ကမ္ဘာကြီးကိုပင် သက်ရောက်မှုဖြစ်ပေါ်စေသော ဓားကျင့်စဉ်တစ်ခု။
အချိန်တစ်ခဏမျှသာကြာသော်ငြား ဓားကျင့်စဉ်မည်သည့်အဆင့်ကများ ထိုသို့လုပ်နိုင်လေသလဲ။
သံသယဖြစ်နေစရာပင်မလိုချေ။ ဤသည်မှာ ကောင်းကင်ဘုံအဆင့်ဓားကျင့်စဉ်ဖြစ်၏။
ကောင်းကင်ဘုံအဆင့်ကျင့်စဉ်များမှာ အလွန်ရှားပါးလှသည်။
အလယ်ပိုင်းဒေသထဲရှိ မဟာ့မဟာဂိုဏ်းဂဏများသာလျှင် အမွေအနှစ်တစ်ခုပိုင်ဆိုင်ထားကြသည်။
ထို့ပြင် ကောင်းကင်ဘုံအဆင့်ဓားကျင့်စဉ်မှာ ကျင့်ကြံအားထုတ်ရန် အလွန်အမင်းခက်ခဲလှသည်။
မဟာအကြီးအကဲငါးယောက်ခမျာ ထိုဓားကျင့်စဉ်နှင့်ရင်ဆိုင်လိုက်ရချိန်မှာ ထိတ်လန့်သွားကြကုန်၏။
လျှပ်တပြက်အတွင်း သူကိုယ်တိုင်ပင်လျှင် သတိလွတ်သွားရချေသည်။
သူတို့အမြင်မှာ ယဲ့ချိုးပိုင်ဟာ ထည်ဝါလှသောမိစ္ဆာနတ်ဘုရားတစ်ပါးအဖြစ် အသွင်ပြောင်းသွားဟန်တူပြီး သူတို့အား အညံ့ခံအရှုံးပေးလာအောင် ဖန်တီးနေပေသည်။ ထျန်းယွမ်ဘုရင်အပါအဝင်ဖြစ်၏။
ခဏအကြာတွင် သူက ပြန်တုံ့ပြန်လာပြီး ထိတ်လန့်တကြားဖြင့် အလောတကြီးအော်ဟစ်လိုက်သည်။
“စိတ်ထိန်းထားကြ”
သို့သော် တိုက်ပွဲ၏ဦးတည်ရာကို ပြောင်းလဲပစ်နိုင်သည်မှာ ယခုလိုအခိုက်အတန့်မျိုးပင်။
လျှပ်တပြင်အချိန်မျှအတွင်း မှော်နက်ဓားချက်ကြီးက ဖြတ်သန်းထိုးခွင်းလာသည်။
စိတ်ပိုင်းဆိုင်ရာအခြေအနေ မတည်မငြိမ်ဖြစ်နေသော မဟာအကြီးအကဲနှစ်ယောက်က ထိုဓားချက်ကြောင့် သုတ်သင်ခံလိုက်ရသည်။ အလောင်းပင်မမြင်နိုင်တော့သည်အထိ အသတ်ခံလိုက်ရခြင်းပင်။
ကျန်သုံးယောက်မှာမူ အလျင်အမြန်ခုခံလာကြသည်။ သို့သော် အနည်းနှင့်အများ ဒဏ်ရာဒဏ်ချက်ရသွားကြပေသည်။
ထျန်းယွမ်ဘုရင်ခမျာလည်း ဓားချက်ကို ခုခံနိုင်ရုံမျှသာခုခံနိုင်ခဲ့သော်ငြား စိတ်ထဲမှာတော့ အလွန်ထိတ်လန့်တုန်လှုပ်နေပြီဖြစ်၏။
ဤရိုက်ချက်ဟာ စွမ်းအားကြီးရုံသာမက လူတစ်ယောက်၏စိတ်အစဉ်ကိုပါ လဲပြိုစေသည်။
၎င်းမှာ အလွန်တရာမိစ္ဆာဆန်လှသောအရာပင်။
ဤသည်မှာ မည်သို့သောဓားကျင့်စဉ်မျိုးလေလဲ။
သို့သော် ထျန်းယွမ်ဘုရင်နှင့် အခြားမဟာအကြီးအကဲများ နောက်ထပ်ထပ်မတွေးနိုင်ခင်မှာပင် ဓားဆန္ဒမြစ်ပြင်ကျယ်ကြီး လိပ်တက်လာပေသည်။
၎င်း၏အရှိန်အဝါကား ကြောက်ခမန်းလိလိပင်။
ထျန်းယွမ်ဘုရင်က အော်ဟစ်လျက် လက်သီးတစ်ချက်ပစ်သွင်းလိုက်သည်။
လက်သီးချက်အင်အားထဲရှိ ဘုရင်တစ်ပါး၏အရှိန်အဝါမှာ သူ့အား ဝန်းပတ်ထားလိုက်၏။
၎င်းမှာ ကမ္ဘာကြီးကိုဖိနှိပ်ချင်နေပေသည်။
ထျန်းယွမ်ဘုရင်က ထီးနန်းဆက်ခံခဲ့သည်မှာ နှစ်ပေါင်းရာချီခဲ့ပြီဖြစ်၏။
သူက ဘုရင့်ကောင်းချီးကိုလည်း ခံယူထားသူပင်။
ဤလက်သီးချက်မှာ အနှိုင်းမဲ့လောက်အောင်လွှမ်းမိုးနိုင်စွမ်းအားကောင်းပေသည်။
သို့သော် ပကတိခွန်အားရှေ့မှောက်မှာမူ အသုံးမဝင်ပေ။
ဓားဆန္ဒမြစ်ပြင်ရှည်ကြီးကို မဟာအကြီးအကဲများနှင့် ထျန်းယွမ်ဘုရင်၏တိုက်ခိုက်မှုက လုံးဝတားဆီးထားနိုင်စွမ်းမရှိ။
ယဲ့ချိုးပိုင်က ပင်လယ်ရေလှိုင်းအလယ်အလတ်အဆင့်မှာရှိနေစဉ်က ချန်းယွမ်အလယ်အလတ်အဆင့်ပညာရှင်ကိုပင် သုတ်သင်နိုင်ခဲ့သည်။
ယခု သူက ပင်လယ်ရေလှိုင်းအထွတ်အထိပ်သို့ ရောက်နေလေပြီ။
သူ့ဓားသိုင်းတာအိုတွင် အရည်အချင်းရှိသောထိုးဖောက်နိုင်စွမ်းတစ်မျိုးရှိသည်။
ထျန်းယွမ်ဘုရင်နှင့် ထိုမဟာအကြီးအကဲတို့က သူ့ကို မည်သို့များယှဉ်နိုင်မည်တဲ့လဲ။
သူတို့ ချေမှုန်းဖျက်ဆီးခံလိုက်ရသလိုပင်။
လူလေးယောက်၏တိုက်ခိုက်မှုကို ထိုတိုက်ကွက်က လွင့်စဉ်ထွက်သွားစေသည်။
ဓားဆန္ဒမြစ်ပြင်ကြီးက အရှိန်လျော့မသွားဘဲ ထျန်းယွမ်ဘုရင်ထံသို့ စီးဆင်းလာပေသည်။
မဟာအကြီးအကဲသုံးဦးက ထိုအခြင်းအရာကိုမြင်သောအခါ လှည့်ပြီးထွက်ပြေးချင်ခဲ့သည်။
သို့သော် သူတို့၏အရှိန်အဝါများ ပိတ်လှောင်ခံထားရချိန်မှာ ဓားဆန္ဒမြစ်ပြင်ရှည်ကြီးထံမှ ဘယ်လိုလွတ်မြောက်နိုင်မတဲ့လဲ။
တစ်ခဏအတွင်းမှာပင် သူ့ကို ဓားဆန္ဒမြစ်ပြင်ကြီးက ဝန်းရံထားလိုက်လေတော့သည်။
သူ့ခန္ဓာကိုယ်ကလည်း ဝါးမျိုခံလိုက်ရပြီး ကြောက်မက်ဖွယ်ဓားဆန္ဒများ၏ ထိုးဖောက်တိုက်ခိုက်မှုကို ခံနေရသည်။
အလောင်းပင် ကျန်ရစ်မနေခဲ့ချေ။
သူ့ခမျာ အော်သံလေးတစ်သံပင်ထွက်ဖို့ အချိန်မရလိုက်ပေ။
ထျန်းယွမ်ဘုရင်က ထိုဒဏ်ကိုတောင့်ခံရန်အတွက် သူ၏နိုင်ငံ့ရတနာဖြစ်သော ထျန်းယွမ်သံချပ်ကာအပေါ် မှီခိုခဲ့ရသည်။
သို့သော် ထိုသို့ဆိုလျှင်ပင်…
ထျန်းယွမ်ဘုရင်၏ပါးစပ်ထောင့်မှ သွေးများယိုစိမ့်လာသည်။
သူ့အရှိန်အဝါကလည်း ဆက်လက်အားနည်းလာသည်။
ယခုလိုသာဆက်ဖြစ်နေပါက အဆုံးတွင် သူ သေခြင်းတရားမှ လွတ်မြောက်နိုင်တော့မည်မဟုတ်။
တစ်ဖက်တွင်လည်း ဘုရင်ဟောင်း၏အခြေအနေလည်း သိပ်မကောင်းလှပေ။
မဟူရာ၏ပတ်ပတ်လည်ရှိတိုက်ခိုက်ရေးစိတ်ဝိညာဉ်က သန်မာသည်ထက် သန်မာလာသည်။
တကယ်တမ်းတွင် တိုက်ခိုက်ရေးဆန္ဒပတ်ပတ်လည်တွင် အနက်ရောင်အရှိန်အဝါတစ်ခုပင် ရှိနေသေးသည်။
၎င်းမှာ မိစ္ဆာသဘာဝများဖြင့် ပြည့်နှက်နေလေသည်။
ထိုအချိန်တွင် မဟူရာ၏မျက်လုံးများက မိစ္ဆာဆန္ဒများဖြင့် လုံးဝပြည့်နှက်နေလေပြီ။
သူ့ခန္ဓာကိုယ်ပေါ်ရှိ မီးပုံစံများကလည်း နိဗ္ဗာန်မီးတောက်နှင့်အတူ တောက်လောင်နေ၏။ သူ့ပုံစံမှာ ငရဲမိစ္ဆာဘုရင်အလား အသွင်ပြောင်းသွားသလိုပင်။
သူ လက်နှစ်ဖက်စလုံးဖြင့် တရစပ်ထိုးနှက်နေပေသည်။
ဘုရင်ဟောင်းခမျာ တဖြည်းဖြည်းအရေးနိမ့်လာချေသည်။ သူ့မျက်နှာမှာ တဖြည်းဖြည်းဖြူဖပ်လာသည်။
ထိုအချိန်တွင် သူ့လက်များကလည်း တုန်တုန်ရီရီဖြစ်လာလေသည်။ မဟူရာ၏ခွန်အားမှာ အလွန်ကြီးမားလှကြောင်း သိသာပေသည်။
လှံတံ၏တရစပ်တိုက်ခိုက်မှုက မဟူရာ၏လက်သီးပေါ်တွင် အဖြူရောင်အမှတ်အသားများသာ ချန်ရစ်နိုင်ခဲ့သည်။ မဟူရာ၏ခန္ဓာကိုယ်မှာ နိဗ္ဗာန်မီးတောက််၏ဆေးကြောသန့်စင်မှုအောက်တွင် မည်မျှအကြမ်းခံနိုင်လာကြောင်း ခန့်မှန်းကြည့်နိုင်လေသည်။
ထိုအချိန်တွင် ဘုရင်ဟောင်းက အော်ဟစ်လိုက်၏။ သူ့လက်ထဲရှိလှံတံက လှံတံအလင်းရောင်များ တောက်ပနေလေသည်။
ထိုအခိုက်အတန့်တွင် ချန်းယွမ်အထွတ်အထိပ်အဆင့်ပညာရှင်တစ်ဦး၏ အရှိန်အဝါတစ်ခု ထွက်ပေါ်လာလေသည်။ ထိုအရှိန်အဝါက မဟူရာ့ကို အနည်းငယ်နောက်ပြန်ဆုတ်သွားစေသည်။
ထို့နောက် သူက လက်ထဲရှိလှံတံကိုမြှောက်လိုက်ပြီး တရစပ်ထိုးခွင်းလိုက်သည်။ ဧရာမလှံတံဆန္ဒကြီးတစ်ခုက တော်ဝင်မြို့တော်အနှံ့ ရိုက်ခတ်သွားလေသည်။
လေပွေအတွင်းထဲတွင် မိုးကြိုးသံများကိန်အောင်းနေချေသည်။ ၎င်းမှာ မိုးကြိုးသွားဆန္ဒပင်တည်း။
ထို့ပြင် ဤသိုင်းကွက်မှာ ဘုရင်ဟောင်း၏အားအကောင်းဆုံးသောတိုက်ခိုက်မှုဖြစ်သည်။
တိုက်ခိုက်နေလေလေ ပိုမိုရဲရင့်လာလေလေဖြစ်နေသော မဟူရာနှင့်ရင်ဆိုင်ရင်း သူ့အရှိန်အဝါမှာ အားနည်းသည်ထက်အားနည်းလာသဖြင့် သည့်ထက်ပို၍အချိန်ဆွဲမနေသင့်တော့ကြောင်း ဘုရင်ဟောင်းတစ်ယောက် ခံစားလိုက်ရသည်။
ထိုသို့သာဆက်ဖြစ်နေပါက သူ သေလုမြောပါးအင်အားချည့်နဲ့လာတော့မည်သာ။ ဤသိုင်းကွက်ကိုထုတ်သုံးရုံမှတစ်ပါး အခြားမရှိပြီ။
ဘုရင်ဟောင်း၏ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်ရေးရာချီစွမ်းအင်များကလည်း ကုန်ခမ်းစပြုလာလေသည်။
ထိုအဓိပ္ပာယ်မှာ…
ဤသိုင်းကွက်ကိုထုတ်သုံးပြီးပါက ဘုရင်ဟောင်းမှာ သေရပေတော့မည်။ သူက မဟူရာကိုသုတ်သင်ရန်အတွက် ဤသိုင်းကွက်ကိုထုတ်သုံးရန် စီစဉ်လိုက်ခြင်းပင်။ သို့မှသာ ထျန်းယွမ်မင်းဆက်၏ကပ်ဘေးဒုက္ခကို ကျော်လွှားနိုင်မည်ဖြစ်၏။
နောက်ပြန်ဆုတ်ရန် ဖိအားပေးခံလိုက်ရပြီးနောက် မဟူရာက မိုးကြိုးလေပွေကို ကြည့်လိုက်သည်။ သူ့စိတ်ထဲတွင် အကြောက်တရားလုံးဝမရှိ။
ယခုလက်ရှိမှာ မဟူရာသည် သူ့ရှေ့ရှိရန်သူကို တစ်စစီဆုတ်ဖြဲပစ်ချင်စိတ်သာရှိသည်။ သူ့စိတ်ထဲတွင် သူရဲဘောကြောင်ခြင်းဆိုသောအရာမျိုး လုံးဝမရှိချေ။
သူ့ဆင်ခြင်တုံတရားကလည်း မိစ္ဆာဆန္ဒကြောင့် ပျောက်ဆုံးသွားလေပြီ။
သူ ကောင်းကင်ထက်သို့မော့ကာ ဟိန်းဟောက်လိုက်လေရာ သူ့ခန္ဓာကိုယ်ကလည်း အနည်းငယ်ပိုကြီးလာသည်။ သူ့ခန္ဓာကိုယ်ထဲရှိ ကြွက်သားများနှင့် သွေးကြောများအားလုံးမှာ ထိုအခိုက်အတန့်တွင် ဖုဖောင်းထွက်လာပေသည်။
မီးပုံစံပေါ်ရှိ နိဗ္ဗာန်မီးတောက်ကြိးကလည်း ထိုအချိန်တွင် ထွက်ပေါ်လာ၏။ ထို့နောက် သူက ဘုရင်ဟောင်းဆီသို့ လက်သီးတစ်ချက်ပစ်သွင်းလိုက်သည်။
ထိုအခြင်းအရာကိုမြင်သော် ဘုရင်ဟောင်းက အေးတိအေးစက်နှာမှုတ်လိုက်ပြီး သူ့လက်ထဲရှိလှံတံကို ပစ်လွှတ်လိုက်သည်၊
ထိုအချိန်မှာ မိုးကြိုးလေပွေမှာ မဟူရာဆီသို့ ရိုက်ခတ်လေတော့သည်။
ဤတစ်ချီတွင် အနိုင်ရသူကိုအဆုံးအဖြတ်ပေးနိုင်တော့မည်ဖြစ်၏။ ဤသည်မှာ သေရေးရှင်ရေးတိုက်ပွဲတစ်ခုလည်းဖြစ်သည်။
လူအပေါင်းမှာ ကောင်းကင်ထက်ရှိ တိုက်ပွဲနယ်မြေကို မော့ကြည့်နေကြသည်။ သူတို့မှာ အမူအရာအမျိုးမျိုးနှင့် ရှိကြ၏။ တချို့လူများက ထိတ်လန့်နေပြီး ကြောက်လန့်နေသူများလည်းရှိသည်။
ထိုအခိုက်အတန့်လေးမှာ သဘာဝဘေးအန္တရာယ်ကြီးတစ်ခု ကျရောက်လာသည့်အလားပင်။
အုန်း!
ကျယ်လောင်လှစွာသောမြည်ဟည်းသံကြီးတစ်ခုပင်။
ဘုရင်ဟောင်း၏မိုးကြိုးလေပွေမှာ မဟူရာ၏ကမ္ဘာမြေအက်ကွဲမတတ်သောလက်သီးချက်နှင့် ထိတွေ့မိကြလေသည်။
နောက်ဆက်တွဲလှိုင်းလုံးကြီးက အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားလေသည်။
ထိုအချိန်မှာ လေပွေထဲရှိမိုးကြိုးများလည်း တရစပ်ပြိုလဲစပြုလာလေသည်။ ၎င်းက မဟူရာကို ဝါးမျိုလိုက်သည်။
သို့သော် ထိုအချိန်မှာ မဟူရာ၏ခန္ဓာကိုယ်က အန္တိမမိစ္ဆာနတ်ဘုရားတစ်ပါးအဖြစ် အသွင်ပြောင်းသွားသလိုပင်။
ဖျက်ဆီး၍မရနိုင်ချေ။
သူက မိုးကြိုးများကို သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ခွင့်ပြုထားပြီး သွေးများကို ပန်းထွက်ခွင့်ပြုထား၏။
လေပွေမှာ လေပွေဓားသွားများအဖြစ်ပြောင်းလဲသွားပြီး မဟူရာ၏ခန္ဓာကိုယ်ကို ဆက်တိုက်တိုက်ခိုက်လာပြီး သွေးများပန်းထွက်လာစေသည်။
သို့သော် မဟူရာ၏ခြေလှမ်းများကတော့ ရပ်တန့်မသွားပေ။ အကြောက်တရားကင်းမဲ့သောသေမင်းအစောင့်အကြပ်အလားပင်။
သူကား နီးသည်ထက်နီးလာလေပြီ။
မဟူရာသည် ဘုရင်ဟောင်းဆီသို့ နီးသည်ထက်နီးကပ်လာချေသည်။
ထိုအဖြစ်ကိုမြင်သောအခါ ဘုရင်ဟောင်းက ဝမ်းပန်တနည်းပြုံးလိုက်သည်။ ဤသည်မှာ သူ၏နောက်ဆုံးတိုက်ခိုက်မှုပင်။
သို့သော် တစ်ဖက်လူကို သူသတ်နိုင်စွမ်းမရှိခဲ့ချေ။ ထိုသို့ဆိုပါက သူ့မှာ ရွေးချယ်စရာမရှိတော့ပေ။ ထျန်းယွမ်မင်းဆက်ကား ရန်မစသင့်သောရန်သူကို ရန်စမိသွားပြီဟုပင် ပြောနိုင်လေသည်။
သူ့ဘဝကား ဆုံးလေပြီ။
ထိုအချိန်တွင် ကြောက်မက်ဖွယ်အော်ဟစ်သံနှင့်အတူ မဟူရာမှာ မိုးကြိုးမုန်တိုင်းထဲမှ အပြေးနှင်လာချေသည်။ လက်သီးတစ်ချက်သည်လည်း ဘုရင်ဟောင်း၏ရင်ဘတ်ပေါ်သို့ သက်ဆင်းလာ၏။
ကျယ်လောင်လှသောမြည်ဟည်းသံကြီးတစ်ခု ထွက်ပေါ်လာသည်။
ဘုရင်ဟောင်း၏ခန္ဓာကိုယ်မှာ ချက်ချင်းကွဲကြေသွားသည်။ ထို့နောက် အသားစများနှင့် သွေးများမှာ လေထဲပြန့်ကြဲသွားပေတော့သည်။ သွေးစက်များလည်း သွေးမိုးရွာနေသည့်အလား တစက်စက်ကျဆင်းလာသည်။
၎င်းမှာ ထျန်းယွမ်တော်ဝင်မြို့တော်တစ်ဝိုက် ပြန့်ကြဲသွားသည်။ ဘုရင်ဟောင်းကား ကျဆုံးသွားချေပြီ။
ထိုမြင်ကွင်းကိုမြင်သော် ထျန်းယွမ်ဘုရင်မှာ သူ့မျက်လုံးများကို နာနာကျင်ကျင်မှိတ်ချလိုက်သည်။
ထျန်းယွမ်မင်းဆက်ရှိ အားအကောင်းဆုံးပုဂ္ဂိုလ်ဖြစ်သော ဘုရင်ဟောင်းပင် ထိုလူနှစ်ယောက်ကို မခုခံနိုင်ခဲ့ချေ။ သူလည်း ဓားဆန္ဒမြစ်ပြင်ကြီးကို အရှုံးပေးရတော့မည့်ဟန်ပင်။ သူ့အား ထူးမခြားနားအကြည့်ဖြင့် ငုံ့ကြည့်နေသောယဲ့ချိုးပိုင်ကို သူကြည့်လိုက်သည်။
သူ သက်ပြင်းချလျက် ပြောလိုက်လေသည်။
“ယဲ့ချိုးပိုင်.. ငါ့ထျန်းယွမ်မင်းဆက် ကျရှုံးသွားပြီး ငါတို့နဲ့ထိုက်တန်တဲ့ပေးဆပ်မှုမျိုးလည်း ပေးဆပ်ပြီးပြီ”
“အဲ့ဒါကြောင့် ငါ့ကိုသတ်ပြီးရင် ကျန်တဲ့ထျန်းယွမ်မင်းဆက်ကိုတော့ လွှတ်ပေးပါ”
ယဲ့ချိုးပိုင်က ထိုစကားကိုကြားသောအခါ အေးစက်စက်ပြန်ပြောလေသည်။
“အခုအချိန်မှာ ခင်ဗျားက ကျုပ်နဲ့လာညှိနှိုင်းဖို့အရည်အချင်းမရှိဘူး”
ထျန်းယွမ်ဘုရင်ထံမှ စကားပြန်အလာကိုစောင့်မနေတော့ဘဲ သူ့လက်ဝါးကိုလှန်လိုက်သည်။
ဓားဆန္ဒမြစ်ပြင်ကြီးဟာ ထိုအခိုက်အတန့်တွင် ကြောက်မက်ဖွယ်လှိုင်းလုံးကြီးတစ်ခုအလား ထျန်းယွမ်ဘုရင်ကို လုံးဝလွှမ်းမိုးပစ်လိုက်ပေသည်၊
သူ့အရှိန်အဝါလည်း ကမ္ဘာမြေပေါ်မှ ပျောက်ကွယ်သွားလေတော့သည်။
ထိုအချိန်မှစ၍ ထျန်းယွမ်မင်းဆက်ဆိုသည်မှာ အတိတ်တွင်ကျန်ရစ်နေခဲ့သောအရာတစ်ခု ဖြစ်လာလေသည်။