နန်ဟောင်၏လူများက ရီဖူရှင်း၏စကားကို ကြားသည်တွင် အေးစက်သော အမူအရာများ ဖြစ်လာကြသည်။ ထို့နောက် သူတို့၏ နိုဘယ်အသိများ ထွက်ပေါ်လာကာ ရှေ့ကို တက်လာကြသည်။ တစ်ချိန်တည်းမှာပင် ရီဖူရှင်း၏အနီးမှ လူများကလည်း ရှေ့ကို တက်လာကာ တိုက်ခိုက် ကြတော့သည်။ ကြီးမားသော တိုက်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာ၏။
သဘာဝစွမ်းအင်များ ရုန့်ရင်းကြမ်းတမ်းသွားကာ လေပြင်းများ ဖြစ်ပေါ်လာသည်။ မှော်ပညာ စွမ်းအင်များက နေရာတိုင်းတွင် ရှိသည်။ လူတစ်ယောက်၏ နောက်တွင် နတ်ငှက်တစ်ကောင် ထွက်ပေါ်လာကာ ရီဖူရှင်းထံသို့ အလွန် မြန်ဆန်စွာဖြင့် ပျံသန်းသွားသည်။
“သခင်လေးရီ… ဂရုစိုက်ပါ…” တစ်ယောက်က လှမ်း၍ သတိပေးသည်။
ကြောက်မက်ဖွယ် ကြယ်တာရာ မုန်တိုင်းများ ရီဖူရှင်း၏အနီးတွင် ဖြစ်ပေါ်လာသည်။ ကောင်းကင်ပျက်သုဉ်းခြင်း နှင်တံကို ကြယ်တာရာ အလင်းများ စီးဆင်းသွား၏။
ဘုန်း…
နတ်ငှက်နှင့်လူက အမှန်ပင် ကြယ်တာရာ မုန်တိုင်းကို ဖြတ်ကျော်ကာ ရီဖူရှင်း၏အနီးကို ရောက်လာသည်။ သို့သော် သူက မုန်တိုင်းထဲကို နစ်ဝင်သွားသည်နှင့် ကြီးစွာသော ဖိအားတစ်ခုကို ခံစားရကာ အသက်ပင်ဝဝ ရှူ၍ မရတော့။
သူ၏လှုပ်ရှားမှုများက နှေးကွေးသွားသည်။ နတ်ငှက်က ရီဖူရှင်းကို ကုတ်ခြစ်ရန် ကြိုးစားသည်။
ဘုန်း…
ရီဖူရှင်းက နှင်တံကို ကိုင်ကာ ဝှေ့ယမ်း ရိုက်ချက်လိုက်သည်။ ကြယ်တာရာ ဖိအားနှင့်အတူ နှင်တံက ကျဆင်းလာသည်တွင် ဘုန်းခနဲမြည်ကာ ထိုမြေပြင်ပေါ်ကို ကျသည်။ သူ၏အရိုးများနှင့် အကြောများ ပျက်စီးသွားသည်။ မျက်နှာရှုံ့မဲ့ကာ သွေးများအန်၏။ သူက ကောင်းကင်မှ ရီဖူရှင်းကို စိုက်ကြည့်နေရင်းက သူ၏မျက်လုံးများက အသက် ကင်းမဲ့သွားသည်။
ထိုကြမ်းတမ်းသော ရိုက်ချက်က လူတိုင်းကို ထိတ်လန့်စေသည်။ သူတို့ အားလုံးက ရီဖူရှင်းကို ကြည့်ကာ အံ့အားသင့်ရသည်။ သူက အဋ္ဌမအတန်းအစား နိုဘယ်ကို တစ်ချက်မျှရိုက်သာ သတ်ပစ်ခဲ့သည်။ ကြည့်ရသည်မှာ အားလုံးက ရီဖူရှင်း၏စွမ်းရည်ကို လျှော့တွက်ခဲ့ကြပြီ။
မူကျိချူက ရီဖူရှင်းကို ကြည့်သည်။ ရှေးဟောင်းနယ်မြေ မဖွင့်လှစ်မီက ရီဖူရှင်းက မကြာမီ အဆင့်ရှစ် အကာနာ ဖြစ်တော့မည်ကို သိခဲ့သည်။ ယခု သူက အဆင့်ရှစ် အကာနာ ဖြစ်နေသည်။ ထို့အပြင် သူက နိုဘယ်အသိကိုလည်း မွေးဖွားနိုင်ခဲ့ကာ သူ၏ကြယ်တာရာ နိုဘယ်အသိက ကောင်းကင် ပျက်သုဉ်းခြင်းနှင်တံ၏ စွမ်းအားနှင့် လုံးဝ လိုက်ဖက်နေရာ နှင်တံ၏စွမ်းအားကို အတိုင်းအတာ တစ်ခုအထိ ထုတ်သုံးနိုင်သည်။
ယနေ့ ရီဖူရှင်းကို သတ္တမအဆင့် နိုဘယ်များပင် မယှဉ်နိုင်ပေ။
ထိုအချိန်တွင် နောက်နှစ်ယောက်က ရောက်လာကာ ရီဖူရှင်းအား ဘေးတစ်ဖက် တစ်ချက်မှ ဝိုင်း၍ တိုက်ခိုက်ကြသည်။ ကြောက်မက်ဖွယ် သားရဲပုံရိပ် တစ်ခုက သူ့ထံ ခုန်အုပ်လာသည်။
ရီဖူရှင်းက နှင်တံကို ဝှေ့ယမ်းသည်။ ကြောက်မက်ဖွယ် ကြယ်တာရာ မုန်တိုင်းက ကောင်းကင် တစ်ခုလုံးကို ရိုက်ခတ်သွားသည်။ ထိုနေရာ တစ်ခုလုံးက ကြယ်တာရာနယ် ဖြစ်သွားသည်။ ကြယ်အလင်းများ ပြိုးပြိုးပြက်ပြက် လင်းလက်ကြကာ ဥက္ကာခဲများက ကြယ်များအသွင် ဖြစ်သွားသည်။ ရီဖူရှင်းက သူ၏နှင်တံဖြင့် နောက်တစ်ချက် ရိုက်သည်။ ထိုလူနှစ်ယောက်က အမှန်ပင် သူတို့ထံသို့ ကြယ်များ ပျံသန်း လာနေသည်ဟု ခံစားရသည်။ ပေါက်ကွဲသံ အချို့နှင့်အတူ သူတို့၏ တိုက်ခိုက်မှုများ ပျက်စီးသွားရသည်။ ထို့နောက် ကြောက်မက်ဖွယ် ကြယ်များက သူတို့ထံ ရောက်လာကာ တိုက်ရိုက် သတ်ဖြတ်ခဲ့သည်။
နန်ဟောင်၏ လူများအားလုံး အမူအရာများ ပြောင်းလဲ သွားကြသည်။ ရီဖူရှင်းကား အလွန် အားကောင်းလွန်းသည်။ လူအများအပြားကလည်း ရီဖူရှင်းကို ကူညီနေကြရာ ယခု သူတို့၏ အခြေအနေက အရေးနိမ့်နေသည်ဟု ပြော၍ရသည်။ ယခု ရီဖူရှင်းအား သတ်ရန်ကား မဖြစ်နိုင်။
“နောက်ဆုတ်…” တစ်ယောက်က ပြောသည်။ လူတိုင်းက ချက်ချင်း နောက်ဆုတ်ကြသည်။ သူတို့ ထပ်မံ၍ မတိုက်ခိုက်လိုတော့။
တစ်ယောက်ကား အတော် မြန်သည်။ သို့သော် သူ့ရှေ့တွင် ဖက်တီး တစ်ယောက်က တိတ်ဆိတ်စွာ ရပ်နေ၏။ သူက ပြုံးလျက်ပြောသည်… “မင်းက ဒီကို ရောက်နေပြီးမှတော့ ဘာလို့ ထွက်သွားမှာလဲ…” သူက ထိုသို့ ပြောပြီးသည်နှင့် သစ်မင်းပင် ဖြစ်ပေါ်လာကာ နွယ်ပင်များက ကောင်းကင် တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ထိုလူ၏မျက်နှာက ပြာနှမ်းသွား၏။ သူက ရောက်လာသော သစ်ရွက်များနှင့် နွယ်ပင်များကို အရူးအမူး တိုက်ခိုက်သော်လည်း မကြာမီ သူ့အား နွယ်ပင်များ ရစ်ပတ်လျက် လေထဲတွင် တွဲလောင်း မြင်ရသည်။
သူ၏နောက်မှ လူများအားလုံး မှင်တက်နေကြသည်။ ယိရှောင်ရှီက ရှေ့ကို တက်လာသည်။ သစ်မင်းနွယ်ပင်များက အရပ်မျက်နှာ မျိုးစုံမှ ဝင်ရောက်လာကာ ထိုလူများ အားလုံးကို တိုက်ခိုက်သည်။
တခြားလူများကလည်း ထိုလူများ၏ ပြေးပေါက်များကို ပိတ်ဆို့ ကာကွယ် ထားကြသည်။ ရီဖူရှင်းက ရှေ့ကို တက်လာကာ ပြောသည်… “ဘယ်အကောင်ကိုမှ အရှင်မထားနဲ့…” သူက အေးစက်စွာ ပြောသည်။
ထိုနေရာတွင်ကား အုပ်စုဖွဲ့ လူသတ်ခြင်း ဖြစ်ပေါ်နေသည်။ လူအများအပြားက အဝေးမှလှမ်းကြည့် နေကြသည်။ ကျန်ရှောင်မြို့မှ လူများက နန်ဟောင်၏ အမိန့်ကို နာခံကာ အဆိပ် မီးတောက်မြို့တွင် လာရောက် ပြဿနာ ရှာကြသည်။ ယခု သူတို့က ပြန်လမ်းမရှိတော့။
ကြည့်ရသည်မှာ ရှောင်ကျွမ်ရီနှင့် ကုဖေးရန်တို့ တိုက်ပွဲအပြင် ကျန်ရှောင်မြို့နှင့် အဆိပ်မီးတောက် မြို့ကလည်း တိုက်ပွဲကြီး ဖြစ်တော့မည်မှာ သေချာသည်။
“ကျုပ်တို့က နန်ဟောင်ရဲ့ အမိန့်ကိုပဲ နာခံနေတာပါ… ကျုပ်တို့ကို ခွင့်လွှတ်ပေးပါ…” တစ်ယောက်က တိုးရှိုး တောင်းပန်သည်။ သို့သော်လည်း ရီဖူရှင်းတို့ အုပ်စုက သနားငဲ့ညှာခြင်း မရှိကြတော့ပေ။ သူတို့က ဆက်လက်၍ သတ်ဖြတ်ကြသည်။
အမိန့်ကို နာခံသည်လား။
မူလက သူတို့၏အမူအရာက ထိုသို့မဟုတ်ပေ။ နန်ဟောင်၏ နောက်လိုက် ဖြစ်သည်နှင့် သူတို့ ထင်ရာစိုင်း၍ ရပြီဟု တွေးထားကြသည်လား။ သူတို့က တခြားလူများကို အကြောင်းမဲ့ သတ်ဖြတ်သည်က ဘာမှ မဟုတ်တော့ပြီလား။
နောက်ဆုံးတွင် တိုက်ပွဲက ပြီးဆုံးသွားသည်။ မြေပြင်တွင် အလောင်းများ ပြန့်ကျဲနေသည်။ နန်ဟောင်၏ လူများအားလုံး သေဆုံးသွားပြီး ဖြစ်သည်။
ထိုအလောင်းများကို ကြည့်ကာ မည်သူမှ ပျော်ရွှင်ခြင်း မရှိကြပေ။ သူတို့အားလုံး သေသင့်သည်။ သို့သော် သူတို့က နန်ဟောင်၏လူများ ဖြစ်ကြသည်။ ကျန်ရှောင်မြို့က ဤသတင်းကို ရသည်နှင့် လာရောက် လက်စားချေမည်မှာ သေချာနေသည်။ အကယ်၍ နန်ဟောင်နှင့် မိုကျွမ်တို့ ရောက်လာပါက သူတို့ ပြေးပေါက် မှားကြတော့မည်။
“အစ်ကိုရီ… ခင်ဗျားက ပါရမီမြင့်ပြီးတော့ နောက်ပိုင်း နန်ဟောင်ထက် အားနည်းမှာ မဟုတ်တော့ဘူး… အခုတော့ ရှောင်နေသင့်တယ်…” တစ်ယောက်က ရီဖူရှင်းကို အကြံပေးသည်။
“ဟုတ်တယ်… နောက်မှ တိုက်ခိုက်သင့်တယ်…” နောက်တစ်ယောက်က ထပ်ပြောသည်။ သူတို့က ရီဖူရှင်းအပေါ် ကျေးဇူးတင် လေးစားကြရာ ရီဖူရှင်း သေဆုံးသွားမည်ကို မလိုလားကြပေ။
“သတင်းတွေက မကြာခင် ကျန်ရှောင်မြို့ကို ရောက်သွားလိမ့်မယ်… အစ်ကိုရီ… ခင်ဗျား အမြန် သွားသင့်တယ်…”
“နန်ဟောင်ရဲ့ လူတွေက ကျုပ်မိတ်ဆွေတွေကို ခေါ်သွားတယ်…” ရီဖူရှင်းက ပြောသည်။
အားလုံး၏မျက်နှာများ နက်မှောင် သွားကြသည်။ နန်ဟောင်၏ လုပ်ဆောင်ချက်က အလွန်အမင်း ညစ်ပတ်ကာ အောက်တန်းကျသည်။ သို့သော် ရီဖူရှင်းသာ ကျန်ရှောင်မြို့ကို သွားပါက မိမိသေတွင်းကို မိမိတူးခြင်းပင်။
“ပြီးတော့ ကျုပ်နဲ့အတူ ရှေးဟောင်းနယ်မြေမှာ လေ့ကျင့်ခဲ့တဲ့လူတွေကို နန်ဟောင်က လိုက်သတ်နေတယ်…” ရီဖူရှင်းက ဆက်ပြောသည်။
“အစ်ကိုရီ… သိပ်အရဲမကိုးပါနဲ့…” ရီဖူရှင်း၏စကားကို ကြားကာ တစ်စုံတစ်ခု လွဲချော်နေသည်ကို အားလုံးက ခံစားရသည်။ သူက အမှန်ပင် ကျန်ရှောင်မြို့ကို သွားတော့မည်လော။
ကျန်ရှောင်မြို့မှ ထောင်ပေါင်း များစွာသော တန်ခိုးရှင်များကို ရီဖူရှင်းက မည်သို့ ရင်ဆိုင်မည်နည်း။ ထို့အပြင် နန်ဟောင်နှင့် မိုကျွမ်လည်း ရှိသေးသည်။
“ခင်ဗျားတို့က ကျုပ်နဲ့အတူ လေ့ကျင့်မှတော့ ကျုပ်ကို တစ်ခု ကူညီပေးပါ…” ရီဖူရှင်းက လူတိုင်းကို မေးသည်။
“သေချာတာပေါ့…” တစ်ယောက်က ခေါင်းညိတ်သည်။
“ကျုပ်က ကျန်ရှောင်မြို့ကို ကိုယ်တိုင်သွားရင် ခင်ဗျားတို့အားလုံး လာကြည့်ကြမယ် ဆိုတာ ကျုပ်သိတယ်… ကျုပ်က မြို့ထဲကို ကိုယ်တိုင်ဝင်မယ်… ခင်ဗျားတို့ကတော့ ကျုပ်အတွက် ဒီလောက် စွန့်စားဖို့ မလိုဘူး… တစ်ခုပဲ… ခင်ဗျားတို့က မြို့ကို ပိတ်ဆို့ ပေးထားလို့ ရမလား…” ရီဖူရှင်းက မေးသည်။
“မြို့ကို ပိတ်မယ်…” လူတိုင်း၏နှလုံးများက တုန်ခါသွားသည်။
“ကျန်ရှောင်မြို့ကိုလား…”
“ဟုတ်တယ်… ကျန်ရှောင်မြို့ကို…” ရီဖူရှင်းက ခေါင်းညိတ်သည်။
“အစ်ကိုရီ…” နောက်တစ်ယောက်က ရီဖူရှင်းကို နားချရန် ကြံသည်။
သို့သော်လည်း ရီဖူရှင်းက လက်ဝှေ့ယမ်းပြသည်… “ကျုပ်က ကျန်ရှောင်မြို့ကို သွားဖို့ ဆုံးဖြတ်ထားပြီးပြီ…”
“ခင်ဗျား ပြန်မလာနိုင်ခဲ့ရင်ရော…” လူတိုင်းက သူ့ကို ကြည့်နေကြသည်။ သူက ကျန်ရှောင်မြို့မှ ပြန်ထွက် လာနိုင်မည် မဟုတ်သည်မှာ သေချာသည်။
“ကျုပ်သေခဲ့ရင်က ခင်ဗျားတို့ကို နန်ဟောင်က အငြိုးထားမှာ မဟုတ်တာ သေချာတယ်… အဲဒီအချိန်ကျရင် ခင်ဗျားတို့ ထွက်သွားကြပါ…” ရီဖူရှင်းက ပြောသည်… “ကျုပ်အသက်ရှင်ရင် သူက ပြေးလိမ့်မယ်… မြို့က ပြေးလာတဲ့လူတွေကို ခင်ဗျားတို့ သတ်ပေးနိုင်မလား…”
သူတို့အားလုံး အံ့အားသင့် သွားကြသည်။ ကျန်ရှောင်မြို့မှ လူများက ထွက်ပြေးကြမည်ဟု ရီဖူရှင်းက အမှန်တကယ် ပြောသည်။
“ကောင်းပြီ…” တစ်ယောက်က ခေါင်းညိတ်ကာ ပြောသည်… “အဲဒီအချိန်ကျရင် ကျုပ်တို့က သေချာပေါက် ဆရာလေးရီ ပြောသလိုလုပ်မယ်…”
လူအများအပြားက အာမခံကြသည်။ ရီဖူရှင်းက မြို့ထဲကို ကိုယ်တိုင်ဝင်ရဲမှတော့ သူတို့က အပြင်မှ စောင့်ကြပ်ပေးခြင်းက ပြဿနာ မရှိပေ။ ရီဖူရှင်း သေသွားပါက နန်ဟောင်က မြို့အပြင်မှ လူများကို ဘာမှ လုပ်မည် မဟုတ်ပေ။
“သွားစို့…” ရီဖူရှင်းက ပြောသည်။ သူက ရှေ့ကို တက်သွားသည်တွင် လူအုပ်ကြီးကလည်း သူ့နောက်မှ လိုက်ပါ သွားကြသည်။
ထိုသတင်းက တော်ဝင်လမ်း တစ်ခုလုံးကို ပျံ့နှံ့သွားသည်။ ရီဖူရှင်းက ရှေးဟောင်းနယ်မှ ထွက်ကာ ကျန်ရှောင်မြို့ကို သွားနေသည်။
ထိုသတင်းကို ကြားပြီးနောက် နန်ဟောင်က အလွန် ရက်စက်သည်ဟု လူသားကမ္ဘာမှ ချူရှမ်းနှင့် ပိုင်ရီတို့က တွေးကြသည်။ သူက ရီဖူရှင်းကို အမှန်ပင် အောက်တန်းကျသော နည်းလမ်းကိုသုံး၍ ခြိမ်းခြောက်ခဲ့သည်။ ရီဖူရှင်းက ပါရမီမြင့်သည့်တိုင် သည်တစ်ခေါက် အမှန် သေရတော့မည့်ဟန် ရသည်။
သူတို့က သင်္ဘောပျံကြီးကို စီးကာ ကျန်ရှောင်မြို့ဘက်ကို ပျံသန်း သွားကြသည်။ လမ်းတွင် တခြား အင်အားစုများကလည်း ကျန်ရှောင်မြို့ဘက်ကို ပွဲကြည့်ရန် သွားနေကြသည်ကို တွေ့ရသည်။
ကျန်ရှောင်မြို့က မြန်ဆန်စွာပင် လူအများ၏အာရုံစိုက်ရာ နေရာ ဖြစ်လာသည်။
ယခုကား လူအုပ်ကြီးက ကျန်ရှောင်မြို့ အပြင်ဘက်ကို ရောက်လာပြီ ဖြစ်သည်။ ရီဖူရှင်းက ဂိတ်တံခါး အပြင်ဘက်တွင် ရပ်လိုက်သည်။ မြို့ထဲတွင်ကား မရေမတွက်နိုင်သော လူများ ရှိနေကြသည်။ ရီဖူရှင်းကို မြင်သည်တွင် သူတို့အားလုံး နှာခေါင်းရှုံ့ကြသည်။ ရီဖူရှင်းက သေရန် ရောက်လာသည်။
ရီဖူရှင်းက လူအုပ်ကို ခေါင်းညိတ်သည်တွင် လူအုပ်ကြီးက ဂိတ်တံခါးရှေ့တွင် ပိတ်ရပ်ကြသည်။ ကြယ်မင်းကျောင်းမှ တပည့်များက ရှေ့ဆုံးမှ ဖြစ်ကြသည်။ တော်ဝင်လမ်း၏ မြို့များတွင် ဝင်ပေါက်နှင့် ထွက်ပေါက်က တစ်နေရာတည်းသာ ရှိသည်။ တခြားနေရာများနှင့် ကောင်းကင်များက အစီအရင်များနှင့် ပိတ်ဆို့ထားရာ မြို့ထဲကို ဝင်ရောက်လိုလျှင် ဂိတ်တံခါးကို ဖြတ်ကျော်ရမည်။ မြို့အား ပြင်ပမှ ပိတ်ဆို့ရန် လွန်စွာ လွယ်ကူသည်။
လူအများအပြားကလည်း အဝေးမှ လာကြည့်ကြသည်။ ကုယွန်ချီက ရီဖူရှင်းကို စိုးရိမ်စွာ ကြည့်သည်။ သို့သော်လည်း ရီဖူရှင်းက ဆုံးဖြတ်ပြီးလျှင် ပြန်မပြင်တတ်သည်ကို သူမသိသည်။
“သတိထားပါ…” ကုယွန်ချီက တိုးတိုးလေး ပြောသည်။
“အင်း…” ရီဖူရှင်းက ခေါင်းညိတ်သည်။ ထို့နောက် သူကပြောသည်… “အစ်ကိုခုနစ်၊ ယူချင်း၊ သိမ်းငှက် ငါ့နောက်ကို လိုက်ခဲ့ကြ…” သူက ထိုသို့ ပြောပြီးသည်တွင် ကျန်ရှောင်မြို့ထဲကို လှမ်းသွား လိုက်သည်။ ယိရှောင်ရှီ၊ ယူချင်းနှင့် သိမ်းငှက်နက်တို့ သူ့နောက်မှ လိုက်ပါ သွားကြသည်။
လေအဝှေ့တွင် ဖုန်များ တစ်လုံးလုံး ထသွားသည်။ သူတို့၏ နောက်ကျောများက သူရဲကောင်း ဆန်လှသည်။
***