ရီဖူရှင်းက ဓားကျေးရွာမှ ယန်ချူ၏ တော်ဝင် တံဆိပ်ပြားများကို လုယက်ခဲ့သည့် သတင်းက ထပ်မံ၍ ဂယက်ထစေခဲ့သည်။ မဟာ ရွှေလူဝံကလန်မှ ယန်ကျန်းကလည်း အမှန်ပင် ရီဖူရှင်းနှင့် လက်တွဲခဲ့၏။ ထိုအဖြစ်က ထိပ်သီး အင်အားစုများကို ချောက်ချားစေခဲ့ပြီး သူတို့က ယာယီ မဟာမိတ်များ ဖွဲ့စည်းခဲ့ကြသည်။ အကယ်၍ ရီဖူရှင်းနှင့် ယန်ကျန်းတို့က သူတို့ထံကို လာရောက် ကျူးကျော်ပါက သူတို့ကလည်း ပြန်လည်ပူးပေါင်း၍ တိုက်ခိုက်မည်။
ယန်ချူကလည်း ထိုနေရာကိုသွားကာ ဝေစုတစ်ခု ရရှိခဲ့သည်။ ဓားပျံမြို့ကား အသိမ်းခံရရာ သူက တခြားမြို့များကိုသာ မျှော်လင့်နိုင်တော့သည်။ သို့သော်လည်း ဓားပျံမြို့ကား တော်ဝင်လမ်းတွင် တစ်ခုတည်းသော ဓားပညာကို အထူးပြုသော ရှေးဟောင်းနယ်မြေ ဖြစ်သည်။
ရီဖူရှင်းက ထပ်မံ၍ လုယက်ခြင်း မရှိတော့ပေ။ သူတို့ အားလုံးကလည်း တန်ခိုးကျင့်ရန် လိုပေသေးသည်။ ယန်ကျန်းနှင့် ယိရှောင်ရှီတို့ကလည်း ကျန်ရှောင်မြို့ ရှေးဟောင်း နယ်မြေသို့ပြန်ကာ တန်ခိုးကျင့်ကြသည်။ ရီဖူရှင်းကလည်း တော်ဝင်လမ်း ဂိတ်တံခါးမဖွင့်မီအထိ တိတ်ဆိတ်စွာ လေ့ကျင့်လိုသည်။ သူကလည်း လက်ရှိ အခြေအနေထက် မြန်ဆန်စွာ တိုးတက်ရန် လိုလားနေသည်။
ရက်များ ကုန်ဆုံးသွားသည်။ မျက်လုံး တစ်မှိတ်အတွင်း၌ သူတို့က တော်ဝင်လမ်းကို ရောက်သွားသည်မှာ တစ်လရှိပြီ ဖြစ်သည်။
သည်နေ့ ရီဝူချင်းက ဓားပျံမြို့ ရှေးဟောင်း နယ်မြေထဲတွင် လေ့ကျင့်နေသည်။ ထောင်ပေါင်း များစွာသော ဓားများက သူ့အနီးတွင် လှည့်ပတ် နေကြသည်။ မဆုံးနိုင်သော ဓားအသိများက လေထုကို ဖြတ်တောက် နေကြ၏။ ရီဖူရှင်း၏မျက်လုံးက မှိတ်ထားကာ သူ့ခန္ဓာကိုယ်မှ ကြီးမားသော အရှိန်အဝါက ထွက်ပေါ်နေ၏။
ပိုမို ကြောက်မက်ဖွယ် ကောင်းသော ဓားအသိက သူ့ခန္ဓာကိုယ်ကို စတင် စီးဆင်းလာကာ နောက်ဆုံးတွင် ရီဝူချင်းက ငွေရောင်ဓား တစ်လက်အလား ထင်မှတ်လာရသည်။ သူက အစစ်အမှန် ဓားခန္ဓာကိုယ် အဖြစ်သို့ ပြောင်းလဲသွားပြီး ဖြစ်သည်။ ထိုအခိုက်တွင် သူ့အပေါ်၌ ဓားအလင်းများ ထွက်ပေါ်လာသည်။ ထောင်ပေါင်း များစွာသော ဓားအသိများက သူ့ကို နစ်မြုပ်သွားစေကာ သူ့အား ဓားတစ်လက် ဖြစ်သွားစေသည်။ ယခု သူ့ထံ၌ ကြောက်မက်ဖွယ်ရာ စွမ်းအင်တစ်ခု ဖြစ်ပေါ် လာနေသည်။
သူ တုန်ယင်သွားသည်။ သူ့ပတ်ဝန်းကျင်မှ သဘာဝ စွမ်းအင်များက ကြောက်မက်ဖွယ် ကောင်းသော မုန်တိုင်းတစ်ခု အသွင်ဖြင့် သူ့ခန္ဓာကိုယ်ထဲကို စတင် စီးဆင်းကြသည်။
မရေမတွက်နိုင်သော မျက်လုံးများက ရီဝူချင်းကို ကြည့်ကြသည်။ သူတို့အားလုံးက ရီဝူချင်း၏ ထူးခြားသော အခြေအနေကို သတိပြုမိကြ၏။
“သူက နောက်တစ်ဆင့်ကို ရောက်သွားပြီ…” တစ်ယောက်က ပြောသည်။ ထောင်ပေါင်း များစွာသော ဓားအသိက သူ၏ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားရာ သူ၏ခန္ဓာကိုယ်က ဓားတစ်လက်ကဲ့သို့ ကြည်လင်သွားကာ ဖောက်ထွင်း၍ပင် မြင်ရသည်။ သူက ရှေးဟောင်း နယ်မြေ၏ ဓားအသိကို သုံးလျက် သူ၏ခန္ဓာကိုယ်ကို ဓားတစ်လက်အဖြစ် ပြောင်းလဲကာ နောက်တစ်ဆင့်ကို တက်လှမ်းခဲ့ခြင်း ဖြစ်သည်။ သူက ထိုဓားအသိကို ဆင်ခြင်နားလည် နိုင်ခဲ့သည်သာ မဟုတ်ဘဲ ထိုဓားအသိကိုလည်း ဝါးမျိုခဲ့သည်။ ထိုသို့လုပ်ခြင်းက အမှန်ပင် ရူးသွပ်ခြင်းပင်။ သာမန်လူ တစ်ယောက်က ထိုရှေးဟောင်း နယ်မြေမှ ဓားအသိကို သွားရောက် ဝါးမျိုပါက တန်ပြန် ကန်အားကြောင့် သေဆုံးသွားနိုင်သည်။
“သူက အနှေးနဲ့ အမြန် အဆင့် တက်တော့မှာပဲ… ဘာလို့ ဒီလို လုပ်ရတာလဲ…” တစ်ယောက်က ပြောသည်။ လူတချို့ကား တန်ခိုးကျင့်ရာတွင် ရူးသွပ်ကြသည်။ ရီဝူချင်းကား သိသာစွာပင် ထိုသို့သော လူမျိုးဖြစ်သည်။
ဓားစွမ်းအားက ရီဝူချင်းနှင့် လုံးဝ ပေါင်းစပ်သွားရာ သူ့အား အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားလု နီးပါးပင်။ ပြီးပြည့်စုံခြင်း မရှိသေးသော ဓားခန္ဓာကိုယ်က အက်ကွဲကြောင်းများ ဖြစ်ပေါ် လာနေသည်။ သူက အချိန်မရွေး ပြိုပျက်သွားကာ ဖုန်မှုန့်အဆင့် ဖြစ်သွားနိုင်၏။
လက်ရှိတွင် ရီဝူချင်းကား အပြည့်အဝ အာရုံစိုက် ထားသည်။ သူ၏စိတ်က ကြည်လင်နေကာ ဓားအသိကို ခန္ဓာကိုယ်ထဲ အပြည့်အဝ ပေါင်းစပ် သွားစေသည်။ နောက်ဆုံးတွင် သူ့ထံမှ ကြောက်မက်ဖွယ် ကောင်းသော ဓားအသိတစ်ခု ဖြာထွက် လာတော့သည်။ ထိုအခိုက်တွင် ဓားအသိ အားလုံးက တိတ်ဆိတ် သွားကြသည်။ ထို့နောက် သူတို့က စတင်၍ အစီအစဉ်တကျ လှည့်ပတ် စီးဆင်းကြသည်။ ရီဝူချင်းက မျက်လုံးကို ဖွင့်လိုက်သည်။ သူ၏ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားသော ဓားအသိက တဖြည်းဖြည်း ပျောက်ကွယ် သွားသည်။ သို့သော်လည်း သူ၏ဟန်ပန် အမူအရာ ကိုယ်တိုင်က ပြောင်းလဲသွားဟန် ရသည်။ သူကား ထိုနေရာတွင် ထိုင်နေရင်းက ဓားတစ်လက်ဟု ထင်မှတ်ရသည်။
“နိုဘယ်…” လူတိုင်းက ရီဝူချင်းကို ကြည့်ကြသည်။ သူကား နိုဘယ်အဆင့်ကို ရောက်သွားပြီ။
ရီဝူချင်းက အကာနာ အဆင့်ကိုးကို ရောက်နေခဲ့ပြီး ဖြစ်သည်။ ယခု ရှေးဟောင်း နယ်မြေ၏ အသန့်စင်ဆုံးသော ဓားအသိကို ဝါးမျိုခဲ့ရာ သူက ကြီးစွာသော တိုးတက်မှုတစ်ခု ဖြစ်ပေါ်ခဲ့၏။ သူက ရီဖူရှင်းနှင့်လည်း မတူပေ။ သူက ဓားပညာ တစ်ခုတည်းကို လေ့ကျင့်သည်။ ထို့ကြောင့် သူက သည်ရှေးဟောင်း နယ်မြေနှင့် လုံးဝ အံဝင်ခွင်ကျ ဖြစ်သည်။ ထို့ကြောင့် သူက ယူချင်းနှင့် ရီဖူရှင်းတို့ထက် ရှေးဟောင်း နယ်မြေတွင် လေ့ကျင့်မှုက ထိရောက်ခဲ့သည်။ ထို့ကြောင့် သူက မြန်ဆန်စွာပင် နိုဘယ်အဆင့်သို့ တက်လှမ်း နိုင်ခဲ့သည်။
“အားလုံး လေ့ကျင့်လို့ ပြီးကြပြီလား…” ရီဝူချင်းက မေးသည်။
“တော်ဝင်လမ်း ဂိတ်တံခါးက မကြာခင် ဖွင့်တော့မယ်… ကျုပ်တို့က ဆရာရီရဲ့မြို့ကို သွားပြီး ပူးပေါင်းကြမလား…” တစ်ယောက်က မေးသည်။
“ကောင်းပြီ…” ရီဝူချင်းက ခေါင်းညိတ်သည်။ ထို့နောက် သူတို့ ဓားသမားအုပ်စုက ကျန်ရှောင်မြို့ဘက်သို့ ပျံသန်း ထွက်ခွာ လာကြသည်။ သူတို့ ထွက်သွားသည်နှင့် ဓားပျံမြို့မှ ရှေးဟောင်း နယ်မြေမှလည်း အလင်းရောင်များ မှေးမှိန်သွားကာ နောက်ဆုံး လုံးဝ ပျောက်ကွယ် သွား၏။
ကျန်ရှောင်မြိုက ရှေးဟောင်း နယ်မြေတွင် ရီဖူရှင်း၊ ယူချင်းနှင့် တခြားလူများ အားလုံးက အတူတူ လေ့ကျင့် နေကြသည်။ ရီဝူချင်း ပြန်ရောက် လာသည်ကို မြင်လျှင် ရီဖူရှင်းက မေးသည်… “ဝူချင်း… မင်းက နောက်တစ်ဆင့် တက်သွားတာလား…”
ရီဝူချင်း၏ ကိုယ်ရောင် ကိုယ်ဝါက ပြောင်းလဲ သွားသည်ကို သူ သတိထားမိသည်။
“အင်း…” ရီဝူချင်းက ခေါင်းညိတ်သည်။
“အင်း… သိမ်းငှက်ကလေးလည်း နိုဘယ်အဆင့်ကို ရောက်သွားပြီ… ယူချင်းနဲ့ ငါကလည်း အကာနာ အဆင့်ကိုးပဲ… ငါက နိုဘယ်အဆင့်ကို မကြာခင် ရောက်တော့မယ်လို့ ခံစားနေရတယ်…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ သည်ခရီးကား အလွန် စိတ်ကျေနပ်စရာ ကောင်းသည်။ သူက နိုဘယ်အဆင့်ကို ရောက်ရန် နီးစပ်လာသလို သူက များစွာသော သန့့်စင်နိုဘယ် အသိများကို မွေးဖွားနိုင်ခဲ့၏။ သူက နိုဘယ်အဆင့်ကို ရောက်သောအခါ သာမန် နိုဘယ်များထက် အားကောင်းမည်မှာ မေးနေစရာပင် မလိုတော့။
“ဆရာရီ… တော်ဝင်လမ်းမှာ ကျုပ်တို့ကို ကူညီပေးတာ ကျေးဇူးတင်ပါတယ်…” လူအများအပြားက ရီဖူရှင်းကို အရိုအသေ ပေးကြသည်။ ရီဖူရှင်းက ထိုလူများကို မသိသော်လည်း ထိုလူများက တော်ဝင်လမ်း အစကတည်းက ရီဖူရှင်းနောက်မှ လိုက်လာကြသူများ ဖြစ်သည်။ ထိုအချိန်က ရီဖူရှင်း မည်မျှ အားကောင်းသည်ကို တစ်ယောက်မှ သိခဲ့ကြသည် မဟုတ်ပေ။ သူတို့ သိသည်ကား ရီဖူရှင်းက ရှေးဟောင်း နယ်မြေများကို ဖွင့်လှစ်ရာတွင် ဆရာကျသည် ဟူ၍သာ။
နောက်ပိုင်း သူက တော်ဝင်လမ်းတွင် နာမည် ကြီးလာခဲ့သည်။ သူက ယန်ချူထံမှပင် တံဆိပ်ပြားများ လုယက်ခဲ့၏။ နန်ဟောင်က သူနှင့် ယူချင်းတို့၏လက်ထဲတွင် သေဆုံးခဲ့ရသည်။
ရီဖူရှင်းကား အာရုဏ်လမ်းတွင် အထွန်းတောက်ဆုံးသော လူဖြစ်သည်မှာ သံသယ ဖြစ်စရာ မလို။ သို့သော်လည်း ရှောင်ကျွမ်ရီကလည်း လွန်စွာ ကြောက်မက်ဖွယ် ကောင်းပေသည်။ သို့သော်လည်း သူကား သွေးအေး ရက်စက်လှသည်။
“ကျုပ်တို့က အချင်းချင်း ကူညီခဲ့ကြတာပဲ…” ရီဖူရှင်းက ပြုံးလျက် ပြောသည်… “တော်ဝင်လမ်း ခရီးက ပြီးဆုံးတော့မယ်… အားလုံးပဲ တော်ဝင်ကျဲ နန်းတော်မှာ ကံကောင်းကြပါစေ…”
“ဟုတ်တယ်… ကျုပ်တို့က မကြာခင် တော်ဝင်ကျဲ နန်းတော်ကို ရောက်တော့မယ်… ကျုပ်က နည်းနည်း စိတ်လှုပ်ရှား နေတယ်… တော်ဝင်မြေက ဘယ်လိုပုံစံလဲ မသိဘူး…” တစ်ယောက်က ရေရွတ်သည်။
“ကောလာဟလတွေ အရတော့ တော်ဝင်ကျဲ နန်းတော်ကို ကောင်းကင်မှာ တည်ဆောက် ထားတာတဲ့… ကြီးမား ထည်ဝါပြီးတော့ ပျံသန်းနေတဲ့ ကျွန်းစုတွေ အများကြီး ရှိတယ်… အဲဒီနေရာက မြေရိုင်းဒေသမှာ အထူးဆန်းဆုံး နေရာပဲ…”
“ငါလည်း ကြားဖူးတယ်… အခု လက်တွေ့ မြင်ရတော့မယ်…” မြေရိုင်းဒေသ တစ်ခုလုံးမှ တန်ခိုးရှင်များ အားလုံး စိတ်လှုပ်ရှား နေကြသည်။
အကယ်၍ သူတို့က တော်ဝင်ကျဲ နန်းတော်၏တပည့်တစ်ယောက် ဖြစ်နိုင်ခဲ့ပါက … တော်ဝင်ကျဲ နန်းတော်၏ တပည့်အများစုမှာ ရှီတန်ခိုးရှင်များ ဖြစ်ကြသည်ဟု သူတို့ ကြားဖူးသည်။ သို့သော်လည်း သူတို့က တပည့်အများအပြား လက်ခံခြင်း မရှိကြပေ။ လူအများအပြားက တော်ဝင်လမ်းကို ဖြတ်ကျော် အောင်မြင်ခဲ့ကြ သော်လည်း တကယ်တမ်းအားဖြင့် လူတစ်ထောင်တွင် တစ်ယောက်ခန့်မျှသာ ရွေးချယ် ခံကြရသည်။
ရီဖူရှင်းမူကား တခြား အကြောင်းအရာများကို တွေးတော နေသည်။ သူက ဂျီယူနှင့် မတွေ့ရသည်မှာ ကြာပြီဖြစ်သည်။ အချိန် နှစ်နှစ်ခန့့်က သူ့အတွက် နှစ်နှစ်ထောင်ခန့် ကြာသည်ဟု ထင်မှတ်ရသည်။ ထိုစဉ်မှာပင် မြေပြင်က တုန်ခါသွားပြီး အသံတစ်သံ ပျံ့လွင့်လာသည်… “မင်းတို့ရဲ့ တံဆိပ်ပြားတွေကို ယူပြီး တော်ဝင်လမ်း အဆုံးကို လာခဲ့ကြတော့…”
“တော်ဝင်လမ်း ဖွင့်ပြီ…” အားလုံးက စိတ်လှုပ်ရှား သွားကြသည်။
ရီဖူရှင်းက အဝေးကို ကြည့်ကာ ပြောသည်… “အားလုံး … သွားကြစို့…”
“သွားကြမယ်…”
ထို့နောက် သူတို့အုပ်စုက အာရုဏ်လမ်း၏အဆုံးကို ဦးတည်၍ ပျံသန်း လာကြသည်။ သူတို့က တောတောင်များ ကွင်းပြင်များကို ဖြတ်ကျော်လျက် ပျံသန်း သွားနေကြသည်။ နေရာတိုင်းတွင် တိုက်ပွဲများ ဖြစ်နေကာ ယခင်ကထက်လည်း အဆမတန် ပြင်းထန်သည်ကို ရီဖူရှင်းက သတိထားမိသည်။ ယခု တော်ဝင်လမ်း ဂိတ်တံခါးက ဖွင့်လှစ်ပြီးဖြစ်ရာ တံဆိပ်ပြား မရှိတော့သော လူများကလည်း တံဆိပ်ပြားရှိသော လူများကို အပြင်းအထန် တိုက်ခိုက်လုယက် နေကြပုံရသည်။
နောက်ဆုံး သူတို့အုပ်စုက အာရုဏ်လမ်း အဆုံးသို့ ရောက်လာကြသည်။ စွမ်းအားမြင့် တန်ခိုးရှင်များက ထိုနေရာကို စောင့်ကြပ် နေကြသည်။ ရီဖူရှင်းတို့ ဧရာမ လူအုပ်ကြီးကို မြင်သည်တွင် သူတို့အားလုံး အံ့အားသင့် ကြရသည်။ ဤသို့သော လူအုပ်ကြီးက တော်ဝင်လမ်းမှ ထွက်နိုင်ခဲ့သည်ကို သူတို့ မြင်ရခဲသည်။
ထိပ်သီး အင်အားစုများမှ လူများကလည်း ထိုနေရာတွင် ရှိနေသည်။ သင်္ဘောပျံပေါ်တွင် ပိုင်ရီနှင့် ချူရှမ်းတို့က ရီဖူရှင်းနှင့် ယူချင်းကို လေးနက်စွာ ကြည့်နေကြသည်။
နန်ဟို၊ နန်ဖန်းနှင့် တခြားလူများကလည်း ရီဖူရှင်းကို ထူးဆန်းသော အမူအရာများဖြင့် ကြည့်နေကြသည်။
ယန်ချူ၏ မျက်လုံးများက အလွန်အမင်း အေးစက်နေသည်။ သူက တော်ဝင်လမ်းတွင် မည်သည့် တိုးတက်မှုမှ မရှိခဲ့ပေ။ သူက တော်ဝင် တံဆိပ်ပြားများစွာကို စုဆောင်း နိုင်ခဲ့သော်လည်း သူနှင့် ရှေးဟောင်း နယ်မြေက ကံမစပ်ခဲ့။ စိတ်ပျက်စရာ အကောင်းဆုံးက လုံလောက်သော တံဆိပ်ပြားများကို စုဆောင်းနိုင်ခဲ့ပြီးမှ တံဆိပ်ပြားများကို လုယူခံခဲ့ရခြင်း ဖြစ်သည်။
ထိုအခိုက်တွင် တည်ငြိမ်ကာ ချောမောသော လူငယ် တစ်ယောက်လည်း လျှောက်လာသည်။ ရှောင်ကျွမ်ရီလည်း ရောက်လာသည်။
သူကား ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေသည်။ သူ့ပုံစံ ကြည့်ရသည်မှာ လူအများကို အန္တရာယ်ပြုမည့် လူဟုပင် မထင်ရပေ။
ထိပ်သီး အင်အားစုများအပြင် အာရုဏ်လမ်းမှ ပါရမီရှင် အများအပြားလည်း စုစည်း ရောက်ရှိနေကြပြီ ဖြစ်သည်။
မှန်သည်… ရီဖူရှင်းတို့အုပ်စုက အကြီးမားဆုံး ဖြစ်သည်။ သုံးလ အတွင်းတွင် အားနည်းသူများက တော်ဝင်လမ်းတွင် တံဆိပ်ပြားများကို ထိန်းသိမ်းရန် ခက်ခဲလွန်းလှသည်။ ယခု ရီဖူရှင်းတို့ အုပ်စုကြီးက သူတို့အား ထူးဆန်းစေသည်။
“နန်ဟောင် ဘယ်မှာလဲ… ကျုပ်က သူ့ကို မမြင်ပါလား…” တော်ဝင်ကျဲ နန်းတော်မှ အကြီးအကဲ တစ်ယောက်က မေးသည်။ သူကား နန်မိသားစုမှ ဖြစ်ကာ နန်ဟောင်အပေါ် ကြီးစွာသော မျှော်လင့်ချက်များ ထားရှိသည်။
သူက ထိုသို့ မေးလိုက်သည်နှင့် လူအများအပြားက ရီဖူရှင်းနှင့် ယူချင်းထံသို့ လှမ်းကြည့်ကြသည်။ ထိုအဖြစ်က တော်ဝင်ကျဲ နန်းတော်မှ လူများကို နားမလည် ဖြစ်စေသည်။
နန်ဟောင်က တစ်ခုခု ဖြစ်ခဲ့သလား။
သူက နန်ဟောင်၏ပါရမီကို သိသည်။ နန်ဟောင်က အာရုဏ်လမ်းတွင် ပြဿနာ မရှိနိုင်ပေ။ “စီနီယာ… နန်ဟောင်က အသတ်ခံရတယ်…” တစ်ယောက်က ပြောသည်။
တော်ဝင်ကျဲ နန်းတော်မှ အကြီးအကဲ၏ အမူအရာက တင်းမာသွားသည်။ သူက ပိုမို၍ နားမလည်တော့။ နန်ဟောင်က တော်ဝင်လမ်းတွင် သေဆုံးစရာ အကြောင်းမရှိပေ။
“ဘယ်သူလဲ…” သူက မေးသည်။ ချက်ချင်းပင် မရေမတွက်နိုင်သော မျက်လုံးများက အရပ်မျက်နှာ တစ်ခုတည်းကို ရောက်လာသည်။
“ကျုပ်ပဲ…”
“ကျုပ်ပဲ…”
အသံနှစ်ခုက တစ်ချိန်တည်းတွင် ထွက်လာသည်။ ရီဖူရှင်းနှင့် ယူချင်းတို့ ဖြစ်ကြသည်။
ရီဖူရှင်းက ယူချင်းကို ကြည့်သည်။ ယူချင်းက နန်ဟောင်ကို သတ်ခဲ့သည် မှန်သော်လည်း အမှန်တကယ် နန်ဟောင်ကို ဒဏ်ရာပြင်းစွာ ရစေခဲ့သူက ရီဖူရှင်း ဖြစ်သည်။
“ကျုပ်သူ့ကို သတ်ခဲ့တာကို လူတွေ အများကြီး မြင်ခဲ့တယ်…” ယူချင်းက ထူးမခြားနားစွာ ပြောသည်။
တော်ဝင်ကျဲ နန်းတော်မှ စွမ်းအားမြင့် တန်ခိုးရှင်များ အားလုံးက ထိတ်လန့် ကြရသည်။ တော်ဝင်လမ်းကား သေဆုံးနှုန်း အလွန်မြင့်သည်။ တော်ဝင်လမ်းတွင် ဘာမဆို ဖြစ်သွားနိုင်သည်။ ပုံမှန်အားဖြင့် သူတို့က နန်ဟောင် သေဆုံးသွားသည်ကို အပြစ်တင်၍ မရပေ။ ထိုသို့လုပ်ပါက တော်ဝင်ကျဲ နန်းတော်က မတရားရာ ကျမည်။
သို့သော်လည်း အကြီးအကဲနန် အတွက်မူကား လက်ခံရန် ခက်ခဲသည်။ အကြီးအကဲနန်က နန်ဟောင်အပေါ် မည်မျှ မျှော်လင့်ချက် ကြီးမားသည်ကို အားလုံးက သိကြသည်။
“အားလုံး သွားကြမယ်…” သို့သော် ထိုလူက နောက်လှည့်ကာ ဘာမှ မပြောဘဲ ထွက်သွားသည်။
***