Switch Mode

အပိုင်း (၅၃၃)

လက်တစ်ကမ်းအလို

ကျန်ရှောင်မြို့  အပြင်ဘက်တွင် လုံးဝ တိတ်ဆိတ်နေသည်။ မြို့၏ ဂိတ်တံခါးထက်တွင် တင်ထားသော နန်ဟောင်၏ ဦးခေါင်းကို မြင်သည်တွင် ထိပ်သီး ပါရမီရှင်များပင်   ချောက်ချားရသည်။ သူတို့က ရီဖူရှင်း သေမည်ကို လာရောက် ကြည့်ရှုကြခြင်း ဖြစ်သည်။

သူတို့ကို စောင့်ဆိုင်း နေခဲ့သည်ကား ပြိုင်ဘက်ကင်း မိစ္ဆာသဏ္ဌာန်တစ်ခု ဖြစ်သည်။ ရီဖူရှင်း မသေခဲ့။ သေဆုံးသွားသူကား နန်ဟောင် ဖြစ်သည်။ မောက်မာ ဝင့်ထည်သော ပါရမီရှင်၊ ကျန်ရှောင်မြို့မှ မရေမတွက်နိုင်သော ပါရမီရှင်များ၏ ခေါင်းဆောင်ကား အမှန်ပင် သေဆုံး သွားခဲ့ရသည်။ ထိုအဖြစ်က သူတို့အား ကြီးစွာ ထိတ်လန့်စေသည်။

နန်ဟိုပင် ဤသို့ အဆုံးသတ်ကို မမျှော်လင့်ထားမိခဲ့။ အရှေ့မြေရိုင်း ဒေသမှလာသော ထိုလူငယ်လေးကား သူထင်သည်ထက် ထူးခြားဟန် ရနေသည်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…” သင်္ဘောပျံပေါ်မှ ပိုင်ရီက မယုံကြည်နိုင်စွာဖြင့် ရေရွတ်သည်။ ယခု ဖြစ်ပျက်ခဲ့သည်များက သူမ၏နားလည်မှုကို ကျော်လွန်သွားသည်။ သူမသာမဟုတ် ထိုနေရာမှ လူများအားလုံး ဆွံ့အနေကြသည်။ ထို့နောက်တွင် အဆိပ် မီးတောက်မြို့တွင် ရီဖူရှင်းနောက်ကို လိုက်ခဲ့ကြသော လူများအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ သူတို့၏ စိတ်ခံစားမှုများ အမြင့်ဆုံး ရောက်သွားကာ သူတို့၏သွေးများက ဆူပွက်ကြသည်။

ဤမတိုင်မီက အဆိပ်မီးတောက်မြို့သို့ နန်ဟောင်က လူများ စေလွှတ်ကာ ရီဖူရှင်း၏ နောက်လိုက်များကို သတ်ဖြတ်စေခဲ့သည်။ ထို့အတူ ရီဖူရှင်း၏ မိတ်ဆွေများကိုလည်း ဖမ်းဆီးကာ ရီဖူရှင်းကို အကျပ်ကိုင်သည်။ သို့သော် ထို့ကြောင့်ပင် နန်ဟောင်၏ဘဝက အဆုံးသတ်ခဲ့ရ၏။ နန်ဟောင် ကိုယ်တိုင်က ဤသို့ ရလဒ်ကို မျှော်လင့်ထားမည် မဟုတ်ပေ။

မူကျိချူနှင့် ကြယ်မင်းကျောင်းမှ တပည့်များမူကား ဆိုဖွယ်ရာ မရှိတော့။ မြို့ထဲတွင် ဖြစ်ခဲ့သည်များကို သူတို့က ခန့်မှန်း၍ မရတော့။ ကျန်ရှောင်မြို့ထဲတွင် နန်ဟောင် ရှိသည်။ ထို့အတူ ထောင်ပေါင်း များစွာသော နန်ဟောင်၏ နောက်လိုက်များလည်း ရှိသည်။ သူတို့က ဘယ်မှာလဲ။

ထိုအခိုက်တွင် အဆိပ်မီးတောက်မြို့မှ လူများက တစ်ယောက်ပြီး တစ်ယောက်က ရှေ့ကို တိုးသွားကြသည်။ သူတို့အားလုံးက မြို့ဂိတ်တံခါးကို ဂုဏ်ယူ ဝင့်ကြွားစွာ စောင့်ကြပ်ကြသည်။

ယခု ကျန်ရှောင်မြို့၏ ပိုင်ရှင်အသစ်က ရီဖူရှင်း ဖြစ်သွားရာ သူက နောက်ထပ် ဧရာမ ရှေးဟောင်း နယ်မြေကြီး တစ်ခုကို ဖွင့်လှစ်တော့မည်မှာ သေချာနေသည်။ သူတို့က ဤသို့သော အခွင့်အရေးကို မည်သို့ လက်လွှတ်ခံနိုင် မည်နည်း။ သူတို့က ထိပ်သီး ပါရမီရှင်များကို တားဆီးနိုင်စွမ်း မရှိသည့်တိုင် ဘယ်သူက မြို့ထဲကို အတင့်ရဲကာ ဝင်ရောက်မည်နည်း။

နန်ဟောင်၏ ခေါင်းပြတ်ကား မြို့ဂိတ်တံခါး အထက်တွင် ပူပူနွေးနွေး ရှိနေဆဲ ဖြစ်သည်။ သူတို့က မြို့ထဲကို ဝင်ရောက်သွားပါက ဒုတိယ နန်ဟောင် မဖြစ်ဟု ဘယ်သူမှ အာမမခံနိုင်။

ရီဝူချင်း၊ လို့လန်ရွှီနှင့် မူကျိချူတို့ တစ်အုပ်စုလုံးက မြို့ထဲကို မြန်ဆန်စွာ ဝင်ရောက် သွားကြသည်။ သူတို့က ဘာဖြစ်ခဲ့သည်ကို တွေ့မြင်လိုကြသည်။ ဤမတိုင်မီက သူတို့အား ရီဖူရှင်းက မြို့ထဲကို မဝင်ရောက်စေခဲ့ပေ။ သူတို့၏ တန်ခိုးအဆင့်ကနိမ့်ရာ ရီဖူရှင်းက ဝန်ထုပ်ဝန်ပိုး ဖြစ်မည်စိုး၍ ဖြစ်ကြောင်း နားလည်ကြသည်။

“ငါလည်း သွားကြည့်ဦးမယ်…” ကုယွန်ချီလည်း မြို့ထဲကို ဝင်သည်။ သူမက ယူချင်းကိုသာ မြင်ရာ ရီဖူရှင်း၏ အခြေအနေကို မသိရသေးပေ။ ထို့အပြင် သူမနှင့် ရီဖူရှင်းတို့၏ ဆက်ဆံရေးကြောင့် ယူချင်းက သူမကို သတ်မည် မဟုတ်ပေ။

မြို့ထဲတွင်ကား လူသေ အလောင်းများ ပုံနေသည်။ ချန်ရန်တို့အုပ်စုက လူသေ အလောင်းများကို မြှုပ်နှံရန် ပြင်ဆင်နေကြ၏။ ယခု ဖြစ်ပျက်ခဲ့သမျှကိုလည်း လျှို့ဝှက်ထားရမည်ကို နားလည်ကြသည်။

ရီဝူချင်းက ရှေ့ကို တိုးသွားကာ သူ၏ဓားကို ထုတ်လိုက်သည်။ ကြောက်မက်ဖွယ် ဓားချက်ကို မြေပြင်ကို အက်ကွဲကြောင်းကြီး ဖြစ်သွားစေ၏။ မူကျိချူကလည်း မြေဓာတ် စွမ်းအားကို သုံးကာ မြေပြင်အား အက်ကွဲကြောင်းများ ဖြစ်ပေါ်စေသည်။

“တော်ဝင်လမ်းက သုံးနှစ်တစ်ခါ ဖွင့်ပြီးတော့ မြေရိုင်းဒေသက ပါရမီရှင်တွေ အများစုက တော်ဝင်လမ်းကို လာကြတယ်… ဒါပေမဲ့ တော်ဝင်လမ်းရဲ့ သေဆုံးနှုန်းကလည်း အရမ်းမြင့်ပြီးတော့ လူတွေက ဘယ်လို သေသွားရတယ်… ဘယ်သူ သတ်တယ် ဆိုတာကို သိဖို့ မလွယ်ဘူး… ငါတို့ အခု မြှုပ်လိုက်တဲ့လူတွေက အဖော် မရှိလောက်ဘူး… ဒါပေမဲ့ သူတို့ကို မြှုပ်ပြီးနောက် တခြားလူတွေကို မြို့ထဲ အဝင်မခံတာ အကောင်းဆုံးပဲ…” မူကျိချူက အဝေးတစ်နေရာတွင် တင်ပျဉ်ခွေ ထိုင်နေသော ရီဖူရှင်းကို ပြောသည်။

ရီဖူရှင်းက ဘာမှ မပြော။ သို့သော် ချန်ရန်တို့ အုပ်စုကား အလွန်အမင်း စိတ်မသက်မသာ ခံစားနေရသည်။ မူကျိချူ ပြောလိုသည်ကို သူမတို့ သိသည်။ သူမတို့က ကျိုးရှင်းတောင်မှ လာသည်ကို ဘယ်သူမှ မသိပေ။ အကယ်၍ သူမတို့က တော်ဝင်လမ်းတွင် သေဆုံးခဲ့ပါက ဘယ်သူမှ သိမည် မဟုတ်ပေ။ သို့သော် နန်ဟောင်မူကား ကွဲပြား ခြားနားသည်။ နန်ဟောင်ကို သတ်သူက တော်ဝင်လမ်း အပြင်ဘက်ကို ရောက်သောအခါ နောက်ထပ် ပြဿနာများ ကြုံရမည်မှာ သေချာသလောက် ရှိနေသည်။

“တော်ဝင်လမ်းက တော်ဝင်ကျဲ နန်းတော်ရဲ့ စမ်းသပ်မှုပဲ… တော်ဝင်လမ်းကို ဝင်ကတည်းက သူတို့ရဲ့အသက်ကို အလောင်းအစား လုပ်ထားပြီးသားပဲ… ဒါပေမဲ့ နန်ဟောင် သေသွားတာက ငါတို့အတွက် ပြဿနာ နည်းနည်း ရှိလာနိုင်တယ်… သူ့မိသားစု အကြီးအကဲ တစ်ယောက်က တော်ဝင်ကျဲ နန်းတော်မှာ အကြီးအကဲ တစ်ယောက်ပဲ…” မူကျိချူက ပြောသည်။ နန်ဟောင်က မည်သို့ သေသွားသည်ကို သူမ မသိပေ။ သို့သော် ယူချင်း၏စကားက နန်ဟောင်ကို သတ်သူမှ ယူချင်း ဖြစ်သည်ကို ငြင်းမရနိုင်တော့။

သူမ၏ရှေ့မှ အခြေအနေကို ကြည့်ကာ အမှန်တရားက သည်မျှ ရိုးရှင်းသည် မဟုတ်ဟု မူကျိချူက ခံစားရသည်။ ရီဖူရှင်းကား တိုက်ပွဲကြီး တစ်ခုကို တိုက်ခိုက်ခဲ့သည့်အလား အလွန်အမင်း အားနည်းနေသည်။

“ကျွန်မတို့ကို နန်ဟောင်က အရင် သတ်ဖို့ ကြိုးစားခဲ့တာ… ပြီးတော့ တော်ဝင်ကျဲ နန်းတော်က တော်ဝင်လမ်းပဲ… အကြီးအကဲတွေတောင်မှ ဒီစည်းမျဉ်းတွေကို ချိုးဖောက်လို့ မရဘူး… ဟုတ်တယ်မလား…” လီချန်းရီက စိုးရိမ်စွာ မေးသည်။

“နန်ဟောင်က တကယ်ပဲ သေသင့်တယ်… ဒါပေမဲ့ လူတိုင်းက ကိုယ်ပိုင် အမြင်ဆိုတာ ရှိတယ်… တော်ဝင်ကျဲ နန်းတော်က အကြီးအကဲက နန်ဟောင်အပေါ်မှာ မျှော်လင့်ချက် ကြီးကြီးမားမား ထားတယ်… ဒါကြောင့် သူက နန်ဟောင်ကို ဘက်လိုက်မှာပဲ… အခု နန်ဟောင်က သေသွားပြီ…” မူကျိချူက ပြောသည်။ လီချန်းရီ၏မျက်နှာက စိုးရိမ် ထိတ်လန့်ဟန်များ အထင်းသား ပေါ်နေသည်။ မူကျိချူ ပြောသည်က မမှားပေ။

“ငါတို့က ကျန်ရှောင်မြို့က တခြားလူတွေကို ဘယ်လိုလုပ်ကြမလဲ…” ယိရှောင်ရှီက ရီဖူရှင်းကို မေးသည်။ တိုက်ပွဲတွင် များစွာသော တန်ခိုးရှင်များ ပါဝင် တိုက်ခိုက်ကြ သော်လည်း ကျန်ရှောင်မြို့ကား ကြီးမားလွန်းသည်။ တိုက်ပွဲတွင် မပါဝင်ခဲ့သော လူများလည်း ရှိကြပေသည်။

“ခုနက သိမ်းငှက်ကလေးကို သွားကြည့်ခိုင်းတယ်… ဒီလူတွေက နန်ဟောင်ကို မကူညီခဲ့ကြဘူး ဆိုတော့ သူတို့ကို ဒီအတိုင်း ထားလိုက်တော့… ဒီမတိုင်မီက ဒီလူတွေကို နန်ဟောင်ပိုင်တယ်… အခု သူတို့ကို ငါတို့ ပိုင်တယ်…” ရီဖူရှင်းက ပြောသည်။ သူက မြို့ဂိတ်တံခါးကို ပိတ်ထားပြီး ဖြစ်သည်။ ယခု ထိုလူများကို သူထိန်းချုပ်ရမည်။

“ကောင်းပြီ…” ယိရှောင်ရှီက ခေါင်းညိတ်ကာ ပြောသည်… “မင်းနဲ့ ယူချင်းတို့ အနားယူလိုက်… ငါတို့က ဒီကိစ္စကို ဖြေရှင်းလိုက်မယ်…”

“အင်း…” ရီဖူရှင်းကား အမှန် ပင်ပန်းနေပြီ။ သူက ယူချင်းကို ကြည့်သည်။ ယခု ယူချင်းက ကိုယ်ပိုင် နိုဘယ်အသိကို မွေးဖွားနိုင်ပြီး ဖြစ်ရာ မိစ္ဆာစိတ်အား ယခင်ကထက် ပိုမိုထိန်းချုပ်လာနိုင်ပြီး ကောင်းကင် တောင်တွင်ကဲ့သို့ အသိစိတ် လွတ်မသွားတော့ပေ။

မျက်လုံးကို မှိတ်ကာ ရီဖူရှင်းက စိတ်လျှော့လိုက်သည်။ သူက နောက်ဖြစ်လာမည့် အရာများကို မစဉ်းစားတော့။

***

ရက်များ ကြာမြင့်သွားသည့်တိုင် နန်ဟောင် သေသွားသည့် သတင်းက ထိတ်လန့် ချောက်ချားစရာ ကောင်းနေဆဲ ဖြစ်သည်။ ထို့အပြင် အာရုဏ်လမ်းတွင် နောက်ထပ် ထိပ်သီးပါရမီရှင် တစ်ယောက်လည်း သေဆုံးခဲ့သည်။ သူကား တူရန်ထျန်းတောင်မှ ကုဖေးရန်ဖြစ်သည်။ ရှောင်ကျွမ်ရီနှင့် တိုက်ပွဲတွင် ကုဖေးရန် ကျဆုံးခဲ့၏။ ထို့နောက် ရှောင်ကျွမ်ရီက ကုဖေးရန်၏မြို့မှ ဧရာမ ရှေးဟောင်း နယ်မြေကြီးကို ဖွင့်လှစ်ကာ လေ့ကျင့်နေသည်။

ရှောင်ကျွမ်ရီကား နတ်ဆိုး တစ်ပါးထက်ပင် ပိုမိုရက်စက် ကြမ်းကြုတ်သေးသည်။ ရီဖူရှင်းနှင့် ယူချင်းကား နန်ဟောင်၏ တွန်းအားပေးခြင်း ခံရခြင်းကြောင့် ဖြစ်သည်။ သို့သော်လည်း ရှောင်ကျွမ်ရီမူကား သူ၏မှော်နက်စစ်တပ် ကြီးထွားလာစေရန် လူများကို မရေမတွက်နိုင်အောင် သတ်ဖြတ်သည်။

ရှောင်ကျွမ်ရီနှင့် ယူချင်းတို့ကား အာရုဏ်လမ်းတွင် နတ်ဆိုးနှစ်ပါးအဖြစ် နာမည်ကြီးကာ မည်သူကမှ သူတို့အား ရန်မစလိုကြပေ။

တစ်နေ့ တိတ်ဆိတ် ငြိမ်သက်နေသော ကျန်ရှောင်မြို့မှ သတင်းတစ်ခု ပျံ့နှံ့လာသည်။ ရီဖူရှင်းက တော်ဝင် တံဆိပ်ပြားများကို စုဆောင်းနေသည်။ တော်ဝင် တံဆိပ်ပြားများကို ပေးအပ်သူများက ကျန်ရှောင်မြို့မှ ရှေးဟောင်း နယ်မြေမှာ ဝင်ရောက် လေ့ကျင့်ခွင့်ရမည်။ သို့သော်လည်း ဤတစ်ကြိမ်တွင်ကား တော်ဝင် တံဆိပ်ပြားက ပြန်ရမည် မဟုတ်ပေ။

ရီဖူရှင်းက နန်ဟောင်ကို သတ်ဖြတ်ပြီး နောက်ပိုင်း သူ၏ဂုဏ်သတင်းက ယခင်လို မဟုတ်တော့သည်ကို အားလုံးက နားလည်ကြသည်။ ယခု ရီဖူရှင်းက သူတို့ကို အခွင့်အရေး ပေးနေခြင်း ဖြစ်သည်။ အချိန်တိုအတွင်းတွင် လူအများအပြား ရောက်ရှိလာကြကာ သူတို့၏တော်ဝင် တံဆိပ်ပြားများကို ပေးအပ်ကြသည်။ မည်သို့ဆိုစေ သူတို့က ရီဖူရှင်းကို ယုံကြည်မှု ရှိကြပေသည်။

ယခု ရီဖူရှင်း၏ စွမ်းအားက အာရုဏ်လမ်းတွင် အားအကောင်းဆုံးဟု ပြော၍ ရသည်။ ရှောင်ကျွမ်ရီကလည်း အားကောင်းသော်လည်း မည်သူကမှ ရှောင်ကျွမ်ရီနှင့် မပူးပေါင်းရဲကြ။

မကြာမီ ရီဖူရှင်းက တော်ဝင် တံဆိပ်ပြား တစ်ထောင်ခန့်ကို ထပ်မံ၍ စုဆောင်း ရရှိသည်။ ဤတစ်ခေါက်ကား ပထမအကြိမ်ကထက် ပိုမိုလွယ်ကူသည်။

လက်ရှိတွင် ကျန်ရှောင်မြို့၌ အလွန် လင်းလက် တောက်ပသော အလင်းတန်းများ ကောင်းကင်၌ ဖြစ်ပေါ်လာသည်။ လေထဲတွင် ရွှေရောင် ပုံသဏ္ဌာန်တစ်ခု ပေါ်လာပြီး ပြိုင်ဘက်ကင်း နတ်ဘုရား တစ်ပါးအလား ထင်မှတ်ရသည်။ ထိုနတ်ဘုရား ပုံရိပ်၏အလယ်တွင် လူတစ်ယောက်က ရပ်နေသည်။ မဆုံးနိုင်သော စွမ်းအားများက ထိုလူငယ်၏ခန္ဓာကိုယ်ထဲကို စီးဝင်နေကြ၏။ သူကား ယူချင်းဖြစ်သည်။

ရီဖူရှင်းက သည်တစ်ခေါက် ရှေးဟောင်းနယ်မြေ၏ ဆက်ခံသူနေရာကို ယူချင်းအား ပေးအပ်ခဲ့သည်။ ယူချင်းက မိစ္ဆာစွမ်းအားကို လေ့ကျင့်သော်လည်း သူ တကယ်တမ်း အားပြုသည်က သတ္တုဓာတ်ဖြစ်သည်။ ထို့ကြောင့် ဤရှေးဟောင်း နယ်မြေက ယူချင်းနှင့် အမှန် လိုက်ဖက်သည်။

ထို့အတူ ယူချင်းက နန်ဟောင်ထံမှ ကောင်းကင် ပုဆိန်ရှည်နှင့် နတ်ဘုရား သတ်ဖြတ်ခြင်း ပုဆိန်ပညာကိုလည်း ရရှိခဲ့သေးသည်။ ယခု ယူချင်းက ရှေးဟောင်းနယ်မြေ တစ်ခုလုံးကို ဆက်ခံခဲ့ရာ သူ၏စွမ်းရည်က နောက်တစ်ဆင့် မြင့်တက်သွားမည်မှာ သေချာနေသည်။

ထိုအခိုက်တွင် ရီဖူရှင်းက ရှေ့ကို တက်သွားကာ ရှေးဟောင်း နယ်မြေထဲကို ဝင်လိုက်သည်။ ထို့နောက် လူအုပ်ကို ကြည့်ကာ ပြောသည်… “ခင်ဗျားတို့အားလုံး ရှေးဟောင်း နယ်မြေထဲကို ဝင်လေ့ကျင့်လို့ ရပြီ…”

“နားလည်ပါပြီ…” လူအုပ်က ခေါင်းညိတ်ကာ ရှေးဟောင်း နယ်မြေထဲကို ဝင်ရောက်ကြသည်။

ကျန်ရှောင်မြို့ အပြင်ဘက်တွင် လူတစ်ယောက်က အဝေးကို ကြည့်နေသည်။ အလွန်ဝေးကွာသော မြို့တစ်မြို့မှ အလင်းတန်းများ ထွက်ပေါ်နေသည်ကို မြင်လျှင် ထိုလူက ရေရွတ်သည်… “ရှေးဟောင်းနယ်မြေကို ဖွင့်လိုက်ပြီ…”

နန်ဟောင်တွင် မူလကတည်းက ထောင်ပေါင်းများစွာသော တော်ဝင်တံဆိပ်ပြား ရှိသည်။ နောက်ပိုင်း ရီဖူရှင်းက လိုအပ်သော အရေအတွက်ကို ထပ်မံစုဆောင်းကာ ကျန်ရှောင်မြို့ ရှေးဟောင်းနယ်မြေကို ဖွင့်လှစ်ခဲ့၏။ ထိုသတင်းကို ကြားသည်တွင် တော်ဝင်လမ်းမှ မရေမတွက်နိုင်သော လူများက အံ့အားသင့်ရသည်။

ရီဖူရှင်းက သူကိုယ်တိုင် ဧရာမရှေးဟောင်း နယ်မြေနှစ်ခုလုံးကို ဖွင့်လှစ်နိုင်ခဲ့သည်။

ထိုသတင်းကို ကြားပြီးနောက် တခြား အင်အားကြီး အဖွဲ့အစည်းများကလည်း အရှိန်အဟုန် ကောင်းစွာဖြင့် တော်ဝင် တံဆိပ်ပြားများကို စုဆောင်းကြသည်။ သူတို့ကလည်း ဧရာမရှေးဟောင်း နယ်မြေကို ဖွင့်လှစ်လိုကြသည်။

ဆယ်ရက်ခန့် ကြာသောအခါ ရီဖူရှင်းနှင့် ယူချင်းတို့ နှစ်ယောက်လုံး အကာနာအဆင့်ကိုးသို့ တက်ရောက် သွားကြသည်။ သူတို့က အဆိပ်မီးတော်မြို့တွင် တန်ခိုးအဆင့်တက်ရန် စီစဉ် ထားခဲ့ကြသော်လည်း နန်ဟောင်ကြောင့် မျှော်လင့်ထားသလို ဖြစ်မလာခဲ့။ ယခု သူတို့က ဒုတိယ ရှေးဟောင်းနယ်မြေကို ဖွင့်လှစ်ခဲ့ကြသည်။

သူတို့က နိုဘယ်အဆင့်ကို ရောက်ရန် လက်တစ်ကမ်းမျှသာ လိုတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset