Switch Mode

အခန်း (၁၂၀)

ကြိုးစားအားထုတ်ခြင်း

ညစာစားသောက်ပြီးနောက် ယဲ့ချိုးပိုင် လုချန်ရှန်းကိုသွားရှာလိုက်သည်။

လုချန်ရှန်းက ယဲ့ချိုးပိုင်ကိုလှမ်းကြည့်၍ ပြောလာလေသည်။

“ဘာဖြစ်လို့လဲ။ မင်းရဲ့အရှုပ်ထုပ်ကို ဖြေရှင်းပေးရဦးမှာလား”

ယဲ့ချိုးပိုင် : “…”

သူ့ဆရာတူညီမလေးအစား ကိုယ်စားအပြစ်ခံယူခဲ့ရကတည်းက သူ့ဆရာ၏နှလုံးသားထဲရှိသူ့ပုံရိပ်မှာ ပျက်စီးခဲ့ရလေသည်။

သူဟာ ပြဿနာရှာဖို့သာတတ်ပြီး အခြားလူများကို စိုးရိမ်ပူပန်အောင်လုပ်တတ်သည့်တပည့်တစ်ယောက်ဖြစ်လာခဲ့သည်။

ထိုအကြောင်းကိုတွေးရင်း ယဲ့ချိုးပိုင်ခမျာ ခါးသီးစွာပြုံးလိုက်မိပြီး ခေါင်းခါယမ်းပြလိုက်၏။

“ဆရာ ကျွန်တော် တစ်ခုလောက်မေးချင်လို့ပါ”

“သြော် မေးလေ”

ဤသို့ဖြင့် ယဲ့ချိုးပိုင်လည်း မုကျီချင်း၏ရုပ်ပိုင်းဆိုင်ရာပြဿနာအကြောင်းနှင့် ဆရာ့မှာ ထိုပြဿနာကိုဖြေရှင်းရန် နည်းလမ်းတစ်ခုလောက် ရှိနိုင်လောက်သည်ဟုခန့်မှန်းမိကြောင်း ပြောပြလိုက်သည်။

လုချန်ရှန်းလည်း ထိုအကြောင်းကိုကြားလိုက်ရသောအခါ အနည်းငယ်ရှုပ်ထွေးသွားရသည်။

ဒါက ဘယ်လိုခန္ဓာမျိုးလဲ။ ငါက ဘယ်လိုလုပ်သိမှာလဲဟ…

သူ တစ်စုံတစ်ခုပြောတော့မည့်ဆဲဆဲမှာတင် သူ့အာရုံထဲ၌ အသံတစ်သံပဲ့တင်ထပ်လာပေသည်။

[ရေခဲဝိညာဉ်အာရုံကြောဖွဲ့စည်းမှု။ ဒီလိုဖွဲ့စည်းပုံမျိုးရှိတဲ့လူတစ်ယောက်က ကံကောင်းမှုနဲ့ ကံဆိုးမှုအပေါ်မှီခိုနေရတာပါ]

[ကပ်ဘေးတစ်ခုက သူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရေခဲဝိညာဉ်အာရုံကြောရဲ့စွမ်းအားကို ကိုယ့်အတွက်ကိုယ်ပြောင်းလဲပြီးမသုံးနိုင်ရင် ရေခဲစွမ်းအင်ဆီက တန်ပြန်တိုက်ခိုက်ခံရလိမ့်မယ်။ အဲ့ဒီအချိန်ကစပြီး သူ့ဝိညာဉ်နဲ့ခန္ဓာကိုယ်လည်း ပျောက်ကွယ်သွားလိမ့်မယ်]

[ရေခဲဝိညာဉ်အာရုံကြောရဲ့စွမ်းအားထဲမှာ ကံကောင်းမှုလေးပါလာခဲ့ပြီး ရေခဲဝိညာဉ်အာရုံကြောကို ထိန်းကျောင်းနိုင်မယ်ဆိုရင်တော့ ရေခဲဝိညာဉ်ရေးရာချီစွမ်းအင်ကို စုပ်ယူနိုင်ပြီး အတော်လေးမြန်မြန်ဆန်ဆန်ကျင့်ကြံအားထုတ်မှုပြုနိုင်ပါတယ်]

[ဖြေရှင်းစရာနည်းလမ်း နှစ်ခုရှိတယ်။ ပထမတစ်ခုက ယန်ဓာတ်များပြားတဲ့ပစ္စည်းတစ်ခုကိုရှာပြီး စုပ်ယူပစ်ဖို့ပါ]

[ဒုတိယတစ်ခုက ရေခဲဝိညာဉ်ဆေးကိုသန့်စင်ပြီးတာနဲ့ ရေခဲဝိညာဉ်အာရုံကြောကိုဖိနှိပ်ပြီး ဖြည်းဖြည်းချင်းစုပ်ယူပစ်တဲ့နည်းလမ်းပါ]

‘တော်တယ်’

ထိုအကြောင်းကို ကြားသိလိုက်ရပြီးနောက် လုချန်ရှန်းရှင်းပြလိုက်သည်။

“ရေခဲဝိညာဉ်အာရုံကြောဖွဲ့စည်းမှုပဲ”

ယဲ့ချိုးပိုင်က ခေါင်းကုတ်လျက်ပြောလိုက်လေသည်။

“ရေခဲဝိညာဉ်အာရုံကြောဖွဲ့စည်းမှုက ဘာလဲဟင်”

ထိုအချိန်မှာ ဘေးဘက်ရှိ မိုးမခပင်ကြီးဆီမှ အေးအေးလူလူရှိသောအသံတစ်သံထွက်လာလေသည်။

“ဒီခန္ဓာမျိုး ဒီနေရာမှာပေါ်လာလိမ့်မယ်လို့ ထင်မထားဘူး”

“လတ္တီတွဒ်မြင့်တဲ့တခြားကမ္ဘာတွေမှာတောင် ဒီခန္ဓာမျိုးပေါ်မလာတာ နှစ်ပေါင်းကုဋေကုဋာချီနေပြီ”

“သမိုင်းတစ်လျှောက်မှာ အဲ့လိုအဖြစ်မျိုးသုံးခုပဲရှိခဲ့တယ်”

“တစ်ခုက ရေခဲဝိညာဉ်အာရုံကြောရဲ့တန်ပြန်သက်ရောက်မှုကြောင့် လူသေသွားခဲ့ရပြီး ကျန်တဲ့နှစ်ခုက နေမင်းဝိညာဉ်အာရုံကြောရှိတဲ့လူနဲ့ ကျင့်ကြံခဲ့တာ”

“ရေခဲဝိညာဉ်အာရုံကြောစွမ်းအားကို စုပ်ယူနိုင်ခဲ့တဲ့လူတစ်ယောက်လည်းရှိတယ်။ ကြည့်ရတာ သူက အခု အရိပ်အဆင့်အရှင်ဖြစ်နေပုံပဲ”

ထိုအကြောင်းကိုကြားသော် လုချန်ရှန်းက သူ့ပခုံးကိုတွန့်လိုက်သည်။

ယဲ့ချိုးပိုင်က မိုးမခပင်ကြီးကိုကြည့်၍ တအံ့တသြပြောလိုက်လေသည်။

“စီနီယာ ကျွန်တော်ဘာလုပ်ရမလဲ”

မိုးမခပင်ကြီး၏အသံမှာ နောက်တစ်ကြိမ်ပဲ့တင်ထပ်လာပြန်၏။

“သူ့ကို ဒီခေါ်ခဲ့လိုက်။ မင်းရဲ့ဆရာမှာ အဲ့ဒါကိုဖြေရှင်းဖို့နည်းလမ်းတစ်ခုရှိတယ်”

လုချန်ရှန်း : “…”

ငါ ဘယ်လိုလုပ်လုပ်နိုင်မှာလဲ။

ယန်စွမ်းအင်အမြောက်အမြားပါသောပစ္စည်းကို သူ ဘယ်ကသွားရှာပြီး ရေခဲဝိညာဉ်ဆေးကို မည်သို့မွမ်းမံရမလဲ။

ယဲ့ချိုးပိုင်က ခေါင်းညိတ်ပြလျက်ပြောလာပေသည်။

“ဒါဆို ကျွန်တော် နောက်တစ်ခေါက်ကျရင် သူ့ကိုခေါ်လာခဲ့လိုက်ပါ့မယ်”

လုချန်ရှန်း ဘာများပြောနိုင်ပါဦးမလဲ။ သူ့ခမျာ ကူကယ်ရာမဲ့စွာလဲလျောင်းနေရုံသာ တတ်နိုင်ပေသည်။

လုချန်ရှန်းအနားယူနေသည်ကိုမြင်သော် မုဝမ်အာ၏နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားရလေသည်။

ထို့နောက် သူ(မ)ဟာ မဟူရာသိုင်းကျင့်ကြံရာနေရာဖြစ်သော မီးတွင်းကြီးကိုကြည့်လိုက်သည်။

သိချင်စိတ်များစွာဖြင့် သူ(မ)လျှောက်လာလိုက်လေရာ နိဗ္ဗာန်မီးတောက်ကြီးက မဟူရာ၏ခန္ဓာကိုယ်ကို အဆက်အပြတ်ဆေးကြောနေသည်ကို မြင်လိုက်ရ၏။

မဟူရာ့ခန္ဓာကိုယ်ပေါ်ရှိ မီးပုံစံများမှာ သိပ်သည်းသည်ထက်သိပ်သည်းလာ၏။

သူ့အမူအရာကလည်း ရှုံ့မဲ့လာလေသည်။

မုဝမ်အာမှာ စိတ်မလှုပ်ရှားဘဲမနေနိုင်ချေ။

မဟူရာတစ်ယောက် မည်မျှနာကျင်နေလိုက်မလဲဆိုသည်မှာ မြင်သာပေသည်။

ထို့နောက် သူ(မ) ချောက်ကမ်းပါးထက်မှာ ဓားသိုင်းကျင့်ကြံနေသောယဲ့ချိုးပိုင်ကို ကြည့်လိုက်သည်။

မုဝမ်အာက ဤလူများကို သိထားပြီးသားပင်။

မဟူရာက ခန္ဓာကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း သူ့ရုပ်ပိုင်းဆိုင်ရာခွန်အားက ချန်းယွမ်အထွတ်အထိပ်အဆင့်ပညာရှင်များကိုပင် သုတ်သင်နိုင်သည်။

ယဲ့ချိုးပိုင်ကမူ မူလကတည်းက ပါရမီဓာတ်ခံရှိသောပုဂ္ဂိုလ်ဖြစ်သည်။ ဤတစ်လျှောက်တွင် ယဲ့ချိုးပိုင်၏ဒဏ္ဌာရီက တောင်ပိုင်းဒေသအနှံ့ပျံ့နှံ့နေခဲ့သည်။

လျှို့ဝှက်တာအိုပင်မကျောင်းတော်၌လည်း တာအိုလမ်းစဉ်ရှာဖွေရေးတောင်တန်းကိုဝင်ရောက်ပြီးနောက် အမွေအနှစ်ကိုဆက်ခံနိုင်ခဲ့သေးသည်။

ထို့နောက် သူ့ကို လျှို့ဝှက်ဓားသွားဂိုဏ်းကို စေလွှတ်ခဲ့ကြသည်။

သူက လျှို့ဝှက်ဓားသွားဂိုဏ်း၏ ဓားသင်္ချိုင်းထဲမှ ဓားသိုင်းပညာရှိ၏အမွေအနှစ်ကိုလည်း ဆက်ခံနိုင်ခဲ့သေးသည်။

သူတို့နှစ်ယောက်စလုံးက အလွန်တရာပါရမီထူးလှသူများပင်။ သို့သော် နှစ်ယောက်စလုံးမှာ ဝီရိယရှိရှိကျင့်ကြံနေကြဆဲဖြစ်ပြီး အားထုတ်မှုအရှိန်ကိုလည်း လုံးဝမလျှော့ချပစ်ပေ။

မုဝမ်အာ ပြုံးနေရာမှ တန့်ခနဲဖြစ်သွားလေသည်။ မိသားစုထဲတွင် သူ(မ)က အဂ္ဂိရတ်ပညာ၌ ပါရမီရှင်တစ်ဦးအဖြစ် အသိအမှတ်ပြုခံထားရသည်။ သူ(မ)၏အဂ္ဂိရတ်ပညာပါရမီဟာ အလွန်အမင်းမြင့်မားလှသည်။

သို့သော် မုဝမ်အာက ကျင့်ကြံရေးအပေါ် အာရုံမစိုက်ပေ။

မိသားစုထဲက အဂ္ဂိရတ်အကြီးအကဲတစ်ယောက်က မုဝမ်အာကို တပည့်အဖြစ်လက်ခံသင်ကြားပေးချင်ခဲ့သော်လည်း သူ(မ) လက်မခံခဲ့ပေ။

ယခုမူ လုချန်ရှန်းထံတွင် သူ(မ) တပည့်ခံချင်နေပေသည်။

သို့သော်ငြား ကျင့်ကြံရေးနှင့်ပတ်သက်လာလျှင်တော့ သူ(မ) အလွန်ပျင်းရိနေဆဲပင်။

ယဲ့ချိုးပိုင်နှင့်မဟူရာတို့ကို သူ(မ)ကြည့်လိုက်မိသည်။ ထူးချွန်ထက်မြက်သောပါရမီမျိုးရှိသည့်အပြင် အပြင်းအထန်ကြိုးစားအားထုတ်မှုလည်း ရှိကြသည်။ မုဝမ်အာခမျာ ကိုယ့်ကိုယ်ကိုယ်မေးခွန်းထုတ်နေမိတော့သည်။ သူ(မ)မှာ ပျင်းရိနေဖို့အခွင့်အရေးရှိပါသလား။

သူ(မ) ဘာကြောင့်များ လုချန်ရှန်းကိုဆရာတင်ချင်မိတာလဲ။

တာအိုလမ်းစဉ်ရှာဖွေဖို့အတွက်လေလား။ မဟုတ်ပါ။

ထာဝရရှင်သန်ဖို့အတွက်လေလား။ သိပ်မမှန်လှပေ။

သူ(မ)က ကိုယ်ကြိုက်တာကိုယ်လုပ်ရဖို့သာ ဆန္ဒရှိသူပင်။ ဆေးဖော်စပ်နည်းများကို ဘေးဖယ်ထားပြီး ဆေးဝါးအမျိုးအစားအားလုံးကို ဖော်စပ်နေတတ်သည်။

တကယ်တမ်းတွင် မုဝမ်အာက အဂ္ဂိရတ်ပညာကို အလွန်စိတ်ဝင်စားသည်။ သို့မဟုတ်ပါက အဂ္ဂိရတ်ညီလာခံသို့ သူ(မ) ဘာကြောင့်သွားမှာတဲ့လဲ။

မိသားစုအကြီးအကဲများကိုငြင်းပယ်ရသည့်အကြောင်းမှာမူ အဂ္ဂိရတ်ပညာက ဘောင်ကန့်သတ်မှုများ၏အောက်တွင် ထိန်းချုပ်မခံရသင့်ကြောင်း သူ(မ)ယုံကြည်ထားသောကြောင့်ပင်။

ဆေးဖော်စပ်နည်းအတိုင်း အတိအကျလိုက်နာပြီး ဆေးဖော်စပ်ခြင်းမျိုး သူ(မ)လုပ်လေ့မရှိပေ။ လုချန်ရှန်းလည်း ထိုသို့ပင်ဖြစ်ကြောင်း သူ(မ)မြင်တွေ့ခဲ့ရသည်။

သူက ဆေးဖော်စပ်နည်းကို ဘေးဖယ်ထားပြီး ဆေးဝါးကို စိတ်ကြိုက်သန့်စင်ပေသည်။

ဤသည်မှာ မုဝမ်အာ လုချန်ရှန်း၏တပည့်ဖြစ်လာချင်ရသည့်အကြောင်းအရင်းပင်။

ထိုသို့တွေးမိလိုက်သောအခါ မုဝမ်အာ စိတ်ပိုင်းဖြတ်လိုက်ပြီး သစ်သားအိမ်လေးထဲသို့ လျှောက်သွားလိုက်သည်။ ထိုအိမ်လေးထဲမှာ စာအုပ်ထူကြီးတစ်အုပ်ကို ဖွင့်ဖတ်လိုက်သည်။

စာအုပ်နာမည်မှာ အဂ္ဂိရတ်တာအိုအကြောင်း အသေးစိတ်ရှင်းလင်းချက်တစ်ခု ဖြစ်၏။ ဤစာအုပ်ကို အကြီးအကဲတစ်ဦးက သူ(မ)ကိုပေးထားခြင်းဖြစ်သည်။

ထိုစာအုပ်က အဂ္ဂိရတ်ပစ္စည်းများအားလုံး၏အသုံးပြုပုံနှင့် ဝိရောဓိဖြစ်တတ်သည့်နေရာများကို မှတ်တမ်းတင်ထားသည်။

ယခင်က မုဝမ်အာမှာ စာမျက်နှာနှစ်မျက်နှာမျှ ဝေ့ကာသော့၍ဖတ်ခဲ့ဖူးသည်။

ယခုမူ မုဝမ်အာ၏မျက်ဝန်းအစုံမှာ စာအုပ်ကိုဖွင့်လိုက်ချိန်တွင် တည်ကြည်ပြတ်သားနေသည်။

ညအချိန်ကား ကျရောက်လာလေပြီ။

ယဲ့ချိုးပိုင်လည်း ချက်ပြုတ်ပြီးစီးသွားချေပြီ။

စားပွဲပေါ်ရှိအခင်းအကျင်းကိုမြင်သောအခါ သူ ကြက်သေသေသွားပြီး မေးလိုက်သည်။

“မုဝမ်အာက ဘယ်မှာလဲ”

လုချန်ရှန်းက ဘာမှမပြောပေ။ ပန်းကန်လုံးတစ်လုံးကိုသာယူပြီး စတင်စားသောက်ပါတော့သည်။

မဟူရာက ခေါင်းကုတ်လျက် သစ်သားအိမ်ရှေ့ရှိ စားပွဲငယ်လေးဆီကို လက်ညှိုးထိုးပြသည်။

မုဝမ်အာက လေးလေးနက်နက်စာဖတ်နေပေသည်။

ယဲ့ချိုးပိုင်လည်း ပြုံး၍ပြောလိုက်၏။

“ဒါဆို အရင်စားကြရအောင်လေ”

နောက်တစ်ရက်တွင် မဟူရာက တစ်ရက်တာကျင့်ကြံမှုကို ပြီးမြောက်သွားချိန်၌ဖြစ်သည်။ သူ မုဝမ်အာရှိရာနေရာကိုလှမ်းကြည့်လိုက်သော်လည်း သူ(မ)က မလှုပ်မယှက်ပင်။

တတိယနေ့၌ ယဲ့ချိုးပိုင်၏အဆင့်က ထပ်တက်သွားပြန်လေသည်။ အရှိန်အဝါတစ်ခုကလည်း စံအိမ်တော်အထက်တွင် ဂယက်ထနေလေသည်။

သူသည် ရေအလျဉ်ပြည့်လျှံရေးအဆင့်သို့ ရောက်သွားခဲ့လေပြီ။ သူ့မျက်လုံးကိုဖွင့်ပြီး မုဝမ်အာရှိရာနေရာကို ကြည့်လိုက်မိသည်။ မုဝမ်အာ၏ပခုံးပေါ်တွင် ငှက်လေးများ ဝဲနေပေသည်။

ဤသည်မှာ မုဝမ်အာ ယခုအထိမလှုပ်မယှက်ရှိနေဆဲဟု ဆိုလိုသည်။ သူ(မ)က အဂ္ဂိရတ်တာအို၏အသေးစိတ်ရှင်းလင်းချက်ကို အာရုံတစိုက်ဖတ်ရှုနေသည်။ သူ(မ)၏လက်ချောင်းလေးများကို အသာအယာလှုပ်ကာ စာမျက်နှာများကို လှန်နေချေသည်။

ယဲ့ချိုးပိုင် အသာအယာခေါင်းညိတ်လိုက်မိသည်။ ထို့နောက် မီးဖိုချောင်ဆီသို့ သွားလိုက်တော့၏။

နောက်ရည်အနည်းငယ်ကြာသည်အထိ ထိုအတိုင်းသာဆက်ဖြစ်နေခဲ့သည်။

လုချန်ရှန်း အိပ်စက်နေစဉ် မုဝမ်အာက စာဖတ်နေသည်။ ယဲ့ချိုးပိုင် ဓားသိုင်းကျင့်ကြံနေချိန်မှာလည်း သူ(မ)က စာဖတ်နေဆဲပင်။ မဟူရာ၏ခန္ဓာသန့်စင်နေချိန်၌လည်း သူ(မ)စာဖတ်နေဆဲသာ။

တစ်ရက်ပြီးတစ်ရက်…

သူတို့သုံးယောက်၏အမြင်တွင် ရွှတ်နောက်နောက်နေတတ်သောမိန်းကလေးက ယခင်ကနှင့်မတူတော့သလိုခံစားလိုက်ရသည်။

ဆယ်ရက်မြောက်နေ့တွင် စာအုပ်အထူကြီးက အဆုံးထိရောက်လာလေပြီ။

မုဝမ်အာက အနားမယူခဲ့ဘဲ ဆေးကျိုအိုးကိုထုတ်လိုက်ပြီး ဆေးဝါးစတင်ဖော်စပ်လေတော့သည်။

သူယူလိုက်သောပါဝင်ပစ္စည်းများက ဆေးဖော်စပ်နည်းတချို့နှင့် မတူညီပေ။ ထိုအထဲတွင် ဝိရောဓိဖြစ်စေနိုင်သောဆေးဖက်ဝင်အရာများပင် ပါနေလေသည်။

မုဝမ်အာက ပါဝင်ပစ္စည်းများကို ဆေးကျိုအိုးထဲသို့ပစ်ထည့်လိုက်ပြီး စတင်မွမ်းမံလေတော့သည်။

ဤတစ်ခေါက်တွင် နောက်ထပ်ကိုးရက်တာကုန်လွန်သွားပြန်သည်။

သူ(မ) ကျရှုံးမှုပေါင်းများစွာကို တွေ့ကြုံခံစားခဲ့ရပြီးဖြစ်၏။ ဆေးရနံ့ကလည်း ဆေးကျိုအိုးထဲမှ ပျံ့လွင့်လာချေသည်။

မုဝမ်အာတစ်ယောက် အံ့အားသင့်သွားလေသည်။ သူ(မ) ဆေးလုံးကိုယူလိုက်ပြီး လုချန်ရှန်းဆီသို့ လှစ်ခနဲပြေးသွားလိုက်သည်။

“ဦးလေး.. ကျွန်မလုပ်နိုင်ခဲ့ပြီ”

ဤတစ်ကြိမ်တွင်မူ လုချန်ရှန်းက စိတ်မရှည်ပုံမပေါ်တော့ပေ။

မုဝမ်အာ ကြိုးစားအားထုတ်ထားသည်ကို သူမြင်ခဲ့ရပြီးလေပြီ။

ကြိုးစားအားထုတ်လေသောလူတိုင်း အလှောင်အပြောင်မခံရသင့်ပေ။

Comment

Leave a Reply

Options

not work with dark mode
Reset