Switch Mode

အခန်း ( ၄ )

ကောင်းကင်တာအိုကျောင်း

ဒေါသနှင့် ဝမ်းနည်းမှုများကြောင့် ဝမ်ပေါင်လဲ့ သတိလစ် မေ့မျောသွားစဉ် ကမ္ဘာအစစ်ထဲမှ အနီရောင် မီးပုံးပျံသင်္ဘောကြီးက ကောင်းကင်ကြီးကို လျင်မြန်စွာ ထိုးခွင်းနေ၏။ ၎င်းမှာ ကောင်းကင်မြို့တော်၏ လက်အောက်ခံ နိုင်ငံဆီသို့ အလျင်အမြန် ချဉ်းကပ်လာနေသည်။

သင်္ဘောကြီး၏ ပင်မအခန်းထဲတွင် ရှုပ်ယှက်ခတ်နေ၏။

” မှော်ဆေးရည်ဌာနက ဝမ်ပေါင်လဲ့ကို လိုချင်တယ်ဟေ့ ”

” သူ့ကို ငါ့ရဲ့ သိုင်းပညာဌာနကနေ အလစ်သုတ်သွားဖို့ စိတ်မကူးနဲ့။ သူက ငါ့ အပိုင်ပဲ ”

ဆရာအားလုံးနီးပါး စိတ်လှုပ်ရှားနေကြ၏။ ဝမ်ပေါင်လဲ့တစ်ယောက် တာအိုကျောင်းသို့ ရောက်ရှိပြီးချိန်တွင် မည်သည့်ဌာနကို ပူးပေါင်းရမည်ဆိုသည့် ကိစ္စနှင့်ပတ်သက်၍ သူတို့ မရပ်မနား ငြင်းခုံဆွေးနွေးနေကြပြီး စားပွဲခုန်အား တဒုန်းဒုန်း ထုနေကြတော့သည်။

ထိုအခြင်းအရာများအားလုံးမှာ ဝမ်ပေါင်လဲ့၏ ကိုယ်ကျိုးစွန့်မှုမှ အရင်းခံပေါ်ထွက်လာခြင်း ဖြစ်သည်။ သူသည် သူတို့အား အကြီးအကျယ် တုန်လှုပ်သွားအောင် လုပ်နိုင်ခဲ့သည်။ သူ၏ သွေးသံတရဲရဲနှင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေခဲ့သည့် ခန္ဓာကိုယ်ကြီးကြောင့် သူတို့အားလုံး စိတ်နှလုံးလှုပ်ရှားသွားခဲ့ရသည်။ ထို့အပြင် သူပြောခဲ့သည့် စကားလုံးများမှာလည်း လျှပ်စီးတန်းများကဲ့သို့ သူတို့၏ ရိုးတွင်းခြင်ဆီအထိပါ ရိုက်ခတ်သွားနိုင်ခဲ့သည်။ အထူးသဖြင့် သူ၏ နောက်ဆုံးစကားမှာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းနေ၏။ ထိုစကားကြောင့် သူတို့၏နှလုံးသားများ ပြင်းထန်စွာ တုန်ရီသွားခဲ့ရသည်။

” ကျုပ်က ကောင်းကင်တာအိုကျောင်းအတွက် ရှင်သန်နေထိုင်ခဲ့တာ ”

ထိုစကားထဲတွင် ရဲစွမ်းသတ္တိများ၊ သစ္စာရှိမှုများဖြင့် ပြည့်နှက်နေ၏။ သူသည် တာအိုကျောင်းထဲရှိ ဌာနတိုင်းက လိုချင်တပ်မက်ကြသော ကျောင်းသားမျိုး ဖြစ်သည်။ သို့ဖြစ်ရာ အဘယ်ကြောင့် သူတို့က သူ့အား အခြားလူများဆီသို့ လက်လွှတ်အဆုံးရှုံးခံနိုင်ပါမည်နည်း။

ထိုကဲ့သို့ အဆက်မပြတ် ငြင်းခုန်ဆွေးနွေးနေကြစဉ် မုတ်ဆိတ်မွေးနှင့် သက်လတ်ပိုင်းဆရာတစ်ယောက်က သူတစ်ယောက်ထဲအားဖြင့် ဝမ်ပေါင်လဲ့အား ခေါ်ယူနိုင်မည် မဟုတ်ကြောင်း ရိပ်စားမိလိုက်ရသောအခါ မျက်လုံးရဲကြီးများဖြင့် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်တော့သည်။

သူသည် ထိုကျောက်စိမ်းပြားထဲသို့ ဝိညာဉ်စွမ်းအားများကို ထည့်သွင်းလိုက်ပြီး အော်ဟစ်ဟိန်းဟောက်လိုက်တော့သည်။
” ကျုပ်ရဲ့ ဓမ္မလက်နက်ဌာနက ငါးနှစ်မှာ တစ်ကြိမ်ပဲ အသုံးပြုလို့ရတဲ့ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုတယ်။ ဝမ်ပေါင်လဲ့က ဓမ္မလက်နက်ဌာနအတွက် အထူးဝင်ခွင့်ရကျောင်းသားတစ်ယောက် ဖြစ်ရမယ်လို့ ကျုပ်တို့ သတ်မှတ်လိုက်တယ်။ ခင်ဗျားတို့ထဲက ဘယ်သူမှ သူ့ကို ကျုပ်ဆီကနေ အလစ်သုတ်ခွင့် မရှိတော့ဘူး ”

ထိုသို့ပြောလိုက်သောတခဏတွင် သူ၏လက်ထဲမှ ကျောက်စိမ်းပြားက ရုတ်ချည်း ဝင်းလက်တောက်ပလာ၏။ ထို့နောက် ချက်ချင်းပင် ဝမ်ပေါင်လဲ့၏ အမည်ရှိနေသည့် သလင်းကျောက်၏ နောက်ဘက်တွင် ‘ ဓမ္မလက်နက်ဌာန ‘ ဟူသော စာလုံးများလည်း တွဲလျက်ပေါ်လာတော့သည်။

ထိုအခြင်းအရာက လူတိုင်းကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေတော့သည်။ ထိုလုပ်ပိုင်ခွင့်အာဏာက အဖိုးတန်လွန်းလှ၏။ ပုံမှန်အတိုင်းဆိုလျှင် ကျောင်းဝင်ခွင့်စာမေးပွဲပြီးဆုံးသည့် အချိန်တွင် ဆရာများက ကျောင်းသားများကို သူတို့၏ သက်ဆိုင်ရာဌာနများထဲသို့ ဝင်ခွင့်မပြုမီ စောင့်ကြည့်စစ်ဆေးလေ့ ရှိကြသည်။ လူအနည်းစုသာ ဌာနအဖွဲ့ဝင်များ၏ ကြည်ကြည်ဖြူဖြူလက်ခံခြင်းကို ရရှိကြသည်။

မည်သို့ပင်ဆိုစေကာမူ ၎င်းမှာ နှစ်ဦးနှစ်ဖက်လုံးအပေါ် သက်ရောက်သည့် ရွေးချယ်မှုတစ်ခုဖြစ်သည်။ ဌာနတိုင်းက ငါးနှစ်တစ်ကြိမ် အသုံးပြုခွင့်ရှိသည့် ထိုကဲ့သို့သောလုပ်ပိုင်ခွင့်အာဏာမျိုးကို ပိုင်ဆိုင်ထားကြသည်။ ၎င်းကိုအသုံးပြု၍ ကျောင်းသားတစ်ယောက်အား သူတို့ဌာန၏ အဖွဲ့ဝင်တစ်ယောက်အဖြစ် သတ်မှတ်နိုင်သည်။ ထို့အပြင် ယင်းကဲ့သို့ ရွေးချယ်သတ်မှတ်လိုက်မည်ဆိုပါက ထိုကျောင်းသားအား အရေးတယူ ဆက်ဆံရမည်ဖြစ်သလို သူ့အတွက် လူအင်အား၊ ငွေအင်အားအမြောက်အများလည်း ထောက်ပံ့ပေးရမည် ဖြစ်သည်။ ယင်းအပြင် ထိုကျောင်းသားမှာ သူ၏ သက်တူရွယ်တူများထက် များစွာပို၍သာလွန်သည့် အခွင့်အရေးများကိုလည်း ရရှိပိုင်ဆိုင်သွားမည်ဖြစ်သည်။ ထိုကျောင်းသားအား အရေးပါသော ရာထူးတစ်ခု လွှဲပြောင်းပေးလိုက်ခြင်းနှင့်ပင် တူသည်။

ထိုကဲ့သို့ အကျိုးကျေးဇူးများကြောင့် ထိုကဲ့သို့သော လုပ်ပိုင်ခွင့်အာဏာမျိုးကို ထူးခြားသော လူမှုရေးနောက်ခံများကို ပိုင်ဆိုင်ထားသည့် ကျောင်းသားများ သို့မဟုတ် ခြောက်ပြစ်ကင်းသဲလဲစင်လောက်အောင် ထူးချွန်သော ကျောင်းသားများကိုသာ ပေးအပ်လေ့ရှိကြသည်။ ၎င်းမှာ အလွန် အဖိုးတန်လွန်းလှသည် မဟုတ်ပါလော။

ဝမ်ပေါင်လဲ့မှာ ထူးချွန်ပါသော်လည်း အခြားလူများက သူတို့၏ လုပ်ပိုင်ခွင့်အာဏာများအား သူ့အတွက် အသုံးချရမည်ကို တွန့်ဆုတ်နေခဲ့ကြသည်။ သို့ဖြစ်၍ သူတို့က ခေါင်းခါ၍ ရှုံ့မဲ့မဲ့သာ ပြုံးနိုင်ကြတော့သည်။

သူ့လုပ်ဖော်ကိုင်ဖက်များ၏ အမူအရာများကို မြင်လိုက်ရသောအခါ ဆရာမုတ်ဆိတ်မှာ ဆုံးဖြတ်ချက် မှန်ကန်သွားပြီဖြစ်ကြောင်း ယုံကြည်သွားတော့သည်။ ဝမ်ပေါင်လဲ့၏ စရိုက်ကြောင့် သေသေချာချာ ပြုစုပျိုးထောင်ပြီးပါက ဓမ္မလက်နက်ဌာနအပေါ် ထားရှိမည့် သူ၏သစ္စာရှိမှုမှာ သေချာပေါက် စစ်မှန်နေမည်ဖြစ်ကြောင်း သူ ယုံကြည်ထားသည်။

လူတစ်ယောက်မှာ မည်မျှပင် အရည်အချင်းရှိစေကာမူ သစ္စာဖောက်နိုင်ခြေ ရှိသည်။ ငွေကြေးဖြင့် သိမ်းသွင်းရန် မဖြစ်နိုင်သည့် တစ်ဦးတည်းသောလူများမှာ ရိုးသားဖြောင့်မတ်သော အကျင့်စရိုက်နှင့် အဆုံးတိုင်သစ္စာရှိမှုများကို ပိုင်ဆိုင်ထားသည့် လူများသာ ဖြစ်သည်။ ထိုကဲ့သို့ အဖွဲ့ဝင်များမှာ အရေးကြီးသော အခိုက်အတန့်များတွင် ရှေ့သို့ ရဲရဲဝံ့ဝံထွက်လာကြမည်ဖြစ်၍ သူတို့ကို ပြုစုပျိုးထောင်ပေးရသည်မှာ ထိုက်တန်ပေသည်။ ဆရာမုတ်ဆိတ်က ထိုသို့တွေးလိုက်မိသောအခါ ချက်ချင်းပင် ကျေနပ်အားရသွားတော့သည်။ သူသည် အတွေးများထဲတွင် နစ်မျောရင်း ဝမ်ပေါင်လဲ့၏ အချက်အလက်များကိုကြည့်ကာ မျက်မှောင်ကြုတ်နေဆဲဖြစ်သည့် သမားတော်အိုကြီးကို လှမ်းကြည့်လိုက်သည်။

” ပါမောက္ခ … ကျုပ်တို့ ဓမ္မလက်နက်ဌာနက ဝမ်ပေါင်လဲ့ကို ကျုပ်တို့ အဖွဲ့ဝင်ဖြစ်လာဖို့ သတ်မှတ်ပြဌာန်းလိုက်ပြီနော်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပါမောက္ခ မျက်နှာမလိုက်ဖို့ မျှော်လင့်ပါတယ် ”

ထိုအခါ ထိုသမားတော်အိုကြီးမှာ ခေါင်းငုံ့ကာ မှတ်တမ်းစာတွဲများကိုဖတ်ရင်း အေးဆေးဆေးပင် ပြန်ပြောလိုက်သည်။
” စိတ်မပူပါနဲ့။ သူ့ကို မင်းတို့ပိုင်ပါတယ်။ ဒါပေမဲ့ မင်း နောင်တမရဖို့ ငါ မျှော်လင့်တယ် ”

ကောင်းကင်တာအိုကျောင်းမှာ ဝင်ခွင့်ရ ကျောင်းသားအားလုံး၏ ငယ်စဉ်ဘဝမှစ၍ အသေးစိတ်အချက်အလက်များကို ပိုင်ဆိုင်ထားသည်။ သူသည် ထိုအချက်အလက်များကို ဖတ်ရှုရင်း ထိုသို့ဆိုလိုက်သည့်အချိန်တွင် သူ၏မျက်လုံးထဲ၌ စိတ်ဝင်စားနေသည့် အရိပ်အယောင်တစ်ခုကို မသိမသာ မြင်လိုက်ရသည်။

” ပါမောက္ခ၊ ခင်ဗျား… ”
ထိုစကားကို ကြားလိုက်ရသောအခါ ဆရာမုတ်ဆိတ် အံ့အားသင့်သွားရတော့သည်။ အခြားဆရာများသည်လည်း ဇဝေဇဝါ ဖြစ်သွားကြတော့သည်။

” သူက ဝိတ်ကျဖို့အတွက် တစ်လတိတိ ကြိုးစားခဲ့ဖူးတယ်။ အဲဒီတစ်လအတွင်း သူက အစာမစားဘဲ လေ့ကျင့်ခန်းတွေ အပြင်းအထန် လုပ်ခဲ့ပေမဲ့ သူ့ဝိတ်က ကျမသွားတဲ့အပြင် တက်ပါတက်လာခဲ့တာ။ သာမန်လူတွေ မကြုံရနိုင်တဲ့ အခြေအနေမျိုးကို သူက ကြုံခဲ့ရတာ ”
သမားတော်အိုကြီးက သရော်ပြုံးပြုံးကာ ဆိုလိုက်သည်။ ထို့နောက် သူသည် ပုံရိပ်ယောင်နယ်မြေထဲရှိ ကျောင်းသားအားလုံး၏ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာရပ်များကို လှန်လှောရှာဖွေကာ ဖတ်ရှုလိုက်၏။ ထိုအခါ သူသည် စစ်ဆေးပွဲ စတင်ပြီးနောက် ဝမ်ပေါင်လဲ့၏ ဝိတ်ပြောင်းလဲမှုများကို သတိထားမိသွားသည်။

ထို့နောက် သမားတော်အိုကြီးက ခေါင်းမော့ကာ ပြတ်ပြတ်သားသားပြောလိုက်သည်။
” ငါ့အထင်သာ မမှားဘူးဆိုရင် ဝမ်ပေါင်လဲ့က အတုအယောင် ကမ္ဘာကြီးတစ်ခု ဖြစ်နေတယ်ဆိုတာကို သိထားတာ တော်တော်ကြာနေပြီ။ သူက စစ်ဆေးပွဲ ကျင်းပနေမှန်းသိလို့ ကလိမ်ကျနေတာ ”

” မဖြစ်နိုင်ဘူး ”
ဆရာမုတ်ဆိတ်က ရင်ဘတ်ကိုလက်ဖြင့်ဖိရင်း ပင့်သက်ရှိုက်မိသွားတော့သည်။ သူသည် မူးဝေဝေပင် ဖြစ်လာတော့သည်။

” သူ့ကို စမ်းသပ်ကြည့်ရင် သူ ကလိမ်ကျနေတာ ဟုတ်၊ မဟုတ် သိရမှာပါ ”
သမားတော်အိုကြီးက သလင်းကျောက်ဖန်သားပြင်မှတစ်ဆင့် ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ၏ ညာလက်ကို‌မြှောက်၍ ပုံရိပ်ယောင်နယ်မြေကို ထိန်းချုပ်လိုက်သဖြင့် ၎င်းမှာ ရုတ်ချည်း တုန်ရီသွားတော့သည်။

ပုံရိပ်ယောင်နယ်မြေထဲတွင် ကျောင်းသားများမှာ ဘေးဒုက္ခကြီးကို အသက်ရှင်လျက် ကျော်ဖြတ်နိုင်ခဲ့ပါသော်လည်း သူတို့ မ‌ပျော်နိုင်ခင်မှာပင် ရုတ်တရက် သူတို့ရှေ့ရှိ တောအုပ်ထဲမှ မြေပြင်ကိုပင် တုန်ရီသွားစေနိုင်သည့် ဟိန်းဟောက်သံကြီးတစ်သံကို ကြားလိုက်ရသည်။ ထိုအသံကြီးက လေမုန်တိုင်းတစ်ခုကဲ့သို့ သူတို့ထံ ဦးတည်လာ၏။

ထိုအသံလှိုင်းများကြောင့် မိုးထိုးအောင် မြင့်မားနေသည့် သစ်ပင်များပင် တစ်စစီ ကျိုးကြေပျက်စီးသွားကြတော့သည်။ ထို့နောက် မြေပြင်ကြီး လှုပ်ခါသွားကာ ပေတစ်ရာအမြင့်ရှိသည့် ဝက်ဝံကြီးတစ်ကောင် မြေကြီးထဲမှ တွယ်တက်လာပြီး ဟိန်းဟောက်လိုက်တော့သည်။

၎င်းခန္ဓာကိုယ်၏ အစိတ်အပိုင်းအများစုမှာ ပုပ်ပွနေသည့်ပုံ ပေါ်ပါသော်လည်း ၎င်းမှာ မပျက်သုဉ်းနိုင်သည့် ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားသည့်အလား ၎င်း၏ မျက်လုံးများမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တောက်လောင်နေ၏။ ၎င်းထံမှ ပေါ်ထွက်လာနေသည့် ပြင်းထန်သော ဖိအားများကြောင့် လူတိုင်း ရိုးတွင်းခြင်ဆီထိအောင် တုန်လှုပ်ချောက်ချားနေကြရတော့သည်။ ထိုဝက်ဝံကြီးသည် တောအုပ်ကြီး၏ အရှင်သခင်ဖြစ်ပြီး ၎င်းပေါ်ထွက်လာမှုကြောင့် တောတွင်းတိရစ္ဆာန်များနှင့် ကျေးငှက်များ ကြောက်ရွံ့တုန်လှုပ်သွားကြတော့သည်။

” ဒါ…. ဒါ မဖြစ်နိုင်တာ။ သောက်ကျိုးနည်း .. အဲဒါ … ရှေးဟောင်းတစ္ဆေ ဝက်ဝံရိုင်းတစ်ကောင်ပဲ ”

” အဲဒါ … ရှေးဟောင်းသိုင်းအဆင့် အထွတ်အထိပ်နဲ့ တူညီတဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတဲ့ ရှေးဟောင်းတစ္ဆေ ဝက်ဝံရိုင်းတစ်ကောင်ပဲ။ ဒီဝက်ဝံကြီးက ရှေးဟောင်းသိုင်းအဆင့်ရဲ့ ဒုတိယအဆင့်လူတစ်ယောက်ကိုတောင် တစ်စစီ ဆုတ်ဖြဲပစ်နိုင်လောက်အောင် အစွမ်းထက်တယ် “

ထိုအခါ လျှိုတောက်ပင်းမှာ ချက်ချင်းပင် တစ်ကိုယ်လုံးပျော့ခွေသွားပြီး ဘန်နီလေး၊ တုမင်နှင့် အခြားသူများမှာ အလွန် ထိတ်လန့်ကြောက်ရွံ့သွားကြတော့သည်။ အနီရောင်အဝတ်အစားနှင့် လူငယ်လေး၏ အမူအရာသည်ပင် သိသိသာသာ ပြောင်းလဲသွားတော့သည်။

ကြောက်စရာအကောင်းဆုံးအချက်မှာ ထို ရှေးဟောင်းတစ္ဆေဝက်ဝံရိုင်းကြီးက ဟိန်းဟောက်ပြီးနောက် သူတို့ဆီသို့ တဟုန်ထိုးပြေးလာခြင်း ဖြစ်သည်။ ၎င်း၏ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းက ကြောက်မက်ဖွယ်ကောင်းလောက်အောင် အင်အားကြီးမားနေပြီး မြေပြင်ကို တုန်ရီသွားအောင် ပြုလုပ်နေတော့သည်။

” ပြေးကြဟေ့။ မြန်မြန် ”
မည်သူက ထိုကဲ့သို့ အော်ဟစ်လိုက်မှန်း မသိပါသော်လည်း သူတို့အားလုံး အလိုလို လူစုများကွဲကာ ထွက်ပြေးသွားကြတော့သည်။ အနီရောင်အဝတ်အစားနှင့် လူငယ်လေးပင် မျက်နှာ ဖြူဆုတ်သွားပြီး ခုခံတိုက်ခိုက်ရန် စဉ်းစားမနေတော့ဘဲ အလျင်အမြန် ဆုတ်ခွာသွားတော့သည်။

ဝမ်ပေါင်လဲ့မှာ သတိမေ့မြောနေရာမှ ဆတ်ခနဲ နိုးထလာ၏။ ထိုဝက်ဝံရိုင်းကြီးကို သူ မြင်လိုက်ရသောအခါ သူ၏မျက်လုံးများ ဝင်းလက်တောက်ပသွားတော့သည်။ သူ၏ အားအင်ချည့်နဲ့နေသော ခန္ဓာကိုယ်မှာ လျင်မြန်စွာ မြင့်ချည်နိမ့်ချည် လှုပ်ရှားနေ၏။

အပိုစွမ်းဆောင်မှုရမှတ်များ ထပ်ရှိနေသေးသည် မဟုတ်လော။

ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်တရှားဖြင့် အားတင်းကာ ထိုဧရာမဝက်ဝံကြီးဆီသို့ တွားသွားလိုက်တော့သည်။

” ညီအစ်ကိုတို့ … မြန်မြန် ထွက်သွားကြပါတော့။ ငါ့ကို လျစ်လျူရှုလိုက်ကြပါ။ မင်းတို့အတွက် ငါ အချိန်ဆွဲပေးဖို့ ကူညီပါ့မယ် ”
ဝမ်ပေါင်လဲ့က ကျောက်တုံးတစ်တုံးကို ကြိုးစား၍ ကောက်လိုက်ပြီး သူ့ထံ ချဉ်းကပ်လာနေသည့် ထိုဝက်ဝံကြီးအား လှမ်းပေါက်ကာ ဆိုလိုက်သည်။

” ဝက်ဝံကြီး။ ကျုပ်ကိုစားစမ်းပါ။ ဝမ်ပေါင်လဲ့ဆိုတဲ့ ကျုပ် အသက်ရှင်နေသရွေ့ ခင်ဗျားကို ကျုပ်ရဲ့ ပညာသင်ဖက်တွေကို အန္တရာယ်ပြုခွင့် မပေးနိုင်ဘူး ”
ဝမ်ပေါင်လဲ့က မာန်ပါပါ အော်ဟစ်လိုက်တော့သည်။ ထိုအခါ ထွက်ပြေးနေကြသည့် ကျောင်းသားများမှာ နောက်ထပ်တစ်ကြိမ် စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်လောက်အောင် စိတ်နှလုံးလှုပ်ရှားသွားရတော့သည်။ မိန်းကလေးအများစုဆိုလျှင် သူ့အတွက် ရှိုက်ကြီးတငင် ငိုကြွေးကုန်ကြတော့သည်။

သင်္ဘောကြီး၏ ပင်မအခန်းထဲတွင်မူ သမားတော်အိုကြီးက ဧရာမဝက်ဝံကြီးက ဝမ်ပေါင်လဲ့အား အရှင်လက်လက် တစ်စစီ ဆုတ်ဖြဲပစ်တော့မည့်လား သူ့ထံ တရှိန်ထိုး ပြေးသွားနေသည်ကို မြင်လိုက်ရသောအခါ သရော်ပြုံးပြုံးနေတော့သည်။

” တွေ့လား။ အဲဒီခွေးကောင်လေးရဲ့ မျက်လုံးထဲက စိတ်လှုပ်ရှားမှု‌တွေကို။ သေမင်းတံခါးဝဆီကို ရောက်နေတာတောင် အဲဒီလို အမူအရာမျိုး ဖြစ်နေတဲ့လူကို မင်းတို့ မြင်ဖူးလို့လား။ သူက အသက်မသေပဲ ကျန်ခဲ့မှာကိုတောင် စိုးရိမ်နေတဲ့ ပုံစံနဲ့ ”

အခြားဆရာများသည်လည်း ဝမ်ပေါင်လဲ့အား အထူးတဆန်း ကြည့်နေကြတော့သည်။ သာမန်အတိုင်း ကြည့်လိုက်မည်ဆိုပါက ဝမ်ပေါင်လဲ့မှာ သူရဲကောင်းတစ်ယောက်နှင့် အမှန်တကယ် တူနေပါသော်လည်း သံသယများဖြင့် စောင့်ကြည့်လိုက်မည်ဆိုပါက သူ၏ ဟန်ဆောင်မှုများထဲမှ အားနည်းချက်များမှာ သိသာထင်ရှားလာတော့သည်။

” ဒီခွေးကောင်လေးက တော်တော်ကိုအရှက်မရှိတာပဲ ”

” ဒီအတိုင်း ကလိမ်ကျတယ်ဆိုရင်တောင် တော်သေးတယ်။ ဒါပေမဲ့ အခုက တော်တော်ကို တရားလွန်နေပြီ ”

ပင်မအခန်းထဲမှ ဆရာများမှာ ဆက်၍မကြည့်နိုင်ကျတော့ပေ။ ဆရာမုတ်ဆိတ်မှာမူ အံများကြိတ်ကာ နှလုံးသွေးများ ထွက်နေသည့်အလား နောင်တအကြီးအကျယ် ရနေတော့သည်။ သူသည် ရင်ကို တဒုန်းဒုန်းထုကာ ခြေတဒုန်းဒုန်းဆောင့်လုမည့်ဆဲဆဲ ဖြစ်နေတော့သည်။

” တောက် … ငါ့ လုပ်ပိုင်ခွင့်အာဏာလေး … ”

နောက်ဆုံးတွင် သမားတော်အိုကြီးက သူ၏ ညာဘက်လက်ကို နောက်ထပ်တစ်ကြိမ် ထပ်၍ ဝှေ့ယမ်းလိုက်တော့သည်။ ထိုအခါ သလင်းကျောက်ထဲမှ ပုံရိပ်အားလုံး ချက်ချင်းပင် တစ်စစီကွဲအက်သွားပြီး လွင့်စင် ပျောက်ကွယ်သွားတော့သည်။

” ကောင်းပြီ။ ငါတို့‌ သိပ်မကြာခင် တာအိုကျောင်းထဲကို ရောက်တော့မယ်။ စစ်ဆေးပွဲ ပြီးပြီ ”

ဝမ်ပေါင်လဲ့ နောက်ဆုံးမြင်လိုက်ရသည့် မြင်ကွင်းမှာ ပုံရိပ်ယောင်နယ်မြေကြီး တစ်စစီပြိုကွဲသွားသည့် အခိုက်အတန့်ပင် ဖြစ်သည်။ ဧရာမဝက်ဝံကြီးက ကောင်းကင်ကြီးကို ဖုံးအုပ်သွားပြီးနောက် ကမ္ဘာကြီးနှင့်အတူ နောက်ကျိသွားပြီး တစ်ကိုယ်လုံး အနက်ရောင်အဖြစ် ပြောင်းလဲသွားတော့သည်။

သူသည် တစ်ဖန်ပြန်၍ သတိလည်လာသောအခါ သူ၏ခန္ဓာကိုယ် ဆတ်ခနဲ တုန်ရီသွား၏။ အင်အားတစ်ခုက သူ့အား ရှေ့သို့တွန်းလိုက်သည့် အလားပင်။ သူ၏ မျက်လုံးများပွင့်လာသောအခါ သင်္ဘောကြီး၏ ဝိညာဉ်ကျင့်ကြံခြင်းအခန်းထဲသို့ ပြန်ရောက်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူ၏ ဘေးနားတစ်ဝိုက်မှ လူများ၏ အာမေဍိတ်အသံများကိုပင် ကြားလိုက်ရသည်။

” ဒါ … ငါတို့တွေ မိုးသစ်တောထဲမှာ ရှိနေခဲ့တာမဟုတ်ဘူးလား။ ဘာလို့ ဒီနေရာကို ရောက်နေရတာလဲ ”

” ငါ အိပ်မက်မက်နေခဲ့တာလား။ ဒါမှမဟုတ် ငါတို့အကုန်လုံး အိပ်မက်မက်နေခဲ့တာလား ”

ထို့နောက် ဝမ်ပေါင်လဲ့မှာ မျက်တောင်တဖျတ်ဖျတ် ခတ်ကာ အသက်မဲ့နေသည့်ပုံစံ ဟန်ဆောင်လိုက်ပြီး အော်ဟစ်လိုက်တော့သည်။

” မင်းတို့အကုန်လုံး မြန်မြန် ထွက်သွားကြတော့။ ငါ့အတွက် စိတ်ပူမနေကြနဲ့။ ဝက်ဝံကြီး … ကျုပ် ခင်ဗျားနဲ့ တိုက်ခိုက်မယ် ”

သူ၏အသံမှာ ကျယ်လွန်းနေ၏။ ပုံရိပ်ယောင်နယ်မြေထဲမှ သူ၏ ရဲရင့်သော လုပ်ရပ်များကြောင့် အခြားသူများ၏ အာရုံများကို အလွယ်တကူပင် ဖမ်းစားမိသွားတော့သည်။ သူ ထိုသို့ အော်ဟစ်လိုက်သောအခါ သူ့အပေါ်သို့ အကြည့်ပေါင်းများစွာ ကျရောက်လာတော့သည်။ သူ၏ ဘေးနားတစ်ဝိုက်မှ ကျောင်းသားများ ပို၍ပင် စိတ်လှုပ်တရှား ဖြစ်နေကြသည်။

” အဲဒါ အစ်ကို ဝမ်ပေါင်လဲ့ပဲ ”

” စိတ်ထားမြင့်မြတ်လိုက်တဲ့ လူတစ်ယောက်ပဲ ”

” ဝမ်ပေါင်လဲ့။ အခုကစပြီး မင်းက ဆရာကြီး ဖြစ်သွားပြီဟေ့ ”

တုမင်နှင့် ဘန်နီလေးတို့မှာလည်း သူအားကြည့်နေကြသည်။ ထိုဘေးဒုက္ခကြီးကို အသက်ရှင်လျက် ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် ဝမ်ပေါင်လဲ့ကိုကြည့်သည့် သူတို့၏အကြည့်မှာ ယခင်ကနှင့် မတူတော့ပေ။ အထူးသဖြင့် ဘန်နီလေး၏ မျက်ဝန်းများထဲတွင် မျက်ရည်များဖြင့် ပြည့်နှက်နေတော့သည်။ အကယ်‌၍ သူမသာ သံလိုက်ဝိညာဉ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခပ်လှမ်းလှမ်း နေရာတစ်ခုတွင် ထိုင်မနေခဲ့ပါက သူ၏ရင်ခွင်ထဲသို့ ခုန်ဝင်လိုက်မည်သာ ဖြစ်သည်။

ထိုအခြင်းအရာများ အားလုံးကြောင့် ဝမ်ပေါင်လဲ့က သူ့ကိုယ်သူ ကျေနပ်နေတော့သည်။ သူသည် လူအားလုံး၏ ကြည်ညိုလေးစားမှုများကို မည်ကဲ့သို့ လက်ခံရယူသင့်ကြောင်း တွေးတောနေစဉ်မှာပင် ဝိညာဉ်ကျင့်ကြံခြင်းအခန်းထဲတွင် ခက်ထန်သော စကားသံတစ်သံ ပဲ့တင်ထပ်သွားသည်ကို ကြားလိုက်ရသည်။

” ကျောင်းသားတွေ… ငါတို့ တာအိုကျောင်းကို ရောက်ပြီ။ စောစောက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက ငါတို့ ကောင်းကင်တာအိုကျောင်းရဲ့ လူသစ်တွေအတွက် စစ်ဆေးပွဲပဲ။ မင်းတို့ရဲ့ ရလဒ်တွေကို မင်းတို့ရဲ့ အဆင့်ထဲမှာ ထည့်သွင်းသတ်မှတ်ပေးမှာ ဖြစ်တယ်။ နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့…. မင်းတို့ကို ကောင်းကင်တာအိုကျောင်းကနေ ကြိုဆိုပါတယ် ”

ထိုခက်ထန်သောစကားသံကြီးက သူတို့၏ နှလုံးသားများကို တည်ငြိမ်သွားစေသောကြောင့်လား သို့မဟုတ် တာအိုကျောင်းနှင့် နီးကပ်နေသောကြောင့်လားတော့ မသိပေ။ စိတ်စွမ်းအင်ကျင့်ကြံခြင်းအခန်းထဲမှ ကျောင်းသားအားလုံး စိတ်ကိုတည်တည်ငြိမ်ငြိမ် ထားလိုက်ကြပြီး အားတင်းကာ ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်ကြတော့သည်။

ဝမ်ပေါင်လဲ့မှာ အတန်ငယ် ကြေကွဲသွားပါသော်လည်း သူ၏ မျှော်လင့်စောင့်စားချက်များကို မချုပ်တည်းနိုင်တော့ပေ။ ပြတင်းပေါက် တစ်ပေါက်ကိုဖြတ်၍ သူ၏အောက်ဘက်ရှိ မြေပြင်ကြီးကို ငုံ့ကြည့်လိုက်သောအခါ ချက်ချင်းပင် ဧရာမရေကန်ကြီးတစ်ကန်ကို လှမ်းမြင်လိုက်ရသည်။ ထိုရေကန်ကြီးမှာ မြေပြင်ကြီးကို လမ်းခင်းထားသည့် မှန်တစ်ချပ်နှင့်တူနေ၏။ ရေပြင်ပေါ်တွင် ကောင်းကင်ယံမှ အရောင်များ ထင်ဟပ်နေသောကြောင့် အလွန် လှပနေတော့သည်။

ထိုရေကန်ကြီးထဲတွင် ကျွန်းသုံးကျွန်းက မျဉ်းပြိုင်ပုံစံနှင့် ရှိနေကြသည်။ ထိုကျွန်းများ၏ကြားတွင် သင်္ဘောများစွာ ရွက်လွှင့်နေကြ၏။ သူတို့က အနီးသို့ရောက်လာသောအခါ ထိုကျွန်းများပေါ်တွင် ရှေးဟောင်းအငွေ့အသက်များ ဖုံးလွှမ်းနေသော အဆောက်အဦများနှင့် လူများစွာကိုပါ မြင်လိုက်ရသည်။

ထိုကျွန်းများ၏ အဖျားပိုင်းတွင် လူထောင်ပေါင်းများစွာ ရှိနေပြီး မြို့အသေးလေးတစ်ခုကို တည်ထောင်ထားကြသည့် ပုံပင်။

” ငါတို့ ကောင်းကင်တာအိုကျောင်းက ခရစ်နှစ် ( ၂၃၈၄ ) ခုနစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ဂုဏ်သတင်းကျော်ကြားတဲ့ ကျောင်းတစ်ကျောင်းပဲ။ ငါတို့ကျောင်းက ပြည်ထောင်စုခေတ်ကို ကြုံလိုက်ရတဲ့အပြင် သားရဲတွေရဲ့ တိုက်ပွဲထဲမှာလည်း ပါဝင်ခဲ့သေးတယ်။ ငါတို့ရဲ့ကျောင်းတော်ကြီးက ရှေးဦးဝိညာဉ်ခေတ်ကို စတင်ပေါ်ထွက်လာစေခဲ့တဲ့အပြင် ငါတို့ရဲ့ သင်ကြားမှုတွေကို တာအိုအဖြစ်လည်း ပြောင်းလဲခဲ့သေးတယ်။ ငါတို့ကျောင်းရဲ့ သမိုင်းက နှစ်ပေါင်း ခုနှစ်ရာကျော် ရှိနေပြီဖြစ်ပြီးတော့ မရေမတွက်နိုင်လောက်အောင် များပြားတဲ့ လက်ရွေးစင်တွေနဲ့ သူရဲကောင်းတွေကိုလည်း မွေးထုတ်ပေးနိုင်ခဲ့တယ်။ ငါတို့ရဲ့ ကျောင်းတော်ကြီးက လူသားမျိုးနွယ်စုရဲ့ တိုးတက်မှုအတွက် အများကြီး အထောက်အပံ့ပေးနိုင်ခဲ့တယ်။ ပြည်ထောင်စုဥက္ကဋ္ဌဟောင်းကလည်း ကောင်းကင်တာအိုကျောင်းကနေ အောင်မြင်သွားခဲ့တာပဲ ”

” မင်းတို့ မြင်နေရတဲ့ရေကန်ကို သစ်တောစိမ်းရေကန်လို့ခေါ်တယ်။ ‘ အမြဲစိမ်းသစ်‌တောထဲမှာ နှစ်တွေအများကြီး ကုန်သွားရင်တောင် ပျော်ရွှင်မှုတွေက လူငယ်လေးတစ်ယောက်လို ဆန်းသစ်နေမှာ ‘ ဆိုတဲ့ စကားပုံထဲကအတိုင်းပေါ့ ”

” ကျွန်းသုံးကျွန်းကတော့ တာအိုကျောင်းရဲ့ အဓိကနေရာဖြစ်တဲ့ ကောင်းကင်ကျွန်းရယ်၊ တာအိုကျောင်းသားတွေအတွက် အဆင့်မြင့်ကျွန်းနဲ့ မင်းတို့လို ကျောင်းသားတွေအတွက်ဖြစ်တဲ့ အဆင့်နိမ့်ကျွန်းတို့ပဲ။ ငါတို့ ကောင်းကင်တာအိုကျောင်းရဲ့ အမွေအနှစ်ကို ဆက်ခံရရှိတဲ့ လူတွေထဲမှာ ကမ္ဘာကြီးကိုပြောင်းလဲပြီးတော့ ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးကို ယူဆောင်လာပေးနိုင်မယ့် ရှေ့ဆောင်လမ်းပြမူဝါဒ ရှိတယ် ”

ထိုခက်ထန်သောစကားသံကြီးက စိတ်စွမ်းအင်ကျင့်ကြံခြင်းအခန်းထဲတွင် ပဲ့တင်ထပ်နေတော့သည်။ ထိုစကားသံထဲတွင် ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေပြီး လူတိုင်း၏ နှလုံးသားများထဲတွင် ပျံ့နှံ့သွားတော့သည်။ ဝမ်ပေါင်လဲ့အပါအဝင် လူတိုင်း ကောင်းကင်တာအိုကျောင်း၏ ဖြစ်တည်မှုနှင့် အမွေအနှစ်များကြောင့် စိတ်နှလုံးလှုပ်ရှားသွားရတော့သည်။

သူတို့၏အောက်ရှိ အဆင့်နိမ့်ကျွန်းမှာ အလျင်အမြန်ပင် အရွယ်အစားကြီးမားလာပြီး အကြီးဆုံးတောင်များပေါ်တွင် မိုးထိုးလောက်အောင် မြင့်မားနေသည့် တောင်ထိပ်ဆယ်ခုကျော်ကို မြင်တွေ့လိုက်ရသည်။ ထိုတောင်ထိပ်များက ကောင်းကင်ကြီးကို ချိန်ရွယ်နေသည့် အသွားချွန်ထက်သော ဓားများနှင့် တူနေသည်။

တောင်ထိပ်တိုင်းပေါ်တွင် မရေမတွက်နိုင်လောက်အောင် များပြားသော အဆောက်အဦးများ ရှိနေကြသည်။ ၎င်းတို့ပေါ်တွင် ကြီးမားသော စာလုံးကြီးများ ရှိနေ၏။ ထိုစာလုံးများကို ဝေဟင်မှကြည့်လျှင် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မြင်နေရသည်။

ဓမ္မလက်နက်ဌာန၊ မှော်ဆေးရည်ဌာန၊ သိုင်းပညာဌာန၊ ရှေးဟောင်းကျမ်းစာဌာန …

ထိုအရာအားလုံးကို သူတို့ သေသေချာချာ မမှတ်သားနိုင်ခင်မှာပင် ရုတ်တရက် သိမ့်ခနဲ ဖြစ်သွားပြီး ကျယ်လောင်သော အသံကြီးတစ်သံကို ကြားလိုက်ရသည်။ သင်္ဘောကြီးက ဖီးနစ်မြို့တော်မှနေ၍ ကီလိုမီတာငါးထောင်အထိ ဖြတ်သန်းကျော်ဖြတ်လာခဲ့ပြီးနောက် ကောင်းကင်တာအိုကျောင်း၏ အဆင့်နိမ့်ကျွန်းထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာပြီဖြစ်သည်။

ကောင်းကင်တာအိုကျောင်းသို့ သူတို့ ရောက်လာကြပြီဖြစ်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset