Switch Mode

အပိုင်း (၅၃၄)

နှင်းလူဝံဧကရာဇ်

ကျန်ရှောင်မြို့ ရှေးဟောင်း နယ်မြေကို ယူချင်းက ဆက်ခံရရှိသည့်တိုင် လွတ်လပ်ခြင်း ကျင့်စဉ်ကြောင့် ရီဖူရှင်းက ရှေးဟောင်း နယ်မြေကို ကောင်းစွာ လေ့လာ ဆင်ခြင်နိုင်ခဲ့သည်။

သည်နေ့တွင် ကြောက်မက်ဖွယ် ကောင်းသော သတ္တုဓာတ်စွမ်းအင်က ရီဖူရှင်း၏ခန္ဓာကိုယ်ကို ရစ်ပတ်နေသည်။ မဆုံးနိုင်သော ထက်ရှမှုများဖြင့် ရွှေရောင် ဓားသွားများက သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်၍ လှည့်ပတ်နေကြ၏။ သူ၏ နောက်ကျောတွင်လည်း အလွန်အမင်း လှပသော နတ်ငှက်၏ အတောင်ပံတစ်စုံကို တွေ့ရ၏။ သူ၏အတောင်ပံမှ သားမွေးတစ်ခုစီက ရွှေရောင် ဓားသွားများအလား ထင်မှတ်ရကာ အရာအားလုံးကို ဖြတ်တောက်နိုင်စွမ်း ရှိသည်။

မူကျိချူက ဘေးမှ တိတ်ဆိတ်စွာ ကြည့်နေသည်။ ရီဖူရှင်းက သတ္တုဓာတ် နိုဘယ်အသိကို မွေးဖွားပြီး ဖြစ်ဟန်ရသည်။ ရီဖူရှင်းက နိုဘယ်အဆင့်ကို တက်ရောက်သောအခါ သူက အ​ခြေအခိုင်ဆုံး နိုဘယ်တစ်ယောက် ဖြစ်မည်မှာ သေချာနေသည်။

ရီဖူရှင်းက မျက်လုံးကို ဖွင့်လိုက်သည်တွင် သူ၏မျက်လုံး၌ ရွှေရောင် အလင်းတစ်ချက် ဝင်းလက် သွားသည်။ သတ္တုဓာတ်ကား သူ၏အမြဲတမ်း အားနည်းသော စွမ်းအား တစ်ခုပင်။ ဤသို့ နက်ရှိုင်းသော နားလည်မှု တစ်ခုကို ရရှိခဲ့ရာ ရီဖူရှင်းက ဝမ်းသာနေသည်။ ထို့နောက် သူက ဘေးမှ တစ်ယောက်ကို ကြည့်သည်။ ယိရှောင်ရှီ၏ ကိုယ်ရောင် ကိုယ်ဝါကလည်း ယခင်ကထက် ပိုမို အားကောင်းလာဟန် ရနေသည်။

ကျန်ရှောင်မြို့ ဂိတ်အပြင်ဘက်တွင် လူအများအပြားက စောင့်ကြပ် နေကြသည်။ တစ်နေ့တွင် ကျန်ရှောင်မြို့ ဂိတ်ရှေ့ကို ဧရာမကြီးမားသော သတ္တဝါဆန်းကြီးတစ်ကောင် ရောက်လာသည်။

“ယန်ကျန်း… ကျန်ရှောင်မြို့ကို အခု ဘယ်သူမှ မဝင်ရဘူး…” လူတစ်ယောက်က ထိုလူဝံကြီးအား လှမ်း၍ ပြောသည်။ ယန်ကျန်းက မြို့ထဲကို ဝင်ရောက်တော့မည်ကို သူတို့အားလုံး မြင်နေကြသည်။

ယန်ကျန်းကား သူတို့ တားဆီးနိုင်သော သတ္တဝါ မဟုတ်ပေ။

ယန်ကျန်းက သူတို့ကို အရေးပင် မလုပ်ပေ။ ထို့နောက် သူက မြို့ထဲကို ဝင်ရောက် လာသည်။ တစ်စုံတစ်ယောက်က သူ့အား တိုက်ခိုက်သော်လည်း မှော်စွမ်းအင်က သူ၏ခန္ဓာကိုယ်ပေါ်ကို ကျဆင်းသွားပြီး သည်အတိုင်း ပျောက်ကွယ် သွားသည်။ ယန်ကျန်းကား နာကျင်ဟန်ပင် မပြ။ ယန်ကျန်းက သူ့အား တိုက်ခိုက်သူကို တစ်ချက်ကြည့်သည်။ ထိုအခိုက်တွင် ယန်ကျန်းအား တိုက်ခိုက်လိုက်သူက ထိတ်လန့်စွာ နောက်ကို တစ်ချက် ဆုတ်သည်။

ထိုက်ရှင်းတောင်မှ ယန်ကျန်းကား ထိပ်သီးအဆင့် ပါရမီရှင်ဖြစ်ကာ သူ၏ကလန်မှ ခေါင်းဆောင်ကား ကောင်းကင်မြေရိုင်း အဆင့်တွင် ရပ်တည်နိုင်သော သတ္တဝါဆန်း ဖြစ်သည်။ ယန်ကျန်းအား သူတို့ သွား၍ ပြဿနာရှာ၍ မရပေ။

ယန်ကျန်းက သူ့အား တိုက်ခိုက်သူကို ပြန်လည် တိုက်ခိုက်ရန်ပင် စိတ်ပါပုံမရပေ။ လူဝံကြီးက ရှေ့ကို ဆက်လက် လျှောက်သွားသည်တွင် ဘယ်သူကမှ သူ့ကို တားဆီးခြင်း မပြုကြတော့။ သူတို့က ယန်ကျန်းအား မတားဆီးနိုင်သည်ကို အားလုံးက သိကြသည်။ လူတစ်ယောက်က မချိပြုံးပြုံးကာ ဘေးမှ တစ်ယောက်ကို မေးသည်… “အခု ဘယ်လိုလဲ…”

“ယန်ကျန်းက အတင်းဝင်ရင် ငါတို့က ဘယ်လို တားလို့ ရမှာလဲ… သူက ရှေးဟောင်း နယ်မြေအတွက် လာတာ သေချာတယ်… အခု ယူချင်းက ရှေးဟောင်း နယ်မြေကို ဆက်ခံရယူသွားပြီးပြီ… ယန်ကျန်း ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး…” ထိုလူက ပြန်ဖြေသည်တွင် တခြား လူများကလည်း​ ခေါင်းညိတ်ကြသည်။ သူတို့ စောင့်ကြည့်ရမည်ကား ရီဖူရှင်းက ထိုလူဝံကို မည်သို့ ရင်ဆိုင်မည်ကိုပင်။

ယန်ကျန်းက ရှေးဟောင်း နယ်မြေသို့ ရောက်လာသည်။ လူတိုင်းက သူ့အား စိုက်ကြည့် နေကြသည်။

ရီဖူရှင်းက လူဝံကြီးကို ကြည့်ကာ အေးစက်စွာ မေးသည်… “ကျန်ရှောင်မြို့ကို ဘယ်သူမှ မဝင်ရဘူးဆိုတာ မင်း မသိဘူးလား…”

“ရှေးဟောင်း နယ်မြေဖွင့်ရင် ကျုပ်လည်း ဝင်ပြီး လေ့ကျင့်လို့ရမယ်လို့ နန်ဟောင်က ကတိပေးထားတယ်… ဒါကြောင့် ကျန်ရှောင်မြို့ကို သူ့ဆီ လက်လွှဲပေးခဲ့တာ…” ယန်ကျန်းက ရီဖူရှင်းကို ကြည့်ပြီး ပြောသည်။

“ဒါက မင်းနဲ့ နန်ဟောင်ရဲ့ကိစ္စပဲ… ကျန်ရှောင်မြို့က အခု ကျုပ်တို့အပိုင်ပဲ…” ရီဖူရှင်းက ပြောသည်။

“နန်ဟောင်ကို သတ်နိုင်တဲ့လူတွေက ဘယ်လောက် အားကောင်းလဲ ကျုပ် သိချင်တယ်…” ယန်ကျန်း၏ မျက်လုံးများက ကြမ်းတမ်း ခက်ထန်သွားသည်။

“အစ်ကိုခုနစ်…” ရီဖူရှင်းက ယိရှောင်ရှီကို ကြည့်သည်။

“စွမ်းတဲ့လူတွေက တကယ်ပဲ အလုပ်များတယ်…” ယိရှောင်ရှီက ရေရွတ်ကာ ယန်ကျန်းထံ ပျံသန်းသွားသည်။

ယန်ကျန်းကလည်း ယိရှောင်ရှီကို ကြည့်သည်။ သူ၏မျက်လုံးထဲတွင် ဖက်တီးကား သိပ်အားကောင်းဟန် မရပေ။ ဖက်တီးက သူ့အား မည်သို့ တိုက်ခိုက်မည်နည်း။

ယန်ကျန်းက လက်မြှောက်ကာ ရိုက်ချလိုက်သည်တွင် ထိုနေရာတစ်ခုလုံး တဝုန်းဝုန်း ပေါက်ကွဲသွားသည်။ ရွှေရောင်လက်ဝါး ပုံရိပ်တစ်ခုက လေထုကို ခွင်းလျက် ယိရှောင်ရှီထံကို ပျံသန်းသွားသည်။

ယိရှောင်ရှီက သူ၏လက်ကို ဆန့်တန်းလိုက်သည်။ နွယ်ပင်များက နေရာအနှံ့ ဖြန့်ကြက်သွားကာ ရွှေလက်ဝါးပုံရိပ်ကို ရစ်ပတ်သွားကြသည်။ သူ၏ခန္ဓာကိုယ်က တည်နေရာ ခုန်သွားပြီး ယန်ကျန်း၏ဘေးနားကို ရောက်လာသည်။

ယိရှောင်ရှီ၏ လက်နှစ်ဖက်လုံးကို ဆန့်တန်းလိုက်သည်တွင် ချက်ချင်း မရေမတွက်နိုင်သော နွယ်ပင်များက ဆန့်တန်းလာကာ ဧရာမလူဝံကြီးကို ရစ်ပတ်ရန် ကြိုးစားကြသည်။

ယန်ကျန်း၏လက်က အနည်းငယ်ကို လှုပ်ယမ်း သွားသည်တွင် သူ့ကို လာရောက် ရစ်ပတ်သော နွယ်ပင်များက အပိုင်းအပိုင်းအစစ ဖြစ်သွားသည်။ ထို့နောက် သူက နွယ်ပင်၏ ရင်းမြစ်အား လှမ်းဆွဲလိုက်သည်တွင် ဆွဲအားကြောင့် ယိရှောင်ရှီက ယန်ကျန်းထံကို မြန်ဆန်စွာ ကျဆင်းလာသည်။ သို့သော် ယိရှောင်ရှီ၏အနီးတွင် သတ္တုဓာတ် စွမ်းအင်များ လှုပ်ခတ်သွားကာ သူ၏သစ်မင်းနွယ်ပင်များ ပေါ်ထွက်လာသည်။ မရေမတွက်နိုင်သော ရွှေရောင်နွယ်ပင်များက ကောင်းကင် တစ်ခွင်ကို ပြည့်နှက်သွားကာ ယန်ရှင်းအား ထိုးနှက် တိုက်ခိုက်ကြသည်။ နွယ်ပင်၏ ထိပ်ဖျားများက လှံသွားအလား ထက်ရှကာ ယန်ရှင်းအား ထွင်းဖောက်ရန် ကြိုးစားကြသည်။

ဘုန်း… ယန်ကျန်း၏ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားကာ နွယ်ပင်၏ ရိုက်နှက်ခြင်းကို ခံရပြီး ယန်ကျန်းက နောက်ကို ခြေလှမ်း အနည်းငယ် ဆုတ်သွားသည်။

တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော နွယ်ပင်များက အရပ်မျက်နှာမျိုးစုံက ယန်ကျန်းထံကို တိုးဝင် လာကြပြန်သည်။ ယန်ကျန်း၏ မျက်လုံးများက လေးနက်သွားသည်။ သူ၏လက်တွင် သတ္တုဓာတ်မှ ဖြစ်ပေါ်လာသော ရွှေရောင်နှင်တံ တစ်လက် ပေါ်လာသည်။ ထိုအခိုက်တွင်ပင် သူက နှင်တံကို ဝှေ့ယမ်းလိုက်သည်။

ရီဖူရှင်းက ရှေးဟောင်း နယ်မြေထဲမှ ထွက်လာသည်။ တိုက်ပွဲကို ကြည့်ကာ သူ၏မျက်လုံးများက အရောင် တဖျတ်ဖျတ် လက်နေသည်။ တခြား လူများကလည်း ထို့နည်းတူပင်။ လက်ရှိ ရီဖူရှင်းတို့အုပ်စုက အာရုဏ်လမ်းတွင် အားအကောင်းဆုံး ဖြစ်ဟန်ရသည်။ ယိရှောင်ရှီက လတ်တလောတွင် သတ္တမအတန်းအစား နိုဘယ်ကို တက်ရောက် သွားခဲ့ကာ ယခု ယန်ကျန်းကို တစ်ယောက်တည်း ယှဉ်တိုက်ခိုက်နိုင်သည်။

သူတို့နှစ်ယောက်၏ တိုက်ခိုက်မှုများက ပိုမို ကြမ်းတမ်း ခက်ရော် လာနေသည်။ ယန်ကျန်း၏နှင်တံက ပြိုင်ဘက်ကင်း စွမ်းအားကို ထုတ်ဖော်နေသည်။

“သူ့နှင်တံပညာက နာမည်ရှိလား…” ရီဖူရှင်းက မူကျိချူကို မေးသည်။

“ကောင်းကင် ဖြတ်သန်းခြင်း ရှစ်ဆယ့်တစ်ချက် နှင်တံပညာ… ဒါက ထိုက်ရှင်းတောင် လူဝံတွေရဲ့ လျှို့ဝှက်ပညာရပ်ပဲ… ဒါကို ငါလည်း ပထမဆုံး မြင်ဖူးတာ… အခု ကြည့်ရတာ နင့်ရဲ့ နှင်တံပညာနဲ့ နည်းနည်း ဆင်တူသလိုပဲ…” မူကျိချူက ပြောသည်။

“ကောင်းကင် ဖြတ်သန်းခြင်း နှင်တံပညာ…” ရီဖူရှင်း၏မျက်လုံးက အရောင်များ လက်သွားသည်။ သူ၏နှင်တံနာမည်ကို နှင်းလူဝံကြီးက ကောင်းကင်ဘုံကိုးဆင့် ရိုက်ချက်ဟု နာမည်ပေးခဲ့သည်။ ထို့အတူ နှင်းလူဝံကြီးကလည်း လူဝံမျိုးနွယ် ဖြစ်နေသည်။

ရီဖူရှင်းက လွတ်လပ်ခြင်း ကျင့်စဉ်ဖြင့် ယန်ကျန်း၏ နှင်တံပညာကို ကြည့်သည်။ ယန်ကျန်း၏ပညာက သူ့နှင်တံပညာနှင့် ဆင်တူသည်ထက် ပိုသည်။ ကောင်းကင်ဘုံ ကိုးဆင့်ရိုက်ချက်က ကောင်းကင် ဖြတ်သန်းခြင်း ရိုက်ချက်ကို ဆင့်ကဲ တီထွင်ထားသော ပိုမို အစွမ်းထက်သော ပညာဖြစ်သည်ဟု သူခံစားရသည်။

“အစ်ကိုခုနစ်… ရပြီ…” ရီဖူရှင်းက ယိရှောင်ရှီကို လှမ်းအော်လိုက်သည်။ ဖတ်တီးက အနည်းငယ် စိတ်ပျက်စွာဖြင့် ပြန်ဆုတ်လာသည်။ သို့သော်လည်း ရွှေလူဝံ၏ စွမ်းအားက အမှန်ပင် ကြီးမားလှသည်။ သူက ရှေးဟောင်း နယ်မြေတွင် အဆင့်တက်ကာ ကြီးစားပမ်းစား မလေ့ကျင့်ခဲ့ပါက လူဝံ၏ နှင်တံ ရိုက်ချက်ကြောင့် မြေပြင်ပေါ်တွင် လဲလျောင်း နေရတော့မည် ဖြစ်သည်မှာ ထင်ရှားသည်။ မိုကျွမ်ကား ပြိုင်ဘက်ကောင်း တစ်ယောက် ဖြစ်သည့်တိုင် ယန်ရှင်းနှင့်မူကား အလွန်အမင်း ကွာခြားသည်။

ယန်ကျန်းက ရီဖူရှင်းကို ကြည့်သည်တွင် ရီဖူရှင်းက ပြောသည်… “ထပ်မကြိုးစားနဲ့တော့… မင်းက ငါနဲ့ တိုက်ခိုက်ရရင် မင်းရှုံးလိမ့်မယ်…”

“ဘယ်လောက် လေကြီးလိုက်သလဲ…” ယန်ကျန်းက ရီဖူရှင်းကို ကြည့်ကာ ပြောသည်။

“သေသေချာချာ ကြည့်…” ရီဖူရှင်း၏လက်ထဲတွင် ဓာတ်ငါးမျိုးနှင်တံ ပေါ်လာသည်။ ရွှေရောင်များ ဝင်းလက်စွာဖြင့် သူက လေထဲကို ခုန်တက်လိုက်သည်။ ဓာတ်ငါးမျိုးနှင်တံက ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် လေထုကို ခွင်းသွားသည်။

ယန်ကျန်း၏ မျက်လုံးက နှင်တံကို စူးနစ်စွာ ကြည့်နေသည်။ တခြားလူများ အားလုံးကလည်း အံ့အားသင့် သွားကြသည်။  ယန်ကျန်း၏ နှင်တံပညာကို ရီဖူရှင်းက မည်သို့ တတ်မြောက် ရသနည်း။

ရီဖူရှင်းက ရပ်တန့်လိုက်သည်နှင့် ယန်ကျန်းထံမှ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာကာ အေးစက်စွာ ပြောသည်… “ဒီပညာကို မင်း ဘယ်က ခိုးလာတာလဲ…”

ရီဖူရှင်း၏လက်ထဲမှ နှင်တံကလည်း ဓာတ်ငါးမျိုး နှင်တံအစား ကောင်းကင် ပျက်သုဉ်းခြင်းနှင်တံ ရောက်လာသည်။ တစ်မုဟုတ်ချင်း ပတ်ဝန်းကျင် တစ်ခုလုံးကို ကြီးမားသော ဖိအားကြီးတစ်ခု ဆင်းသက် လာသည်။ ကြယ်တာရာ သီးသန့်နယ်ထဲတွင် နှင်တံ ဝှေ့ယမ်းမှုကြောင့် ကြောက်မက်ဖွယ် စွမ်းအင် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။

ဘုန်း…

ယန်ကျန်းက ကြီးမားသော ခန္ဓာကိုယ်ကြီးကို လေပေါ်ကို ခုန်တက်လျက် ရီဖူရှင်းရှိရာ အရပ်သို့ သူ၏ကောင်းကင် ဖြတ်သန်းခြင်း နှင်တံဖြင့် ရိုက်သည်။

ဘုန်း…

လေထုက ကြောက်မက်ဖွယ် ကောင်းသော ပေါက်ကွဲမှုတစ်ခု ဖြစ်သွားသည်။ ရီဖူရှင်းက နောက်ကို ခြေလှမ်း အများအပြား ဆုတ်သွားရကာ သူ၏လက်ကလည်း ထုံကျဉ်သွားသည်။ ယန်ကျန်းကလည်း နောက်ကို ခြေလှမ်း အများအပြား ဆုတ်ခွာ သွားသည်။ ရိုက်ချက် တစ်ချက်ဖြင့်ပင် သူလည်း အတော် ထိသွားဟန်ရကာ ဟန်ချက်ကို ထိန်းရန် ကြိုးစားသည်။

ယန်ကျန်း၏ ရွှေရောင်မျက်လုံးများက ရီဖူရှင်းကို ကြည့်ကာ မေးသည်… “အဲဒါ ဘာပညာလဲ…” သူက ကောင်းကင် ဖြတ်သန်းခြင်း နှင်တံပညာကို ငယ်စဉ်ကတည်းက လေ့ကျင့်လာခဲ့ရာ အလွန်အမင်း ရင်းနှီးသည်။ ရီဖူရှင်းထုတ်လိုက်သော ရိုက်ချက်က သူ၏နှင်တံပညာနှင့် ဆင်တူသော်လည်း သူ့ပညာထက် အဆင့်မြင့်သည်ဟု ယန်ကျန်းက ခံစားရသည်။

“ငါနဲ့ လိုက်ခဲ့…” ရီဖူရှင်းက ရှေ့ကို လှမ်းသွားသည်။ သူကလည်း ယန်ကျန်းကို မေးစရာများ ရှိနေသည်။

တခြား လူများကလည်း သူတို့နောက်ကို လိုက်ပါ သွားလိုကြသော်လည်း ယိရှောင်ရှီက တားသည်… “ညီငယ်လေးကို ယန်ကျန်းက အန္တရာယ် ပေးနိုင်မှာ မဟုတ်ဘူး…”

ရီဖူရှင်းက ယန်ကျန်းနှင့်အတူ သီးသန့်နေရာ တစ်ခုသို့ ရောက်လာသည်။ ယန်ကျန်းက တစ်ခုခု ထူးဆန်းနေသည်ကို ခံစားရသည်။ ရီဖူရှင်းက လူဝံများနှင့် ဆက်စပ်နေပုံ ရသည်။

“ငါ့ရဲ့ နှင်တံပညာ ဘယ်က လာလဲ မင်းသိချင်ရင် ငါမေးတာကို အရင်ဖြေရမယ်…” ရီဖူရှင်းက ယန်ကျန်းကို ဆက်ပြောသည်… “ကောင်းကင် ဖြတ်သန်းခြင်း နှင်တံပညာက ဘယ်လို ပညာရပ်လဲ…”

“လူဝံတွေရဲ့ မျိုးရိုးအဆင့်ဆင့် ဆက်ခံရတဲ့ ပညာပဲ…” ယန်ကျန်းက ပြောသည်။ သူဖြေသည်ကား လျှို့ဝှက်ချက်တစ်ခု မဟုတ်ပေ။

“ရွှေမဟာ လူဝံမျိုးနွယ်တွေက ဘယ်လိုကြောင့် မြေရိုင်းဒေသကို ရောက်လာရတာလဲ…” ရီဖူရှင်းက ထပ်မေးသည်။ ယန်ကျန်းက ရီဖူရှင်းကို သည်အတိုင်း ကြည့်နေသည်။ သူ ဘာမှ မပြောပေ။

“ကျုပ်ရဲ့ နှင်တံပညာဇာစ်မြစ်ကို မင်းသိချင်ရင် မင်းက ငါမေးတာကို ဖြေဖို့လိုတယ်…”

“မင်း ကျိန်ရဲလား…” ယန်ကျန်းက ရီဖူရှင်းကို စူးရဲစွာ ကြည့်သည်။

“ငါကျိန်ရဲတယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်။

“မင်း ငါ့ကို ဘာမှ မပြောရင် မင်းကို သတ်မယ်…” ယန်ကျန်းက အေးစက်စွာ ပြောသည်… “ရွှေမဟာလူဝံတွေက လူဝံမျိုးနွယ်တွေပဲ… ကျုပ်တို့ ဘိုးဘေးတွေက သားရဲကမ္ဘာက လာကြတာပဲ… ဧကရာဇ်ရီချင်က သူ့အင်ပါယာကို တည်ထောင်တုန်းက နှင်းလူဝံဧကရာဇ်က လူဝံတွေကို ဦးဆောင်ပြီး ဧကရာဇ်ရီချင်နောက်ကို လိုက်လာခဲ့ကြတယ်… နောက်ပိုင်း နှင်းလူဝံဧကရာဇ်က တစ်ခုခုကို ရိပ်မိလို့ထင်တယ်… ငယ်ရွယ်တဲ့ မျိုးဆက်တွေကို နေရာအနှံ့ ဖြန့်ကြက်ပြီး ထွက်သွာစေခဲ့တယ်… နောက်ပိုင်း တကယ်ပဲ ဧကရာဇ်ရီချင် တစ်ခုခု ဖြစ်ခဲ့တယ်… နှင်းလူဝံဧကရာဇ် ပျောက်ကွယ် သွားတယ်… လူဝံတွေရဲ့ စွမ်းအားအမြင့်ဆုံး အကြီးအကဲတွေ အကုန်လုံး မျိုးသုဉ်း သတ်ဖြတ်ခြင်း ခံရတယ်… နေရာအနှံ့ ဖြန့်ကြက်ရောက်နေတဲ့ ငယ်ရွယ်တဲ့ မျိုးဆက်တွေကပဲ အသက်ရှင် ကျန်ရစ်တော့တယ်…” ယန်ကျန်းက ပြောသည်။

ရီဖူရှင်း အနည်းငယ် တုန်လှုပ်သွားသည်။ တစ်ချိန်က နူးညံ့ သိမ်မွေ့သော ထိုနှင်းလူဝံကြီကို ပြန်တွေးမိလျှင် သူ့အား ကောင်းကင်ဘုံကိုးဆင့် တိုက်ကွက်အား လက်ဆင့်ကမ်းခဲ့သော လူဝံကြီးက နှင်းလူဝံဧကရာဇ် ဖြစ်နေမည်ဟု သူ မထင်ထားခဲ့။ စီနီယာ နှင်းလူဝံကြီးက ထို နတ်စစ်သူကြီးများနှင့် တိုက်ခိုက်ခဲ့သည့်တိုင် မားမားမတ်မတ် ရပ်ကာ တကယ့်ဘုရင်အလား ရှိနေသော ကြီးမားသော အရှိန်အဝါအား သူ ပြန်သတိရနေဆဲ။

***

Comment

Leave a Reply

Options

not work with dark mode
Reset