အပိုင်း (၅၃၁)

နန်ဟောင်၏အရှုံး

ကျန်ရှောင်မြို့ အပြင်ဘက်တွင် အာရုဏ်လမ်းမှ တန်ခိုးရှင်များ အားလုံးက မြို့တံခါးဂိတ် အပြင်ဘက်တွင် စုစည်းကာ မြို့အတွင်းကို မျှော်ကြည့် နေကြသည်။ ထိပ်သီး အဖွဲ့အများစုလည်း ရောက်ရှိနေကြသည်။ လူသားကမ္ဘာမှ ပိုင်ရီနှင့် ချူရှမ်းတို့က လေထဲတွင် ကောင်းကင်ထဲမှ သင်္ဘောပျံထက်တွင် ဖြစ်ကာ ဓားကျေးရွာမှ ယန်ချူ၊ ရှာကလန်မှ ရှာဟို၊ နန်ထျန်းအိမ်တော်မှ နန်ဟို၊ ထိုက်ချွန်တောင်မှ ယန်ကျန်းတို့ အားလုံးက မြေပြင်တွင် ဖြစ်သည်။ သူတို့အားလုံးက မြို့ထဲတွင် ဘာဖြစ်နေသည်ကို မသိကြပေ။

ရီဖူရှင်းက လူနှစ်ယောက်မျှသာ ခေါ်ကာ မြို့ထဲကို ဝင်ရောက် သွားသည်ဟုသာ ကြားကြသည်။ ယခု ကျန်ရှောင်မြို့ကို စောင့်ကြပ်သူများ ရောက်မလာသေးရာ တိုက်ပွဲက ပြီးသေးပုံမရပေ။

နန်ထျန်းအိမ်တော်မှ နန်ဟိုက စိတ်ဝင်စားသော အမူအရာများကို မြင်ရသည်။ နန်ဟောင်ကား နန်ကလန်မှ ဖြစ်သည်။ နန်ကလန်က ဆုတ်ယုတ်သွားပြီ ဖြစ်သော်လည်း လက်ရှိနန်ကလန်မှ အကြီးအကဲ တစ်ယောက်က အလွန်အမင်း ထွန်းတောက်ကာ တော်ဝင်ကျဲ နန်းတော်၏ အကြီးအကဲ တစ်ယောက် ဖြစ်နေသည်။ တခြား သာမန်လူများ ထိုကိစ္စကို မသိကြသော်လည်း နန်ထျန်းအိမ်တော်မှ လူဖြစ်သည့် နန်ဟိုက သိပေသည်။

တော်ဝင်ကျဲ နန်းတော်မှ ထိုအကြီးအကဲက နန်ဟောင် အပေါ်တွင် လွန်စွာ မျှော်လင့်ချက် ကြီးမားကာ နန်ဟောင်အတွက် တော်ဝင်လမ်းကို လာရောက်ခြင်း ကလည်း သာမန်အဖြစ် သဘောမျှသာ ဖြစ်သည်။ အမှန်တကယ်အားဖြင့် နန်ဟောင်ကား တော်ဝင်ကျဲ နန်းတော်ကို ဝင်ရောက်ရန် ယခင်ကတည်းက လျှာထားခြင်းခံရသူဖြစ်ပြီး ထိုအကြီးအကဲကလည်း နန်ဟောင်ကို များစွာ သင်ကြားပေးပြီး ဖြစ်သည်။ နန်ဟောင်က တော်ဝင်လမ်းတွင် အလွန် ကောင်းမွန်စွာ စွမ်းဆောင်ခြင်းဖြင့် တော်ဝင်ကျဲ နန်းတော်ကို ဝင်ရောက်ရန် ထိုအကြီးအကဲက မျှော်လင့်နေသည်။

နန်ဟောင်၏လက်ရှိ စိတ်သဘောထားဖြင့် သူက ရီဖူရှင်း၏ နောက်ကြောင်းကို သိမည် မဟုတ်ပေ။ အကယ်၍ သူက ရီဖူရှင်းကို သတ်ခဲ့မည်ဆိုပါက အလွန် စိတ်ဝင်စားဖွယ် ကောင်းလာ ပေလိမ့်မည်။ သူတို့က နန်ဟောင်၏မြို့ကို ဝင်ရောက်မည် မဟုတ်ပေ။ သည်အကောင်ကား အလွန် မာနကြီးသည်။ သူတို့က အကြောင်းအရာ တစ်ခုခု မရှိဘဲ သူ့အား ရန်မစလိုကြပေ။ ထို့ကြောင့် အပြင်မှသာ ရလဒ်ကို စောင့်ကြည့် နေကြသည်။

“ကုဖေးရန်ရဲ့ အခြေအနေ ဘယ်လိုရှိလဲ…” ထိုအခိုက်တွင် နန်ဟိုက တခြားလူများကို ကြည့်ကာ မေးသည်။

“သိပ်အခြေအနေ မကောင်းဘူး…” ရှာဟိုက တည်ငြိမ်စွာ ကြည့်ကာ မေးသည်… “သမီးတော်ပိုင်ရီက ကုဖေးရန်နဲ့ ရင်းနှီးတယ် ကြားတယ်… မိန်းကလေးက သူ့ကို မကူညီတော့ဘူးလား…”

“တော်ဝင်လမ်းမှာ လူတွေက ကိုယ့်ဘာသာကိုယ်ပဲ အားကိုးသင့်တယ်… ကုဖေးရန်က အနိုင်ရလိမ့်မယ်လို့ ကျွန်မ ယုံကြည်တယ်…” ပိုင်ရီက ခံစားချက် ကင်းမဲ့စွာ ပြောသည်။ ရှာဟိုက ပြုံးလိုက်သည်။ ပိုင်ရီ၏ စိတ်ထဲတွင် အမှန်က ထိုသို့မဟုတ်ကြောင်း သူသိသည်။

သည်တစ်ခေါက် တိုက်ပွဲတွင် ကုဖေးရန်က တော်ဝင်လမ်းမှ အသက်ရှင်ရက် ထွက်သွားနိုင်တော့မည် မဟုတ်သည်မှာ သေချာသလောက် ရှိနေသည်။ ရှောင်ကျွမ်ရီကား အလွန်အမင်း အန္တရာယ်များလွန်း လှသည်။ လူသားကမ္ဘာမှ ပိုင်ရီပင် မှော်နက်သခင်၏ ဆက်ခံသူကို ရန်မစရဲ။ နှစ်ပေါင်း မရေမတွက်နိုင်အောင် မှော်နက်သခင်ကား မြေရိုင်းဒေသမှ ထိပ်ပိုင်း တန်ခိုးရှင်များအတွက် အိပ်မက်ဆိုးပမာ ဖြစ်နေခဲ့သည်။ သူ၏ ဆက်ခံသူကလည်း မှော်နက်သခင်နှင့် သိပ်ထူးခြားသည် မဟုတ်ပေ။

***

လက်ရှိတွင် ကျန်ရှောင်မြို့၌ နန်ဟောင်က တစ်ချက် အရိုက်ခံရပြန်သည်။ မရေမတွက်နိုင်သော လူများက ထိုမြင်ကွင်းကို ကြည့်ကာ အံ့အားသင့် နေကြသည်။ ရီဖူရှင်း၏ နှင်တံစွမ်းရည်က အားကောင်းလွန်းသည်။

လူအုပ်ကြီးတွင် ထူးဆန်းသော ခံစားချက်များ ဖြစ်နေသည်။ နန်ဟောင်က သူ၏အဆုံးသတ်ကို ဤနေရာတွင် ဆုံတွေ့တော့မည်လား။

နန်ဟောင်၏ အမူအရာက အလွန်အမင်း အေးစက်သွားသည်။ နှစ်ကြိမ်မျှ ထိတွေ့ပြီးနောက် ရီဖူရှင်း မည်မျှ အားကောင်းသည်ကို သူခံစား၍ ရသည်။ သူက မားမတ်စွာ ရပ်လိုက်ပြီးနောက် ချွီလင်ဝိညာဉ်အား သူ၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်လိုက်သည်။

သူဝတ်ဆင်ထားသော ချပ်ဝတ်အင်္ကျီက အလင်းတန်းများ တောက်လောင် လာသည်။ ထိုအခိုက်တွင် ကြီးစွာသော အားအင်က သူ၏လက်တွင် ကိုင်ဆောင်ထားသော ကောင်းကင် ပုဆိန်ရှည်ထံသို့ စီးဝင်လာသည်။ မီးလျှံများနှင့် သတ္တုဓာတ် စွမ်းအင်များက ကောင်းကင် ပုဆိန်ရှည်ထံတွင် လာရောက် စုစည်းကြရာ ပုဆိန်၏ပုံရိပ်က ပိုမိုကြောက်မက်ဖွယ် အားကောင်း လာနေသည်။

“နန်ဟောင်က သူ့ရဲ့လျှို့ဝှက် နည်းစနစ်ကို သုံးတော့မလို့ များလား…” လူအများက သေသေချာချာ ကြည့်နေကြသည်။ နန်ဟောင်၏ နောက်လိုက်များက ထိပ်သီးကလန်များမှ မဟုတ်သော်လည်း ထိုအထဲမှ အချို့က နန်ဟောင်၏ လျှို့ဝှက်ချက် အချို့ကို သိကြသည်။ နန်ဟောင်တွင် အလွန်အမင်း အားကောင်းသော ပုဆိန်ရှည် ပညာရပ်တစ်ခု ရှိသည်။ ထိုပညာ၏ နာမည်က နတ်ဘုရား သတ်ဖြတ်ခြင်း ပုဆိန်ရှည် ပညာဟု ခေါ်သည်။ ထိုပညာရပ်က နန်ကလန်၏ အားအကောင်းဆုံးသော တိုက်ခိုက်ရေး နည်းပညာတစ်ခု ဖြစ်ကာ နတ်ဘုရားများကိုပင် သတ်ဖြတ်နိုင်သည်ဟု နာမည်ကြီးသည်။

ရီဖူရှင်း၏ နှင်တံပညာက အလွန်အမင်း အားကောင်းလှရာ နန်ဟောင်က ရွေးချယ်စရာ မရှိဘဲ သူ၏အကောင်းဆုံး ပညာရပ်ကို သုံးရန် ဖြစ်လာသည်။

သည်မတိုင်မီက မည်သူမှ ရီဖူရှင်းကို အလေး မထားခဲ့ကြပေ။ နန်ဟောင်အား ဤမျှလောက်အထိ ဖိအားပေး နိုင်လိမ့်မည်ဟုလည်း သူတို့ မထင်မိခဲ့ကြပေ။ ဤသို့သော လူများကား အမှန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ ပိုမို၍ ကြောက်စရာ ကောင်းသည်ကား ရီဖူရှင်းက အကာနာ အဆင့်မျှပင် ရှိသေးသည်။

လက်ရှိ နန်ဟောင်ကား ပြိုင်ဘက်ကင်းကာ အရှိန်အဝါ ကြီးသည်။ နတ်ဘုရား သတ်ဖြတ်ခြင်း ပုဆိန်ပညာက ကြောက်မက်ဖွယ် ကောင်းကာ တစ်ချက်စီတိုင်းက ကြီးစွာသော တိုက်ခိုက်အားကို ပေးကာ လေ့ကျင့်ရန် အလွန်အမင်း ခက်သည်။ ရိုက်ချက်မည်မျှ ခံနိုင်မည်ဟု ရီဖူရှင်းက နန်ဟောင်ကို မေးသည်။ နန်ဟောင်ကလည်း ထိုအဖြေကို သိလိုသည်။

ရီဖူရှင်းက လေထက်ကို ခုန်တက်ကာ နန်ဟောင်ထံကို နောက်တစ်ချက် ရိုက်လိုက်သည်။ ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံက ဒေါသနဂါးအလား ထင်မှတ်ရသလို နန်ဟောင် ကိုယ်တိုင်က နှင်တံ၏စွမ်းအားကို အသိအမှတ် ပြုရသည်။ သို့သော်လည်း သူ၏လက်မှ ကောင်းကင် ပုဆိန်ရှည်ကား မြေပြင်ပေါ်ကို စိုက်ကာ ထိုပုဆိန်ရှည်ကိုပင် တစ်လက်မမျှမရွေ့ဘဲ ရှေ့ကို ခြေတစ်လှမ်း တက်လိုက်သည်တွင် သူ၏ခြေလှမ်း အောက်တွင် လေထုက တုန်ခါကြ၏။

ထိုအခိုက်တွင် သူ၏တစ်ကိုယ်လုံးမှ စွမ်းအားများက ကောင်းကင် ပုဆိန်ရှည်တွင် စုစည်း နေသည်ဟု ထင်ရသည်။ ထို့အတူ နှင်တံနှင့် ချွီလင်သတ္တဝါဆန်း တို့ကလည်း ကောင်းကင်နှင့် တစ်သားတည်း ဖြစ်သွားကာ နန်ဟောင်က နှင်တံအား မြှောက်ကာ ခုတ်ချသည်။ ကောင်းကင်တွင် ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံနှင့် ထပ်တူကျအောင် ကြီးမားသော ပုဆိန်ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ မမြင်ရသော အားလှိုင်းက လေဟာနယ်ကို ပြတ်တောက်သွားကာ ရိုက်ချက်နှစ်ခုက ရင်ဆိုင်မိသည်။ ဘေးမှ ကြည့်နေသူများပင် ထိုရိုက်ချက်ကို မြင်ကာ သူတို့၏ အသည်းနှလုံးများ ပုဆိန်ရှည်အောက်တွင် သွေးချောင်း စီးသွားသည့်အလား ခံစားရသည်။

နတ်ဘုရား ဖိနှိပ်ခြင်း ခုတ်ချက်က ကျဆင်းလာသည်တွင် အမှန်တကယ်ပင် ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံက ဖိနှိပ်ခံရသည်။

ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံနှင့် ကောင်းကင် ပုဆိန်ရှည်တို့ ရင်ဆိုင် မိကြသည်ကို ပရိသတ်များ ကြည့်ကြသည်။ သူတို့အားလုံး ထိတ်လန့်ကြရသည်။ သူတို့ နှစ်ယောက်ကား အလွန်အမင်း အားကောင်းကြသည်။ သည်တိုက်ပွဲအား အဆင့်နိမ့် နိုဘယ်နှင့် အကာနာ တန်ခိုးရှင်တို့ တိုက်ခိုက်နေခြင်း ဖြစ်သည်ကို ယုံကြည်ရန်ပင် ခက်ခဲပေ၏။  ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံနှင့် ကောင်းကင် ပုဆိန်ရှည်တို့ ရင်ဆိုင်မိရာတွင် ပရိသတ်များ အားလုံးက မှင်တက်ငေးမော ကြရသည်။

ကြီးမားသော ပေါက်ကွဲမှု တစ်ခုနှင့်အတူ နှစ်ယောက်လုံး အဝေးကို လွင့်စဉ် သွားကြသည်။ ရီဖူရှင်း၏ ဧကရာဇ် စွမ်းအားက အားကောင်းနေဆဲ ဖြစ်ကာ နှင်တံ ဝှေ့ယမ်းသည်နှင့်အညီ တိမ်များ လိုက်ပါ ရွေ့လျားကြသည်။ ပုဆိန်ရှည်က သူ့အား ဘာမှ မသက်ရောက်သလိုပင် ရီဖူရှင်းက နောက်ရိုက်ချက် တစ်ခုအတွက် အားများ စုဆောင်းနေဟန် ရသည်။

နန်ဟောင်က ရီဖူရှင်းကို စူးရဲစွာ ကြည့်သည်။ သူ၏မျက်လုံးများထဲမှ အလွန်အမင်း လေးနက် တည်ငြိမ်မှုကို တွေ့နိုင်သည်။ သူက နောက်တစ်လှမ်း လှမ်းကာ နှင်တံအား ရီဖူရှင်းထံကို ဦးတည်လျက် ပြေးဝင်သွားသည်။ ထိုအခိုက်တွင် ထူးဆန်းသော ရွှေရောင်မီးလျှံများက ကောင်းကင် ပုဆိန်ရှည်နှင့်အတူ ပျံသန်းလာကြသည်။ ရီဖူရှင်း၏ ကြယ်တာရာ အရံအတားက ရွှေရောင် မီးလျှံများကြောင့် ပြိုလဲ ပျက်စီးရသည်။

ကောင်းကင် ပုဆိန်ရှည် ဆင်းသက် လာသည်တွင် ထောင်ပေါင်း များစွာသော မီးလျှံများလည်း ဆင်းသက် လာကြ၏။ ထိုခုတ်ချက်က နတ်ဘုရား မြှုပ်နှံခြင်း ခုတ်ချက်ဟုလည်း ခေါ်သည်။ ရီဖူရှင်း၏ ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံမူကား လေထုကို လှိုင်းလုံးများ ဖြစ်စေကာ ထိုဝှေ့ယမ်းချက် အောက်တွင် အလင်း အရံအတား တစ်ခု ဖြစ်ပေါ်လာသည်။ ရွှေရောင် မီးလျှံများနှင့်အတူ ကောင်းကင် ပုဆိန်ကပါ အလင်း အရံအတားကို ထိတွေ့ပြီး နောက်ကို ပြန်လည် လွင့်စဉ်သွားသည်။ နန်ဟောင်၏ နတ်ဘုရား မြှုပ်နှံခြင်း ခုတ်ချက်က ရီဖူရှင်းအတွက် နတ်ဘုရား ဖိနှိပ်ခြင်း ခုတ်ချက်လောက်ပင် အန္တရာယ် မဖြစ်စေနိုင်ပေ။

ထိုအခိုက်တွင် နန်ဟောင်၏ ခန္ဓာကိုယ်က မူလနေရာမှ ရုတ်တရက် ပျောက်ကွယ် သွားကာ ကောင်းကင်ထက်တွင် မရေမတွက်နိုင်သော နန်ဟောင်၏ပုံရိပ်များ ဖြစ်ပေါ်လာကာ ရှေ့ကို တစ်ဟုန်ထိုး ပြေးလာသည်။ ထိုခုတ်ချက်၏ နာမည်က နတ်ဘုရား ဖြတ်တောက်ခြင်း ခုတ်ချက်ဖြစ်သည်။

ထိုအခိုက်တွင် ရီဖူရှင်းကလည်း အန္တရာယ် အငွေ့အသက်ကို ခံစားရသည်။ သူက မျက်လုံးကို မှိတ်လိုက်သည်။ ထိုအခိုက်တွင်ပင် အားကောင်းသော ဉာဏ်အလင်း အောက်တွင် သူ၏တစ်ကိုယ်လုံး၌ ဧကရာဇ် စွမ်းအားများ ပျံ့နှံ့သွားသည်။ သူ၏အာရုံခံစားမှုက နန်ဟောင်၏ နှလုံးခုန်သံကိုပင် ခံစား၍ရသည်။ ထောင်ပေါင်း များစွာသော ပုံရိပ်များ ပေါင်းစပ်ထားသော နန်ဟောင်ကား အားအကောင်းဆုံး နန်ဟောင် ဖြစ်သည်။

သူက ချင်းကျူ ကျောင်းတော်မှ အချိန်ကို ပြန်တွေးမိသည်။ လူဝံကြီးက သူ့အား ကောင်းကင်ဘုံ ကိုးဆင့် ရိုက်ချက်အား သင်ကြားပေးခဲ့ကာ တစ်ချက်စီတိုင်းက တန်ခိုးအဆင့် တစ်ခုစီနှင့် သက်ဆိုင်သည်။ ပဉ္စမရိုက်ချက်က နိုဘယ်အဆင့်ကို ရောက်မှသာ အသုံးပြုနိုင်သည်။

နတ်လူဝံကြီးက သူ၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည်။ ချက်ချင်းပင် တိုင်းတာ မရနိုင်သော အရှိန်အဝါက စုစည်းလာကာ သူ၏သန့်စင်သော နိုဘယ်အသိက ကောင်းကင်ဘုံနှင့် တစ်သားတည်း ဖြစ်သွားသည်။

ရီဖူရှင်းက ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံကို ဝှေ့ယမ်းလျက် ရှေ့ကို ပြေးဝင် သွားသည်။ သူ၏ရိုက်ချက် ကျဆင်းလာသောအခါ နတ်လူဝံက ကမ္ဘာမြေပေါ်ကို အရှိန်အဝါကြီးစွာဖြင့် ကျဆင်းလာကာ နင်းခြေသည့်အလား ခံစားကြရသည်။

ကောင်းကင် ပုဆိန်ရှည်၏ပုံရိပ် ရောက်လာကာ ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံကလည်း အပေါ်မှ ဆင်းသက်လာသည်။ စူးရှသော အလင်းပေါက်ကွဲမှု တစ်ခုနှင့်အတူ ဒိန်းခနဲ မြည်သွားကာ နန်ဟောင်၏ခန္ဓာကိုယ်က ရွှေရောင် အလင်းတန်း အလား အဝေးကို လွင့်စဉ်သွားပြီး မြေပြင်နှင့် ပြင်းထန်စွာ ထိရိုက်သည်။ မြေပြင်က အက်ကွဲသွားကာ နန်ဟောင်က ပုဆိန်ရှည်အား မြေပြင်၌ ထောက်လျက် ဒူးထောက်သည်။ သူ၏ခေါင်းက ငုံ့ထားသော်လည်း သူ့ပါးစပ်မှ သွေးများ တစ်စက်ချင်း စီးကျနေသည်ကို အားလုံးက သတိထားမိကြ၏။ မည်သူမှ သူ၏အမူအရာကို မမြင်ကြရပေ။ သူတို့က ရီဖူရှင်းကို ကြည့်သည်တွင် သူက ဧကရာဇ် အလင်းများ တောက်ပ လင်းလက်စွာဖြင့် ကောင်းကင်တွင် မောက်မာ ဝင့်ကြွားစွာ ရပ်နေဆဲဖြစ်သည်။

ရှုံးနိမ့်ခဲ့သည်များလား…။ နန်ဟောင်ကား သူ၏စွမ်းအား အမြင့်ဆုံး အခြေအနေတွင် ရှုံးနိမ့်ခဲ့သည်။ လူအုပ်ကြီး တစ်ခုလုံးက မယုံကြည်နိုင်ခြင်းများဖြင့် ကြည့်နေကြသည်။ ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံက အလွန် အားကောင်းသော်လည်း နန်ဟောင်၏ ကောင်းကင် ပုဆိန်ရှည်ကလည်း အလွန် အားကောင်းသော လက်နက်ဖြစ်ပြီး သူ၏စွမ်းအားနှင့် လိုက်ဖက်သည်။

နန်ဟောင်၏ နောက်ဆုံး ရိုက်ချက်ကို မြင်သောအခါ ရီဖူရှင်း ပြဿနာတက်ပြီဟု အားလုံးက ထင်မှတ်ခဲ့ကြသည်။ သို့တိုင်အောင် နန်ဟောင်ကသာ ရှုံးနိမ့်ခဲ့၏။ နန်ဟောင်က အကာနာအဆင့် တန်ခိုးရှင် တစ်ယောက်ကို သတ်ဖြတ်လိုခဲ့ပြီး သူ့ထံတွင် ရှုံးနိမ့်ခဲ့ရမည်ဟု မည်သူမှ မထင်မှတ်ခဲ့ကြပေ။

ရီဖူရှင်းက အရှိန်အဝါ ကောင်းစွာဖြင့် ရှေ့ကို တက်သွားသည်။ နန်ဟောင်က ခေါင်းငုံ့ထားဆဲ ဖြစ်သည်။ ယခု သူက မည်သို့ ခံစားနေရမည်ကို ဘယ်သူမှ မခန့်မှန်းနိုင်။ သူက တော်ဝင်လမ်းကို ရောက်လာကာ တော်ဝင် တံဆိပ်ပြား အများအပြားကို စုဆောင်းလိုခဲ့သည်။ သူက နန်ကလန်၏ ယခင် ခမ်းနားမှုကို ပြန်လည် ရယူလိုခဲ့ကာ တော်ဝင်ကျဲ နန်းတော်မှ အကြီးအကဲကလည်း ထိုမျှော်လင့်ချက် ရှိခဲ့သည်။ သို့သော်လည်း ယနေ့ သူက အရေးမပါသော လူငယ်တစ်ယောက်ကို ရှုံးနိမ့်ခဲ့သည်။

မရေမတွက်နိုင်သော လူများက ရီဖူရှင်းကို ကြည့်ကာ အတင့်ရဲ လှုပ်ရှားရဲခြင်း မရှိကြပေ။ လီချန်းရီ၏ မျက်လုံးများက နီရဲနေသည်။ ရီဖူရှင်းက အမှန်ပင် နန်ဟောင်ကို အနိုင်ရခဲ့သည်။ သူမ မယုံကြည်နိုင်ပေ။

ကျိုးရှင်းတောင်တွင် ပေါ်လာခဲ့သော ချောမောသော လူငယ်လေးက ထိုမျှစွမ်းမည်ဟု သူမ မယုံကြည်နိုင်ခဲ့။

သူမ၏ဘေးမှ လီစွမ်းကလည်း မယုံကြည်နိုင်။ သူက ထိတ်လန့် အံ့အားသင့်ကာ ကြည့်နေသည်။ အကယ်၍ နန်ဟောင်သာ သေဆုံးခဲ့ပါက သူကလည်း အသက်ရှင်နိုင်မည် မဟုတ်ပေ။ သူကား အလွန်အမင်း နောင်တရသည်။ သည်နေရာမှ လူများ အားလုံးထဲတွင် သူက ဦးဆုံး သေရမည်ဖြစ်သည်။ သူက နောင်တ အလွန်အမင်း ရသည့်တိုင် သူ့အတွက် နောင်တရရန် အချိန်မရှိပေ။ သူ အသက်ရှင်လို၏။

သူက ရုတ်တရက် လက်ဆန့်တန်းကာ လီချန်းရီအား နောက်မှ ချုပ်ကိုင်ပြီး လည်ပင်းအား ဖျစ်ညှစ်လိုက်သည်။ နောက်လက်တစ်ဖက်တွင် ဓားတစ်လက် ပေါ်လာကာ သူမ၏လည်မျိုကို ချိန်ရွယ်ရင်းက ရီဖူရှင်းထံကို အော်လိုက်သည်… “ရပ်စမ်း…”

လီချန်းရီက မှင်တက်နေကာ မျက်လုံးက ဒေါသ အခိုးအငွေ့များ ဆူဝေသွားသည်။

ရီဖူရှင်း၏ ခြေလှမ်းများ ရပ်တန့်သွားကာ သူက လီစွမ်းကို အေးစက်စက် ကြည့်သည်။ လီစွမ်း တွေးသည်မှာ မှန်သည်။ သူ အသတ်ချင်ဆုံးလူက လီစွမ်း ဖြစ်သည်။

“ချန်းရီက မင်းညီမနော်…” ရီဖူရှင်း၏အသံက အက်ကွဲ ကြွပ်ဆတ်နေသည်။

“ငါက ဒီကောင်မကို ဘယ်တုန်းကမှ ညီမတစ်ယောက်လို့ မတွေးခဲ့ဘူး… ဒီကောင်မက အဆင့်အတန်းနိမ့်တဲ့ အစေခံမရဲ့ သမီးတစ်ယောက်ပဲ… မင်း အသက်ရှင်ချင်ရင် အဲဒီနှင်တံကို ငါ့ဆီ ပြစ်ပေးလိုက်…” လီစွမ်းက ပြောသည်။ နှင်တံကား အလွန်အမင်း အားကောင်းသည်။ ကောင်းကင် ပျကသုဉ်းခြင်း နှင်တံဖြင့် ရီဖူရှင်းကား ပြိုင်ဘက် ကင်းသည်။ ရီဖူရှင်းအား သူ၏အသက်နှင့် လီချန်းရီကို လဲလှယ်မည်ဟု မထင်ရာ နှင်တံဖြင့် လဲလှယ်မည်ဟုသာ တောင်းဆိုသည်။ ဤနည်းဖြင့်သာ သူအသက်ရှင်ရန် အခွင့်အလမ်း ရှိသည်။

“အဲဒီလို မလုပ်နဲ့…” လီချန်းရီက ရီဖူရှင်းကို ကြည့်ပြီး နီရဲသော မျက်လုံးများဖြင့် ကြည့်သည်။ ထို့နောက် သူမက ခေါင်းယမ်းကာ ပြောသည်… “သူ့ကို သတ်…” ပြောရင်းမှပင် သူမက လည်ပင်းမှ ဓားမြှောင်ကို အရေးမစိုက်ဘဲ ရှေ့ကို လှမ်းသွားလိုက်သည်တွင် ဓားမြှောင်က လည်ပင်းကို နစ်ဝင်လာသည်။ လီစွမ်း၏ အမူအရာက ပြောင်းလဲသွားကာ ဓားမြှောင်အား ဖယ်လိုက် သော်လည်း ဓားခြစ်ရာက သူမ၏သွယ်လျလှပသော လည်ပင်း၌ ပေါ်လာသည်။

“ခွေးမ…” လီစွမ်းက သူမ၏လည်ပင်းကို ထပ်ညှစ်ကာ အပေါ်ကို မတင်လိုက်သည်တွင် လီချန်းရီလည်း စကား မပြောနိုင်တော့။ လက်ရှိ လီစွမ်းကား ရူးသွပ်သူလိုပင် ရီဖူရှင်းကို ကြည့်ကာ တောင်းဆိုသည်… “မင်းရဲ့ လက်နက်ကို မပေးသေးဘူးလား…”

ရီဖူရှင်းက လီစွမ်းကို အေးစက်စွာ ကြည့်ကာ ပြောသည်… “မင်း သေရမယ်…”

***


Comment

Leave a Reply

Options

not work with dark mode
Reset