လီစွမ်းက ရီဖူရှင်း၏ အမူအရာကို မြင်လျှင် မူလကထက်ပင် ဆုံးဖြတ်ချက် ခိုင်မာသွားသည်။ လီချန်းရီကိုသုံး၍ ရီဖူရှင်းကို ခြိမ်းခြောက်၍ ရနိုင်၏။ သူက ဤသို့မလုပ်ပါက ရီဖူရှင်းက သူ့ကို ချက်ချင်း သတ်မည်။
သူက လက်ကို အနည်းငယ် အားစိုက် လိုက်သည်တွင် လီချန်းရီ၏ မျက်နှာက နာကျင်မှုကြောင့် ရှုံ့မဲ့သွား၏။
လီစွမ်းက ရီဖူရှင်းကို စိုက်ကြည့်နေသည်။ ရီဖူရှင်းက လူကယ်ရန် ကျန်ရှောင်မြို့ကို ရောက်လာခြင်း ဖြစ်ရာ လီချန်းရီက ရီဖူရှင်းအတွက် အရေးပါရန်ကိုသာ သူက မျှော်လင့်နေသည်။ မဟုတ်လျှင် သူက လီချန်းရီအား သူနှင့်အတူ ငရဲပြည်ကို အပါ ခေါ်သွားမည်။
“ချန်းရီကို မင်းလွှတ်လိုက်… ငါ့လက်နက်ကို လွှင့်ပစ်ပေးမယ်…” ရီဖူရှင်းက အေးစက်စွာ ပြောသည်။
“အဲဒါကို အခုပစ်ပေးလိုက်…” လီစွမ်းက ပြန်ပြောသည်။
“ငါ့လက်နက်ကို မင်းဆီပေးလို့ ချန်းရီကို မလွှတ်ပေးရင် ဘယ်လိုလုပ်မလဲ…” ရီဖူရှင်းက အေးစက်စွာ ပြောသည်… “မင်းက ငါ့ဓားစာခံလုပ်… ပြီးရင် ငါ့နှင်တံကို ပစ်ပေးမယ်… ပြီးမှ မင်းနဲ့ ချန်းရီကို လဲလှယ်မယ်… မင်းသဘောမတူရင် အခုမင်းကို သတ်မယ်…” ထိုသို့ ပြောပြီးနောက် ရီဖူရှင်းက ရှေ့ကို တက်လာသည်။ လီစွမ်း၏အမူအရာက သုန်မှုန်နေ၏။ သူက ဓားစာခံ မလုပ်လိုပေ။ သို့သော် တခြား ရွေးချယ်စရာ မရှိဘဲ သူက စွန့်စား ရပေတော့မည်။
“ကောင်းပြီ…” လီစွမ်းက ခေါင်းညိတ်ကာ လီချန်းရီအား သူ့လူတစ်ယောက်ကို လက်လွှဲပေးသည်။ သူကိုယ်တိုင်က ရီဖူရှင်းထံသို့ အနည်းငယ် ထိတ်လန့်စွာဖြင့် လျှောက်လာသည်။ အတိတ်က ရီဖူရှင်းကား သူ့အတွက် အရေးမပါသော လူတစ်ယောက် ဖြစ်သော်လည်း ယခု ရီဖူရှင်းက ပြိုင်ဘက်ကင်း၏။
လီစွမ်းက ရီဖူရှင်းအနီးကို ချဉ်းကပ် လာသည်နှင့် ရီဖူရှင်းကလည်း လက်ကို ဆန့်တန်းကာ လီစွမ်းအား လည်ပင်းမှ ဆုပ်ကိုင်လျက် လေထဲ မတင်လိုက်သည်။
“ငါသေရင် အဲဒီကောင်မကို ချက်ချင်းသတ်…” လီစွမ်းက ကြောက်လန့်တကြား အော်ဟစ်သည်။
ရီဖူရှင်းက နှင်တံကို ရှေ့သို့ ပစ်ပေးလိုက်သည်တွင် လူတစ်ယောက်က လျှပ်တစ်ပြက် လာရောက် ဖမ်းယူသည်။ သို့သော် ထိုလူက နှင်တံကို ကိုင်မိသည်နှင့် နှင်တံ၏ အလေးချိန်ကို မခံနိုင်ဘဲ သူ၏ခန္ဓာကိုယ်က မြေပြင်ကို ပြင်းထန်စွာ ကျဆင်းသွားသည်။ ထိုလူက မြေပြင်ကို ရောက်ခါနီးမှ သူ၏ခန္ဓာမှ နိုဘယ်အရှိန်အဝါ ထွက်ပေါ်လာပြီး ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံကို ထိန်းရုံမျှ ထိန်းနိုင်သည်။
နှင်တံကား လေးလံလွန်း၏။ လူအများအပြားက ထူးဆန်း အံ့အားသင့်ရသည်။
“အဲဒါကို အဝေးသို့ ယူသွားလိုက်…” လီစွမ်းက ပြောသည်။ ရီဖူရှင်းတွင် ကောင်းကင် ပျက်သုဉ်းခြင်းနှင်တံ မရှိမှသာ သူ့တွင် အသက်ရှင်ရန် အခွင့်အလမ်း ရှိနေသည်။ ထိုလူက နှင်တံအား မနိုင့်တနိုင်ဆွဲကာ အဝေးကို လျှောက်လှမ်း သွားသော်လည်း နန်ဟောင်က သူ့ကို တားကာ ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံအား ဆုပ်ကိုင်လျက် နှင်တံ၏ စိတ်အသိကို ဆက်နွှယ်ရန် စတင် ကြိုးပမ်းသည်။
“အခု ဓားစာခံလဲမယ်…” လီစွမ်းက အော်သည်။ နန်ဟောင်က လီချန်းရီကို သတ်ရန် အမိန့်ပေးမည်ကို သူစိုးရိမ်၏။ နန်ဟောင်က သူ၏အသက်ကို ဂရုမစိုက်သည်ကို သိသည်။
ရီဖူရှင်းက တစ်ဖက်လူကို ကြည့်ကာ လီစွမ်းအား လွှတ်လိုက်သည်။ တစ်ဖက်လူကလည်း လီချန်းရီကို လက်လွှတ် လိုက်သည်တွင် ဓားစာခံ နှစ်ယောက်က တခြား တစ်ဖက်ကို စတင်၍ အသီးသီး လျှောက်လာ ကြသည်။ လီစွမ်းက အရဲကိုးကာ မလှုပ်ရှားရဲသေးပေ။ သူက အန္တရာယ် မကင်းသေးသည်ကို နားလည်၏။ ရီဖူရှင်းက နိုဘယ်အသိကို သုံးလျက် သူ့အား သတ်ရန် ကြိုးစားပါက သူသေဆုံးရမည်မှာ သေချာ၏။
ဟူး… လီစွမ်းက ရုတ်တရက် အမြန်နှုန်း မြှင့်လိုက်ကာ အဝေးကို ထွက်ပြေးသည်။ ရီဖူရှင်းကလည်း လျှပ်စီး အရိပ်ခြေလှမ်းကို သုံးကာ လီချန်းရီ၏ဘေးကို ချက်ချင်း ရောက်လာသည်။ လီချန်းရီက ရီဖူရှင်းကို တစ်ချက်ကြည့်ကာ ခေါင်းငုံ့သည်။ သူမ၏ မျက်လုံးများက မျက်ရည်များ စီးကျလာနေသည်။ ရီဖူရှင်းက သူမအတွက် ဤမျှလောက်အထိ လုပ်ပေးမည် မထင်ထားခဲ့။
“မင်းတို့ ဘာလုပ်နေကြတာလဲ… သူက မင်းတို့အားလုံးကို အသက်ရှင်ခွင့် ပေးမယ် ထင်နေလား…” လီစွမ်းက အော်ဟစ်သည်။ လူအုပ်ကြီးက ထိတ်လန့် သွားကြသည်။ သူတို့အားလုံးက ဤမတိုင်မီက ရီဖူရှင်းအား သတ်ရန် ကြိုးစားခဲ့ကြ သော်လည်း ရီဖူရှင်း၏ စွမ်းအားကြောင့် စိုးရွံ့နေခဲ့ကြသည်။
“သူက လျှို့ဝှက်ပညာကို သုံးပြီး စွမ်းအားကို မြှင့်ထားတာ… သူက ဒီစွမ်းအားကို တာရှည် ထိန်းထားနိုင်မှာ မဟုတ်ဘူး…” နန်ဟောင်က လူအုပ်ကို ကြည့်ကာ ပြောသည်။ သူက ဒဏ်ရာ ရထားသော်လည်း သူ၏စကားက ထိုလူများအပေါ် လွှမ်းမိုးနိုင်ဆဲ ဖြစ်သည်။
“သတ်…” လူအုပ်ကြီးထဲမှ တစ်ယောက်က အော်သည်။ ချက်ချင်းပင် မရေမတွက်နိုင်သော တန်ခိုးရှင်များက ရီဖူရှင်းထံကို မှော်စွမ်းအင်များ ထုတ်လွှတ် တိုက်ခိုက်ကြသည်။ အကယ်၍ ရီဖူရှင်းကသာ နန်ဟောင်ကို သတ်ဖြတ်ခဲ့ပါက သူတို့လည်း အသက်ရှင်နိုင်မည် မဟုတ်ပေ။ သို့တိုင်အောင် သူတို့က ရီဖူရှင်း၏ အနီးကို မကပ်ရဲဘဲ အဝေးမှသာ တိုက်ခိုက်ရဲကြသည်။
ရီဖူရှင်း၏ ပတ်ပတ်လည်၌ ကြယ်တာယာ အလင်းများက အရံအတားများ ဖြစ်ပေါ်လာကာ တိုက်ခိုက်မှုများ အားလုံးကို ကာကွယ်ပေးသည်။ သို့တိုင်အောင် မရေမတွက်နိုင်သော တိုက်ခိုက်မှုများ အောက်တွင် ရီဖူရှင်း၏ ကြယ်တာရာ အရံအတားများက အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။
အရံအတား အထဲတွင် ရီဖူရှင်းက မရေမတွက်နိုင်သော လူအုပ်ကြီးကို ကြည့်သည်။ သည်လူများက သူနှင့်ပတ်သက်၍ နကန်းတစ်လုံးမှ မသိသော်လည်း သူ့ကို သတ်လိုကြသည်။
“မင်း တွန့်ဆုတ်နေတုန်းလား…” ထိုအခိုက်တွင် အေးစက်ကာ တုံးတိတိ အသံတစ်သံကို ကြားလိုက် ကြရသည်။ လူအများအပြားက အသံလာရာကို ကြည့်သည်တွင် သန်မာ ထွားကျိုင်းသော လူငယ် တစ်ယောက်အား လေထဲတွင် ရပ်လျက်တွေ့ရသည်။ သူကား ယူချင်းဖြစ်၏။
ယူချင်းက လူအုပ်ကို မကြည့်ပေ။ သူက ရီဖူရှင်းကို ကြည့်လျက် ပြောသည်… “ငါတို့ ဒီကို မလာခင် ကတည်းက မင်းက ဒီလို အခြေအနေမျိုး ဖြစ်လာမယ် ဆိုတာ တွေးထားပြီးသားပဲ… သူတို့က နန်ဟောင်အတွက် အဆိပ် မီးတောက်မြို့က လူတွေကို သတ်ခဲ့တဲ့အချိန်က သူတို့ဆီမှာ သနားညှာတာမှုကို မင်းတွေ့ရလို့လား… မင်းကို သတ်ဖို့ အတွက်လည်း သူတို့က ဘယ်တုန်းကမှ မတွန့်ဆုတ်ခဲ့ကြဘူး…”
ယူချင်း တစ်ယောက်သာ ရီဖူရှင်းကို နားလည်သည်။ မြို့ထဲကို ဝင်မလာမီက ရီဖူရှင်းကား ဒေါသပေါက်ကွဲ နေခဲ့ကာ မြို့ဂိတ်တံခါးကို စောင့်ကြပ်စေလျက် ထွက်ပြေးသူများကို သတ်ရန် ပြောခဲ့သည်။ သို့သော်လည်း ရီဖူရှင်းက သူ့ကို သတ်ရန် ကြိုးစားနေကြသော လူအရေအတွက်ကို မြင်သောအခါ တွန့်ဆုတ်နေခဲ့၏။ မရေမတွက်နိုင်သော လူများက သူ့ကို သတ်ရန် ကြိုးစားနေသည့်တိုင် သူပြန်သတ်ဖြတ်ရန် တွန့်ဆုတ်နေဆဲ…။
ယူချင်းက ထိုသို့ ပြောနေရင်းမှပင် သူ၏ခန္ဓာကိုယ်မှ မိစ္ဆာ အငွေ့အသက်များ ပြင်းထန်စွာ ထွက်ပေါ်လာကာ သူ၏မျက်လုံးများက သွေးနီရောင် လွှမ်းသွား၏။
ဝုန်း…
သူ၏မိစ္ဆာ အတောင်ပံများ ဖြန့်ကြက်လာကာ မိစ္ဆာ အငွေ့အသက်များ ကလည်း သူ၏တစ်ကိုယ်လုံးကို လုံးဝ ဖုံးလွှမ်းသွားပြီး ဖြစ်သည်။ ယူချင်း၏ နောက်တွင် ဧရာမ နတ်ဆိုးပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။
“ယူချင်း…” ရီဖူရှင်းက ရေရွတ်သည်။ ကောင်းကင်တောင်တွင် ယူချင်းကား မိစ္ဆာဝင်ပူးကာ သူ့ကို ကယ်ဆယ်ခဲ့သည်။ ယခု သူက ထိုသို့ ထပ်လုပ်တော့မည်လော။
သူ၏ဧကရာဇ် အသိက အချိန်များစွာ မကျန်တော့ကြောင်း ယူချင်း သိဟန်ရသည်။
“ငါ့လက်မှာ မရေမတွက်နိုင်တဲ့ သွေးတွေ စွန်းလိမ့်မယ်လို့ အဟံက ပြောခဲ့တာ မှန်ရင်လည်း မှန်လိမ့်မယ်… မင်းကို သတ်ဖို့ ကြိုးစားတဲ့လူတွေက လူသန်းပေါင်းများစွာ ရှိရင် အဲဒီလူ သန်းပေါင်းများစွာကို ငါသတ်မယ်…” ယူချင်း၏အသံကား နတ်ဆိုး ဧကရာဇ် တစ်ပါးလို ရေခဲတမျှ အေးစက်နေသည်။
လူအများအပြား၏ စိတ်နှလုံးများက တုန်ခါသွားကြသည်။ လူသန်းပေါင်းများစွာ ရှိလျှင်ပင် ထိုလူသန်းပေါင်း များစွာကို သူကို သတ်မည်။ ထို့နောက် ယူချင်း၏ ခန္ဓာကိုယ်တွင် နက်ရွှေရောင် စစ်ချပ်ဝတ်တန်ဆာ တစ်ခု ဖြစ်ပေါ်လာကာ အတောင်ပံများကို တဖျပ်ဖျပ်ခတ်လျက် လူအုပ်ထဲ ထိုးဆင်းလာသည်ကို မြင်ရသည်။ တစ်ချိန်တည်းမှာပင် သူ၏လက်မောင်းများမှ လှံတံများလို ထက်ရှသော အချွန်အတက်များ ဖြစ်ပေါ်လာသည်။ သူက ဆင်းလာရာ ရှေ့တည့်တည့်မှ လူနှစ်ယောက်ကား မိစ္ဆာတစ်ကောင်က သူတို့၏ခေါင်းထဲကို ဝင်ရောက် စိုးမိုးရန် ကြိုးစား လာသကဲ့သို့ ခံစားရကာ လှုပ်ရှားနိုင်စွမ်း ကင်းမဲ့သွားသည်။ ထိုအချိန်မှာပင် သူတို့၏ခန္ဓာကိုယ်က လှံသွားလို အချွန်အတက် အောက်တွင် အသက်မဲ့သွားပြီး မြေပြင်ပေါ်ကို ပြိုလဲကျသည်။ ယူချင်းက သူတို့ကို ဖြတ်ကျော်သွားပြီး ဖြစ်သည်။
စွတ်… စွတ်…
အနက်ရောင် သဏ္ဌာန် တစ်ခုက လူအုပ်ထဲကို ဝင်ရောက် သွားသည်ကိုသာ လူအများက မြင်ကြရပြီး ထိုသဏ္ဌာန် ဖြတ်သန်းသွားရာ နေရာတိုင်းမှ လူများက မြေပြင်ပေါ်ကို အပိုင်းအပိုင်း ပြတ်တောက်လျက် ပြိုလဲကြရသည်။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…။ အသက်ဘေးမှ လွတ်မြောက် လာပြီဟု တွေးထင် ထားခဲ့သော လီစွမ်းက ထိုမြင်ကွင်းကို ကြည့်ကာ အလွန်အမင်း ထိတ်လန့် သွားသည်။ အကာနာအဆင့် တစ်ယောက်က ထိပ်သီးပါရမီရှင်များကို ယှဉ်ပြိုင် အနိုင်ယူနိုင်ခြင်းက မယုံကြည်နိုင်စရာ ကောင်းလွန်းနေပြီ ဖြစ်သည်။ ယခု တစ်ယောက်တည်း မဟုတ်ဘဲ နှစ်ယောက် ဖြစ်နေသည်။
“သူ့ကို ဝိုင်းပြီး သတ်ကြ…” တစ်ယောက်က ဒေါသတကြီး အော်သည်။ လူအများအပြားကလည်း ချက်ချင်းပင် ယူချင်းကို ဝိုင်းဝန်းကာ တိုက်ခိုက်ကြသည်။ သို့သော်လည်း ယူချင်းက ပိုမို မြန်ဆန်လာသည်။ နတ်ဆိုး ဝင်ပူးနေသည်တွင် တိုက်ခိုက်သမျှ အားလုံးကို နာကျင်သည့် ခံစားရဟန် မရှိဘဲ သူ၏ခန္ဓာကိုယ်ကို ထိုစွမ်းအားများအား သည်အတိုင်း ကျဆင်းစေသည်။ သူက တန်ခိုးရှင် တစ်ယောက်ရှေ့ကို ရောက်လာကာ သူ၏လက်၌ ယူချင်း၏တိုက်ပွဲပုဆိန် ပေါ်လာသည်။ သူက လူတစ်ယောက်အား သစ်တုံးတစ်တုံးလိုပင် နှစ်ခြမ်းခွဲပစ်ကာ ရှေ့ကို ဆက်သွားသည်။
ဘုန်း… ဘုန်း… ဘန်း…
လေထဲမှ တစ်ယောက်ပြီး တစ်ယောက် မြန်ဆန်စွာ ကျဆင်းနေသည်။ မြေပြင်တွင်လည်း လူသေအလောင်းများ တဖြည်းဖြည်း ပုံလာနေသည်။
မရေမတွက်နိုင်သော တန်ခိုးအစွမ်းများ ယူချင်းကို ထိနေသည်ကို မြင်လျှင် ရီဖူရှင်းက ရင်နာရသည်။ ယူချင်း၏ ခံနိုင်ရည်အားက အလွန်အမင်း အားကောင်းသည့်တိုင် သူက နာကျင်မှုကို ခံစားရမည်မှာ သေချာသည်။ မည်သို့ဆိုစေ သူကား ယူချင်းဖြစ်သည်။ ယူချင်းတွင် ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံလို စွမ်းအားမြင့် လက်နက် မရှိသည်ကို သူသိသည်။ သူက လူအများအပြားကို သတ်နိုင်သည် ဆိုဦးတော့ သူ့စွမ်းအားများ ကလည်း အကန့်အသတ် ရှိသည်။ ယူချင်းက သူဝင်ပါရန် တမင် နှိုးဆွနေခြင်းသာ…။
ယူချင်းက တုံးအသူ မဟုတ်သည်ကိုလည်း ရီဖူရှင်းက သိသည်။ တစ်ခါတစ်ရံ တခြားလူများထက်ပင် အခြေအနေကို ရှင်းလင်းစွာ သိနားလည်သည်။ ရုတ်တရက် ရီဖူရှင်းက ပြုံးလိုက်သည်။ သူ၏အပြုံးတွင် ဆုံးဖြတ်ချက် ပြတ်သားမှုတစ်ခု ပါဝင်သည်။ သူ၏အတွေးထဲကို အရှင်ဒွန်ဟောင်နှင့် ဧကရာဇ်ရီချင်တို့ အကြောင်း ရောက်လာ၏။
ထိုစဉ်က သွေးသောက် ညီအစ်ကို နှစ်ယောက်က လောကတစ်ခွင် ခြေဆန့်ခဲ့ကြကာ အတွေ့အကြုံများကို အခြေခံ၍ အူကီယိုကဲ့သို့သော သံစဉ်ကို ဖန်တီးခဲ့ကြသည်။ ထိုသံစဉ်က ကောင်းကင်ဘုံကို ဆန့်ကျင်ကာ လောက၏ အထိန်းအချုပ် ဖြစ်လာ၏။
ရီဖူရှင်းက တင်ပျဉ်ခွေ ထိုင်သည်တွင် သူ၏ ကု့ချင်းဝိညာဉ် ပေါ်လာသည်။ လူအုပ်က သူ့အား အံ့အားသင့်စွာ ကြည့်ကြသည်။ ရီဖူရှင်းတွင် နောက်ထပ် သက်စောင့်ဝိညာဉ် တစ်ခု ရှိသေးသည်။
ရီဖူရှင်း၏ လက်လှုပ်ရှားမှု အောက်တွင် သာယာနာပျော်ဖွယ် သံစဉ်က စတင်၍ လေထုထဲကို ပျံ့နှံ့လာသည်။ ရီဖူရှင်း၏ ကိုယ်ရောင်ကိုယ်ဝါက ပြောင်းလဲ သွားပြန်သည်။ ဧကရာဇ်အသိက သူ၏ခန္ဓာကိုယ်တွင် လှည့်ပတ်နေဆဲ ဖြစ်သော်လည်း ထိုအခိုက်တွင် သူက လူသားတို့နှင့် သက်ဆိုင်ခြင်း မရှိတော့သော လောက၏ အကြီးအမှူး တစ်ယောက် ဖြစ်သွားသည်ဟု ထင်မှတ်ရသည်။ ကောင်းကင်ဘုံကို ထွင်းဖောက်၍ လောက၏အမြင့်ဆုံးကို ရောက်ရှိနေသည့် လူတစ်ယောက်အား သူတို့အားလုံး၏ စိတ်အာရုံထဲတွင် မြင်ကြရသည်။
ကု့ချင်း၏သံစဉ်နှင့်အတူ ရွှေရောင် အလင်းတန်းများက ပတ်ဝန်းကျင် တစ်ခုလုံးကို စတင် ပျံ့နှံ့လာသည်။ ချက်ချင်းပင် ပတ်ဝန်းကျင် တစ်ခုလုံးက ပြောင်းလဲ လာနေသည်ဟု အားလုံးက ခံစားကြရသည်။ သဘာဝ စွမ်းအင်များက ပိုမိုထင်သာမြင်သာ ရှိလာကာ ကု့ချင်းပေါ်ကို ကျဆင်း လာနေကြသည်။
နန်ဟောင်၏ အမူအရာက အေးခဲသွားသည်။ သူက မထင်မှတ်သော မြင်ကွင်းကို မြင်နေရသည်။ ကု့ချင်းသံစဉ်က ပတ်ဝန်းကျင်မှ သဘာဝ စွမ်းအင်များ အားလုံးကို လွှမ်းမိုး ချုပ်ကိုင်သည်။
ထိုအခိုက်တွင် ယူချင်း၏အနီးမှ လူအုပ်စုကြီး တစ်ခုလုံး မရေမတွက်နိုင်သော မှော်တိုက်ကွက်များ ထုတ်ကာ ယူချင်းကို တိုက်ခိုက် နေကြသည်။ သို့သော် ရုတ်တရက် သူတို့ မှော်စွမ်းအင်များက တိုက်ကွက်များ အဖြစ် ဖော်ဆောင်၍မရ ဖြစ်သွားသည်။ သူတို့က လေထဲမှ သဘောဝ စွမ်းအင်များကို ထိန်းချုပ်၍ မရတော့ဘဲ ဖြစ်သွားသည်။
သူတို့အားလုံးက နားမလည်စွာဖြင့် ရီဖူရှင်းကို လှမ်းကြည့်ကြသည်။ ဧကရာဇ် အလင်းများက လေထုထဲတွင် ပျံ့နှံ့နေကာ နွယ်ပင်များက နေရာတိုင်းတွင် ရောက်နေပြီး ဖြစ်သည်။ ထိုခဏတွင်ပင် မရေမတွက်နိုင်သော လူများ၏ ခန္ဓာကိုယ်များသို့ နွယ်ပင်များက ဖောက်ဝင်လာကာ ကလီစာများကို ကြေပျက်စေလျက် ထိုလူများကို ဇီဝိန်ကို ခြွေသွားသည်။
“မဟုတ်ဘူး…” လူအများအပြား ကြောက်ရွံ့ ထိတ်လန့်စွာဖြင့် အော်ဟစ် ရုန်းကန်ကြသည်။ ဒါက မည်သို့သော ကု့ချင်း သံစဉ်နည်း။
“အူကီယိုသံစဉ် အောက်မှာ ဘယ်မှော်စွမ်းအင်မှ မတည်ရှိနိုင်ဘူး…” နန်ဟောင်က ထိုမြင်ကွင်းကို ကြည့်ကာ အရူးတစ်ယောက်လို ငေးမော ကြည့်နေသည်။ ကောင်းကင် တစ်ခွင်တွင် မည်သည့် မှော်စွမ်းအားမှ မရှိ။ မှော်စွမ်းအင်ကို ထုတ်လွှတ်နိုင်သော တစ်ဦးတည်းသော လူက ရီဖူရှင်းဖြစ်သည်။ သည်နေရာ တစ်ခုလုံးတွင် သက်ရှိများ အားလုံးက ရီဖူရှင်း၏ ထိန်းချုပ်မှု အောက်တွင် ရှိသည်။
အဝေးမှ ချန်ရန်တို့ အုပ်စုပင်လျှင် ထိတ်လန့်ခြင်းကြီးစွာ ဖြစ်ရသည်။ ကု့ချင်း တီးခတ်နေသည့် ရီဖူရှင်းအား ကြည့်ကာ သူတို့အားလုံးက အိပ်မက် မက်နေသည့်အလား ထင်မှတ်နေကြသည်။ အရာအားလုံးက လက်တွေ့နှင့် ကင်းကွာလွန်း လှသည်။
ကောင်းကင်တွင် တန်ခိုးရှင်များကား တစ်ယောက်ပြီး တစ်ယောက် မြေပြင်ကို ကျနေသည်။ သို့သော် ရီဖူရှင်းကား ထိုအရာများကို ဘာမှ မသိသလို ကု့ချင်းကို တီးခတ်နေသည်။ သူ၏ကိုယ်ရောင် ကိုယ်ဝါက ထူးခြားနေကာ သူ၏သံစဉ်က လောကတွင် မရှိသင့်သော နတ်ဘုရားသံစဉ် တစ်ပုဒ်ဟု ပြော၍ရသည်။ ထိုသို့သော ခံစားချက်ကား စကားအားဖြင့် ပြောပြရန် မဖြစ်နိုင်။
“မဟုတ်ဘူး…” လေထဲတွင် လီစွမ်း၏ ခန္ဓာကိုယ်က နွယ်ပင်များ၏ ဖောက်ထွင်း တိုးဝင်လာမှု အောက်တွင် ပါးစပ်မှ သွေးများ ပွက်ပွက်အန်လျက် မြေပြင်ပေါ်ကို ကျသည်။ မခံမရပ်နိုင်အောင် နာကျင်နေရင်းကပင် သူ၏မျက်လုံးများက မုန်းတီးခြင်း နောင်တရခြင်းများဖြင့် ရီဖူရှင်းကို ကြည့်သည်။ ထို့နောက်တွင် သူလည်း မလှုပ်မယှက် ငြိမ်သက် သွားတော့သည်။
နန်ဟောင်ကား ခုခံနေဆဲဖြစ်သည်။ သို့သော် မိစ္ဆာတစ်ကောင်က ကောင်းကင်မှ ဆင်းသက်လာသည့် အခိုက်တွင် ပုဆိန်ခုတ်ချက် တစ်ချက် ဝင်းလက်သွားပြီး နန်ဟောင်၏ မျက်လုံးက ပြူးကျယ် သွားသည်။ သူ၏လည်ပင်းမှ သွေးများ ပန်းထွက်လာကာ သူက လည်ပင်းကို ဆုပ်ကိုင်သည်။ သူက အဝေးမှ ကု့ချင်း တီးခတ်နေသော လူငယ်ကို ကြည့်ကာ ရေရွတ်သည်… “ငါ တကယ်ပဲ ထိုက်ထိုက်တန်တန် သေခဲ့ရတာပဲ…” သူက မည်သို့သော လူကို သတ်ရန် ကြိုးစားခဲ့သည်ကို နောက်ဆုံးတွင် နန်ဟောင်က နားလည် လိုက်သည်။
ယူချင်းက လက်က သူ၏ခေါင်းကို လာရောက် ဆုပ်ကိုင်ကာ လည်ပင်းမှ ဖြတ်တောက် လိုက်သည်။ ထို့နောက် သူက လေထဲကို ခုန်တက်သွားကာ အေးစက်သော လေသံဖြင့် ပြောသည်… “ဒီနေ့ ဖြစ်ခဲ့တာတွေ အပြင်ကို ပေါက်ကြားသွားရင် မင်းတို့ အားလုံးကို ငါသတ်မယ်…”
ချန်ရန်တို့ အုပ်စုက ယူချင်း၏ စကားကို ကြားကာ ထိတ်လန့် သွားကြသည်။ ထိုစကားက သူတို့အတွက် ဖြစ်သည်ကို ချန်ရန်တို့က နားလည်သည်။ သူတို့က တိတ်ဆိတ်နေသည်။ ထိုသန်မာ ထွားကျိုင်းသော လူငယ်လေးကား ယခု နတ်ဆိုးတစ်ပါး ဖြစ်နေသည်။
ယူချင်းက မြို့ဂိတ်တံခါးဘက်ကို ပျံသန်းသွားကာ လမ်း၌ ယိရှောင်ရှီက မိုကျွမ်နှင့် တိုက်ခိုက်နေဆဲ ဖြစ်သည်ကို မြင်သည်။ ယူချင်းက မိုကျွမ်ကို ပုဆိန်တစ်ချက်ဖြင့်ပင် နှစ်ပိုင်း ဖြတ်တောက် ပစ်ခဲ့သည်။
ကျန်ရှောင်မြို့ အပြင်ဘက်တွင် မရေမတွက်နိုင်သော လူများ စောင့်ဆိုင်း နေကြသည်။ ထိုအခိုက်တွင် အဝေးမှ မိစ္ဆာ အရှိန်အဝါ တစ်ခု ပျံသန်း လာနေသည်။ အားလုံးက လှမ်းကြည့်သည်တွင် သူတို့ တစ်သက်တာ မေ့ပျောက် မရနိုင်တော့မည့် မြင်ကွင်း တစ်ခုကို မြင်ကြရသည်။
ယူချင်း၏ ခန္ဓာကိုယ်က မြို့ဂိတ်တံခါး အပေါ်ကို ဆင်းသက်လာကာ နန်ဟောင်၏ ဦးခေါင်းပြတ်ကို ထိုနေရာတွင် တင်လိုက်သည်။ နတ်ဆိုးတစ်ပါးလို သူက လူအုပ်အား ရက်စက် ကြမ်းကြုတ်စွာ ကြည့်လျက် ပြောသည်… “ဒီမတိုင်မီက ရီဖူရှင်းနောက်ကို လိုက်ခဲ့တဲ့လူတွေ မြို့ထဲကို ဝင်ပြီး ဒီနေရာကို စောင့်ကြပ်ထားကြ… ဘယ်သူ့ကိုမှ ကျန်ရှောင်မြို့ထဲ ပေးမဝင်စေနဲ့ … အခုကစပြီး ကျန်ရှောင်မြို့က ပိုင်ရှင်အသစ် ဖြစ်သွားပြီ… ဒါကို မလိုက်နာတဲ့လူ အကုန်သတ်…” ထိုသို့ ပြောပြီးသည်နှင့် ယူချင်းက ကျန်ရှောင်မြို့ထဲကို ပြန်လည် ဝင်ရောက် သွားတော့သည်။
တစ်ချိန်တည်းမှာပင် အဝေးမှ ဓားသွားတမျှ ထွက်ရှသော အသံတစ်သံကို ကြားကြရသည်… “သတ်တဲ့လူ… ယူချင်း…”
***