အပိုင်း (၅၃၀)

နန်ဟောင်နှင့် တိုက်ခိုက်ခြင်း

မိစ္ဆာငှက်က အတောင်ပံများကို ခတ်ကာ လက်သည်းများကို ကုတ်ခြစ်လျက် အခုအခံမဲ့နေသော ကျင်းကလန်မှ လူများအား တိုက်ခိုက်ကာ ဓားစာခံများနှင့် နန်ဟောင်၏လူများကို ခွဲထုတ်လိုက်သည်။

ဓားစာခံများက ဘာလုပ်ရမည်ကို ချက်ချင်း သိနားလည်ကြသည်။ သူတို့က လေထဲကို ပျံသန်းကာ မိစ္ဆာငှက်၏ ကျောပေါ်ကို တက်လိုက်ကြသည်။ ငှက်က နောက်လှည့်ကာ ချက်ချင်း ပျံသန်း ထွက်ခွာသွားသည်။ သူက အတောင်ပံများကို ဖြန့်၍ ကောင်းကင် အမြင့်ပေ တစ်ထောင်ကျော်သို့ အထိ ပျံသန်းသွားသည်။

လူအများအပြားက မိစ္ဆာငှက်ကို ကြည့်ကာ သူ၏ အရှိန်အဝါကြီးမှုကိုလည်း ခံစားကြရသည်။ မာနဝင့်ထည်သော မိစ္ဆာငှက်၏ မျက်လုံးများကို မြင်သည်တွင် မည်သူမှ​ သွားရောက် မတိုက်ခိုက်ရဲကြပေ။ ထို့အပြင် သူတို့ရှေ့တွင် ကြောက်မက်ဖွယ် ဖြစ်တည်မှုဟု ဆိုနိုင်သော ရီဖူရှင်းလည်း ရှိနေသေးသည်။

နန်ဟောင်က မိစ္ဆာငှက်အား ကြည့်ကာ ထိုသားရဲစုတ်က အမှန်ပင် ထူးခြားသော သတ္တဝါဆန်း ဖြစ်သည်ဟု တွေးသည်။ ထိုသားရဲစုတ်က ရီဖူရှင်းအတွက် အလုပ်လုပ်ကာ ဓားစာခံများကို ကယ်တင် သွားသည်။ သို့သော် သူ ဂရုမစိုက်ပေ။ ချင်ရန်တို့ အုပ်စုက သူ့အတွက် ဘာမှ အဓိပ္ပာယ်မရှိပေ။

ယခု နန်ဟောင် စိတ်ဝင်စားသည်ကား ပြိုင်ဘက်ကင်း စွမ်းရည်ကို ထုတ်လွှတ် ထားသော ရီဖူရှင်း ဖြစ်သည်။ သူဝင်ပါလျှင် ရီဖူရှင်းအား ထိန်းနိုင်မည့်လူ မရှိတော့သည်ကို သူသိသည်။ ထိပ်သီး ပါရမီရှင်များကား အလွန်အမင်း ရှားပါးသည်။ အာရုဏ်လမ်းတွင်ပင် လက်ငါးချောင်း ပြည့်အောင် ရေတွက်နိုင်သောသူ မရှိပေ။ ယခု ရီဖူရှင်းက ထိုလက်ငါးချောင်း အရေအတွက်ထဲတွင် ထည့်တွက်၍ ရသည်ဟု ဆိုနိုင်သည်။

ရီဖူရှင်းက သည်မတိုင်မီ စွမ်းအား ကောင်းသည် ဆိုသော်လည်း သူ၏ တန်ခိုးအဆင့်က အကန့်အသတ် ဖြစ်နေရာ သူ့အား မည်သူမှ အရေးမလုပ်ကြပေ။ သို့သော်လည်း လက်ရှိ ရီဖူရှင်းက နန်ဟောင်အတွက် တကယ့် ပြိုင်ဘက်ကောင်း တစ်ယောက် ဖြစ်လာသည်။ သူ့ထံမှ ထွက်ပေါ်လာသော အရှိန်အဝါ သတ်သတ်ကပင် သာမန်လူများကို ချက်ချင်း ရိုကျိုး ဝပ်တွားစေသည်။ မည်သူက သူ့အား တိုက်ခိုက်ရဲ မည်နည်း။ သို့သော် နန်ဟောင်ကတော့ သူနှင့် အသေ တိုက်ခိုက်ရမည်။

နန်ဟောင်က သူ၏ခြေလှမ်းကို စတင်လှမ်းသည်။ သူ၏ ခြေတစ်လှမ်းတိုင်းက လူတိုင်း၏နှလုံးကို သိမ်းကျုံး ချုပ်ကိုင်သလို ခံစားရသည်။ စွမ်းအားမြင့် တန်ခိုးရှင်များက နန်ဟောင်ကို ကြည့်သည်။ နန်ဟောင်က စတင် တိုက်ခိုက်တော့မည်။

နန်ဟောင်ကား ယခင်က ဤသို့သော အရေးများတွင် အမိန့်ပေးရုံမှလွဲ၍ တခြားဘာမှ​လုပ်သည် မဟုတ်ပေ။ ရီဖူရှင်းအား သူက အလေးထားစရာ လူဟုလည်း မသတ်မှတ်ပေ။ သို့သော် ယခု ရီဖူရှင်း၏စွမ်းအားက နန်ဟောင်အား အလေးထားစေသည်။

ဘုန်း… နန်ဟောင်က ဆက်လက်၍ လျှောက်လာသည်တွင် နှစ်ယောက်လုံးက တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်ကြသည်။ နန်ဟောင်၏ ခြေလှမ်းက ရီဖူရှင်း၏ နှလုံးကိုလည်း လာရောက် ရိုက်ခတ်ကာ သူ့အား တင်းကျပ်သော ခံစားချက်ကို ပေးသည်။

ရီဖူရှင်းက နှင်တံအား ညွှန်လိုက်သည်တွင် သူ့ပတ်ဝန်းကျင်၌ ကြယ်တာရာ အလင်းများ ဖြစ်ပေါ်လာသည်။ ထို့နောက် ရီဖူရှင်းက သူ့ထံကို လျှောက်လာသော နန်ဟောင်ကို စူးရဲစွာ ကြည့်သည်။ ရီဖူရှင်းကလည်း အာရုဏ်လမ်းတွင် ပြိုင်ဘက်ကင်းသည် ဟူသော နန်ဟောင်၏ စွမ်းအားကို ကိုယ်တိုင် ခံစားကြည့်လိုသည်။

ဘုန်း… ဘုန်း…

ရီဖူရှင်း၏အနီးမှ ကြယ်များ အက်ကွဲကြသည်။ ရီဖူရှင်း၏ ခေါင်းထဲကို မသက်မသာ ခံစားချက်တစ်ခု ဝင်လာသည်။ နန်ဟောင်၏ ခြေလှမ်းက လေးလံလွန်းရကား သူ၏နှလုံးပေါ်ကို တက်နင်း လာနေသလို ခံစားရသည်။

ကြေပျက်သွားသော ကြယ်တာရာများ အသစ်ပြန်လည် ဖွဲ့စည်း ဖြစ်ပေါ်ကြသည်။ နန်ဟောင်က သူ့ထံကို ဆက်လက် လျှောက်လှမ်း လာသည်ကို မြင်လျှင် ရီဖူရှင်းက ကြောက်မက်ဖွယ် နေမင်း၏ နတ်ဘုရား မီးတောက်ကို စေလွှတ်ကာ နန်ဟောင်အား လောင်ကျွမ်းစေသည်။

“အဲဒီ လျှို့ဝှက်နည်းစနစ်က မင်းရဲ့ စွမ်းအားတွေကို အဆင့်မြင့်တက်စေတယ် ဆိုပေမဲ့ ငါ့ပြိုင်ဘက် ဖြစ်ဖို့တော့ အများကြီး လိုသေးတယ်…” နန်ဟောင်က အေးစက်စွာ ပြောသည်။ သူ့နောက်တွင် အရောင်တစ်ချက် လက်သွားကာ နတ်သတ္တဝါဆန်း တစ်ကောင် ပေါ်လာသည်။ ထိုသတ္တဝါဆန်းကား နဂါး၏ဦးခေါင်းနှင့် ခြင်္သေ့၏ ကိုယ်နှစ်ခုကို ပေါင်းစပ်ထားသည်။ ရွှေရောင် အကြေးခွံများက သူ၏ဧရာမ ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးအုပ်ထားပြီး အကြေးခွံ တစ်ခုစီက လောက၏ အမာကျောဆုံး သတ္တုနှင့် ညီမျှသည်။

“ချွီလင်တစ်ကောင်…” ရီဖူရှင်းက နန်ဟောင်၏နောက်မှ ပေါ်လာသော ဝိညာဉ်ကို ကြည့်သည်။ ချွီလင်ကား ဒဏ္ဍာရီထဲတွင်သာ ရှိသော နတ်မျိုးနွယ်ဝင် သတ္တဝါဆန်း ဖြစ်သည်။

နန်ဟောင်၏ခြေလှမ်းက အဘယ်ကြောင့် ဤမျှ ကြီးမားသော အရှိန်အဝါ ဖြစ်စေသည်ကို နားလည် လိုက်သည်။ သူ၏ သက်စောင့်ဝိညာဉ်က ထို ထူးခြားသော စွမ်းရည်အား ပေးထားသည်။

ရီဖူရှင်းက နန်ဟောင်၏မျက်လုံးထဲမှ ထိုချွီလင် စစ်သတ္တဝါဆန်း၏ ကြီးမားသော အရှိန်အဝါနှင့် ဖိအားကို ခံစားရသည်။ နန်ဟောင်က သူ့ထံကို ဆက်လက်၍ လျှောက်လာသည်။ နန်ဟောင်က ပတ်ဝန်းကျင်မှ လူများကို ဒဏ်ရာရစေရန် ရည်ရွယ်ချက် မရှိသည့်တိုင် ပတ်ဝန်းကျင်မှ လူများက ကြီးစွာသော နာကျင်မှုကို ခံစားကြရကာ နောက်ဆုတ်ကြသည်။

ရီဖူရှင်းက နန်ဟောင်၏ မျက်လုံးကိုသာ စူးစိုက် ကြည့်နေသည်။ သူ၏ ခန္ဓာကိုယ်တွင်ကား နတ်လူဝံနှင့် နတ်ငှက်ဝိညာဉ်တို့ ရှိရာ သူ၏ မျက်လုံးကလည်း တူညီစွာ မာနဝင့်ထည်သော အရှိန်အဝါများ ရှိသည်။ နန်ဟောင်က နောက်တစ်လှမ်း လှမ်းလာသည်တွင် ရီဖူရှင်းက သူ၏နှင်တံကို ဝှေ့ယမ်းသည်။

ချက်ချင်းပင် ထူးခြားသော ဟန်ချက်အောက်တွင် ကြောက်မက်ဖွယ် ကောင်းသော အားလှိုင်းများ စုစည်း လာနေသည်။ ရိုက်ချက်က ကြယ်တာရာများ ကမ္ဘာမြေပေါ်ကို ကျဆင်းလာသလို နန်ဟောင်ထံ ကျဆင်းလာသည်။ နန်ဟောင်ကလည်း မာန်သွင်းကာ ချွီလင် စစ်သတ္တဝါဆန်းနှင့် အတူ သူ့အား ခုန်အုပ်လိုက်သည်။ သို့သော် ကြီးမြတ်သော ချွီလင် နတ်သတ္တဝါဆန်းက အရာခပ်သိမ်းကို ဖျက်ဆီး ဖြိုခွင်း နိုင်သည့်တိုင် ထိုအခိုက်၌ ကြယ်တာရာ များစွာ၏ ရိုက်နှက်ခြင်းကို ခံရသည့်အလား ခံစားလိုက်ရသည်။

အရာခပ်သိမ်း ပျက်စီးစေနိုင်သော ရိုက်ချက်က ဆက်လက် ကျဆင်းလာမြဲ ဖြစ်သည်။

ကြောက်မက်ဖွယ်ဖိအား သူ့ထံ ဆင်းသက် လာသည်ကို နန်ဟောင် ခံစားရသည်။ သူက လက်နှစ်ဖက်ကို ကြက်ခြေခတ်ကာ နှင်တံအား ခုခံသည်။ ထိုအခိုက်တွင်ပင် သူ၏ခန္ဓာကိုယ်၌ ရွှေရောင် ချပ်ဝတ်တစ်ခု ပေါ်လာကာ အဆုံးမဲ့သော ခုခံအားကိုပေးသည်။

ဒိန်း…

မိုးကြိုးပစ်သံအလား မာကျောသော သတ္တုချင်း ထိရိုက်သော အသံနှင့်အတူ ကြီးမြတ်သော အရှိန်အဝါဖြင့် နန်ဟောင်ကား ပေတစ်ထောင်မျှ လွင့်စဉ်သွားကာ မြေပြင်မှ သူစတည်းချရာ နန်တော်သို့ ကျပြီး နန်တော်ကပါ ပြိုလဲသည်။

မရေမတွက်နိုင်သော လူများ၏ နှလုံးများက တုန်ခါ လှုပ်ယမ်းကြသည်။ နန်ဟောင် လွင့်စဉ် သွားသည်ကို သူတို့ မြင်ကြသည်။ ထိုမျှ စွမ်းအားကြီးသော နန်ဟောင်ပင်လျှင် ရီဖူရှင်း၏ ရိုက်ချက်ကို မခံနိုင်။

ဝုန်းခနဲ မြည်သံနှင့်အတူ နန်ဟောင်က ကောင်းကင်သို့ တစ်ဖန် ထိုးတက်သွားကာ အပေါ်မှစီး၍ ရီဖူရှင်းကို ပြန်ကြည့်သည်။ နန်ဟောင်၏ ခန္ဓာကိုယ်မှ အရှိန်အဝါများ ပိုမို အားကောင်းလာကာ သူ၏နောက်မှ ချွီလင်ပုံရိပ်ကလည်း ပိုမိုကြီးမား လာခဲ့သည်။

နန်ဟောင်က ရီဖူရှင်း၏လက်ထဲမှ နှင်တံကို ကြည့်သည်။ ထိုလက်နက် ကိုယ်တိုင်က အလွန်အမင်း အားကောင်းဟန် ရနေသည်။ သူက ထိုရိုက်ချက်ကို ခံစားခဲ့ရကာ သူ့အား ကြယ်တာရာဖြင့် ရိုက်နှက်သလို ခံစားခဲ့ရ၏။

သူက လေထဲတွင် ရပ်နေရင်းက သူ့ထံတွင် နောက်ထပ် ဓမ္မဝိညာဉ်တစ်ခု ပေါ်လာသည်။ ထိုအရာကား ကောင်းကင် ပုဆိန်ရှည်ဖြစ်သည်။ ချွီလင်ဓမ္မက ရီဖူရှင်းကို ခုန်အုပ်ကာ နန်ဟောင်က လှံရှည်ကို ကိုင်လျက် ပျံသန်းလာသည်။ ထို့အတူ သူ့နောက်တွင်လည်း အရှိန်အဝါ ကြီးမားသော ပုံသဏ္ဌာန်တစ်ခုက ရပ်နေခဲ့ကာ နန်ဟောင် ကိုယ်တိုင်က ထိုပုံသဏ္ဌာန် ဖြစ်သည်ဟု ထင်မှတ်ရသည်။ လက်ထဲတွင် ကောင်းကင် ပုဆိန်ရှည်ကို ကိုင်ထားသော နင်ဟောင်က ရီဖူရှင်းအား တစ်ဖန် ခုတ်ပြန်သည်။

ချွီလင်က ရွှေရောင် မီးတောက်အား မှုတ်ကာ ရီဖူရှင်းထံသို့ ပြေးဝင်လာသည်။ ရီဖူရှင်း၏ နေမင်းကလည်း မီးတောက်များ ဖြစ်ပေါ်လျက် ရွှေရောင်မီးလျှံများကို တားဆီးသည်။

ဘုန်း…  ချွီလင်သတ္တဝါဆန်းက ခုန်အုပ်သော အချိန်တွင် ပုံရိပ် ထောင်ပေါင်းများစွာ ဖြစ်ပေါ်လာသော ကောင်းကင်ပုဆိန်ဖြင့် နန်ဟောင်က မြန်ဆန်စွာ ခုတ်ချသည်။ သူ၏သက်စောင့် ဝိညာဉ်က ချွီလင်နှင့် ကောင်းကင် ပုဆိန်ဖြစ်ရာ သူ၏ သိုင်းပညာကလည်း အလွန်အဆင့်အတန်း မြင့်လှသည်။

ရီဖူရှင်းက ထိုအခိုက်တွင် နှင်တံကို ဝှေ့ယမ်းကာ ကြယ်တာရာ သီးသန့်နယ်မှ ထောင်ပေါင်း များစွာသော ဥက္ကာခဲများကို ထိန်းချုပ်သည်။ ဥက္ကာခဲများနှင့် ပုဆိန် ပုံရိပ်များက ရင်ဆိုင်မိကာ လေထုက တဝုန်းဝုန်း ပေါက်ကွဲသည်။ လူတိုင်းက အဝေးကို ဆုတ်ခွာ ကြရကာ ပြင်းထန်စွာ တိုက်ခိုက်နေသော လူငယ် နှစ်ယောက်ကို ထိတ်လန့်စွာ ကြည့်ကြသည်။

ထောင်ပေါင်း များစွာသော ကောင်းကင် ပုဆိန်ချက်များကြောင့် ဥက္ကာခဲများ အပိုင်းအပိုင်းအစစ ဖြစ်ကြရသည်။ သို့သော်လည်း ရီဖူရှင်း၏ မျက်လုံးများတွင် ဘာအပြောင်းအလဲမှ မတွေ့ရပေ။ သူ့ထံမှ မမြင်ရသော စွမ်းအားများ ဖြာထွက်နေသည်။ ကောင်းကင် ပုဆိန် အစစ်က သူ၏ရှေ့ကို ကျလာသည့်တိုင် သူ၏ကြယ်တာရာ သီးသန့်နယ်အား လှုပ်ခတ်ခြင်း မပြုနိုင်။ သည်စွမ်းအားကား အင်မော်တယ် ခန္ဓာများ၏ သန်မာ ကြံ့ခိုင်မှု ဖြစ်သည်။

ချွီလင်သတ္တဝါဆန်း ဆင်းသက်လာသော အခါတွင်ကား ကောင်းကင်ကပါ ပြိုဆင်းလာသည်ဟု ထင်ရကာ ရီဖူရှင်း၏ ကြယ်တာရာ သီးသန့်နယ်က ယိုယွင်းရသည်။ နန်ဟောင်က ထိုနေရာမှပင် ပုဆိန်ဖြင့် ခွင်းလျက် ရီဖူရှင်းထံကို ပြေးဝင်လာသည်။

နန်ဟောင်က ရီဖူရှင်းအား အနီးကပ် တိုက်ခိုက်လိုကာ ရီဖူရှင်းက မည်မျှ အားကောင်းသည်ကို သိလိုသည်။

နတ်သတ္တဝါဆန်းက ဟိန်းဟောက်သော အချိန်တွင် နန်ဟောင်က ပုဆိန်ဖြင် ခုတ်ချလိုက်သည်တွင် ကောင်းကင်က မှောင်မိုက်သွားကာ ပတ်ဝန်းကျင်မှ အားလှိုင်းများ အားလုံး တစ်နေရာတည်းကို စုစည်းသွားသည်ဟု ထင်ရသည်။ ထိုခုတ်ချက်ကား ကောင်းကင်နှင့် မြေပြင်၏ အရှိန်အဝါကို နတ်ဘုရားတို့၏ စွမ်းအားဖြင့် ထောက်ပံ့ ထားသည့်အလား ပြင်းထန်သည်။ ထိုအရာက အလင်းမဲ့ညနှင့် ပျက်စီးခြင်း ကင်းည စွမ်းအားဖြစ်ကာ ရှီတန်ခိုးရှင်များ၏ စိတ်အသိများမှ ဖြစ်ပေါ်လာသည့် ခုတ်ချက်လည်း ဖြစ်သည်။ အကယ်၍ ရီဖူရှင်းကသာ ဧကရာဇ်အသိနှင့် ကောင်းကင် အလင်းတို့၏ စွမ်းအားကို သုံးစွဲနိုင်ပါက နန်ဟောင် ကိုယ်တိုင်ကလည်း ရှီတန်ခိုးရှင်၏စွမ်းအားကို အထောက်အကူ ယူနိုင်စွမ်းသော ပါရမီရှင်မျိုး ဖြစ်သည်။

ဘုန်း… ရီဖူရှင်း၏ပတ်ဝန်းကျင်မှ ကြယ်တာရာများ ပေါက်ကွဲ ကြေပျက်ကြသည်။ ချွီလင်က သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာဖြင့် ဆင်းသက် လာသည်။ သူ၏ဧရာမ ခန္ဓာကိုယ်ကြီးက ရီဖူရှင်း၏ ပတ်လည်မှ ဥက္ကာခဲများဖြင့် တည်ဆောက် ထားသော အင်မော်တယ် ခန္ဓာကိုယ်များအား ဖြိုခွင်းရန် ကြိုးစားသည်။ အမှန်ပင် ချွီလင်၏ လက်ဝါးပုတ်ချက် အောက်တွင် အင်မော်တယ် ခန္ဓာကိုယ်များက စတင် ကွဲအက်လာကြသည်။ ထိုအခိုက်တွင်ပင် ရွှေရောင် ပုဆိန်ရှည်ကာ စွမ်းအားများ အားလုံးကို စုစည်းလျက် တစ်နေရာတည်းကို ကျဆင်းသည်။ အင်မော်တယ် ခန္ဓာကိုယ်က ပျက်စီးပြိုလဲသည်။ နန်ဟောင်၏ပုဆိန်က ဆက်လက် ကျဆင်း လာသည်။

ရီဖူရှင်း၏နှင်တံက တော်ဝင် အလင်းများ ဖြာထွက်နေဆဲ ဖြစ်သည်။ မရေမတွက်နိုင်သော အလင်းများက ပတ်ဝန်းကျင်အနှံ့ကို ပျံ့နှံ့နေသည်။ လေထဲကို ခုန်တက်ကာ နှင်တံအား ဝှေ့ယမ်းလျက် နန်ဟောင်ထံကို ပြေးဝင်သွားပြီး ကမ္ဘာဖျက် စွမ်းအားကို သယ်ဆောင် သွားသည်။ လက်နက်နှစ်ခု ရင်ဆိုင်မိလျှင် အလွန်စူးရှသော အလင်းတစ်ခု ဖြစ်ပေါ်သွားသည်။ နတ်သတ္တဝါဆန်းက နန်ဟောင်၏ ခန္ဓာကိုယ် အနီးတွင်ကပ်ကာ ရီဖူရှင်းအား မာန်ဖီသည်။ သူ၏ ရီဖူရှင်းအား သေကွင်းသေကွက်ကို တိုက်ခိုက်ရန် ချောင်းနေသည့်အလား မာန်စောင်ကာ ကြည့်၏။

ရီဖူရှင်း၏နောက်တွင် နေမင်းက ထွန်းလင်းနေဆဲ ဖြစ်သည်။ နေမင်းရောင်ခြည်များမှ ထောက်ပံ့ထားသော မီးဓာတ်လုံးများက ရီဖူရှင်း၏ခန္ဓာကိုယ်ကို လှည့်ပတ် သွားကြသည်။ နန်ဟောင်က သူ့အား နောက်ထပ် ပုဆိန် တစ်ချက် ထပ်ခုတ်သည်ကို မြင်လျှင် ရီဖူရှင်း၏ အမူအရာက လေးနက် သွားသည်။ သူ၏ တစ်ကိုယ်လုံးမှ စွမ်းအားများကို နှင်တံထံသို့ စီးဆင်းစေသည်။ ထို့နောက် ရီဖူရှင်းက နှင်တံအား ဆုပ်ကိုင်လျက် လေထဲကို ခုန်တက်လိုက်သည်။ ထောင်ပေါင်း များစွာသော နှင်တံပုံရိပ်များက ပုဆိန်ရှည်နှင့် တွေ့ဆုံခိုက်တွင် ဧရာမနှင်တံ တစ်ခုတည်းသို့ ပြောင်းလဲ သွားသည်။

ဘုန်း… ဧရာမ ပေါက်ကွဲသံကြီး တစ်ချက်ကို ကြားရကာ ကောင်းကင် ပုဆိန်ကား လုံးဝ ကြေပျက်သွားပြီး နန်ဟောင်က တစ်ဖန် အဝေးကို လွင့်စဉ် သွားပြန်၏။

“အခု မင်းက ဘယ်နှချက် အရိုက်ခံမလဲ ကြည့်ရတာပေါ့…” ရီဖူရှင်း၏ ကိုယ်ရောင် ကိုယ်ဝါက ပိုမို အားကောင်း လာသည်။ ကောင်းကင်နှင့် မြေပြင်က သူ၏ကြီးမားသော စိတ်စွမ်းအားနှင့်အတူ အော်ဟစ် စိန်ခေါ်ကြကာ ရီဖူရှင်းက ရှေ့ကို ဆက်လက် ခုန်တက်လာသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset