Switch Mode

အပိုင်း (၅၂၈)

ကျန်ရှောင်မြို့ထဲ၌

လီစွမ်းက အနည်းငယ် အံ့အားသင့်သွားဟန် ရသည်။ ရီဖူရှင်းက ဤသို့ ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် ချင်ရန်တို့အုပ်စုကို လာကယ်မည်ဟု သူမထင်ထားပေ။

မြို့ထဲကို ဝင်ရောက်ပြီးနောက် ရီဖူရှင်းက လီစွမ်းကို ကြည့်သည်။ သူ၏အမူအရာက တင်းမာနေခြင်း မရှိသလို အော်ဟစ်ခြင်းလည်း မရှိပေ။ သူက ကြောက်စရာ ကောင်းလောက်အောင်ပင် တည်ငြိမ်စွာ ပြောသည်…“ကျုပ်ရောက်ပြီ ” သူက အေးစက်စွာ ပြောသည်… “သူတို့ ဘယ်မှာလဲ…”

“အစ်ကိုရီက တကယ်ပဲ သစ္စာတရား ကြီးမားတာပဲ… ချင်ရန်တို့က မြို့ထဲမှာ စောင့်နေကြတယ်… ကြိုဆိုပါတယ်…” လီစွမ်းကလည်း ရင်းနှီးဖော်ရွေစွာ ပြောသည်။ သူ၏ပုံစံက မိတ်ဆွေ တစ်ယောက်ကို အလည်အပတ် ဖိတ်ခေါ်နေသလို…။ သူ၏အမူအရာကို ကြည့်ရုံမျှဖြင့် သူလုပ်ခဲ့သည်များကို မည်သူမှ ယုံကြည်မည် မဟုတ်ပေ။

ရီဖူရှင်းက ဘာမှ မပြော။ သူက မြို့ထဲကို ဆက်လက် လျှောက်လှမ်းသွားသည်။

မရေမတွက်နိုင်သော လူများက ရီဖူရှင်း၏ နောက်ကျောကို သူပျောက်ကွယ် သွားသည်အထိ ကြည့်နေကြသည်။ သူတို့အားလုံး ရီဖူရှင်းအတွက် စိတ်မကောင်း ဖြစ်ရသည်။ ယခု သူတို့က ရီဖူရှင်းအတွက် ဆုတောင်းရုံမှတပါး တခြားမရှိတော့။

ရီဖူရှင်းက ရှေ့ကို ဆက်လက် လျှောက်သွားသည်တွင် များစွာသော စွမ်းအားမြင့် တန်ခိုးရှင်များ အရှိန်အဝါကြီးစွာဖြင့် ဘေးတစ်ဖက်တစ်ချက်မှ ပေါ်လာကြသည်။ ရီဖူရှင်းက လျှောက်လှမ်းနေရာမှ​ရပ်လိုက်ပြီး လီစွမ်းကို ပြောသည်… “ကျုပ် သူတို့ကို တွေ့ချင်တယ်…”

“အစ်ကိုရီ… သခင်လေးနန်က ခင်ဗျားရဲ့ ဦးခေါင်းကို မြင်ချင်နေတယ်… သူက ခင်ဗျား ဦးခေါင်းကို မြင်တာနဲ့ ချင်ရန်တို့ အုပ်စုကလည်း အဆင်ပြေ သွားလိမ့်မယ်…” လီစွမ်းက ပြုံးသည်။ ရီဖူရှင်းက ကျန်ရှောင်မြို့ကို ရောက်လာမှတော့ သူက အသက်ရှင်ရက် ထွက်သွားနိုင်မည် မဟုတ်တော့ပေ။ ချင်ရန်တို့အုပ်စုကိုမူ သူက လွှတ်ပေးရန် မူလကတည်းက စိတ်ကူးမရှိပေ။ ရန်ငြိုးရန်စဟူသည် ထားကောင်းသော အရာမဟုတ်။

မနီးမဝေးကို သူရိယနေမင်းကျောင်းမှ လူများလည်း ရောက်ရှိ လာကြသည်။ သူတို့က လေထဲတွင် ရပ်ကာ ရီဖူရှင်းတို့အုပ်စုကို အေးစက်စွာ ကြည့်နေကြသည်။ ကြယ်မင်းကျောင်းမှ သားတော်ကား အလွန်အမင်း ထူးချွန်ကာ တော်ဝင် ပညာရပ်အား ဆက်ခံသည်။ သူက မြေရိုင်းဒေသ အရှေ့ဘက်နယ်တွင် ပြိုင်ဘက်ကင်းသူလည်း ဖြစ်သည်။ သူက ယနေ့ တော်ဝင်လမ်းတွင် သေကို သေရမည်။

“အားလုံး ရောက်နေကြတာပဲ…” ရီဖူရှင်း ရေရွတ်သည်။ ကြည့်ရသည်မှာ ကျန်ရှောင်မြို့၌ သူ့အား သတ်လိုသူများ စုစည်းနေကြဟန် ရ၏။

သူ၏လက်၌ ကောင်းကင် ပျက်သုဉ်းခြင်းနှင်တံ ပေါ်လာသည်။ ရီဖူရှင်းနှင့် နှင်တံအား အလင်းတန်းများ လှည့်ပတ်နေကြသည်။ ချက်ချင်းပင် နှင်တံက စူးရှတောက်ပ သွား၏။ ပတ်ဝန်းကျင်၌ ကြယ်တာရာ သီးသန့်နယ်တစ်ခု ဖြစ်လာသည်။

“သူ့လက်နက်က တော်တော် အားကောင်းပုံရတယ်…” လူအများအပြားက ရီဖူရှင်း၏နှင်တံကို ကြည့်ကြသည်။ နှင်တံ၏အရှိန်အဝါကို သူတို့ ခံစား၍ရသည်။

ဝုန်း…

ကြမ်းတမ်းသော ကိုယ်ရောင်ကိုယ်ဝါ တစ်ခု ရီဖူရှင်းထံမှ ပေါက်ကွဲ ထွက်လာသည်။ နတ်လူဝံကြီး၏ ပုံရိပ်က ရီဖူရှင်းနှင့် တစ်သားတည်း ဖြစ်သွားသည်ကို အားလုံးက မြင်ကြရသည်။ ထို့နောက် သူ၏နောက်ကျောမှ အလွန်တရာ လှပသော နတ်ငှက် အတောင်ပံတစ်စုံ ထွက်ပေါ်လာသည်။

“သက်စောင့်ဝိညာဉ်နှစ်ခု…” လူတိုင်း၏မျက်လုံးများက လေးနက် သွားကြသည်။ ထို့နောက် ရီဖူရှင်းက ကောင်းကင်ထဲကို ပျံဝဲတက်သွားကာ အားလုံးကို ကြည့်သည်။

လီစွမ်းက မျက်မှောင်ကို ကျုံ့လိုက်သည်။ သူက လင်းလက် တောက်ပသော လူငယ်အား လှမ်းကြည့်သည်။ ရီဖူရှင်းက သည်မျှပင် အားကောင်းသည်လား။ သူ အံ့အားသင့်ရသည်။ ကျိုးရှင်းတောင်၌ ရီဖူရှင်းက သာမန် အကာနာတန်ခိုးရှင် တစ်ယောက်သာဟု သူက ထင်မှတ်ခဲ့သည်။ ဘယ်လောက် ရယ်စရာ ကောင်းလိုက်သလဲ။ ယခု အခြေအနေအရ ရီဖူရှင်းက နိုဘယ် တန်ခိုးရှင်နှင့်ပင် ယှဉ်ပြိုင် နိုင်လောက်သည်။

ဟူး… ရီဖူရှင်း၏ ခြေထောက်မှ လျှပ်စီးများ တဖျတ်ဖျတ် လက်သွားသည်။ လေနှင့် လျှပ်စီးဓာတ်များ လေထုကို ခွင်းသွားသည်တွင် လျှပ်စီးအရိပ်ခြေလှမ်း ဖြစ်ပေါ်လာသည်။ ရီဖူရှင်းကား အလွန်အမင်း မြန်ဆန်လွန်းရကား မျက်လုံးတစ်မှိတ် အတွင်း၌ လီစွမ်း၏ရှေ့ကို ရောက်လာသည်။

လီစွမ်း၏အနီးမှ လူများအားလုံးက အလွန်တရာ အားကောင်းသော အရှိန်အဝါကို ခံစားမိကြသည်။ သူတို့ထံကို ကြယ်တာရာ ကောင်းကင်ကြီး တစ်ခုလုံး ပြိုဆင်းလာသလို ခံစားကြရ၏။ သူတို့၏လှုပ်ရှားမှုများ လေးလံ နှေးကွေးသွားသည်။

ယခုတွင်ကား ရီဖူရှင်း၏နှင်တံက မီတာတစ်ရာခန့် ရှည်လျားသွားပြီး ဖြစ်သည်။ လူအများအပြားက နှင်တံကို ထိတ်လန့်စွာ ကြည့်ကြသည်။ နှင်တံက ကြောက်မက်ဖွယ် အားလှိုင်းများကို သယ်ဆောင်၍ သူတို့ထံ ဆင်းသက် လာသည်။

“မဟုတ်ဘူး…” အားနည်းသော တန်ခိုးရှင်များကား ထိတ်လန့်သည်မှာ ဆိုဖွယ်ရာပင် မရှိတော့။ သူတို့၏လက်နက်များကို အသက်သွင်းကာ ထိုကြောက်မက်ဖွယ် အားအင်ကို ခုခံကြသည်။

ဘုန်း…

ကျယ်လောင်သော အသံကြီးက ကောင်းကင်ပြိုဆင်း သွားသည့်အလား ထင်မှတ်ရသည်။ များစွာသော တန်ခိုးရှင်များ ထိုရိုက်ချက်အောက်တွင် သေဆုံးသွားကြသည်။ အားကောင်းသော လူများကသာ သွေးများအန်ကာ ဒဏ်ရာ ပြင်းထန်စွာ ရကြ၏။ လီစွမ်းသည်လည်း မြေပေါ်ကို ကျသည်။ သူ၏မျက်နှာက သွေးဆုတ်ဖြူရော် နေကာ ပါးစပ်မှလည်း သွေးများ ယိုစီးကျနေသည်။

ရီဖူရှင်းက ဘယ်လိုလုပ် သည်မျှ အားကောင်းရသနည်း။ သည်ရိုက်ချက်ကား သေချာပေါက် သတ္တမအတန်းအစား နိုဘယ်စွမ်းအား ဖြစ်သည်။ လီစွမ်းကား မြို့ရိုးဖြူမြို့၏ သခင်လေးဖြစ်ကာ နိုဘယ်များစွာဖြင့် တိုက်ခိုက်ဖူးသည်။ သူက အလွန် အားကောင်းသော သတ္တမ အတန်းအစား နိုဘယ်များဖြင့်လည်း တိုက်ခိုက်ဖူးသည်။ ယခု ရီဖူရှင်း၏ ရိုက်ချက်က ထိုအဆင့်များ အားလုံးကို ကျော်ဖြတ်သွားသည်။

ထိုအခိုက်တွင် ရေခဲဓာတ်က ဆင်းသက်လာကာ ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ဖုံးအုပ်သွားသည်။ သို့သော် ရေခဲဓာတ်က ရီဖူရှင်း၏ လှုပ်ရှားမှုကို ခဏမျှသာ ဟန့်တားနိုင်သည်။ လီစွမ်းမူကား ထိုအခွင့်အရေးကို သုံးကာ မြန်ဆန်စွာ နောက်ဆုတ်သည်။ သူက ကောင်းကင်ထဲကို ပျံတက်ကာ အဝေးကို ထွက်ပြေး၏။ ရီဖူရှင်းက အန္တရာယ် ရှိသည်ဟု သူခံစားရသည်။

များစွာသော မှော်စွမ်းအင်များ ရီဖူရှင်းထံကို ရောက်လာသည်။ သို့သော်လည်း သူ၏နောက်ထပ် နှင်တံရိုက်ချက်တွင် ထိုစွမ်းအားများ အားလုံး ပျက်ပြယ်ကြရသည်။

နောက်ထပ် ဘုန်းခနဲ မြည်သံနှင့်အတူ လူအများအပြား ထပ်မံ သေဆုံးရသည်။ တစ်စုံတစ်ယောက်က ထွက်ပြေးရန် ကြိုးစားသည်။ သို့သော် ရီဖူရှင်းက ပိုမြန်သည်။ ရီဖူရှင်း၏ နှင်တံအောက်တွင် ထိုလူ၏ဦးခေါင်းက ကြေမွသွားရသည်။

ပတ်ဝန်းကျင်မှ စွမ်းအားမြင့် တန်ခိုးရှင်များ အားလုံး ထိတ်လန့် သွားကြသည်။ ရီဖူရှင်း၏ခေါင်းကို ဖြတ်ခြင်းက ထမင်းစား ရေသောက်မျှသာ အားထုတ်ရမည်ဟု သူတို့ ထင်ထားခဲ့သည်။ သို့သော် ယခု သူက နိုဘယ် အများအပြားက လွယ်လင့်တကူ သတ်ဖြတ်ပြခဲ့၏။

ဟူး…

ရီဖူရှင်းက လျှပ်စီးအရိပ် ခြေလှမ်းကို ထပ်သုံးလိုက်သည်။ ရီဖူရှင်းက လီစွမ်းရှိရာ အရပ်သို့ လျှပ်စီးအလား ပြေးဝင်သွားသည်။ လီစွမ်းက သူ့ကို သတ်လိုမှတော့ သူကလည်း လီစွမ်းကို သတ်မှ ရမည်။

“မင်းက သေချင်နေတာပဲ…” မိုးခြိမ်းသံအလား အသံတစ်သံနှင့်အတူ အဝေးမှ လူတစ်ယောက် ရောက်လာသည်။ သူ့အား ကြည့်ရသည်မှာ အလွန် အားကောင်းဟန် ရသည်။

“မိုကျွမ် ရောက်လာပြီ…” အားလုံးက မိုကျွမ်ကို ကြည့်ကာ စိတ်အေး သွားရသည်။ သူတို့အားလုံး ရီဖူရှင်းကို လျှော့တွက်ခဲ့ကြသည်။ သူက ကြောက်မက်ဖွယ် ကောင်းသော တိုက်ခိုက်ရေး စွမ်းအင်ဖြင့် ရုတ်တရက် တိုက်ခိုက်ခဲ့ကာ များစွာသော နိုဘယ်များကို ချက်ချင်း သတ်ဖြတ်ခဲ့သည်။ မိုကျွမ်ကိုမြင်မှ စိတ်ချမ်းသာ သွားကြသည်။

လီစွမ်းက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။ သူက သေဘေးမှ လက်မတင်လေး လွတ်ခဲ့သည်။ ရီဖူရှင်းက မည်သို့သော လက်နက်မျိုးကို သုံးနေသနည်။ ထိုလက်နက်ကား ကြောက်မက်ဖွယ် ကောင်းလှသည်။

ကောင်းကင်တွင် စစ်ရထား တစ်စင်း ပေါ်လာသည်။ လျှပ်စီးနှင့် မိုးကြိုးများက စစ်ရထားကို ကြောက်မက်ဖွယ် ကောင်းစွာ စီးဆင်းနေကြကာ စစ်ရထားထဲတွင် မိုကျွမ်က ထိုင်နေသည်။ စစ်ရထားက မိုကျွမ်၏နောက်ထပ် သက်စောင့်ဝိညာဉ် တစ်ခုဖြစ်သည်။

ကြောက်မက်ဖွယ် ကောင်းသော စစ်ရထားက ရီဖူရှင်းထံ ဆင်းသက်လာသည်။

ရီဖူရှင်းက သူ၏နှင်တံကို တင်းကျပ်စွာ ဆုပ်ကိုင်သည်။ သူ၏အနီးတွင် ကြယ်တာရာ နတ်ဘုရားလို ကြယ်များ ဝန်းရံသည်။ စစ်ရထားကာ သူ့ထံ ဆင်းသက်လာလျှင် ကြယ်များ အက်ကွဲရ၏။ ကောင်းကင်မှ ဆင်းလာသော ပုံရိပ်က ပြိုင်ဘက်ကင်းဟန် ရသည်။

မိုကျွမ် ဆင်းလာသည်နှင့် စစ်ရထားက ထောင်ပေါင်း များစွာသော စစ်သည်များနှင့် မြင်းများကို ဦးဆောင်လာသည်ဟု ခံစားရသည်။ သူတို့က အရာအားလုံးကို ပြားပြားဝပ် စေနိုင်သည်။

ကြယ်မင်း ပြိုလဲကြကာ ရီဖူရှင်းက သူ၏နှင်တံကို ဝှေ့ယမ်းသည်။ သူက ကောင်းကင်ကို ဆန်၍ ရိုက်ချလိုက်သည်တွင် ကောင်းကင်ကပင် နှစ်ခြမ်းကွဲသွားဟန် ရ၏။

ဘုန်း…

ကြောက်မက်ဖွယ် ကြမ်းတမ်း ပြင်းထန်သော ထိတွေ့မှု တစ်ခုနှင့်အတူ ကောင်းကင်က အက်ကွဲသည်။ ရီဖူရှင်းက နောက်ကို လွင့်စဉ်သွားသည်။ သူ၏ရိုက်ချက် စွမ်းအားက ကြောက်မက်ဖွယ် ကောင်းသည်။ သူက ကိုယ်ပိုင် နိုဘယ်အသိကို မွေးဖွားခဲ့သော်လည်း သူ၏တန်ခိုးအဆင့်က အကာနာ အဆင့်ရှစ်မျှသာ ရှိသေးသည်။ သူက ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံဖြင့် သတ္တမ အတန်းအစား နိုဘယ်ကိုပင် အနိုင်ယူနိုင်သည်။ သို့သော် မိုကျွမ်ကား သာမန် နိုဘယ် မဟုတ်ပေ။ သူကား ကြောက်မက်ဖွယ် တိုက်ခိုက်ရေး စွမ်းအင်ကို ပိုင်ဆိုင်သော ပါရမီရှင် ဖြစ်သည်။

မိုကျွမ်က ဆက်လက် ဆင်းသက် လာသည်။ ရီဖူရှင်း၏ စိတ်ထဲတွင် ထိတ်လန့်ဖွယ် ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ မရေမတွက်နိုင်သော စစ်ရထားများ ကောင်းကင်မှ သူ့အပေါ် နင်းခြေသွားသလို ခံစားရသည်။ ကောင်းကင်နှင့် ကမ္ဘာမြေပင် အက်ကွဲပြိုလဲရကာ သူ၏စိတ်ကို ဖြိုခွင်းသည်။ မိုကျွမ်၏နိုဘယ် အသိကား အင်အား ကောင်းလွန်းသည်။

ရီဖူရှင်းက အပေါ်ကို ပျံသန်းလိုက်သည်။ ထို့နောက် တစ်ဖန် ကောင်းကင်မှ ပြန်လည် ကျဆင်းလာ၏။ နတ်လူဝံ၏အော်သံက ကောင်းကင် တစ်ခွင်ကို ဟိန်းသွားကာ ထောင်ပေါင်း များစွာသော နှင်တံများ ကောင်းကင်တွင် ပေါ်လာသည်။ ကောင်းကင်တစ်ခွင် ပြည့်နှက်သွားသော နှင်တံပုံရိပ်များက တစ်နေရာတည်းကို စုပုံကျလာကာ အရာအားလုံးက ပျက်စီးပြိုလဲရသည်။

“ငါ့တာဝန် ထားလိုက်…” ထိုအခိုက်တွင် ဖက်တီးတစ်ယောက် ရောက်လာသည်။ သူကား သစ်မင်းနွယ်ပင် သက်စောင့်ဝိညာဉ်အား ထုတ်လွှတ်ထားသော ယိရှောင်ရှီ ဖြစ်သည်။ သူက နွယ်ပင်များနှင့်အတူ မိုကျွမ်ထံသို့ ပျံသန်းသွားသည်။

ရီဖူရှင်းက ဘာမှ မပြောတော့။ သူက နောက်လှည့်ကာ လီစွမ်းထံသို့ ပျံသန်းသွားသည်။ လီစွမ်း၏မျက်နှာက တစ်မုဟုတ်ချင်း ပြောင်းလဲသွားသည်။ သူက နောက်လှည့်ကာ တွန့်ဆုတ်ခြင်း မရှိဘဲ အဝေးကို ထွက်ပြေးတော့သည်။

ရီဖူရှင်းက ရှေ့ကို တက်သွားသည်။ စွမ်းအားမြင့် တန်ခိုးရှင်များက ထိုအရပ်တွင် စုစည်း နေကြသည်။ ထိုအခိုက်တွင် နိုဘယ်တစ်ယောက်က ရီဖူရှင်းကို တိုက်ခိုက်သည်။ သို့သော် ထိုခဏမှာပင် ရီဖူရှင်းက ထိုနိုဘယ်၏ရှေ့ကို ရောက်လာကာ သူ၏အသက်ကို ဇီဝိန်ခြွေ သွားသည်။

ဘေးနှစ်ဖက်လုံးမှ လူများက ထိုမြင်ကွင်းကို ကြည့်ကာ မှင်တက် သွားကြသည်။ သခင်လေးနန် သတ်ရန် ကြံနေသောလူက ဤမျှပင် အားကောင်းသည်လား။

ရီဖူရှင်းက ရှေ့ကို ဆက်သွားသည်။ လူအများက သူ့ကို ဆက်လက် တိုက်ခိုက်ကြသည်။ သို့သော် ရီဖူရှင်း၏ ရိုက်ချက်ကို ခံနိုင်သူ မရှိပေ။ ထို့ကြောင့် အများစုက သိပ်အရဲကိုးကာ ဝင်ရောက် တိုက်ခိုက်ခြင်း မပြုကြတော့။ ရီဖူရှင်းက ရှေ့ကို ဆက်သွား နေသည်ကိုသာ ဘေးမှ ပျံသန်းလျက် ကြည့်နေကြသည်။

ယူချင်းက သိမ်းငှက်နက်ကို စီးနင်းကာ ရီဖူရှင်း၏နောက်ကို လိုက်နေသည်။ မည်သူမှ သူတို့အား ဂရုမစိုက်ပေ။ ထိုအကာနာအဆင့် နှစ်ယောက်အား သူတို့က ဘယ်အချိန်မဆို သတ်၍ ရသည်ဟု ထင်နေကြသည်။

ရီဖူရှင်းကား အလွန်အမင်း မြန်သည်။ လီစွမ်းနှင့် သူရိယနေမင်း ကျောင်းမှ လူများကလည်း မြန်ဆန်စွာပင် ဆုတ်ခွာ နေကြသည်။ နောက်ဆုံးတွင် သူတို့က အလွန် လှပ တောက်ပြောင်သော နန်းတော်တစ်ခုသို့ ရောက်လာကြသည်။ အမြင့်ဆုံးသော နေရာတွင် တည်ရှိသော ပလ္လင်ပေါ်တွင် နန်ဟောင်က သေရည် သောက်နေသည်။

နန်ဟောင်၏ဘေးတွင်လည်း မရေမတွက်နိုင်သော စွမ်းအားမြင့် တန်ခိုးရှင်များ ရှိနေသည်။ နိုဘယ်များ နေရာတိုင်းတွင် ရှိ၏။

နန်ဟောင်ကား ခေါင်းငုံ့ကာ သေရည် သောက်နေဆဲ ဖြစ်သည်။ သူက ရီဖူရှင်းကို မကြည့်ပေ။ ရီဖူရှင်းက ရှေးဟောင်းနယ်ထဲမှ ထွက်လာသည်ကို သူမသိသလို ဂရုလည်း မစိုက်ပေ။ သူက မိုကျွမ်နှင့် လီစွမ်းအား ဤကိစ္စကို စီစဉ် ကွပ်ကဲခိုင်းထားသည်။ ရီဖူရှင်းက မြို့ထဲကို ဝင်ရောက် လာခဲ့သည်ကို တစ်စုံတစ်ယောက်က သူ့အား ပြောမှ သိခဲ့ရသည်။

နန်ဟောင်က အနည်းငယ် အံ့အားသင့်ရ၏။ ရီဖူရှင်းက သူ့ရှေ့တွင် အမှန် ပေါ်လာသည်လား။

မိုကျွမ်နှင့် သူ့လူများက ရီဖူရှင်း၏ခေါင်းကို မဖြတ်နိုင်လား။ သူတို့က အမှန်ပင် အရှုံးသမား အုပ်စုဖြစ်သည်။

ရီဖူရှင်းက သေသင့်သည်။ သို့သော် နန်ဟောင်က သူ့အား ဤသို့သော အောက်တန်းကျသော နည်းလမ်းဖြင့် သတ်လိုသည် မဟုတ်။ လိစွမ်းနှင့် သူရိယနေမင်းကျောင်းမှ လူများက အကြံပေး၍သာ သူက လိုက်လျောခဲ့ခြင်း ဖြစ်သည်။ ယခု သူ့အား သတ်ရန် အလွန် အားထုတ်နေရသည်။ ရီဖူရှင်းက သူ့ရှေ့တွင်ပင် ပေါ်လာသည်။ သည်အဖြစ်က သူ့အတွက် လက်မခံနိုင်စရာပင်။

သေရည်ခွက်အား မြှောက်ကာ နန်ဟောင်က တစ်ကျိုက်တည်း သောက်လိုက်သည်။ ထို့နောက် သူက တီးတိုးပြောသည်… “သူ့ကို သတ်စမ်း…”

နန်ဟောင်က ရီဖူရှင်းကို မကြည့်ပေ။ သည်အကောင်က ဤနေရာကို ရောက်လာမှတော့ သေချာပေါက် သေရမည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset