ရီဖူရှင်းက နန်ဟောင်ကို မကြည့်ပေ။ သူက အဖမ်းခံထားရသော ချင်ရန်၊ စီဝူကျိ၊ ရွယ်ယွန်ပိုကျင်နှင့် တခြား လူများကိုသာ ကြည့်သည်။
“ဆရာရီ… ဒီလို မလုပ်ပါနဲ့…” ချင်ရန်က သက်ပြင်းချကာ ပြောသည်။ သူတို့က ရီဖူရှင်းအတွက် အဖမ်းခံရကာ ဓားစာခံ ဖြစ်ရသည်တွင် သေချာပေါက် သေရတော့မည်ဟု တွေးထားကြပြီး ဖြစ်သည်။ မည်သို့ဆိုစေ သူတို့က ရီဖူရှင်းနှင့် သာမန်ကာလျှံမျှသာ ရင်းနှီးခြင်း ဖြစ်သည်။ သို့သော် ရီဖူရှင်းက သူတို့အတွက် အမှန်တကယ် ရောက်လာမည်ဟု တစ်ခါမှ မထင်ထားခဲ့ကြ။
“ကျုပ်တို့က တစ်ဖွဲ့တည်း ဆိုမှတော့ ဘယ်သူ့ကိုမှ နောက်မှာ ချန်ထားခဲ့လို့ မရဘူး…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။
ချင်ရန်နှင့် တခြား ဓားစာခံများ အားလုံးက စိတ်လှုပ်ရှား ရသည်။ သို့သော်လည်း သူတို့အားလုံးက လက်ရှိ အခြေအနေကို တွက်ဆကာ အသက်ရှင်ရက် ထွက်သွားနိုင်မည်ဟု မယုံကြည် ထားကြပေ။
“မင်းက တကယ်ပဲ သစ္စာရှိတယ်… ဒါဆိုလည်း မင်းကို သေရွာ ပို့ရတာပေါ့…” ကျင်းကလန်မှ တစ်ယောက်က ချင်ရန်နှင့် တခြား ဓားစာခံများကို ဖမ်းထားရင်းက ပြောသည်။ သူတို့ကလည်း နန်ဟောင်၏ လက်အောက်ကို ဝင်ရောက်ခဲ့သည်မှာ သိသာ ထင်ရှားသည်။ ယခု ရီဖူရှင်းကို သတ်လိုသူများ အားလုံး ကျန်ရှောင်မြို့တွင် လာရောက် စုစည်းနေသည်။
စွမ်းအားမြင့် တန်ခိုးရှင်များ ပတ်ပတ်လည် ဝန်းရံထားရက်မှပင် ရီဖူရှင်းက ရှေ့ကို လျှောက်လာသည်။ ထိုနေရာ တစ်ခုလုံးတွင် ထောင်ပေါင်း များစွာသော နိုဘယ်များဖြင့် ပြည့်နှက်နေသည်။ အမှန်တကယ်အားဖြင့် သည်မျှသော အင်အားက အမှန်ပင် ကြောက်မက်ဖွယ် ကောင်းသည်။
သဘာဝ စွမ်းအင်များက ကောင်းကင်တွင် ပေါက်ဖွား လာကြကာ နေသူရိန်ဓားချက်၊ ရေခဲချုပ်နှောင် စွမ်းအား၊ ရွှေလက်ဝါးနှင့် တခြားသော သေစေနိုင်သော ပညာရပ်များ အားလုံးက ရီဖူရှင်းထံကို ပေါင်းစုလျက် ရောက်လာကြသည်။ အားလုံးက သူ့အား တစ်ကွက်တည်းဖြင့် ဘာမှ မကျန်တော့အောင် အမှုန့်ခြေပစ်လိုဟန် ရသည်။
ရီဖူရှင်း၏နှင်တံက ကြီးမားသွားကာ ကြယ်တာရာ မုန်တိုင်းက သူ့ရှေ့တွင် ပေါ်လာသည်။ သူ၏ပတ်လည်တွင် ကြယ်များ ဖြစ်ပေါ်လာ၏။ မရေမတွက်နိုင်သော မှော်စွမ်းအင်များ သူ့ထံ ရောက်လာသည့်တိုင် သူက ရှေ့ကို တက်သွားသည်။ နှင်တံအား ဝှေ့ယမ်းသည်တွင် ထိုမှော်စွမ်းအင်များ အားလုံး ပျက်ပြယ် ရသော်လည်း သူ့အတွက် ရှေ့တိုးရန် ခက်ခဲနေဆဲ ဖြစ်သည်။ သူက နည်းလမ်းပေါင်းများစွာ အသုံးပြု၍ သူ၏တိုက်ခိုက်ရေး စွမ်းအင်ကို တိုးမြှင့်ခဲ့သည်။ သို့သော်လည်း သူ၏ပင်မ အခြေခံ တန်ခိုးအဆင့်က နိမ့်ကျနေ၏။
စွမ်းအင် တန်ပြန်အားကြောင့် လွင့်စဉ်လာသော လီစွမ်းကို ကြည့်ကာ လီချန်းရီက ဒေါသတကြီး ကြည့်သည်… “လီစွမ်း… ရှင်က အခု ခွေးတစ်ကောင် ဖြစ်နေပြီ ဆိုတာကို သိလား…”
ဖြန်း…
လီစွမ်းက လီချန်းရီ၏ပါးကို ရဲခနဲ ဖြစ်သွားအောင် ရိုက်နှက်လိုက်သည်။ သူ၏မျက်နှာတွင် သိမ်မွေ့သော ဟန်ပန်များ မရှိတော့။ အတုအယောင် အပြုံးပင်လျှင် မရှိတော့။ ကျန်ရှိနေသော အရာကား သုန်မှုန်ခြင်း အကျည်းတန်ခြင်း များသာ။ သူက ရီဖူရှင်းထံတွင် ခုနကလည်း သေမလိုဖြစ်ခဲ့ပြီး ယခု လီချန်းရီ၏ လှောင်ပြောင်မှုကိုလည်း ခံလိုက်ရသည်။
သူမ၏မျက်နှာတွင် လက်ငါးချောင်းရာ ထင်သွားပြီး ပါးစပ်မှ သွေးစများကိုလည်း အထင်းသား တွေ့ရသည်။ သို့သော် သူမ၏အေးစက်သော မျက်လုံးများက လီစွမ်းထံတွင်သာ ရှိသည်… “ရှင်က အရင်ကတည်းက ဟန်ဆောင်ပြီး ကောက်ကျစ် တတ်တယ်လို့ ကျွန်မ ထင်ခဲ့တယ်… ဒါပေမဲ့ ရှင်က မြို့ရိုးဖြူမြို့မှာ ဂုဏ်သိက္ခာ နည်းနည်းတော့ ရှိခဲ့သေးတယ်… အခု ကြည့်ရတာတော့ ကျွန်မက ရှင့်ကို အထင်ကြီးခဲ့မိတာပဲ… ရှင့်ဘဝက အဆင့်အတန်းနိမ့်တဲ့ အစေခံပဲ ဖြစ်မှာ…”
“လီချန်းရီ… ငါ့မှာ မင်းအတွက် မကောင်းကြံနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိတယ်… ငါက အိမ်ကို ပြန်ရောက်တာနဲ့ မင်းကို ဆုလက်ဆောင်တွေ ပေးရတာပေါ့…” လီစွမ်းက အရုပ်ဆိုး အကျည်းတန်သော မျက်နှာဖြင့် ပြောသည်။ လီချန်းရီက သရော်ပြုံး ပြုံးသည်။ ထို့နောက် သူမက မဆုံးနိုင်သော တိုက်ခိုက်မှုများကြောင့် အရံအတားများ အားနည်း လာနေသော ရီဖူရှင်းကို ကြည့်သည်။ သူကား အသက်အန္တရာယ် ရှိနေပြီ ဖြစ်သည်။
ရီဖူရှင်း၏နှင်တံက တိုက်ခိုက်မှုများကို အဆက်မပြတ် ဝှေ့ယမ်း ကာကွယ်နေသည်။ သို့သော် တားဆီးနိုင်ရုံမျှသာ။
လီစွမ်းရီ၏ မျက်လုံးများက ရီဖူရှင်းအတွက် စိုးရိမ်ဟန်များ အထင်းသား တွေ့ရသည်။
သူရိယ နေမင်းကျောင်းမှ လူများက ရီဖူရှင်းအား အလွန်အမင်း သေစေလိုကြရာ သူတို့က ရှေ့ဆုံးမှ ဦးဆောင်၍ တိုက်ခိုက် နေကြသည်။ နေသူရိန် ဓားချက်များက အဆက်ပြတ် ကျဆင်း လာနေသည်။
နန်ဟောင်က တိတ်ဆိတ်စွာပင် ထိုင်နေသည်။ ရီဖူရှင်းကား သူကိုယ်တိုင် တိုက်ခိုက်ရမည့်လူ မဟုတ်ပေ။ သူက သည်လူငယ်အား အဆိပ် မီးတောက်မြို့တွင် တိုက်ခိုက်ခဲ့သည်မှာ တော်ဝင် တံဆိပ်ပြားများကြောင့် ဖြစ်သည်။ ရီဖူရှင်းထံတွင် တော်ဝင် တံဆိပ်ပြားများ မရှိမှတော့ သူက တိုက်ခိုက်ရန် စိတ်မဝင်စား။
ရီဖူရှင်းထံမှ နောက်ထပ် အလင်းတစ်ခု ဖြာထွက်လာသည်။ တိုက်ခိုက်မှုများ သူ့ထံကို စုပြုံကျလာသောအခါ သူ့ထံမှ အားလှိုင်းတစ်ခု နိုးထလာဟန်ရကာ သူ၏ခန္ဓာကိုယ်မှလည်း အလင်းတန်းများ ဖြာထွက်လာသည်။ လူတိုင်းက ထိုအရာများကို ကြည့်ကာ မျက်နှာပျက် သွားကြသည်။
သို့သော် သူက မည်သို့ နည်းလမ်းများ သုံးပါစေ တိုက်ခိုက်မှုများက သူ့အား သေစေရမည်။ ရီဖူရှင်း၏ အဆုံးသတ်က နီးကပ်လာပြီ ဖြစ်သည်။
ရီဖူရှင်းက ကောင်းကင် ပျက်သုဉ်းခြင်းနှင်တံကို ဆုပ်ကိုင်ကာ အပေါ်မြင့်မြင့်ကို ပျံသန်းသွားသည်။ ကောင်းကင်နှင့် မြေပြင်ကို တုန်ခါစေလျက် ထောင်ပေါင်း များစွာသော နှင်တံပုံရိပ်များ ဖြစ်ပေါ်လာသည်။ နှင်တံရိုက်ချက် အောက်တွင်ပင် အားလုံးသော မှော်စွမ်းအားများ ကြေပျက် ရပြန်၏။
“ဘာဖြစ်နေတာလဲ…” ရီဖူရှင်းအား ကြည့်ကာ လူတိုင်း၏ မျက်နှာတွင် နားမလည်နိုင်မှုများ အထင်းသား တွေ့ရသည်။ သူက ကောင်းကင်တွင် နတ်ဘုရား တစ်ပါးလို ရောင်စဉ်များ တောက်ပလျက် ရပ်နေသည်။ ယခု သူ၏ခန္ဓာကိုယ်မှ အရောင်အဝါနှင့် ဟန်ပန်က လူသားကမ္ဘာထဲကို ဆင်းသက်လာသော ဧကရာဇ်တစ်ပါးအလား ထင်မှတ်ရသည်။
သူကား ဘုရင်တစ်ပါးလို ကောင်းကင်တွင် ရပ်နေသည်။
ကျင်းယွန်လင်နှင့် ချန်ဝမ်တို့၏ မျက်နှာများက ပြာနှမ်း သွားကြသည်။ သည်မြင်ကွင်းက သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံမှ မြင်ကွင်းကို ပြန်မြင်ရစေသည်။ ရီဖူရှင်းက သာမန်လူများ မတတ်နိုင်သော တိုက်ခိုက်ရေး စွမ်းအားကို ပြသခဲ့သည်။ ကြည့်ရသည်တွင် ရီဖူရှင်း၏ တန်ခိုးစွမ်းအင်ကို အဆမတန် အားကောင်းစေသော လျှို့ဝှက် နည်းစနစ်တစ်ခု ရှိဟန်ရသည်။
သေရည်ကို အေးအေးလူလူ သောက်နေသော နန်ဟောင်က တစ်စုံတစ်ခုကို ခံစားမိကာ ရီဖူရှင်းကို ကြည့်သည်။ ရီဖူရှင်းထံမှ ထူးခြားသော ရောင်စဉ်များကို မြင်ကာ သူက မျက်မှောင်ကြုတ် လိုက်သည်။
ကြည့်ရသည်မှာ သည်လူငယ်၌ လျှို့ဝှက် ပညာရပ်များ ရှိနေဟန် ရသည်။ နန်ဟောင်က စိတ်ဝင်စား သွားသည်။ ကြည့်ရသည်မှာ သူက ရီဖူရှင်းအား အမှန် လျှော့တွက်မိပြီ။ ရီဖူရှင်းက သူ၏ မျက်လုံးအောက်မှ ရှေးဟောင်း နယ်မြေကို လှည့်ကွက်ဖြင့် ဖွင့်သွားခဲ့သည်မှာ မထူးဆန်းတော့။ သူ့တွင် ထိုသို့ အရည်အချင်း ရှိနေသည်။
ချင်ရန်နှင့် တခြား ဓားစာခံများက ထိုမြင်ကွင်းကို ကြည့်ကာ ကြီးစွာ စိတ်လှုပ်ရှား ကြသည်။ သူတို့ထံတွင် လာရောက် ခိုလှုံသည့် ရီဖူရှင်းက ဤသို့ စွမ်းအားများကို ပိုင်ဆိုင်သည်လား။ သူတို့က အမှန်ပင် ရီဖူရှင်းကို အထင်လွဲခဲ့ကြပြီ။ ယခင်က ရီဖူရှင်း၏ အပြုအမူများကို စဉ်းစားလျှင် ရီဖူရှင်းက သူတို့ကို မှီခိုခြင်း မရှိခဲ့ကြောင်း ယခုမှ ရိပ်မိကြသည်။
သို့သော် ဤမျှ စွမ်းအားမြင့်သော လူများအကြားမှ သူက အမှန်တကယ် အသက်ရှင်ရက် ထွက်သွား နိုင်မည်လော။ အထူးသဖြင့် နန်ဟောင်ကို သူက ယှဉ်နိုင်ပါမည်လော။
သူတို့အားလုံးက စိတ်ပူနေကြဆဲ ဖြစ်သည်။ အကယ်၍ ဤသို့ နတ်ဘုရားအလား ပါရမီရှင်က သည်နေရာတွင် သေဆုံးခဲ့ပါက ကံကြမ္မာက အလွန် သွေးအေး ရက်စက်သည်ဟု ပြောရပေတော့မည်။
စွမ်းအားမြင့် တန်ခိုးရှင်များက အတန်ကြာ မှင်တက်နေပြီးမှ အပေါ်ကို တက်ရောက်ကာ ဆက်လက် တိုက်ခိုက်ကြရာ နောက်ထပ် မှော်စွမ်းအင် တစ်ပြုံတစ်မကြီးက ရီဖူရှင်းထံ ရောက်လာ ကြပြန်သည်။ ရီဖူရှင်းက ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံကို ကိုင်နေရင်းက သူ၏ကိုယ်ရောင် ကိုယ်ဝါကလည်း တဖြည်းဖြည်း ပိုမိုအားကောင်း လာနေသည်။ ကြယ်တာရာ အလင်းနှင့် တော်ဝင် အလင်းများ ပေါင်းစပ်ခြင်းက ကြယ်တာရာ နတ်ဘုရား ခန္ဓာကိုယ်အလား ထင်မှတ်ရစေကာ မည်သည့် တိုက်ခိုက်မှုကမှ သူ့အား အရာမထင်။
သူ၏ခန္ဓာကိုယ်မှ သွေးများ ပွက်ပွက်ဆူလာကာ ပတ်ဝန်းကျင် တစ်ခုလုံးကိုပင် ရိုက်ခတ်စေသော စွမ်းအင် ဆင့်ကဲ တိုးတက်မှုကြီးက သူ၏ခန္ဓာကိုယ်တွင် ဖြစ်ပေါ်နေသည်။ သူ့အနီးတွင် မှော်စွမ်းအင်များ အားလုံးက ပျက်ပြယ်ရသည်။ စွမ်းအားမြင့် တန်ခိုးရှင်များ အားလုံးက မျက်နှာများ ပြာနှမ်း သွားကြသည်။
နတ်ငှက်၏ ရွှေအတောင်ပံများကို စွင့်စွင့်ကားကား ဖြန့်ကြက်ရင်းဖြင့်ပင် ရီဖူရှင်းက သူ၏နှင်တံကို ကိုင်ကာ ဝှေ့ယမ်းလိုက်သည်။ နှင်တံနောက်မှ လိုက်ပါလာသည်ကား ပေတစ်ထောင်မျှ ရှည်လျားသော နှင်တံပုံရိပ်ဖြစ်ကာ လေထုက တဝုန်းဝုန်း ထမြည်သည်။ လမ်းကြောင်း တစ်လျှောက် အရာခပ်သိမ်းက နှင်တံအောက်တွင် ပြားပြား ဝပ်တော့မည့်အလား ထင်မှတ်ရသည်။
“နောက်ဆုတ်…” လူအများအပြားက ကြောက်ရွံ့ ထိတ်လန့် ကြရသည်။ ရီဖူရှင်းက အဘယ်ကြောင့် ဤမျှ ကြောက်မက်ဖွယ် ကောင်းရသနည်း။ သူရိယနေမင်း ကျောင်းမှ စွမ်းအားမြင့် တန်ခိုးရှင်များကား မျက်နှာ၌ သွေးများပင် မရှိတော့။ အကြောင်းပြချက်ကား ရီဖူရှင်းက သူတို့ကို စူးရဲစွာကြည့်လျက် ချဉ်းကပ် လာခြင်းကြောင့် ဖြစ်သည်။
“လူစုခွဲ…” သူရိယနေမင်းကျောင်းမှ တန်ခိုးရှင်များက သူတို့၏နေသူရိန် ဓားချက်များကို ထုတ်ကာ အရပ်မျက်နှာမျိုးစုံသို့ လူစုခွဲကာ ထွက်ပြေးကြသည်။
ရီဖူရှင်းက သူတို့ကို အေးစက်စွာ ကြည့်သည်။ ထို့နောက် သူ၏ နိုဘယ်အသိကို ဧကရာဇ် စွမ်းအားဖြင့် အဆင့်မြှင့်ကာ ပတ်ဝန်းကျင်အား ဖြန့်ကြက်လိုက်သည်။ ထိုအခိုက်တွင် သူရိယနေမင်း ကျောင်းမှ တန်ခိုးရှင်များ အားလုံးက သူတို့၏ ခန္ဓာကိုယ်ပေါ်ကို ကြီးစွာသော ဖိအား ဆင်းသက် လာသည်ဟု ခံစားရကာ လှုပ်ရှားမှုများ အလွန်အမင်း လေးလံထိုင်းမှိုင်း သွားကြသည်။ ရီဖူရှင်းက သူတို့ထံ လှမ်းလာနေသည်ကို ကြောက်ရွံ့ ထိတ်လန့်သော မျက်လုံးများဖြင့်သာ ကြည့်နိုင် ကြတော့သည်။
ရီဖူရှင်း၏နောက်တွင် နေမင်းတစ်စင်း ဖြစ်ပေါ်လာသည်။ လင်းလက် တောက်ပကာ မသေဆုံးနိုင်သော မီးတောက်များ ပြင်းထန်စွာ တောက်လောင် နေသော နေမင်းဖြစ်သည်။
“နောက်ထပ် သက်စောင့်ဝိညာဉ်…” လူအများအပြားက တုန်လှုပ်ရသည်။ သူ့တွင် သက်စောင့်ဝိညာဉ် ဘယ်နှခုတောင် ရှိသလဲ…။
နေမင်းထံမှ မဆုံးနိုင်သော မီးတောက်များ သူတို့ထံ ဆင်းသက် လာသည်ကို မြင်သည်တွင် သူရိယနေမင်း ကျောင်းမှ တပည့်များအားလုံး ထိတ်လန့် ကြောက်ရွံ့ကြသည်။ ချက်ချင်းပင် သူတို့၏ ခန္ဓာကိုယ်ပေါ်ကို မီးတောက်များ လောင်ကျွှမ်းလာကာ အရပ်ခပ်သိမ်းကို ပြာကျစေသည်။ ချန်းဝမ်၏ ခန္ဓာကိုယ်ကလည်း မီးတောက်များ လောင်ကျွမ်းလာကာ ကြောက်လန့်တကြား အော်ဟစ်သည်… “မဟုတ်ဘူး… အား…”
“ငါ့ကို ခွင့်လွှတ်ပါ…” ချန်းဝမ်က မီးလျှံများ လောင်ကျွမ်းလျက်ပင် နာကျင်မှုများစွာကို မခံမရပ်နိုင်ရကား ဒူးထောက်ကာ တောင်းပန်တိုးရှိုးသည်။
ထိုစဉ်မှာပင် ရီဖူရှင်း၏ နေမင်းဝိညာဉ်မှ မီးဓာတ်လုံးများ ထွက်ပေါ်လာကာ ကောင်းကင်တွင် ဆက်လက် ထွန်းလင်းကြပြီး ပိုမိုပူပြင်းသော မီးတောက်များ ဆင်းသက် ကြပြန်သည်။
“နေမင်းပုရပိုက်…” သူတို့က မယုံကြည်နိုင်စွာဖြင့် ထိုမြင်ကွင်းကို ကြည့်ကြသည်။ ရီဖူရှင်းက သူတို့ကျောင်း၏ အဆင့်အမြင့်ဆုံး ပညာရပ်ကို မည်သည့်အချိန်က တတ်မြောက်ခဲ့သနည်း။ မဖြစ်နိုင်ပေ။ သူရိယနေမင်းကျောင်း တစ်ခုတည်းသာ ထိုပညာရပ်ကို ပိုင်ဆိုင်သည်။ သို့သော် ရီဖူရှင်းက သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံမှ ရရှိခဲ့သော ရှန့်ထိုအမွေကြောင့် နေမင်းပုရပိုက်ကို တတ်မြောက်ခဲ့သည် များလား…။
ရီဖူရှင်း၏ နေမင်းပုရပိုက်က သူတို့ ကျောင်းအုပ်ကိုယ်တိုင် သင်ကြားပေးခဲ့သည် ကိုတော့ သူတို့ သိမသွားခဲ့ကြပေ။
ရီဖူရှင်းက သူတို့ကို မီးအလှဆော့ ကစားပြရန် အချိန်မရှိပေ။ တစ်ယောက်ပြီး တစ်ယောက် နေမင်း၏ နတ်ဘုရား မီးတောက် အောက်တွင် ပြာမှုန့်ဘဝသို့ ကျရောက် သွားရသည်။
ရီဖူရှင်းက မူလအားဖြင့် သည်လူများကို သိပ်ဂရုစိုက်သည် မဟုတ်။ သို့သော် ထိုလူများက အမြဲတမ်း သူ့ထံကို ပြဿနာ လာရှာသည်။
သူ့အတွက် လုပ်စရာ တစ်ခုတည်းသာ ကျန်သည်။ ထိုအရာကား သူတို့အားလုံးကို သတ်ရန်ပင်။
သူ့ထံကို လာရောက် တိုက်ခိုက်မှုများကလည်း ရပ်တန့်သွားသည် မဟုတ်ပေ။ သို့သော် သူ့ထံတွင် ကြယ်တာရာ အရံအတားရှိကာ မည်သည့် တိုက်ခိုက်မှုကမှ သူ့အား သက်ရောက်နိုင်စွမ်း မရှိပေ။
ရီဖူရှင်းကား မူလကတည်းက ကြောက်မက်ဖွယ် ကောင်းအောင် အားကောင်းသည်။ ယခု ဧကရာဇ်အသိအား လောင်ကျွမ်းခြင်းက သူ့အား ပိုမို အားကောင်းစေသည်။ လက်ရှိတွင် သူက အမှန်ပင် နန်ဟောင်နှင့် သူတင်ကိုယ်တင် တိုက်ခိုက်နိုင်မည် ထင်ရသည်။
လီချန်းရီ၊ ချင်ရန်နှင့် တခြားလူများ အားလုံးက သူ့ကို ငေးကြည့် နေကြသည်။ ရီဖူရှင်း၏ စွမ်းအားက သူတို့ကိုပင် ကြောက်လန့်စေသည်။
ရီဖူရှင်းက နောက်လှည့်ကာ ဓားစာခံများကို ကြည့်သည်။ ဓားစာခံများကို ဖမ်းကိုင်ထားသူများ အားလုံး ကြောက်ရွံ့ကြသည်။ ကျင်းလန်မှ လူများအားလုံး ထိတ်လန့်ကြသည်။ သူရိယနေမင်း ကျောင်းတွင် ဖြစ်ပျက်ခဲ့သည်က ယခု သူတို့ထံကို မကြာမီ ရောက်လာတော့မည် ထင်ရသည်။
သူ၏မျက်လုံးမှ နတ်ဘုရား မီးတောက်များ ထွက်ပေါ်လာသည်တွင် အရှိန်အဝါကြီးသော နိုဘယ်အသိက ဓားစာခံများကို ဖမ်းထားသူများထံကို ရောက်လာသည်။ သူတို့အားလုံးက မိမိတို့၏ နိုဘယ်အသိများ လောင်ကျွမ်း ခံရသည်ဟု ခံစားရသည်။ ကိုယ်ပိုင် နိုဘယ်အသိ လောင်ကျွမ်း ခံရသည်ကား သာယာသော ခံစားချက် မဟုတ်ရကား သူတို့အားလုံးက တုန်ယင် ကြောက်လန့် ကြရသည်။
သတ္တမ အတန်းအစား နိုဘယ်ပင်လျှင် ရီဖူရှင်း၏ ကြောက်မက်ဖွယ် နိုဘယ် အသိအောက်တွင် ရုန်းကန်ရသည်။ ထိုအခိုက်တွင် မိစ္ဆာငှက်တစ်ကောင်က သူတို့ထံသို့ မြန်ဆန်စွာ ချဉ်းကပ်လာသည်။ မြန်ဆန်သော လက်သည်းများ အောက်တွင်ပင် တစ်ယောက်ပြီး တစ်ယောက် ခန္ဓာကိုယ်များ ပြတ်တောက် သွားကြရ၏။
***