်း လက်ညှိုးထိုးရာ ဘက်ကို ကြည့်လိုက်ကြသည်တွင် မြေအောက်လမ်းမှ လူများကို မြင်ရသည်။

“ဘယ်သူလဲ…” ကျိုက်ရှင်းအိမ်တော် ခေါင်းဆောင်က မေးသည်။ ထိုနေရာတွင် မိန်းကလေးများ အများအပြားရှိရာ သူက မည်သို့ သိမည်နည်း။ ရီဖူရှင်းက သူ့ကို ဟာသ လုပ်နေသည်လား…။

“အလှဆုံးတစ်ယောက်…” ရီဖူရှင်းက ပြုံးသည်။ ချက်ချင်းပင် လူအုပ်က ဟွာဂျီယူကို ကြည့်ကြသည်။ မြေအောက်လမ်းတွင် လှပသော မိန်းကလေးများစွာ ရှိသောလည်း ဟွာဂျီယူ၏အလှက ထိုနေရာတွင် အထင်ရှားဆုံး ဖြစ်သည်။

ရီဖူရှင်း၏စကားကို ကြားသည်တွင် အားလုံးက ရီဖူရှင်းကို ရူးနေသည့်လူအလား ကြည့်ကြသည်။

“မင်းက ဟွာဂျီယူကို ပြောတာလား…” မူကျိဖန်က တော်ဝင်ကျဲ နန်းတော်တွင် လေ့ကျင့်နေရာ သူက ဟွာဂျီယူကို သိသည်။

“ဟုတ်တယ်…” ရီဖူရှင်းက ပြုံးလျက်ပြောသည်။

“အရူး…” မူကျိဖန်က မှတ်ချက်ချသည်… “ကျူးကော့ကလန်က ကျူးကော့မင်းယွီရဲ့ သွေးသောက်ညီမ… ကောင်းကင် စိတ်ဝိညာဉ်ပညာရှင် ဟွာဂျီယူက မင်းညီမဟုတ်လား… ဟဟ…”

ရီဖူရှင်း စိတ်ဓာတ် ကျသွားသည်။ သူ့အား လူအများက အမြဲတမ်း အထင်သေးကြ၏။

“ပြဿနာ မရှာနဲ့…” မူကျိချူက တီးတိုးပြောသည်။ ဤသို့သော ဟာသကား လုပ်သင့် ပြောသင့်သော အရာမဟုတ်။ အကယ်၍ ကျူးကော့ကလန်ကသာ သည်စကားကို ကြားပါက ရီဖူရှင်းကို အလွတ်ပေးမည် မဟုတ်ပေ။

“မှန်တယ်… အစ်ကိုရီ… ဒီလိုကိစ္စမျိုးကို ရယ်စရာ မပြောရဘူး…” စီဝူကျိကလည်း စိုးရိမ်စွာ ပြောသည်။

ရီဖူရှင်းက နှာခေါင်းကို ပွတ်ကာ ရှေ့ကို လျှောက်သွား လိုက်သည်။ သူက မြေအောက်လမ်း ဘက်ကို သွားနေခြင်း ဖြစ်သည်။

လူအုပ်က သူ့ကို ထူးဆန်းစွာ ကြည့်ကြသည်။ ကုယွန်ချီကလည်း ရီဖူရှင်းတွင် ချစ်သူရှိသည်ကို မြင်သည်။ ယခု ရီဖူရှင်း၏ချစ်သူက နတ်သမီး တစ်ပါးကဲ့သို့ လှပချောမောသည်ကို မြင်သည်တွင် ကျေနပ်စွာ ပြုံးသည်။ ထိုသို့သော မိန်းကလေးကသာ ရီဖူရှင်းနှင့် လိုက်ဖက်ပေသည်။

ကျူးကော့မင်းယွီနှင့် ဟွာဂျီယူတို့ကလည်း ရီဖူရှင်း လျှောက်လာသည်ကို မြင်သည်။ ဟွာဂျီယူက သူ့ကို တစ်ချက်ကြည့်ကာ တစ်ဖက်ကို လှည့်သွားသည်။ သည်အကောင်က သူမ ရှေ့တွင်ပင်  နောက်မိန်းကလေး တစ်ယောက်ကို ကိုင်ရဲသည်။

နောက်ဆုံးတွင် သူက ကျူးကော့မင်းယွီတို့ သုံးယောက်ရှေ့ကို ရောက်လာသည်။ ဟွာဂျီယူက သူ့အား ကြည့်နေခြင်း မရှိသည်တွင် ရီဖူရှင်းက တီးတိုးပြောသည်… “ဂျီယူ… ငါမင်းကို အရမ်း သတိရတယ်…” သူ၏အသံကို ကြားသည်တွင် ထိုနေရာတစ်ခုလုံး တိတ်ဆိတ် သွားသည်။ ချက်ချင်း မရေမတွက်နိုင်သော အကြည့်များက ရီဖူရှင်းထံ ရောက်လာ၏။ ရီဖူရှင်း၏အသံက ကျယ်လောင်ခြင်း မရှိသော်လည်း အားလုံးက ဟွာဂျီယူကို အာရုံစိုက်နေကြရာ သူပြောလိုက်သော စကားကိုလည်း ကြားကြသည်။

သူက ဟွာဂျီယူကို ဘာပြောလိုက် သနည်း။

“ငါနင့်ကို မသိဘူး…” ဟွာဂျီယူက ရီဖူရှင်းအား ခံစားချက် ကင်းမဲ့စွာ ကြည့်သည်။ သိသာစွာပင် သူမက ဒေါသထွက်နေသည်။ သို့သော်လည်း လူအုပ်၏အမြင်က ပြောင်းလဲသွားသည်။ သူတို့အားလုံးက ရီဖူရှင်းကို အေးစက်စွာ ကြည့်ကြသည်။

“ဘယ်က အရူးတစ်ကောင် ရောက်လာတာလဲ…” တစ်ယောက်က သရော်ဟန်ဖြင့် မေးသည်။

ဟွာဂျီယူ မျက်မှောင်ကြုတ် လိုက်သည်။ သူမက ဒေါသထွက် ဟန်ဆောင် နေသော်လည်း သူ့အား တခြားလူများက အရှက်ခွဲသည်ကို မြင်လိုသည် မဟုတ်ပေ။

“ဟူး… ငါက ဒီလောက် အဝေးကြီးက လာတွေ့တာကိုတောင်…” ရီဖူရှင်းက သက်ပြင်းချသည်။ ဟွာဂျီယူက ရီဖူရှင်းကို ဒေါသတကြီး ကြည့်သည်။ ဘယ်သူက မကောင်းတာလဲ…။

ထိုသို့ တွေးရင်းနှင့်ပင် သူမက ရီဖူရှင်းထံကို လှမ်းသွားလိုက်သည်။

အားလုံး၏ အကြည့် အောက်တွင်ပင် ဟွာဂျီယူက ရီဖူရှင်း၏ဘေးကို လျှောက်သွား လိုက်သည်။ အားလုံးက အံ့အားသင့် မှင်တက်နေစဉ်မှာပင် ဟွာဂျီယူက လက်ဆန့်တန်းကာ နှစ်လိုသောပုံစံဖြင့် ရီဖူရှင်း၏အင်္ကျီအား သေသပ်အောင် ပြုပြင်ပေးသည်။ ထို့နောက် သူမက အာရုဏ်လမ်းဘက်ကို ကြည့်ကာ သနားစဖွယ် ပြောသည်… “သူတို့က ဘယ်သူတွေလဲ… ငါက မကောင်းလို့လား… ပြောပါ… ငါပြင်ပါ့မယ်…”

ထိုလှပချောမောကာ နှစ်လိုဖွယ် ကောင်းလှသော မိန်းကလေးကို ကြည့်ပြီး ရီဖူရှင်း၏နှလုံးသားက ချက်ချင်း အရည်ပျော် သွားရသည်။ သို့သော် သူက ထူးဆန်းသော ခံစားချက် တစ်ခုကိုလည်း ရနေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset