ထျန်းယွမ်မင်းဆက်ဖျက်ဆီးခံလိုက်ရသည့်သတင်းက ရောဂါကပ်ဘေးတစ်ခုနှယ် လျင်လျင်မြန်မြန်ပျံ့နှံ့သွားသည်။ နယ်မြေလေးခုစလုံးလည်း ထိုအကြောင်းကိုသိသွားကြသည်။
ထျန်းယွမ်မင်းဆက်ကို ဓားသိုင်းကျင့်ကြံသူယဲ့ချိုးပိုင်နှင့် သူ့ဆရာတူညီလေးတို့က ဖျက်ဆီးပစ်ခဲ့လေသည်။
“ဒီထျန်းယွမ်မင်းဆက်က တောင်ပိုင်းဒေသမှာ အတော်ကြီးတဲ့အဖွဲ့အစည်းတစ်ခုမဟုတ်လား”
“ဟုတ်တာပေါ့။ အဲ့ဒါက စွမ်းအားကြီးတဲ့ဖွဲ့စည်းတစ်ခုဆိုပေမဲ့ နယ်မြေလေးခုအဆင့်သတ်မှတ်ချက်ထဲမှာပါတဲ့ ပညာရှင်တော့မရှိဘူး”
လူတိုင်းနားလည်ထားကြသည်မှာ တောင်ပိုင်းဒေသဟာ အလွန်အမင်းခေတ်နောက်ကျလှသည်။
ထျန်းယွမ်မင်းဆက်၏ဘုရင်က ချန်းယွမ်အလယ်အလတ်အဆင့်၌သာရှိသည်။ သူ့ခွန်အားကလည်း ထိုအဆင့်မျိုးတွင် အလွန်သာမန်ဆန်လှသည်။
“ဒါပေမဲ့ ယဲ့ချိုးပိုင်က လျှို့ဝှက်တာအိုပင်မကျောင်းတော်ကလို့ ငါကြားထားတာ”
“လျှို့ဝှက်တာအိုကျောင်တော်ရဲ့ တာအိုလမ်းစဉ်ရှာဖွေရေးတောင်တန်းမှာ ဓားသိုင်းပညာရှိတစ်ယောက်ရဲ့အမွေအနှစ်ကို ကျော်လွှားနိုင်ခဲ့ရုံတင်မကဘဲ လျှို့ဝှက်ဓားသွားဂိုဏ်းက အမွေအနှစ်ကိုပါ ရခဲ့သေးတာတဲ့”
“ထျန်းယွမ်မင်းဆက်က ဒီလိုမကောင်းဆိုးဝါးမျိုးကို ဘာလို့များရန်စခဲ့ပါလိမ့်”
ထျန်းယွမ်မင်းဆက်ပျက်စီးသွားခြင်းမှာ လူတိုင်းအမြင်တွင် မဖြစ်စလောက်အရာလေးဖြစ်၏။ သူတို့က ကျင့်ကြံရေးပြင်ပရှိအကြောင်းအရာများကို သည်အတိုင်းပြောဆိုနေကြရုံသာ။
မည်သို့ပင်ဖြစ်စေ ထိုသတင်းကို နေမဝင်အင်ပါယာသိသွားချိန်မှာ အလွန်ဝန်လေးသွားကြလေသည်။
ယဲ့ချိုးပိုင်မှာ လုံးဝအရွယ်ရောက်လာပြီး ဆရာတူညီလေးတစ်ယောက်တည်းနှင့်အတူ ထျန်းယွမ်မင်းဆက်ကို ဖျက်ဆီးနိုင်ခဲ့သည်။
တစ်ဖက်လူမှာ ချန်းယွမ်အဆင့်ကိုပင် မဖြတ်ကျော်ရသေးပေ။
သူသာ ချန်းယွမ်အဆင့်ကို ကျော်ဖြတ်ပြီးသွားပါက သူ့ခွန်အားက မည်မျှအားကောင်းလာလိုက်လေမလဲ။
ပင်လယ်ရေလှိုင်းအဆင့်နှင့် ချန်းယွမ်အဆင့်ကြားရှိကွာခြားချက်မှာ လျှိုမြောင်တစ်ခုအလားပင်။
နေမဝင်အင်ပါယာ၏အရှင်သခင် ဟွမ်းယီထုံက ခန်းမထဲရှိစင်မြင့်ထက်၌ ထိုင်နေချေသည်။ အစေခံဆီကတင်ပြချက်ကို သူကြားလိုက်ရသောအခါ သူ့မျက်ဝန်းများ မှောင်မိုက်သွားသည်။
ယခုလိုသာဆက်ဖြစ်နေပါက…
ယဲ့ချိုးပိုင်ရောက်လာတော့မည်မှာ အနှေးနှင့်အမြန်ပင်။
သူ့အတွက်တော့ လျှို့ဝှက်တာအိုပင်မကျောင်းတော်၏ခေါင်းဆောင်ယန်ဘက်က သတိကြီးကြီးထားနေသဖြင့် သူကိုယ်တိုင် ယဲ့ချိုးပိုင်ကိုသတ်၍မရချေ။
အကယ်၍ သူ့ဘက်ကစလှုပ်ရှားလိုက်ပါက ခေါင်းဆောင်ယန်ကလည်း တစ်ချိန်တည်းမှာပင် သူ့ကိုတားဆီးလာလိမ့်မည်။ စေ့စပ်ညှိနှိုင်းဖို့ရာလည်း မဖြစ်နိုင်ပေ။
ဟွမ်းယီထုံ ထိုလမ်းကြောင်းကို လုံးဝစဉ်းစားမည်မဟုတ်။
နှစ်ဦးနှစ်ဖက်ကြားရှိအမုန်းတရားက “မင်းသေရင်သေ၊ မသေရင် ငါသေမှရမယ်”ဆိုသောအခြေအနေမျိုးဖြစ်သည်။
“ဘယ်လိုပဲတွေးတွေး ဒါက လမ်းဆုံးပဲ”
ဟွမ်းယီထုံက သူ့နှာတံကိုဆွဲဆိတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။ ထို့နောက် သူက မတ်တတ်ရပ်၍ နေမဝင်အင်ပါယာ၏အတွင်းပိုင်းထဲကို လျှောက်သွားလေသည်။
ယခုနေသာ သူ ယဲ့ချိုးပိုင်ကိုသတ်နိုင်မည့်နည်းလမ်းကို မရှာနိုင်ပါက နေမဝင်အင်ပါယာကြီး ဘာဖြစ်သွားလေမလဲ။
ထျန်းယွမ်မင်းဆက်ကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
တောင်ပိုင်းဒေသလျှို့ဝှက်တာအိုကျောင်းတော်တွင်..
ယဲ့မိသားစု၏ဘိုးဘေး ထိုသတင်းကိုကြားလိုက်သည့်အခါ သိပ်မပျော်နိုင်ချေ။ သူ ထျန်းယွမ်မြို့တော်ကို ပြန်နိုင်ပြီဆိုသော်ငြား မဟာမိသားစုကြီးလေးခုထဲမှ တစ်ခုအဖြစ်ဆက်ရှိနေဦးမည်ဖြစ်၏။
သို့သော် ယဲ့ချိုးပိုင်ကတော့ ယဲ့မိသားစုကိုပြန်လာတော့မည်မဟုတ်။ ထိုသို့တွေးမိလိုက်သောအခါ ယဲ့မိသားစု၏ဘိုးဘေးဟာ နောင်တရသွားလေသည်။
အကယ်၍ ယဲ့ချိုးပိုင်သာ ယဲ့မိသားစုဝင်တစ်ယောက်ဖြစ်နေသေးပါက သူ့အနေနှင့် ယဲ့မိသားစုကို ထျန်းယွမ်မြို့တော်တွင်သာမက တောင်ပိုင်းဒေသတွင်ပါ ကျော်စောလာအောင် ဦးဆောင်နိုင်ပေသည်။
သို့သော် ထိုကိစ္စများကိုတွေးနေလျှင်လည်း အသုံးမဝင်တော့ပေ။ သူတို့ ခြေလှမ်းမှားသွားခဲ့ပြီး အခွင့်အရေးကို လက်လွတ်ဆုံးရှုံးခဲ့ရသည်။
ဤသို့ဖြင့် ယဲ့မိသားစု၏ဘိုးဘေးမှာ ယဲ့ချင်း၏နေအိမ်ဆီသို့ ရောက်လာခဲ့သည်။ ယခုမူ ယဲ့ချင်းကို တောင်ပိုင်းဒေသလျှို့ဝှက်တာအိုကျောင်းတော်မှ လက်ခံထားလေသည်။ သူသည် အကြီးအကဲများထဲမှတစ်ယောက်ဖြစ်လာခဲ့သည်။
၎င်းမှာ ယဲ့ချိုးပိုင်၏မျက်နှာကြောင့်ဆိုသည်မှာ သေချာပေါက်ပင်။
“ယဲ့ချင်း.. ငါ့မှာ အချိန်သိပ်မကျန်တော့ဘူး… မင်း ယဲ့မိသားစုရဲ့ခေါင်းဆောင်နေရာကိုယူပါလား”
ယဲ့ချင်းက ပြုံးလျက် ခေါင်းခါပြလေသည်။
“ဘိုးဘေး.. ကျွန်တော် ဒီမှာပဲတော်တော်လေးသက်သက်သာသာရှိတယ်”
ထိုစကားကိုကြားသော် ယဲ့မိသားစု၏ဘိုးဘေးက စိတ်ထဲမှတိတ်တိတ်လေးသက်ပြင်းချမိသည်။ ယဲ့ချင်းပြန်မလာသည့်ကိစ္စကိုတော့ သူမမျှော်လင့်ထားချေ။ ဤသည်မှာ သဘာဝကျကျပင် ယဲ့ချိုးပိုင်အား အကျပ်မရိုက်စေလို၍ ကာကွယ်ပေးခြင်းသာဖြစ်ပေသည်။
အကယ်၍ ယဲ့ချင်းသာ ယဲ့မိသားစုနေအိမ်သို့ပြန်လာပါက ယဲ့ချိုးပိုင်ကလည်း ယဲ့မိသားစုကို သေချာပေါက်ကူညီရပေလိမ့်မည်။ ယဲ့ချင်းက ထိုအကြောင်းကို ကောင်းကောင်သိထားသဖြင့် ဘိုးဘေးကိုငြင်းဆန်လိုက်သည်။
“ကောင်းပြီ… ငါ မင်းရဲ့ဆုံးဖြတ်ချက်ကိုလေးစားပါတယ်”
ဤသို့ဖြင့် ယဲ့မိသားစု၏ဘိုးဘေးမှာ သက်ပြင်းတချချဖြင့် ယဲ့မိသားစုနှင့်အတူ ကျောင်းတော်ထဲမှထွက်ခွာပြီး ထျန်းယွမ်မြို့တော်သို့ ပြန်သွားလေသည်။
ထျန်းယွမ်မြို့တော်ထဲရှိအနေအထားလည်း လုံးဝပြောင်းလဲသွားချေသည်။ မဟာမျိုးနွယ်စုလေးခုသည်ကား မျိုးနွယ်စုသုံးခုသာ ကျန်လေတော့သည်။ ချောင်မိသားစုဝင်များမှာ ထျန်းယွမ်မြို့တော်မှ ထွက်ပြေးသွားကြလေပြီ။ ချောင်မိသားစုခေါင်းဆောင်ကတော့ ယဲ့ချိုးပိုင်ရှေ့မှာတင် တစ်ယောက်တည်းသေကြောင်းကြံသွားခဲ့သည်။
ထျန်းယွမ်မင်းဆက်သည်လည်း ယခုမှစ၍ပျောက်ကွယ်သွားလေတော့သည်။ ထိုအချိန်မှစ၍ တောင်ပိုင်းဒေသတွင် နောက်ထပ်မင်းဆက်များပေါ်မလာတော့ချေ။ ထျန်းယွမ်မြို့တော်သည်ကား လျှို့ဝှက်တာအိုကျောင်းတော်၏အာဏာအောက်တွင် တည်ရှိနေလေတော့သည်။
ဤရက်ပိုင်းအတွင်း ဖြစ်ပျက်ခဲ့သောကိစ္စများမှာ တောင်ပိုင်းဒေသရှိလူအပေါင်းကို သက်ပြင်းချစေမိသည်။ အဖြစ်အပျက်တစ်သီတစ်တန်းကြီးက ယဲ့ချိုးပိုင်ကြောင့်စတင်ခဲ့ပြီး ယဲ့ချိုးပိုင်ကြောင့်ပင် အဆုံးသတ်သွားခဲ့သည်။
ယဲ့ချိုးပိုင်လိုတပည့်တစ်ယောက်ကို သင်ကြားပြသပေးသူမှာ မည်သူများဖြစ်လေမလဲဟု သူတို့မတွေးဘဲမနေနိုင်တော့ပေ။
ထိုအချိန်တွင် လုချန်ရှန်း၏တတိယတပည့်ဖြစ်သူ နင်းချန်ရှင်းထံတွင် အလွန်အမင်းမခံချိမခံသာဖြစ်စရာကောင်းသော ကိစ္စတစ်ခု ဖြစ်ပွားခဲ့လေသည်။
သူဟာ နေဝင်နေထွက်ရာအရပ်ဖြစ်သော တောင်တန်းရွာငယ်လေးတစ်ခုဆီသို့ ရောက်လာပြီး စာပေဟောပြောပို့ချရန်ပြင်လေသည်။
သို့သော် တောင်တန်းနယ်မြေအတွင်းသို့ မှော်ဝင်သားရဲများ ချဉ်းနင်းဝင်ရောက်လာသည်။
သူတို့ဟာ ထိုအဆင့်နိမ့်မှော်ဝင်သားရဲများထံမှ အပိုင်းပိုင်းအစစဖြစ်အောင် ကိုက်ဖြတ်ခံခဲ့ကြရသည်။ တစ်ရွာလုံးတွင် လူခြောက်ယောက်သာ ကျန်ရစ်ခဲ့၏။
အကယ်၍ နင်းချန်ရှင်းသာ ဤနေရာသို့ရောက်မလာခဲ့ပါက ဤတောင်တန်းရွာငယ်လေးထဲရှိ မည်သူတစ်ဦးတစ်ယောက်မှ အသက်ရှင်နိုင်မည်မဟုတ်ပေ။
သို့သော် ဤကိစ္စကြောင့် နင်းချန်ရှင်းဒေါသထွက်ခြင်းမဟုတ်ပေ။
ဤတောင်တန်းရွာငယ်လေး၏နံဘေးတွင် ဗုဒ္ဓဘာသာဝင်သုံးဦးရှိသည်။ သူတို့သုံးယောက်က ဤအရေးကိစ္စနှင့်တွေ့ကြုံရသည့်အခါ သူတို့ကိုကယ်တင်ဖို့မကြိုးပမ်းဘဲ ဘေးကနေသာ သွေးအေးအေးဖြင့်ထိုင်ကြည့်နေပေသည်။
နင်းချန်ရှင်းက ဗုဒ္ဓဘာသာကျင့်ကြံသူသုံးယောက်ရှေ့ကို ရောက်လာပြီး ဒေါသတကြီးမေးလေသည်။
“ခင်ဗျားတို့တွေ သူတို့ကို ဘာလို့မကယ်ခဲ့ရတာလဲ”
အရပ်ခပ်ရှည်ရှည်နှင့်ဗုဒ္ဓဘာသာဝင်က လက်အုပ်ချီလျက် ပြောလာလေသည်။
“သူတို့က ငါတို့နဲ့ဘာမှမဆိုင်ဘူး။ ငါတို့က ဘာလို့ကယ်ရမှာလဲ”
” ဒါပေမဲ့ အသက်ပေါင်းများစွာပေးဆပ်လိုက်ရတာလေ”
ဗုဒ္ဓဘာသာကျင့်ကြံသူက ခေါင်းခါယမ်းပြလေသည်။
“အဲ့ဒီတော့ဘာဖြစ်လဲ။ ဒီကမ္ဘာကြီးထဲမှာ အားကြီးသူက အားနည်းသူကို နိုင်စားတာသဘာဝပဲလေ”
“ပြီးတော့လည်း မှော်ဝင်သားရဲတွေ မကျူးကျော်လာခင်တုန်းက ငါတို့သုံးယောက်က သူတို့ကို ဗုဒ္ဓဘာသာကိုယုံကြည်အားကိုးချင်ကြလားလို့ မေးခဲ့သားပဲ။ သူတို့က ငြင်းလိုက်တာကို”
“အဲ့လိုဆိုမှတော့ ဗုဒ္ဓကလည်း သူတို့ကိုကောင်းချီးမပေးနိုင်တာသဘာဝပဲလေ”
၎င်းမှာ အမှန်တရားပင်ဖြစ်သည့်တိုင် နင်းချန်ရှင်း၏နှလုံးသားမှာ အေးစက်သွားလေသည်။ စာပေဟောပြောပို့ချသူတစ်ယောက်အနေနှင့် အနောက်ပိုင်းဒေသ၏ဗုဒ္ဓဂိုဏ်းတော်မှာ တစ်နှစ်ပတ်လုံး ကောင်းမှုများပြုနေသောဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်။ အနည်းဆုံးတော့ သူ့အမြင်တွင် သူတို့ကောင်းမှုလုပ်ကြသည်သာ။
သို့သော် သူတို့က ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လိုခြင်းမရှိပါက ဘေးမှ သွေးအေးအေးထိုင်ကြည့်နေပြီး မှော်ဝင်သားရဲများ စားသောက်ဝါးမျိုနေသည်ကို သည်အတိုင်းလွှတ်ပေးထားသတဲ့လား။
ဤသည်မှာ မည်သို့သောလမ်းစဉ်မျိုးလေလဲ။
ဘာသာမတူညီသူများမှာ အတွေးချင်လည်း မတူတော့တာမျိုးလား။
နင်းချန်ရှင်းက သူ့ရှေ့ရှိဗုဒ္ဓဘာသာကျင့်ကြံသူသုံးယောက်ကိုကြည့်လိုက်မိသည်။ ပထမဆုံးအကြိမ်အဖြစ် သူ့အတွေးများ ပြောင်းလဲသွားရလေသည်။
မှော်ဝင်သားရဲများတင်မကဘဲ ကျင့်ကြံသူများကပင် လူသားများကို မြက်ခြောက်လေးတစ်ပင်နှယ် သဘောထားကြလေသည်။
နင်းချန်ရှင်းလည်း သူတို့သုံးယောက်ကိုကြည့်ပြီး ပြောလိုက်သည်။
“ဗုဒ္ဓဘာသာကျင့်ကြံသူတွေအကုန်လုံးတွေက ခင်ဗျားတို့လိုပဲလား”
သူတို့သုံးယောက်သားလည်း တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိပြီး မျက်မှောင်ကြုတ်လိုက်လေသည်။
“ကျေးဇူးရှင်ကြီး ခင်ဗျား ဘာပြောချင်နေတာလဲ”
နင်းချန်ရှင်းက ခေါင်းခါယမ်းလျက် ပြောလိုက်လေသည်။
“ထားလိုက်တော့ ကျုပ်မျက်လုံးနဲ့မြင်ရတာကိုပဲယုံမယ်”
ဤသို့ဖြင့် နင်းချန်ရှင်းဟာ အနောက်ပိုင်းဒေသရှိ ဗုဒ္ဓဘာသာဂိုဏ်းတော်ဆီသို့ ထွက်ခွာရန်စီစဉ်လိုက်သည်။ ဗုဒ္ဓဘာသာကျင့်ကြံသူများက ထိုလူသုံးယောက်လိုဟုတ်မဟုတ် သူသိချင်မိသည်။
နင်းချန်ရှင်း ထွက်ခွာတော့မည်ကိုမြင်လိုက်ရသောအခါ ထိုလူသုံးယောက်ခမျာ ကြက်သေသေသွားလေသည်။ ဤကမ္ဘာကြီးထဲတွင် ကမ္ဘာကြီးကိုကယ်တင်နိုင်သောငတုံးများ အမှန်တကယ်ရှိနေတာများဖြစ်နိုင်လောက်မလား။
“မင်း ဗုဒ္ဓဂိုဏ်းတော်ကိုသွားဖို့ပြင်နေတာလား”
နင်းချန်ရှင်းက မတ်မတ်ရပ်နေဆဲဖြစ်ပြီး အေးစက်စွာပြောလိုက်၏။
“သွားတော့ရောဘာဖြစ်လဲ”
ထို့နောက် သူတို့သုံးယောက်က နင်းချန်ရှင်းကိုဝန်းရံထားလိုက်ပြီး အပြုံးတုများဆင်မြန်းလျက် ပြောလာလေသည်။
“ကျေးဇူးရှင်ကြီး ခင်ဗျား ဗုဒ္ဓဂိုဏ်းတော်ကိုသွားပြီး တိုင်တန်းဖို့စီစဉ်နေတာလား”
ထိုစကားကိုကြားသော် နင်းချန်ရှင်း ခဏမျှတွေးတောကြည့်ပြီး ပြောလိုက်သည်။
“ဒါပေါ့။ ခင်ဗျားတို့အခုလုပ်နေတာက ဗုဒ္ဓဘာသာလမ်းစဉ်နဲ့ ဆန့်ကျင်နေတယ်”
ဗုဒ္ဓဘာသာဂိုဏ်းတော်က အားနည်းသူကိုကာကွယ်ပေးမည်ဖြစ်ကြောင်း ပြင်ပလောကကို ကြေညာထားပြီးဖြစ်၏။
ဤသည်မှာ နယ်မြေလေးခုရှိလူများကို သင်ကြားပို့ချပေးရန်ပင်။
ဗုဒ္ဓဘာသာကျင့်ကြံစဉ်များအတွက်မူ အရေးကြီးဆုံးအရာမှာ ယုံကြည်ကိုင်းရှိုင်းမှုစွမ်းအားဖြစ်သည်။
နင်းချန်ရှင်းသာ ဤနေရာကသတင်းများကို ဗုဒ္ဓဘာသာဂိုဏ်းတော်ဆီသို့ အရောက်ပို့လိုက်ပါက သူတို့၏ပုံရိပ်ကိုထိန်းသိမ်းရန်အတွက် ဗုဒ္ဓဘာသာဂိုဏ်းတော်က ဂိုဏ်းကိုရှင်းလင်းရေးလုပ်လိမ့်မည်သာ။
သူတို့သုံးယောက်အနေနှင့် နင်းချန်ရှင်းကို ထိုသို့လုပ်ခွင့်မပေးနိုင်သည်မှာ သဘာဝပေ။
“ကျေးဇူးရှင်ကြီး… လောလောဆယ်တော့ ခင်ဗျားထွက်သွားလို့မရသေးဘူးထင်ပါရဲ့”