အဆိပ်မီးတောက်မြို့၏ ဧရာမရှေးဟောင်း နယ်မြေကြီးတွင် ရီဖူရှင်းက မျက်လုံးကို မှိတ်လျက် တိတ်ဆိတ်စွာ လေ့ကျင့်နေသည်။ သူ၏ခန္ဓာကိုယ် အနီးတွင် ကြယ်ရောင်များ လက်လက်ထနေပြီး မမြင်ရသော အရှိန်အဝါ တစ်ခုက ပတ်ဝန်းကျင်ကို လွှမ်းခြုံထားသည်။
ကြယ်စွမ်းအင်ကား မြေဓာတ်၏ သဘာဝကို အခြေခံထားသည်။ လက်ရှိတွင် ဧရာမ ရှေးဟောင်း နယ်မြေတွင် ကြယ်အလင်းများက ပျံ့နှံ့နေပြီး လူတိုင်းက ကြောက်မက်ဖွယ် ကောင်းသော ဖိအားကို ခံစားကြရသည်။
“ဒုတိယမြောက် နိုဘယ်အသိ…” လူအများအပြားက ခေါင်းမော့ကာ ရီဖူရှင်းထံသို့ လှမ်းကြည့်ကြသည်။ ဧရာမ ရှေးဟောင်း နယ်မြေတွင် ရက်အတန်ကြာ လေ့ကျင့်ပြီးနောက် ရီဖူရှင်းက မီးဓာတ်နိုဘယ် အသိကို မွေးဖွားခဲ့သည်။ ယခု သူက မြေဓာတ် နိုဘယ်ကိုလည်း ထပ်မံ မွေးဖွားခဲ့ကာ သူတို့အားလုံးက အလွန်အမင်း အားကောင်းသော မြေဆွဲအားကို ခံစားနေကြရသည်။
နိုဘယ် အသိများကား နိုဘယ် တစ်ယောက်၏ သင်္ကေတလည်း ဖြစ်သည်။ ထိုအရာက တန်ခိုးရှင် တစ်ယောက်၏ စိတ်ဝိညာဉ်နှင့် သဘာဝတရားတို့ တစ်သားတည်း ဖြစ်ရာမှ မွေးဖွားလာသော အားအင်ဖြစ်ကာ တန်ခိုးရှင်များက ထိုအားအင်ဖြင့် သူတို့၏ စိတ်ဝိညာဉ်ကို အားကောင်းစေပြီး တစ်ဖက်လူ၏ စိတ်ဝိညာဉ်ကို တိုက်ခိုက်နိုင်သည်။ တစ်ချိန်တည်းမှာပင် ထိုအားအင်ဖြင့် သူတို့၏ တိုက်ခိုက်ရေး စွမ်းအင်များကို မြှင့်တင်နိုင်၏။ ထို့ကြောင့် အကာနာ တန်ခိုးရှင်နှင့် နိုဘယ် တန်ခိုးရှင်များ အကြား ကွာဟချက်က အလွန်အမင်း ကြီး၏။ အကယ်၍ အကာနာ တန်ခိုးရှင် တစ်ယောက်က အလွန်အမင်း အားကောင်းသော လက်နက်ကို မသုံးမချင်း သူက နိုဘယ်တန်ခိုးရှင် တစ်ယောက်နှင့် တိုက်ခိုက်ရန် မလွယ်ကူပေ။ သူတို့က ကိုယ်ပိုင် နိုဘယ်အသိ မမွေးဖွားနိုင်ခဲ့ပါက အကာနာ အဆင့်အမြင့်ဆုံးပင် နိုဘယ် တန်ခိုးရှင်နှင့် ယှဉ်ပါက အလွန်အမင်း အားနည်း သွားပေသည်။
သို့သော်လည်း အကာနာ အဆင့်တွင်ပင် နိုဘယ်အသိ မွေးဖွားနိုင်သူများ ရှိသည်။ သူတို့၏ပါရမီနှင့် အခွင့်အလမ်းက သူများနှင့်အတူ ထူးခြား ကောင်းမွန်နေသူများ ဖြစ်ကြသည်။ သူတို့က အဆင့်ကွာဟမှုကို လျစ်လျူရှုနိုင်ကာ ထိုသို့ နိုဘယ်အသိ မွေးဖွားနိုင်ခြင်းက နောင်တွင် သူတို့၏ တန်ခိုးကျင့်ခြင်းတွင် ပိုမို၍သာ မြန်ဆန်စေသည်။
နိုဘယ်အသိက တစ်စုံတစ်ယောက်က စိတ်ဝိညာဉ်ဆိုင်ရာ ထိန်းချုပ်နိုင်မှု နားလည်မှုတို့နှင့် သက်ဆိုင်သည်။ တန်ခိုးရှင် တစ်ယောက်က သူ၏စိတ်စွမ်းအားနှင့် စိတ်အသိကို ပိုမိုကောင်းမွန်စွာ နားလည်၍ ထိန်းချုပ်နိုင်ပါက သူ၏စိတ်စွမ်းအားက ပိုမိုအားကောင်း လာမည်သာ ဖြစ်သည်။ ထို့ကြောင့်လည်း ရီဖူရှင်းက မကြာမီ နိုဘယ်အဆင့်ကို တက်လှမ်း နိုင်တော့မည်ဟု လူအများက သတ်မှတ် ထားခဲ့ကြခြင်း ဖြစ်သည်။
သည်အရာက ကွဲပြား ခြားနားသော ပါရမီ ဖြစ်ပေသည်။ အားနည်းသော ပါရမီနှင့်လူက သူ၏ စိတ်စွမ်းအားက ပိုမို အားကောင်းလာပြီး နိုဘယ်အဆင့်နှင့် နီးကပ်လာသည့်တိုင် သူတို့၏ ဉာဏ်အလင်းရမှု၊ စိတ်ဝိညာဉ် ထိန်းချုပ်မှုတို့က အကန့်အသတ် ရှိနေကာ နောက်တစ်ဆင့် ဆက်ရန် မဖြစ်နိုင်ဘဲ ဖြစ်နေတတ်သည်။ ရီဖူရှင်းမူကား ထိုသို့ ဖြစ်စရာ အကြောင်း မရှိတော့ပေ။ သူနှင့် နိုဘယ်အဆင့်အကြား အဆင့်တက်မရသော ကန့်သတ်ချက်များ မရှိတော့။
ထိုအခိုက်တွင် လူတိုင်းက လွန်စွာ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားကို ခံစားမိကာ တစ်နေရာကို လှမ်းကြည့်ကြသည်။ ထိုနေရာတွင်ကား ယူချင်းက အလွန်အမင်း ပြင်းထန်သော မိစ္ဆာအရှိန်အဝါ လှိုင်းများ ထုတ်လွှတ်နေသော ယူချင်းကို မြင်ရသည်။ သူ၏ခန္ဓာကိုယ်အား နက်ရွှေရောင် စွမ်းအင်များ စီးဆင်းနေကာ သူ့နောက်တွင်ကား နတ်ဆိုး၏ ပုံသဏ္ဌာန်တစ်ခု ဖြစ်ပေါ်နေသည်။
ကောင်းကင်တွင် ကြောက်မက်ဖွယ် ကောင်းသော ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ နတ်ဆိုးတစ်ပါးက လူတိုင်း၏ ခေါင်းထက်တွင် ရပ်ကာ အားလုံး၏ပူဇော်ပသမှုကို ခံယူနေသည့်အလား ထင်မှတ်ရသည်။
သူကလည်း နိုဘယ်အသိကို မွေးဖွားခဲ့သည်။ လူအုပ်က ထိုပုံရိပ်ကို မြင်ကာ လွန်စွာ ထိတ်လန့်ရသည်။ ထို့အပြင် ထိုနိုဘယ်အသိက သူ၏မွေးရာပါဗီဇ ပါရမီမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ထိုအဖြစ်ကာ လူအများ၏မျက်နှာက အံ့အားသင့် ထိတ်လန့်မှုကို ဖြစ်စေသည်။ ရီဖူရှင်းဘေးမှ ထိုအကောင်ကြီးကြီး လူငယ်လေးကလည်း ထူးခြား ထက်မြက်သော ပါရမီကို ပိုင်ဆိုင်ထားသည်လား။
သူက ရီဖူရှင်းဘေးတွင် အမြဲတမ်း ရှိနေတတ်သော်လည်း သူ့အား လူအများက သိပ်သတိထား မိကြသည် မဟုတ်ပေ။
အတန်ကြာသောအခါ ရီဖူရှင်းနှင့် ယူချင်းတို့က တန်ခိုးကျင့်ခြင်းကို ရပ်နား လိုက်ကြသည်။ ရီဖူရှင်းက ယူချင်းကို ကြည့်ကာ မေးသည်… “မင်းက ဉာဏ်အလင်း ရသွားတာလား…”
“အဲဒီလိုပဲ ထင်တယ်…” ယူချင်းက ခေါင်းကုတ်ကာ ဖြေသည်။
“အဲဒီလိုထင်တယ်… ဟုတ်လား…” ရီဖူရှင်းက နားမလည်စွာ ပြန်မေးသည်။
“မင်းက ငါ့ကို နိုဘယ်အသိရဲ့ သဘော သဘာဝတွေကို ရှင်းပြတယ်… ဒါကြောင့် ငါကလည်း အဲဒါကို စဉ်းစားကြည့်တာနဲ့ မကြာဘူး အဲဒါက အလိုလို ဖြစ်လာတော့တာပဲ…” ယူချင်းက ဆက်ပြောသည်… “ဒါက အရမ်း လွယ်တယ်…”
“ငါ…” ရီဖူရှင်းက ယူချင်းကို ဒေါသတကြီး ကြည့်ကာ တစ်ဖက်ကို သုန်မှုန်စွာ လှည့်သွားသည်။ သူက အမှန်ပင် ယူချင်းကို ရိုက်နှက်ပစ်လိုသည်။
“ဒါဆိုလည်း ငါတို့က အကာနာ အဆင့်ကိုးသို့ ရောက်အောင်အထိ ဆက်လေ့ကျင့်ရအောင်… ဒါဆို ငါတို့က နိုဘယ်အဆင့်ကို ရောက်ဖို့ တစ်ဆင့်ပဲ လိုတော့မယ်…” ရီဖူရှင်း ပြောသည်။ သူက အချိန်ကြာမြင့်စွာ မျှော်လင့်စောင့်စား နေသော နိုဘယ်အဆင့်ကား မကြာမီ ရောက်ရှိတော့မည် ဖြစ်သည်။ သူ နန်ဒူနိုင်ငံမှာတုန်းက ဧကရာဇ်လျိုကား နိုဘယ်အဆင့်တွင် ဖြစ်ကာ နတ်ဘုရား တစ်ပါးလို ကျော်လွှားရန် မတတ်နိုင်သော အတားအဆီးတစ်ခု ဖြစ်ခဲ့သည်။
ယခု သူကလည်း ထိုအဆင့်ကို မကြာမီ ရောက်ရှိတော့မည် ဖြစ်သည်။
သို့သော်လည်း သူ့ထံကို ရောက်လာသော လူအချို့ကြောင့် သူ ဆက်မလေ့ကျင့်ဖြစ်ပေ။ ရှေးဟောင်းနယ်မြေ ဝင်ပေါက်တွင် သူတို့က ရီဖူရှင်းကို ကြည့်ကာ ပြောသည်… “ဆရာရီ… ကျုပ်တို့ ပြဿနာ တက်နေတယ်…”
ရီဖူရှင်းက သူတို့ကို နားမလည်စွာ ကြည့်လျက် မေးသည်… “ဘာပြဿနာလဲ…”
“ဒီရက်ပိုင်းမှာ အဆိပ်မီးတော်မြို့ထဲ လူသတ်မှုတွေ အများကြီး ဖြစ်ခဲ့တယ်… လူတွေ အများကြီး သေခဲ့ရပြီး သူတို့ရဲ့တော်ဝင် တံဆိပ်ပြားတွေကလည်း အလုခံရတယ်… အရင်က ဒီလူသတ်တဲ့လူတွေက တော်ဝင် တံဆိပ်ပြားလုဖို့ အတွက် လူသတ်တာလို့ ထင်ခဲ့တယ်… အခုမှာ အဲဒီလူတွေက ကျန်ရှောင်မြို့ကို ချုပ်ကိုင်ထားတဲ့ နန်ဟောင်ရဲ့ လူတွေဆိုတာ သိခဲ့ရတယ်… နန်ဟောင်က ကျုပ်တို့မြို့မှာ တံဆိပ်ပြား လာလုဖို့ အမိန့်ပေးထားတယ်တဲ့… ထိုလူက ဆက်ပြောသည်… “မကြာခင်က ဆရာရီရဲ့ မိတ်ဆွေ တချို့လည်း နန်ဟောင်ရဲ့လူတွေ ဖမ်းခေါ်တာကို ခံရတယ်… တခြားလူတွေကလည်း အဲဒီနေရာမှာတင် အသတ်ခံရတယ်…”
ရီဖူရှင်း၏မျက်နှာက တင်းမာ သွားသည်။ အဖမ်းခံရသည်က ချင်ရန်တို့အုပ်စု ဖြစ်ရမည်။
“သူတို့က စကား ချန်ထားခဲ့ကြတယ်…” ထိုလူက ပြောသည်။
“သူက ဘာပြောခဲ့လဲ…” ရီဖူရှင်းက မေးသည်။
“အဲဒီလူရဲ့ နာမည်က လီစွမ်းထင်တယ်… ဆရာရီကသာ ဓားစာခံတွေကို အသက်ရှင်ရက် လိုချင်ရင် ကျန်ရှောင်မြို့ကို လာခဲ့ပါလို့ သူက ပြောခဲ့တယ်… ဒါဆို သူက ချင်ရန်တို့အုပ်စုနဲ့ လီချန်းရီကိုတောင်မှ လွှတ်ပေးမယ် ပြောတယ်…” ထိုလူက ပြောသည်။
ရီဖူရှင်း၏ အမူအရာက ပိုမို တင်းမာလာသည်။ လီစွမ်းက လီချန်းရီကိုပင် အလွတ်မပေးပေ။ သူက အမှန်ပင် ညီမအရင်းကို အသုံးပြုလျက် သူ့ကို ခြိမ်းခြောက် နေသည်။ ရီဖူရှင်း၏ မျက်လုံးထဲတွင် လူသတ်လိုသော အငွေ့အသက်များ ယှက်သန်းလာသည်။ လီစွမ်းက သူ့ကို သတ်ရန် ကြိုးစားသည်မှာ တစ်ကြိမ်တည်း မဟုတ်တော့ပေ။ သူ့အား သတ်ရတော့မည်။
“နန်ဟောင်က လွန်လာပြီ…” လူအုပ်ထဲက တစ်ယောက်က ဒေါသတကြီး ပြောသည်… “ဆရာရီ… နန်ဟောင်က တမင်လုပ်တာ ဖြစ်ရမယ်… တကယ်လို့ ခင်ဗျားက ကျန်ရှောင်မြို့ကို သွားရင် နန်ဟောင်က ခင်ဗျားကို အလွတ်ပေးမှာ မဟုတ်ဘူး…”
“ဆရာရီ… ခင်ဗျားက ကျန်ရှောင်မြို့ကို သွားလို့ မရဘူး…” နောက်တစ်ယောက် သူ့အား တားမြစ်ရန် ကြိုးစားသည်။
ရှေးဟောင်း နယ်မြေတွင် တန်ခိုးရှင်များ အားလုံးက လေ့ကျင့်သည်ကို ရပ်တန့်လိုက်ကြကာ ရီဖူရှင်းကို ကြည့်ကြသည်။ သူတို့အားလုံး ဒေါသထွက်ကြ၏။ နန်ဟောင်က ယခင်ကလည်း ရီဖူရှင်း တန်ခိုးအဆင့် နိမ့်သည်ကို အသာစီးယူကာ တံဆိပ်ပြားများကို လာရောက် လုယက်သည်။ ယခု ရီဖူရှင်းက ဧရာမ ရှေးဟောင်း နယ်မြေကို ရရှိပြီးသည့်တိုင် သူက အလွတ် ပေးလိုသည့်ပုံ မပေါ်။ သူက ရီဖူရှင်းကို သတ်လိုနေသည်။
“နန်ဟောင်ရဲ့ လူတွေက အဆိပ် မီးတောက်မြို့က ထွက်သွားပြီလား…” ရီဖူရှင်းက မေးသည်။
“သူတို့က အဆိပ်မီးတော်မြို့ထဲမှာ လူသတ်နေကြတုန်းပဲ…”
“ဒီမတိုင်မီက လီစွမ်းရဲ့ အမိန့်ကြောင့် သူတို့က ကျုပ်တို့ လူအများအပြားကို သတ်ခဲ့ကြတယ်… အဲဒါက သခင်လေးရီနဲ့အတူ လေ့ကျင့်လို့ပဲလို့ အကြောင်းပြချက် ပေးသေးတယ်…” တစ်ယောက်က ပြောသည်။
“သွားစို့…” ရီဖူရှင်းက ပြောကာ ရှေးဟောင်း နယ်မြေထဲမှ ထွက်လိုက်သည်။ သူက ရှေးဟောင်း နယ်မြေထဲမှ ထွက်လိုက်သော အခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်တွင် စီးဆင်းနေသော ထူးဆန်းသော စွမ်းအင်က ပျောက်ကွယ် သွားသည်။ ရှေးဟောင်းနယ်မြေမှ မီးဓာတ်များ အားလုံးလည်း ဆိတ်သုဉ်းသွား၏။
ဧရာမရှေးဟောင်း နယ်မြေက မျက်လုံး တစ်မှိတ် အတွင်းတွင် ပျောက်ကွယ် သွားသည်။ ထောင်ပေါင်း များစွာသော လူများက ထိုမြင်ကွင်းကို အတိုင်းသား ကြည့်နေကြသည်။
ရီဖူရှင်းက အမှန်ပင် ရှေးဟောင်း နယ်မြေထဲမှ ထွက်သွားသည်။ ဆိုလိုသည်က ထိပ်သီး အင်အားစုများ ယခုအချိန် လာပါက သူတို့ ခုခံနိုင်မည် မဟုတ်တော့။
ရီဖူရှင်းက လေထဲကို ရွေ့လျားသွားကာ ပြောသည်… “သွားစို့…”
“ဆရာရီ…” လူအများအပြားက အနီးကို ကပ်လာကြကာ ရီဖူရှင်းအား တားဆီးကြသည်… “အရဲမကိုးပါနဲ့…”
ရီဖူရှင်းက ဘာမှ မပြောဘဲ ရှေ့ကို ဆက်လျှောက် သွားသည်။ ယိရှောင်ရှီ၊ ယူချင်း၊ မူကျိချူနှင့် ကျန်လူများ အားလုံးက သူ့နောက်မှ လိုက်ပါ သွားကြသည်။ ဧရာမ လူအုပ်ကြီးက ရီဖူရှင်း ထွက်သွားသည်ကို မြင်သည်တွင် သူတို့လည်း လိုက်ပါ သွားကြသည်။
မျက်လုံးတစ်မှိတ် အတွင်းတွင် ရီဖူရှင်းက မြေပြင်ပေါ်တွင် လူသေ အလောင်းများ ပြန့်ကျဲနေသော နေရာတစ်ခုသို့ ရောက်လာသည်။
“ခွေးကောင်တွေ…” ရီဖူရှင်း၏နောက်မှ လူအများအပြားက ဒေါသ ထွက်ကြသည်။ သူတို့၏တော်ဝင် တံဆိပ်ပြားများက အသုံးမဝင်တော့ သော်လည်း နန်ဟောင်က သူတို့အား သတ်ရန် အမိန့်ပေးခဲ့သည်။
သူတို့က ရီဖူရှင်းနှင့် လေ့ကျင့်သည်ကပင် အပြစ် ဖြစ်နေသည်လား…။ ထိုမျှလောက်ဖြင့် သေရမည်က အမှန်ပင် ထိုက်တန်သလော။
သို့သော်လည်း နန်ဟောင်နှင့် မိုကျွမ်တို့ကား ထိပ်သီး ပါရမီရှင်များ ဖြစ်ကြသည်။ သူတို့အားလုံး ပေါင်းလျှင်ပင် နန်ဟောင်ကို မနိုင်ပေ။ အကယ်၍ သူတို့ကသာ ကျန်ရှောင်မြို့ကို သွားပါက အကုန် သေမည်မှာ သေချာသည်။
“နန်ဟောင်ရဲ့လူတွေ ဘယ်မှာလဲ…” ရီဖူရှင်းက မေးသည်။
သူက ထိုသို့ ပြောလိုက်စဉ်မှာပင် လူတစ်စုက အဝေးမှ လျှောက်လာနေသည်။ သူတို့ အုပ်စုတွင်ကား အားလုံးက အားကောင်းသော နိုဘယ်များ ဖြစ်ကြသည်။ သူတို့အားလုံးက ရီဖူရှင်းကို ငဲ့ညှာခြင်း ကင်းစွာ ကြည့်သည်။ သူတို့က ကျန်ရှောင်မြို့မှ ရီဖူရှင်း၏နောက်လိုက်များ ဖြစ်ကြသည်။ အကယ်၍ သူတို့ကသာ ရီဖူရှင်း၏ခေါင်းကို သခင်လေးနန်ထံသို့ ယူဆောင် သွားနိုင်ပါက ကြီးစွာသော အရေးပေးမှုကို ရရှိမည်ဟု သူတို့ တွေးမိကြသည်။
ထိုသို့ တွေးကာ သူတို့က ရှေ့ကို တက်လာပြီး ပြောသည်… “မင်းက တကယ်ပဲ ရှေးဟောင်း နယ်မြေထဲက ထွက်ရဲတယ်ပေါ့…” ရီဖူရှင်းက ရှေးဟောင်း နယ်မြေထဲမှ ထွက်လာသည့် သတင်းကို သူတို့ကလည်းရကာ အပြေးလာခဲ့ကြခြင်း ဖြစ်သည်။
“ဟုတ်တယ်…” ရီဖူရှင်းက ထိုအုပ်စုကို တည်ငြိမ်စွာ ကြည့်ကာ ပြောသည်။
“သခင်လေးနန်က မင်းရဲ့ခေါင်းကို လိုချင်တယ်… ဘာလို့ ငါတို့ကို မငှားလိုက်တာလဲ…” သူတို့က ရယ်မောကာ ပြောသည်။ သူတို့၏ အကြည့်က ရီဖူရှင်း၏နောက်မှ လူအုပ်ကြီးကို ကြည့်ကာ ခံစားချက် ကင်းမဲ့စွာဖြင့် ပြောသည်… “ကျုပ်တို့က သခင်လေးနန်ရဲ့ အမိန့်အရ လုပ်နေတာ… မဆိုင်တဲ့လူတွေ သွားကြတော့…”
ထိုအခိုက်တွင် သူတို့အုပ်စုက ရှေ့ကို တက်လာကာ ရီဖူရှင်းကို ဝိုင်လိုက်ကြပြီး ဖြစ်သည်။
ရီဖူရှင်း၏နောက်မှ လူအများအပြားကလည်း ရှေ့ကို တက်လာကာ ထိုအုပ်စုကို ကြည့်သည်။
“မင်းတို့ကလည်း သေချင် နေကြတာလား…” နန်ဟောင်၏လူက နှာခေါင်းရှုံ့သည်။
“အားလုံးကို ကျေးဇူးတင်ပါတယ်…” ရီဖူရှင်းက ဧရာမ လူအုပ်ကြီးကို ကြည့်ကာ မေးသည်… “ဘယ်သူက ကျုပ်နဲ့အတူ တိုက်ပွဲဝင်ချင်လဲ…”
“ဆရာလေးရီဆီက အကျိုးကျေးဇူးကို ကျုပ်က ရခဲ့မှတော့ ကျုပ်လည်း ပါရမှာပေါ့…” လူတစ်ယောက်က ရှေ့ကို တက်လာသည်။
“ကျုပ်က ရှေးဟောင်း နယ်မြေထဲမှာ အဆင့်တက်ခဲ့တယ်… အခုအချိန်က ကျုပ်အစွမ်းကို စမ်းသပ်ရမည့် အချိန်ပဲ…” နောက်တစ်ယောက်က ရယ်မော၍ ပြောသည်။ ချက်ချင်းပင် များစွာသော နိုဘယ် တန်ခိုးရှင်များ ရှေ့ကို တက်လာရာ အလွန် အင်အားကြီးသော အဖွဲ့ကြီး ဖြစ်သွားကာ တစ်ဖက်အဖွဲ့၏ မျက်နှာများက ပျက်ယွင်း သွားကြသည်။
“မင်းတို့အားလုံး သေချင်တယ် ဆိုမှတော့ ငါက သခင်လေးနန်ကို အကြောင်းကြား ပေးရမှာပေါ့…” ထို့နောက် သူက နောက်ဆုတ်ရန် ကြိုးစားသည်။ သူတို့က နောက်ဆုတ်ရန် ကြိုးစားနေစဉ်မှာပင် ယိရှောင်ရှီက သူတို့၏နောက်ကို ရောက်ရှိနေပြီး ဖြစ်ကာ ပြေးလမ်းကို ပိတ်ထားသည်။
“သူတို့ကို ဝိုင်းလိုက်ကြ…” ရီဖူရှင်းက ပြောသည်။ ချက်ချင်းပင် လူအုပ်က ရှေ့ကို တက်သွားကာ နန်ဟောင်၏လူများကို ဝိုင်းလိုက်ကြသည်။ သူတို့က တိုက်ခိုက်ချင်မှတော့ ဤနေရာကို သူတို့၏သုသာန် ဖြစ်စေမည်။
ရီဖူရှင်းက ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံကို သုံးလျက် ရှေ့ကို တက်သွားသည်။ ချက်ချင်းပင် ကြယ်တာရာ အလင်းများနှင့်အတူ အလွန်အမင်း အားကောင်းသော နိုဘယ်အသိက ပတ်ဝန်းကျင်အား ပျံ့နှံ့သွားသည်။ သူ၏အကြည့်က ထိုလူစုထံကို ရောက်သွားကာ ပြောသည်… “ကျုပ်ခေါင်းကို ငှားယူချင်တဲ့အကောင် ဘယ်အကောင်မဆို လာကြစမ်း…”
***