Switch Mode

အခန်း (၁၁၉)

ဗုဒ္ဓဘာသာဂိုဏ်း၏ဆန်ကုန်မြေလေးများ

နင်းချန်ရှင်းက ဗုဒ္ဓဘာသာကျင့်ကြံသူသုံးဦး၏လုပ်ရပ်များကိုကြည့်ကာ ပြောလိုက်သည်။

“ဗုဒ္ဓဘာသာဂိုဏ်းကလည်း မင်းတို့လိုပဲဆိုရင် အဲ့ဒီဂိုဏ်းက တကယ်ကိုပုပ်သိုးဆွေးမြည့်နေတာပဲဖြစ်မယ်”

ထိုစကားကိုကြားသော် အရပ်ခပ်ရှည်ရှည်နှင့် ဗုဒ္ဓဘာသာကျင့်ကြံသူက လှောင်ပြောင်လေသည်။

“အဲ့ဒီတော့ဘာဖြစ်လဲ။ အားကြီးသူက အားနည်းသူကိုဖိနှိပ်နေတဲ့ ဒီကမ္ဘာကြီးထဲမှာ နောက်ကျကျန်ရစ်နေခဲ့တဲ့လူက အနိုင်ယူခံရမှာပဲ”

“နောက်ကျကျန်ရစ်နေခဲ့တဲ့လူက အားကြီးသူတွေကို အညံ့ခံရမှာ”

“အဲ့လိုမှမဟုတ်ရင် သူတို့ဖယ်ရှားရှင်းလင်းခံရလိမ့်မယ်”

“ကြည့်စမ်း… သူတို့သာ ငါတို့စကားနားထောင်ပြီး ဗုဒ္ဓဘာသာကိုယုံကြည်သက်ဝင်ခဲ့မယ်ဆိုရင် သူတို့သေမှာမဟုတ်ဘူး”

“ဒါ ကံကံ၏အကျိုးပဲ”

နင်းချန်ရှင်းက အသံတိတ်နေသော်လည်း သူ့မျက်ဝန်းအစုံကတော့ နွမ်းနယ်နေလေသည်။ သူက ကမ္ဘာကြီးကို သင်ကြားပို့ချပေးချင်သည်။ကမ္ဘာကြီးကို ငြိမ်းချမ်းစေချင်သည်။ စစ်ပွဲများလည်း မရှိစေချင်သလို တိုက်ခိုက်ရန်ပွားခြင်းမျိုးလည်း မရှိစေချင်ပေ။ ထို့အတူ အကြံသမားများလည်း ပပျောက်စေချင်သည်။

သို့သော် ဤလမ်းစဉ်ကား ခက်ခဲလွန်းလှသည်။ လုချန်ရှန်းပင်လျှင် သူဘာတွေးနေသလဲဆိုသည်ကို သိလေသည်။ သူက ထိုကိစ္စနှင့်ပတ်သက်ပြီး ဘာမျှော်လင့်ချက်မှမထားရှိချေ။

လူသားများ ရှိနေသရွေ့ တိုက်ခိုက်မှုများနှင့် အကြံသမားများရှိနေမည်သာ။ နင်းချန်ရှင်း မျှော်လင့်နေသောကမ္ဘာကြီးကား အဆုံးမှာတော့ အိပ်မက်ဆန်လွန်းလှပေသည်။

ထိုအိပ်မက်က ဤနယ်ပယ်တွင် သူ့အားစိုက်မှုကို ထောက်ခံရုံမျှသာရှိသည်။ ဤသည်မှာ နင်းချန်ရှင်း၏အကြံသာဖြစ်၏။

“အတိုချုပ်ပြောရရင် ဒီနေ့ ခင်ဗျား အနောက်ပိုင်းဒေသက ဗုဒ္ဓဘာသာဂိုဏ်းကိုသွားနိုင်မှာမဟုတ်ဘူး”

ဗုဒ္ဓဘာသာကျင့်ကြံသူသုံးဦးဟာ စကားအဆုံးတွင် လက်နှစ်ဖက်ကိုထွေးယှက်လိုက်သည်။

ဗုဒ္ဓရောင်ခြည်တန်းများက သူတို့သုံးယောက်၏ပတ်ပတ်လည်တွင် လွှမ်းခြုံသွားသည်။ ထို့နောက် သူက သူ့လက်ဝါးကို ပုတ်ထုတ်လိုက်သည်။ ရွှေရောင်အလင်းရောင်ထုတ်လွှတ်နေသော လက်ဝါးအမှတ်အသားမှာ နင်းချန်ရှင်းဆီသို့ ဦးတည်လာလေသည်။

ဗုဒ္ဓဘာသာကျင့်ကြံသူသုံးဦးက ပင်လယ်ရေလှိုင်းအထွတ်အထိပ်အဆင့်ရှိကြသူများပင်။ နင်းချန်ရှင်းကမူ ဘာကျင့်ကြံစဉ်မှမရှိချေ။

သို့သော် သူ့ကွန်ဖြူးရှပ်တာအိုအဆင့်ကတော့ အလွန်မြင့်မြတ်လှသည်။

ထိုမြင်ကွင်းကိုမြင်သောအခါ နင်းချန်ရှင်းက လုံးဝထိတ်လန့်မသွားပေ။ နင်းချန်ရှင်း၏လက်ထဲတွင် စာအုပ်တစ်အုပ်ထွက်ပေါ်လာလေသည်။ ဤသည်မှာ တာအိုသိုင်းကျမ်းပင်တည်း။

ထိုကျမ်းကို လုချန်ရှန်းက နင်းချန်ရှင်းကို တပည့်လက်ခံစဉ်ကပေးခဲ့သောစာအုပ်ဖြစ်သည်။ နင်းချန်ရှင်းက သူ့လက်ထဲမှာ တာအိုသိုင်းကျမ်းကို ကိုင်ထားသဖြင့် တာအိုဆန္ဒများက သူ့ပတ်ပတ်လည်တွင် စီးဆင်းနေချေသည်။ သူ့အမူအရာမှာ တည်ငြိမ်နေပြီး သူ့အသံကား မိုးကြိုးပစ်သံအလားပင်။

“ကောင်းကင်နှင့်ပထဝီမြေကြီးဟာ နှလုံးသားကင်းမဲ့လေတယ်။ သူတို့က သက်ရှိအပေါင်းကို ကောက်ရိုးခွေးလေးတွေလို သဘောထားတယ်”

ချက်ချင်းပင် ကောင်းကင်ဘုံချိတ်ပိတ်အဆောင်တစ်ခုက ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူတို့သုံးယောက်ကို ဖိနှိပ်ထားလိုက်တော့သည်။ ထိုအခိုက်တွင် လက်ဝါးအမှတ်အသားသုံးခုက ကောင်းကင်ဘုံချိတ်ပိတ်အဆောင်၏ဖိနှိပ်မှုကို ချက်ချင်းခံလိုက်ရလေသည်။
ပျောက်ကွယ်သွားလေပြီ။

ဗုဒ္ဓဘာသာကျင့်ကြံသူသုံးဦးမှာ ထိတ်လန့်သွားလေသည်။ သူတို့က လက်ဝါးများကို အတူတကွဖိထားလိုက်ပြီး မပီဝိုးတဝါးစကားလုံးများကို တရစပ်ရွတ်နေချေသည်။

ဤသည်မှာ ဗုဒ္ဓကျမ်းစာပင်တည်း။ ဗုဒ္ဓစာလုံးများက ကောင်းကင်ဘုံချိတ်ပိတ်အဆောင်ကို ခုခံထားသည်။ သို့သော် ထိုကောင်းကင်ဘုံချိတ်ပိတ်အဆောင်ကို ရပ်တန့်နိုင်စွမ်းတော့မရှိပေ။ ဗုဒ္ဓဘာသာကျင့်ကြံသူသုံးဦး၏ခုခံမှုမှာ နောက်ဆုံး၌အချည်းနှီးဖြစ်သွားရလေတော့သည်။

“အကျိုးတော်ဆောင်ကြီး ရပ်ပါတော့”

သူတို့ထဲရှိ အရပ်ခပ်ရှည်ရှည်နှင့် ဗုဒ္ဓဘာသာကျင့်ကြံသူက သက်ညှာပေးပါရန် ချက်ချင်းတောင်းပန်လေသည်။

နင်းချန်ရှင်းကတော့ အမူအရာလုံးဝမပြောင်းသွားပေ။

ကောင်းကင်ဘုံချိတ်ပိတ်အဆောင်ကလည်း ရပ်တန့်မည့်အလားအလာမရှိ။ သူက သူတို့သုံးယောက်ကို နှိပ်ကွပ်ချင်နေပေသည်။

နင်းချန်ရှင်း၏မျက်လုံးထဲတွင် ထိုလူသုံးယောက်မှာ ဤကမ္ဘာကြီးပေါ်မှ ဖယ်ထုတ်ပစ်ရမည့်လူပိုများပင်။ သူ့မှာ ထိုသို့လုပ်နိုင်သောစွမ်းရည်မျိုးလည်း သေချာပေါက်ရှိသည်။

အပြင်လူများ၏အမြင်တွင်မူ ဗုဒ္ဓဘာသာကျင့်ကြံသူများအနေနှင့် ကမ္ဘာကြီးကိုကယ်တင်ရန်မှာ သူတို့တာဝန်အဖြစ် ယူဆထားကြသည်ဟုပင်။

သို့သော် အားနည်းသောထိုရွာသားများက ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ဖို့ ငြင်းဆန်မိခဲ့သဖြင့် မှော်ဝင်သားရဲများက သူတို့အား အပိုင်းပိုင်းအစစဖြစ်အောင် ကိုက်သတ်ခံနေရသည်ကို ထိုလူများက သည်အတိုင်းထိုင်ကြည့်နေခဲ့သည်။

ထိုသို့သောလူတစ်ယောက်က ဤကမ္ဘာကြီးထဲတွင် ဆက်လက်ရှင်သန်နေထိုင်ရန် လိုအပ်ပါသလော။

အနည်းဆုံးတော့ နင်းချန်ရှင်း၏အထင်အမြင်အရ သူတို့တစ်တွေ ဆက်ရှင်သန်ဖို့မလိုပေ။

ကောင်းကင်ဘုံချိတ်ပိတ်အဆောင်ကား သူတို့သုံးယောက်ကို ဆက်လက်လွှမ်းခြုံထားပေသည်။

“အကျိုးတော်ဆောင်ကြီး… ခင်ဗျားက အသုံမကျတဲ့သေမျိုးတွေအတွက်နဲ့ ဗုဒ္ဓဘာသာဂိုဏ်းကို အာခံချင်တာလား”

နင်းချန်ရှင်းကတော့ ပေါ့ပေါ့ပါးပါးပြောလာသည်။

“ဗုဒ္ဓဘာသာဝင်တိုင်းက ခင်ဗျားတို့လိုသာဆိုရင် သူတို့ကိုအာခံတော့ရော ဘာဖြစ်သေးလဲ”

ထိုသို့ပြောပြီးနောက် သူက သူ့လက်ဝါးကို အနည်းငယ်အောက်ငိုက်လိုက်သည်။

သူတို့သုံးယောက်၏ မျှော်လင့်ချက်ကုန်ခမ်းသွားလေဟန်အကြည့်များအောက်တွင် ကောင်းကင်ဘုံချိတ်ပိတ်အဆောင်က အောက်ဘက်ကိုဖိချလိုက်လေသည်။

ချက်ချင်းပင် ဗုဒ္ဓဘာသာကျင့်ကြံသူများ၏ခန္ဓာများမှာ ထိုအခိုက်အတန့်၌ လုံးဝအစအနပျောက်သွားချေပြီ။ ဝိညာဉ်ကမူ ဤနေရာတွင် ထာဝရချုပ်နှောင်ခံလိုက်ရပြီဖြစ်၏။

နင်းချန်ရှင်းလည်း ထိုမြင်ကွင်းကိုမြင်သောအခါ ပျော်ရွှင်စွာပြုံးမနေဘဲ လေးလံသောသက်ပြင်းသာချလိုက်မိသည်။ ထို့နောက် အနောက်ပိုင်းဒေသ၏ ဗုဒ္ဓဘာသာဂိုဏ်းဆီကို ထွက်လာခဲ့လိုက်သည်။

နင်းချန်ရှင်း သူကိုယ်တိုင်စစ်ဆေးကြည့်ချင်မိသည်။

သူကိုယ်တိုင် ဗုဒ္ဓဘာသာဂိုဏ်းဆီကိုသွားပြီး ထိုသူတို့က သူတို့သုံးယောက်နှင့် အတူတူပဲလားဆိုသည်ကို သူ့မျက်စိနှင့်တပ်အပ်စစ်ဆေးကြည့်ရမည်။

ကမ္ဘာကြီးကိုကယ်တင်သည်ဟူသော ခေါင်းစဉ်အောက်တွင် သူတို့က နယ်မြေလေးခုကို တရားဟောပြောပို့ချပြီး ယုံကြည်ကိုင်းရှိုင်းမှုစွမ်းအားကို ရရှိလာခဲ့သည်။

သို့သော် နောက်ကွယ်မှာတော့ သူတို့လည်း ထိုသုံးယောက်လိုပင်။

ရွံရှာဖွယ်ရာကောင်းလှသည်။

တောင်ပိုင်းဒေသရှိ လျှို့ဝှက်တာအိုကျောင်းတော်၌ လုချန်ရှန်း ပြန်ရောက်နေပြီဖြစ်၏။

ထိုအချိန်တွင် သူက ဝါးကုလားထိုင်ပေါ်တွင် မျက်လုံးမှိတ်လျက်လဲလျောင်းရင်း နေပူဆာလှုံနေပေသည်။ အလွန်ကျေနပ်ဖွယ်ရာပင်။

“သောက်ကျိုးနည်း… ဒါကမှဘဝပဲ”

“အဲ့ဒီကောင်စုတ်လေးတွေ နောက်ပိုင်းကျရင် ငါ့ဆီကို ပြဿနာတွေသယ်မလာဖို့မျှော်လင့်မိတယ်။ အဲ့လိုမှမဟုတ်ရင် ငါ သူတို့အရှုပ်ထုပ်တွေကို ရှင်းပေးနေရဦးမယ်”

“ဒါပေမဲ့ အကြီးအကဲဟူက တကယ်စိတ်ချရတာပဲ။ အဲ့ဒီကျောင်းသားတွေကို စာသင်ပေးဖို့ တကယ်မလိုတော့ဘူးပဲ”

“နောက်ဆုံးတော့ ငါ ခဏလောက်အနားယူနိုင်ခဲ့ပြီ”
သို့သော် သူ့စကားအဆုံးမှာတင် စံအိမ်တော်ထဲသို့ ဟူချင်းရောက်ချလာလေသည်။ ဟူချင်း၏အနောက်မှာ အလွန်တရာချစ်ဖို့ကောင်းလှသောမိန်းကလေးတစ်ယောက် မတ်တတ်ရပ်နေပေသည်။

မိန်းကလေးက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ပတ်ပတ်လည်ကို ဂရုတစိုက်ကြည့်လိုက်သည်။ ထို့နောက် သူ(မ)၏အကြည့်က လုချန်ရှန်းအပေါ်တွင် မြဲမြံနေလေတော့သည်။

လုချန်ရှန်းကတော့ မျက်လုံးပင်မဖွင့်ဘဲ ကူကယ်ရာမဲ့စွာပြောလိုက်သည်။

“အကြီးအကဲဟူ ကျွန်တော်အနားယူဖို့လိုသေးတယ်ဗျ”

“ကိစ္စတစ်ခုခုရှိရင်လည်း ရက်တစ်ရာလောက်နေမှ ပြောကြတာပေါ့ ဟုတ်ပြီလား”

ဟူချင်း : “…”

လုချန်ရှန်း၏ပျင်းတိပျင်းလျော့အကြည့်ကို မြင်လိုက်ရသည့်အခါ သူ့ခမျာ ကူကယ်ရာမဲ့သွားပေသည်။

“စိတ်မပူပါနဲ့။ ငါ မင်းကိုအလကားနေရင်းလာရှာတာမဟုတ်ပါဘူး။ မင်းကို လာရှာတာလည်း ငါမဟုတ်ဘူး။ ငါက လူတစ်ယောက်ကိုခေါ်လာပေးရုံလေးပဲ”

“လူတစ်ယောက်ကိုခေါ်လာတယ်”

လုချန်ရှန်း ခေါင်းလှည့်ကာ ဟူချင်းရှိရာဘက်ကို မျက်လုံးဖွင့်ကြည့်လိုက်သည်။ ထို့နောက် သူ ဟူချင်း၏အနောက်ရှိတစ်စုံတစ်ရာကို မြင်လိုက်ရပေသည်။

သူ့အားပြုံးပြနေသောမိန်းကလေး…

သူ့အမူအရာ တောင့်တောင့်ကြီးဖြစ်သွားရလေသည်။

အိုး မဖြစ်ဘူး…

ငါတော့ ကံဆိုးမိုးမှောင်ကျပြီ။

ငါ့ရဲ့သာယာတဲ့ဘဝလေးတော့ ငါနဲ့ဝေးပြန်ပြီ…

“ဦးလေး ကျွန်မရောက်လာပြီ”

ထိုမိန်းကလေးမှာ မုဝမ်အာဖြစ်သည်။

လုချန်ရှန်းလည်း သူ့မျက်နှာကိုအုပ်ထားပြီး မေးလိုက်သည်။

“ဦးလေး.. ဘယ်သူက ဦးလေးလဲ။ မင်း ငါ့ကို တခြားတစ်ယောက်နဲ့လူမှားနေပြီထင်တယ်”

ဟူချင်း : “….”

သူ့ခမျာ ကူကယ်ရာမဲ့စွာ ခေါင်းခါယမ်းလိုက်မိသည်။

“ကောင်းပြီလေ။ ငါ သူ့ကိုခေါ်လာပေးပြီးပြီမို့ ငါသွားနှင့်မယ်”

ဤလူအိုကြီး၏စကားကိုနားထောင်ပြီး အဂ္ဂိရတ်ညီလာခံကိုတက်ရောက်ခဲ့ခြင်းမှာ အမှားတစ်ခုဖြစ်ကြောင်း ခံစားမိလိုက်သည်။

မုဝမ်အာက အပြုံးလေးဖြင့် အနားကိုလျှောက်လာပြီး ပြောလေသည်။

“ကဲ ဦးလေး…ဟန်ဆောင်နေတာရပ်လိုက်တော့”

လုချန်ရှန်း သူ့လက်ကိုပြန်ချကာ မုဝမ်အာကိုကြည့်လိုက်သည်။

“မင်း ဘာလို့ဒီကိုရောက်လာတာလဲ”

“ကျွန်မ ရှင့်ရဲ့တပည့်ဖြစ်ချင်ပါတယ်လို့ ပြောခဲ့သားပဲ”

“ဒါပေမဲ့ ငါ တပည့်လက်မခံတော့ဘူးလို့‌ပြောခဲ့သားပဲ”

“ဒီကိုလာဖို့ မင်းရဲ့မိသားစုက ခွင့်ပြုလို့လား”

အရည်ရွှန်းလဲ့နေသော မုဝမ်အာ၏မျက်ဝန်းများက လခြမ်းကွေးသဏ္ဌာန်ကွေးညွတ်သွားသည်အထိ ပြုံးလိုက်လေသည်။

“သေချာပေါက်သဘောတူတာပေါ့”

“ဦးလေး ရှင်က ကောင်းကင်အဆင့်ဆေးဝါးကိုဖော်စပ်နိုင်ခဲ့တဲ့ အဂ္ဂိရတ်မဟာသခင်ပဲဟာကို။ ကျွန်မအဖေက ကျွန်မ ရှင့်ရဲ့တပည့်ဖြစ်ချင်တယ်ဆိုတာကို သေချာပေါက်သဘောတူမှာပဲလေ”

လုချန်ရှန်း သူ့မျက်နှာကိုအုပ်ကာလိုက်ပြီး တိတ်တဆိတ်ငိုကြွေးမြည်တမ်းလိုက်မိသည်။

ဘယ်လိုဝဋ်ကြွေးမျိုးပါလိမ့်။

မုဝမ်အာက လုချန်ရှန်းကိုကြည့်၍ ပြောလိုက်သည်။

“ဦးလေး.. ရှင် ကျွန်မရဲ့စွမ်းရည်ကို သဘောမကျဘူးဆိုတာ ကျွန်မသိပါတယ်။ ဒါပေမဲ့ တစ်နေ့ကျရင် ရှင် ကျွန်မကိုလက်ခံလာအောင်လုပ်ပြမယ်”

လုချန်ရှန်း : “….”

လက်မခံဘူး။ လက်မခံဘူ။ မဖြစ်နိုင်တာတွေမပြောစမ်းနဲ့။

ငါက အေးဆေးသာယာတဲ့ဘဝကို ဖြတ်သန်းချင်ရုံလေးပါ..

ထိုအချိန်တွင် ယဲ့ချိုးပိုင်နှင့်မဟူရာတို့က စံအိမ်တော်ကိုပြန်ရောက်လာကြသည်။

သူက မုဝမ်အာကိုမြင်သောအခါ မှင်တက်သွားလေသည်။

“ဆရာ.. ဒီမိန်းမငယ်လေးကဘယ်သူလဲ”

လုချန်ရှန်းပြန်မဖြေနိုင်ခင်မှာပင် မုဝမ်အာက အပြေးသွား၍ ယဲ့ချိုးပိုင်ကိုပြုံးပြလိုက်သည်။

“မင်္ဂလာပါ ဆရာတူအစ်ကို”

အလွန်အမင်းချစ်ဖို့ကောင်းလှသော ဤမိန်းမပျိုလေးကို သူကြည့်လိုက်သည်။

သူ့ကိုမုန်းဖို့ရာခက်ခဲလှကြောင်း ယဲ့ချိုးပိုင်သိလိုက်ရသည်။ သူ ပြုံးလျက်ပြောလိုက်သည်။

“သူက ဆရာ့ရဲ့တပည့်အသစ်လား”

လုချန်ရှန်းက ချက်ချင်းပြန်ဖြေလာပေသည်။

“မဟုတ်ဘူး”

မုဝမ်အာကလည်း လုချန်ရှန်းကို မျက်ဆံလှန်ပြလိုက်သည်။

“အနှေးနဲ့အမြန်ပါပဲ”

ယဲ့ချိုးပိုင်နှင့်မဟူရာမှာ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီးနောက် သဘောပေါက်သွားကြသည်။ သူတို့မရယ်ဘဲမနေနိုင်တော့ပေ။

လုချန်ရှန်းမှာမူ အစကတည်းက စိတ်ရှုပ်နေနှင့်ပြီးဖြစ်လေရာ ယဲ့ချိုးပိုင် ထိုသို့ဖြစ်နေသည်ကိုမြင်လိုက်ရသောအခါ သူ ဒေါသမထွက်ဘဲမနေနိုင်ချေ။

“ရယ်နေ ရယ်နေ…မင်းက ဘာကိုရယ်နေတာလဲ”

“မင်း ငါ့အတွက် ပြဿနာတွေသယ်လာပေးတာ မလုံလောက်သေးဘူးလို့ထင်နေတာလား”

“ငါ့အတွက် ထမင်းမြန်မြန်သွားချက်ချေ”

ယဲ့ချိုးပိုင် : “…”

Comment

Leave a Reply

Options

not work with dark mode
Reset