စီနီယာ နှင်းလူဝံကြီးကား နှင်းလူဝံဧကရာဇ် ဖြစ်နေသည်။
ရီဖူရှင်းက ရှုပ်ထွေးသော ခံစားချက်များကို ရနေသည်။ နှင်းလူဝံကြီးက နောက်ဆုံးတိုက်ပွဲ မတိုင်မီအထိ ကြီးမားသော အရှိန်အဝါကို တစ်ခါမှ ထုတ်ခဲ့ခြင်း မရှိပေ။
ထိုသို့တွေးလျှင် စီနီယာ နှင်းလူဝံကြီးက ဧကရာဇ်ရီချင်နောက်ကို လိုက်ပါလာသော မဟာသားရဲကြီး တစ်ကောင် ဆိုပါက မိမိကရော ဘယ်သူလဲ။
“ဒါဆို ငါက ဘယ်သူလဲ…” ရီဖူရှင်းက မိမိကိုယ်ကို တိတ်ဆိတ်စွာ မေးသည်။ နှင်းလူဝံဧကရာဇ်က သူ၏သက်စောင့် ဝိညာဉ်ကို မြင်သည်နှင့် သူ့ရှေ့တွင် ဒူးထောက်ကာ ငိုးကြွေးခဲ့ရာ သူဘယ်သူ ဖြစ်သည်ကို သေချာပေါက် သိရပေမည်။
ယန်ကျန်းကလည်း ရီဖူရှင်းကို အကဲခတ်နေသည်။ ရီဖူရှင်း၏ အမူအရာက ထူးဆန်းနေသည်ကို သူခံစားရသည်။ ရီဖူရှင်းက ဘာတွေးနေသည်ကို သူ ခန့်မှန်း၍ မရပေ။ သို့သော်လည်း ရီဖူရှင်းက သူ့အား လူဝံများ၏ သမိုင်းကြောင်းကို မေးမှတော့ ရီဖူရှင်း၏ နှင်တံပညာက သူမေးသော အကြောင်းအရာနှင့် တစ်ခုခု ဆက်စပ်နေရမည်ဟု ယန်ကျန်းက ယူဆသည်။
ယန်ကျန်းက အေးစက်စွာ ပြောသည်… “မင်း အလှည့်ရောက်ပြီ…”
“မင်း အဲဒါကို သင်ချင်လား…” ရီဖူရှင်းက ယန်ကျန်းကို ကြည့်ကာ ရုတ်တရက် မေးသည်။
ယန်ကျန်း၏ကြီးမားသော မျက်လုံးများက ပြူးကျယ်သွားသည်… “ဘာကို သင်ရမှာလဲ…”
“ကျုပ်ရဲ့ နှင်တံပညာ.. အဲဒါကို ကောင်းကင်ဘုံကိုးဆင့် ရိုက်ချက်လို့ခေါ်တယ်…” ရီဖူရှင်းက ဖြေသည်။
ယန်ကျန်းက သက်ပြင်း ရှိုက်လိုက်သည်။ လူဝံများ၏ပညာက ကောင်းကင် ဖြတ်သန်းခြင်း ရိုက်ချက် ရှစ်ဆယ့်တစ်ချက် ဖြစ်ကာ ရီဖူရှင်းတွင် ကောင်းကင်ဘုံကိုးဆင့် ရိုက်ချက်ဖြစ်သည်။
“မင်းက တကယ် သင်ပေးနိုင်လို့လား…” ယန်ကျန်းက မေးသည်။
“အမှန်ပင်…” ရီဖူရှင်းက ခေါင်းညိတ်ကာ ဘေးနားမှ ကျောက်တုံး တစ်တုံးပေါ် သွားထိုင်သည်။ သူ၏ကု့ချင်းဝိညာဉ် ထွက်ပေါ်လာသည်။ သူက ယန်ကျန်းကို ပြောသည်… “ဒီရိုက်ချက်တွေထဲမှာ ငါက ပထမငါးချက်ပဲ လေ့ကျင့်ရသေးတယ်… ဒါပေမဲ့ ကောင်းကင်ဘုံကိုးဆင့် ရိုက်ချက်ရဲ့ ပညာရပ်တွေကို မင်းရဲ့ စိတ်ထဲကို ပို့ပေးမယ်… မင်းဘာသာ ဆင်ခြင်လေ့လာပြီး လေ့ကျင့်ဖို့လိုတယ်…”
“ကောင်းပြီ…” ယန်ကျန်းက ရီဖူရှင်းကို နားမလည်စွာ ကြည့်သည်။ ရီဖူရှင်းက သူ့အား ယခင်ကထက် လေးစားစွာ ဆက်ဆံနေသည်။
ရီဖူရှင်းက ကု့ချင်းကြိုးကို တီးခတ်လိုက်သည်နှင့် အားကောင်းသော အနုပညာ ရသသိတစ်ခု ယန်ကျန်း၏ ခေါင်းထံကို ဝင်ရောက်လာသည်။ ယန်ကျန်း၏ ခေါင်းထဲကို ကု့ချင်းမှ ပုံဖော်သော ပုံရိပ်များ ကွက်ကွက်ကွင်းကွင်း ဖြစ်ပေါ်လာသည်။ ထိုနေရာတွင် တောင်ကုန်း တောင်တန်းများ ရှိပြီး အေးစက်သော ပတ်ဝန်းကျင် အငွေ့အသက်များနှင့် အလွန်အမင်း အရှိန်အဝါ ကြီးမားသော ပုံသဏ္ဌာန်တစ်ခု…။
“နှင်းလူဝံဧကရာဇ်…” ယန်ကျန်း၏ တစ်ကိုယ်လုံး တုန်ယင်သွားသည်။ ထို့နောက် နှင်းလူဝံဧကရာဇ်က နှင်တံအား စတင် ဝှေ့ယမ်းသည်ကို သူမြင်သည်။ နောက်ဆုံးရိုက်ချက် ပြီးနောက်တွင် ယန်ကျန်း၏ ခေါင်းထဲ၌ ကောင်းကင်ဘုံကိုးဆင့် ရိုက်ချက်က တံဆိပ် ရိုက်နှက်ထားသလို ခိုင်မာစွာ ကျန်နေရစ်သည်။ ယန်ကျန်းက မျက်လုံးကို မှိတ်ကာ ထိုပညာအား တိတ်ဆိတ်စွာ ဆင်ခြင်သည်။
ကု့ချင်းဝိညာဉ် ပျောက်ကွယ် သွားသည်။ ရီဖူရှင်းက တိတ်ဆိတ်စွာ စောင့်နေသည်။ ကောင်းကင်ဘုံကိုးဆင့် ရိုက်ချက်ကား စီနီယာ နှင်းလူဝံကြီးက သူ့အား သင်ပေးခဲ့ခြင်း ဖြစ်သည်။ ယခု စီနီယာ နှင်းလူဝံ၏မျိုးနွယ်မှ အရေးပါသော မျိုးဆက် တစ်ယောက်နှင့် တွေ့သော အချိန်တွင် စီနီယာ နှင်းလူဝံ၏ပညာကို ပြန်လည် လက်ဆင့်ကမ်းပေးခြင်းက သူလုပ်သင့်သော အရာဖြစ်သည်။
ယန်ကျန်းက အတန်ကြာလျှင် မျက်လုံးဖွင့်လျက် ရီဖူရှင်းကို ကြည့်သည်။ ထို့နောက် ဦးညွှတ်ကာ ပြောသည်… “ကျေးဇူးတင်ပါတယ်…” ကောင်းကင်ဘုံကိုးဆင့် ရိုက်ချက်ကား အလွန်အမင်း အားကောင်းသည်။
ရီဖူရှင်းက ခေါင်းညိတ်သည်… “ဒါက ကျုပ်လုပ်ရမယ့် တာဝန်တစ်ခုပါပဲ…”
“နှင်းလူဝံဧကရာဇ်ကို မင်းက ဘယ်မှာ တွေ့ခဲ့တာလဲ…” ယန်ကျန်းက မေးသည်။
“ငါ့ရဲ့ မွေးရပ်မြေ… အရှေ့မြေရိုင်းဒေသရဲ့ မထင်မရှား ဒေသတစ်ခု…” ရီဖူရှင်းက ဆက်ပြောသည်… “စီနီယာ နှင်းလူဝံကြီး မဆုံးခင် တစ်နေ့ကပဲ ဒီပညာကို သူက ကိုယ်တိုင် သင်ပေးသွားခဲ့တယ်… အခု မင်းတို့ လူဝံမျိုးနွယ်တွေကို ပြန်ပေးခဲ့ပြီ… ဒါက ကံကြမ္မာပဲ…”
“နှင်းလူဝံဧကရာဇ်က ဆုံးသွားပြီလား…” ယန်ကျန်းကား ယုံကြည်ရန် ခက်ခဲနေဆဲ…။ မည်သို့ဆိုစေ နှင်းလူဝံဧကရာဇ်ကား သူတို့၏ခေါင်းဆောင်လည်း ဖြစ်သည်။
“ဟုတ်တယ်…” နှင်းလူဝံကြီးအား ပြန်တွေးမိတိုင်း ရီဖူရှင်းက ဝမ်းနည်းရသည်။ ယန်ကျန်းကလည်း ထိုနေရာတွင်ပင် တိတ်ဆိတ်စွာ ရပ်ကာ ဝမ်းနည်းမှုကို ခံစားရသည်။ အကယ်၍ သူ၏တောင်မှ အကြီးအကဲများက ဤသတင်းကို သိပါက သူတို့လည်း ဝမ်းနည်းကြမည်။
“ငါ ဒီက ပြန်သွားရင် ထိုက်ရှင်းတောင်က ငါ့အဘိုးကို ဒါတွေ ပြန်ပြောပြမယ်… သူကလည်း နှင်းလူဝံဧကရာဇ်ကို တွေ့ချင်မှာပဲ…” ယန်ကျန်းက ပြောသည်။
ရီဖူရှင်းက ခေါင်းညိတ်သည်… “ကောင်းပြီ…”
“ပြန်ရအောင်…” ရီဖူရှင်းက ထရပ်ကာ ရှေ့မှ လျှောက်သွားသည်တွင် ယန်ကျန်းကလည်း သူ့နောက်မှ လိုက်ပါလာသည်။
“ယန်ကျန်း… ကျန်ရှောင်မြို့ အပြင်ဘက်မှာ ထူးခြားတာ တစ်ခုခု ရှိလား…” ရီဖူရှင်းက ယန်ကျန်းကိုမေးသည်။
“ရှောင်ကျွမ်ရီက ကုဖေးရန်ကို သတ်ပြီး သူ့မြို့ကို အပိုင်စီးယူတယ်… အခု သူက အဲဒီမြို့က ရှေးဟောင်း နယ်မြေကို ဖွင့်ပြီး လေ့ကျင့်နေတယ်… ပြီးတော့ ယန်ချူကလည်း လုံလောက်တဲ့ တော်ဝင် တံဆိပ်ပြားတွေကို စုဆောင်း မိနေပြီတဲ့…” ယန်ကျန်းက ပြောသည်။
“ယန်ချူ… သူက ဘယ်မှာလဲ…” ရီဖူရှင်းက မေးသည်။
“ဓားပျံမြို့…” ယန်ကျန်းက ဖြေသည်။
ဓားပျံမြို့၏နာမည်ကို ကြားသည်နှင့် ရီဖူရှင်းက နားလည်လိုက်သည်။ ဓားပျံမြို့က ဓားပညာကို အထူးပြုသော လူများအတွက် အထူး သင့်တော်သော နေရာဖြစ်ရမည်။
“ယန်ကျန်း… မင်း ငါနဲ့အတူ ဓားပျံမြို့ကို လိုက်ခဲ့မလား…” ရီဖူရှင်းက မေးသည်။ ယန်ကျန်းက ခေါင်းညိတ်သည်။ သူက ရီဖူရှင်း ဘာလုပ်ချင်သည်ကို အနည်းငယ် ရိပ်မိသည်။
သားရဲတစ်ကောင်နှင့် လူတစ်ယောက်က ဘေးချင်းကပ် လမ်းလျှောက်နေသည်ကို မြင်ကြရသည်တွင် အားလုံးက အံ့အားသင့်ရသည်။ ဘာတွေ ဖြစ်နေသနည်း။
ရီဖူရှင်းက ရှေးဟောင်း နယ်မြေထဲမှ လူများကို ကြည့်ကာ ပြောသည်… “ကျုပ်နဲ့အတူ ဓားသမားတွေကို လိုက်ခဲ့စေချင်တယ်…” သူက ထိုသို့ ပြောလိုက်သည်နှင့် လူအများအပြားက ရှေ့ကို ထွက်လာသည်။ ထိုအထဲတွင် မိုးကောင်းကင်မြို့မှ စီဝူကျိ၊ ကျွေချိန်ချူတို့ ပါသည်။ အားလုံးပေါင်း လူတစ်ရာခန့် ရှိသည်။ အားလုံးက မေးခွန်းမေးခြင်း မရှိဘဲ ထွက်လာကြသည်။ သူတို့အားလုံး ရီဖူရှင်းကို ယုံကြည်ကြ၏။
“အစ်ကိုခုနစ်… ခင်ဗျားမှာ အချိန်ပိုနည်းနည်း ရှိလား…” ရီဖူရှင်းက ယိရှောင်ရှီကို ပြုံးလျက် ကြည့်သည်။
ဖက်တီးက သူ့အား ဒေါသတကြီး ကြည့်သည်။ သည်အကောင်က တစ်ခုခု မဟုတ်တာ လုပ်တော့မည်ကို သူသိသည်။
“ဝူချင်း… ငါနဲ့လိုက်ခဲ့…” ထို့နောက် သူက အားလုံးကို ခေါ်ကာ ရှေ့မှ ပျံသန်းသွားသည်။ ရီဝူချင်းက သူ့ဘေးမှ လိုက်ပါ သွားသည်။
“ငါလည်း လိုက်မယ်…” မူကျိချူလည်း လိုက်ပါသွားသည်။
ယန်ကျန်းကလည်း မြေပြင်ပေါ်ကို ဆောင့်နင်းက တစ်ဟုန်ထိုး ပြေးလွှားသည်။ ထိုအခိုက်တွင် ယိရှောင်ရှီက လျှပ်တစ်ပြက် ယန်ကျန်း၏ပခုံးပေါ်ကို တက်ကာ ရယ်မောလျက် ပြောသည်… “အစ်ကိုကျန်း… ကျုပ်က ဒီမှာ ထိုင်လို့ရမလား… ခင်ဗျားသိတဲ့အတိုင်း ဖက်တီးတွေက သိပ်အပင်ပန်းမခံနိုင်ဘူး…”
ယန်ကျန်းက သူ၏ပခုံးပေါ်တွင် ထိုင်နေသော ဖက်တီးကို ဒေါသတကြီး ကြည့်ပြီးမှ လျစ်လျူရှု ထားလိုက်သည်။ လူဝံကြီးက ပြေးလွှားလျှင် မြေပြင်က တုန်ခါနေသည်။
“ဒီဖက်တီး…” လူအများအပြားက ယိရှောင်ရှီကို ကြည့်ကာ ဆွံ့အရသည်။
“သူတို့က မြို့တစ်မြို့ကို သွားသိမ်းကြတော့မလို့ များလား…” တစ်ယောက်က မေးသည်။ ယိရှောင်ရှီ၊ ယန်ကျန်းနှင့် ဓားသမား တစ်ရာခန့်က အတူထွက်သွားရာ တစ်ခုခုကို သူတို့က ခံစားကြရသည်။
“ယူချင်းနဲ့ ရီဝူချင်းက အမြဲတမ်း ရီဖူရှင်းရဲ့ အကောင်းဆုံး သူငယ်ချင်းတွေပဲ … အခု ယူချင်းနဲ့ ရီဖူရှင်းက ရှေးဟောင်း နယ်မြေတစ်ခုကို ရထားပြီ… သူက ရီဝူချင်းအတွက် တစ်ခု ယူပေးချင်တာ သဘာဝပဲ… သူ စုစည်းသွားတဲ့လူတွေ အကုန်လုံးက ဓားသမားတွေပဲ…” ကုယွန်ချီက ရှင်းပြသည်။
လူတိုင်းက မှင်တက်သွားကာ တစ်ယောက်က ရေရွတ်သည်… “ကြည့်ရတာ သူတို့က ဓားပျံမြို့ကို သွားကြတာ ဖြစ်ရမယ်…” သူတို့အားလုံး ရီဖူချင်းလို သူငယ်ချင်းမျိုးကို ပိုင်ဆိုင်ထားသော ရီဝူချင်းကို အားကျရသည်။
ကြယ်မင်းကျောင်းမှ တပည့်များကား အလွန်အမင်း စိတ်လှုပ်ရှားရသည်။ ကျောင်းအုပ်ကြီးက သားတော်ကို လက်ခံရန် သူတို့အား နားချခဲ့သည်။ ထိုစဉ်က ရီဖူရှင်း၏ ပါရမီကို အသိအမှတ် ပြုရသည့်တိုင် ဘယ်သူကမှ သားတော်၏ နောက်လိုက်ဖြစ်ရန် မလိုလားပေ။ ယခု ရီဖူရှင်းက သူတို့အား နောက်လိုက် ဖြစ်ရန်ပင် မလိုအပ်တော့ပေ။
လူအများအပြားက လောင်မူကို လှမ်းကြည့်ကြသည်။ သူတို့အထဲတွင် လောင်မူ တစ်ယောက်သာ ရီဖူရှင်းနှင့် အနီးစပ်ဆုံးဟု ပြော၍ ရသည်။
***
ဓားပျံမြို့ထဲတွင် ယန်ချူက လေထဲတွင် ရပ်နေသည်။ သူက အနီးမှ လူများကို ကြည့်ကာ ပြောသည်… “အားလုံး … ကျုပ်နဲ့ အတူလိုက်ခဲ့…” တံဆိပ်ပြားများကို လုံလုံလောက်လောက် စုဆောင်း နိုင်ပြီးနောက် သူက ဓားပျံမြို့မှ ရှေးဟောင်း နယ်မြေကို ဖွင့်လှစ်တော့မည် ဖြစ်သည်။
သူတို့နှင့် သိပ်မဝေးသော ရှေးဟောင်း နယ်မြေသို့ သူတို့အားလုံး ထွက်ခွာရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။
ထိုစဉ်မှာပင် မြေပြင်က တုန်ခါလာနေပြီး အဝေးမှ ကျယ်လောင်သော အသံများကို ကြားကြရသည်… “ဘာများလဲ…”
သူတို့က ရပ်လိုက်ကာ နောက်ကို ပြန်ကြည့်ကြသည်။ တဒုန်းဒုန်း အသံများက ပိုမို ကျယ်လောင် လာကာ လူတစ်စုက သူတို့ထံကို ပျံသန်းလာသည်ကို မြင်ရသည်။ မြေပြင်တွင်ကား လူဝံကြီးတစ်ကောင်…။
“ဓားပျံမြို့ထဲကို လူတစ်စု ဝင်လာနေတယ်…” အသံတစ်သံကို အဝေးမှ ကြားရသည်။ ယန်ချူ မျက်မှောင်ကြုတ် လိုက်သည်။ သူ့နေရာကို တစ်စုံတစ်ယောက်က လာရဲသည်လား…။
ထို့နောက်တွင် လူတစ်စုက သူ၏မြင်ကွင်းထဲကို ရှင်းလင်းစွာ ဝင်ရောက်လာသည်။ သူတို့အားလုံးထဲမှ အားကောင်းသော ဓားအရှိန်အဝါများကို သူရနေသည်။ ဒိန်းခနဲ မြည်သံနှင့်အတူ လူဝံကြီးက မြေပြင်ကို ဆောင့်နင်းလျက် ခုန်တက်သွားသည်တွင် သူ့ကို လေထဲတွင် တစ်ဖန် ထပ်မြင်ရသည်။
“ယန်ကျန်း… ရီဖူရှင်း…” ယန်ချူက ထိုလူများ အားလုံးကို သိသည်။ ယန်ကျန်း၏ ပခုံးပေါ်တွင်ကား ဖက်တီး တစ်ယောက်က ထိုင်နေသေးသည်။
“အတင့်ရဲတယ်…” ဓားကျေးရွာမှ လူများက ရှေ့ကို ထွက်လာကြသည်။ ရီဖူရှင်းက ယန်ကျန်းနှင့် ပူးပေါင်းကာ သူတို့မြို့ကို ဝင်လာရဲသည်။
“ရီဖူရှင်း… ကျန်ရှောင်မြို့မှာ မနေဘဲ ဘာလို့ ကျုပ်တို့ ဓားပျံမြို့ထဲကို လာရတာလဲ…” ယန်ချူက အေးစက်စွာ မေးသည်။
“မင်းက ဓားပျံမြို့မှာ မနေဘဲ အဆိပ်မီးတော်မြို့ကို သွားခဲ့သလိုပဲလေ…” ရီဖူရှင်းက တည့်တိုးပြောသည်… “တော်ဝင် တံဆိပ်ပြားတွေကိုသာ ထုတ်ပေး…”
ဓားကျေးရွာမှ လူများအားလုံး အံ့အားသင့် သွားကြသည်။ ရီဖူရှင်းက ယန်ချူ၏ တံဆိပ်ပြားများကို အမှန်ပင် လာရောက် လုယက်သည်။
“မင်းက တကယ် ပြောနေတာလား…” ယန်ချူက အေးစက်စွာ ပြောသည်။ မမြင်ရသော ဓားစွမ်းအား တစ်ခုက သူ့အနီးတွင် ဖြစ်ပေါ်လာနေသာ အချိန်မရွေး ရန်သူကို တိုက်ခိုက်မည့်အလား အန္တရာယ်ရှိသော အငွေ့အသက်များကို ပေးနေသည်။
မည်သို့ဆိုစေ သူက ရှေးဟောင်း နယ်မြေကို ဖွင့်လှစ်တော့မည့် အချိန်တွင် ရီဖူရှင်းက လာရောက် နှောင့်ယှက်သည်။
“မင်း ဘယ်လို ထင်လို့လဲ…” ရီဖူရှင်းက ယန်ချူကို ကြည့်သည်။ ထို့နောက် တခြားလူများကို ကြည့်ကာ ပြောသည်… “ဒီကိစ္စနဲ့ မဆိုင်တဲ့လူတွေ မြန်မြန် ထွက်သွားပါ… တိုက်ပွဲဖြစ်ရရင် ကျုပ်က ငဲ့ညှာမှာ မဟုတ်ဘူး…”
ယန်ချူ၏ဘေးနားမှ စွမ်းအားမြင့် တန်ခိုးရှင်များ အားလုံး မျက်နှာပျက် သွားကြသည်။ မည်သို့ဆိုစေ သူတို့အားလုံးက နန်ဟောင်၏ အဆုံးသတ်ကို သိထားကြသည်။ ယခု ရီဖူရှင်းတို့ အုပ်စုထဲကို ယန်ကျန်းကပါ ရောက်နေသည်။ လက်ရှိ ရီဖူရှင်းတို့ အုပ်စုက တော်ဝင်လမ်းတွင် အားအကောင်းဆုံးဟုပင် ပြော၍ ရသည်။
ယန်ချူက ကောင်းကင်တွင် ရပ်လျက်ကပင် ယန်ကျန်းကို မေးသည်… “ယန်ကျန်း … မင်းက တကယ်ပဲ ဒီလိုလုပ်ဖို့ စိတ်ကူးရှိတာလား…”
ယန်ကျန်းက ယန်ချူကို ကြည့်ကာ အေးစက်စွာ ပြောသည်… “မင်းကို တော်ဝင် တံဆိပ်ပြားပေးဖို့ ပြောနေရင် မြန်မြန်သာ ထုတ်ပေး…”
ယန်ချူ၏မျက်နှာက ပျက်ယွင်း သွားသည်။
ရီဖူရှင်းက ရှေ့ကို တစ်လှမ်း ထက်တိုးကာ ပြောသည်… “မင်းတို့ အင်အားကြီး အဖွဲ့တွေ အဆိပ်မီးတော်မြို့ကို လာတုန်းက ဒီလို ပုံစံ မဟုတ်ပါလား.. အခု မင်းတို့ ပြန်ပေးဆပ်ဖို့ အချိန်ရောက်ပြီ… ယန်ချူ… မင်းက တော်ဝင် တံဆိပ်ပြားတွေကို မင်း သဘောကျသည် ဖြစ်စေ မကျသည်ဖြစ်စေ ထုတ်ပေးရမှာပဲ…”
***
စာစဉ်(၃၆)ပြီးပါပြီ
ဆက်ပါဦးမည်။
***