ထျန်းယွမ်တော်ဝင်မြို့တော်၏အတွင်းပိုင်းထဲမှ အဘိုးအိုတစ်ယောက်ဟာ တံခါးပိတ်ကျင့်ကြံမှုမှ နိုးထခဲ့သည်။
အပြင်ဘက်ရှိအခြေအနေများကို အာရုံခံမိလေရာ သူ သက်ပြင်းမချဘဲမနေနိုင်ချေ။
ထျန်းယွမ်မင်းဆက်သည်ကား ရန်မစသင့်သောပုဂ္ဂိုလ်ကို ရန်စမိသွားလေပြီ။
တစ်ဖက်လူ၏ကျင့်ကြံစဉ်က သိပ်မမြင့်မလှသော်ငြား သူ့ခွန်အားမှာ အံ့မခန်းသန်မာလှ၏။
ထိုတပည့်တစ်ယောက်ကို သင်ကြားပြသပေးနိုင်သူကလည်း သာမန်မဟုတ်တန်ရာ။
သူ့ခွန်အားက သူတို့ထျန်းယွမ်မင်းဆက်ထက်ပင် ပိုသန်မာသည်မှာသဘာဝကျလေသည်။
လေထုအလယ်ရှိထျန်းယွမ်ဘုရင်က ထိုသတင်းကိုကြားလိုက်ရသောအခါ ဝမ်းမသာဘဲမနေနိုုင်ပေ။
“ဘုရင်ဟောင်း”
ဘုရင်ဟောင်းက ချန်းယွမ်အထွတ်အထိပ်အဆင့်ရှိသည်။
သူ့ဘဝသက်တမ်း အဆုံးသတ်တော့မည့်ဆဲဆဲ၌ အာကာသနတ်ဘုရားအဆင့်ကို ဖြတ်ကျော်နိုင်ရန်အတွက် လောကီကိုစွန့်ခွါသွားခြင်းဖြစ်၏။
ထိုနည်းလမ်းဖြင့်သာ သူ့သက်တမ်းကိုဆွဲဆန့်ထားနိုင်မည်ဖြစ်၏။
လောကီရေးရာကိုစွန့်ခွါသည့်နှစ်ပေါင်းကြာရှည်သွားသောကြောင့် အခြားသူများက သူ အသက်အရွယ်ကြီးရင့်ပြီး သေလွန်သွားပြီဟု အတွေးရောက်နေကြသည်။
မမျှော်လင့်ထားပါဘဲ ထျန်းယွမ်မင်းဆက်၏ဘုရင်ဟောင်းက အသက်ရှင်နေဆဲပင်။
မဟာအကြီးအကဲများကလည်း အံ့သြတကြီးဝမ်းမြောက်ဝမ်းသာဖြစ်သွားကြသည်။
ဘုရင်ဟောင်း၏ခွန်အားကို သူတို့ကြားသိထားပြီးဖြစ်၏။
သူက နယ်မြေလေးခုအဆင့်သတ်မှတ်ချက်စာရင်းထဲတွင် မရှိတော့သော်လည်း အစွမ်းထက်နေဆဲသာ။
ထိုတဒင်္ဂလေးမှာ ထျန်းယွမ်မင်းဆက်၏စိတ်ဓာတ်များ ပြန်လည်တက်ကြွလာပေသည်။
ထိုမြင်ကွင်းကိုမြင်လိုက်ရသည့်တိုင် ယဲ့ချိုးပိုင်နှင့်မဟူရာတို့၏အမူအရာများက လုံးဝပြောင်းလဲမသွားချေ။
မဟူရာက ရိုးရိုးသားသားမေးလိုက်သည်။
“ဆရာတူအစ်ကို… ဒီဘုရင်ဟောင်းက အရမ်းသန်မာတာလား”
ယဲ့ချိုးပိုင် ခေါင်းခါယမ်းလိုက်၏။
“ငါလည်း မသေချာဘူး။ ဖြစ်နိုင်လောက်တယ်”
ထိုစကားကိုကြားသော် မဟူရာ၏မျက်ဝမ်းအစုံက တိုက်ခိုက်ရေးသိတ်ဝိညာဉ်များ ထက်သန်သွားပြီး သွားပေါ်အောင်ပြုံးလိုက်မိသည်။
“ဒါဆို ကျွန်တော်လုပ်ပါရစေ ဆရာတူအစ်ကို”
ထိုစကားကြောင့် ယဲ့ချိုးပိုင်ခမျာ မရယ်ဘဲမနေနိုင်ချေ။
သူ့ဆရာတူညီလေးက အလွန်ရိုးသားပုံပေါ်သောလည်း တကယ်တမ်းမှာမူ သူက တိုက်ပွဲဝါသနာအိုးတစ်ယောက်ဖြစ်၏။
တိုက်ပွဲအကြောင်းကြားလိုက်ရသည်နှင့် တခြားလူတစ်ယောက်လိုဖြစ်သွားသည်။
“ကောင်းပြီ။ သွားလေ”
မိုးမခပင်ကြီးပေးလိုက်သောရတနာရှိနေသရွေ့ မဟူရာတစ်ယောက် သတိလွတ်သွားမည်ကို သူမကြောက်ချေ။
ယဲ့ချိုးပိုင်ထံမှ ခွင့်ပြုချက်ရပြီးနောက် မဟူရာ၏မျက်ဝန်းအစုံမှာ ဝင်းပသွားပြီး ရှေ့ကိုခြေတစ်လှမ်းတိုးလိုက်၏။
ထိုအခိုက်အတန့်လေးတွင် သူ့ခန္ဓာကိုယ်မျက်နှာပြင်ထက်မှာ ပုံစံငါးခုက အရူးအမူးလောင်ကျွမ်းနေပေသည်။
ဘုရင်ဟောင်းက ထိုအဖြစ်ကိုမြင်သည့်အခါ သက်ပြင်းမချဘဲမနေနိုင်ပေ။
သူ ဤတစ်ကြိမ်တိုက်ခိုက်လိုက်ပါက အာကာသနတ်ဘုရားအဆင့်ကို ဖြတ်ကျော်ဖို့ မဖြစ်နိုင်တော့ပေ။
သူ့ဘဝသက်တမ်းကလည်း ကန့်သတ်ချက်ဂိတ်ဆုံးသို့ ရောက်သွားလိမ့်မည်သာ။
သူ တိုက်ခိုက်လိုက်သည့်အချိန်တိုင်း စွမ်းအင်ကိုကုန်ခမ်းသွားစေပြီး စိတ်ပိုင်းဆိုင်ရာအခြေအနေကို ပျက်စီးစေလိမ့်မည်။
ကံကြမ္မာကိုပြောင်းလဲစေနိုင်သည့်ဆေးဝါးသာမရှိပါက ဘုရင်ဟောင်းဘက်က လှုပ်ရှားမှုတစ်ခုပြုလိုက်လေတိုင်း ထိုနည်းလည်းကောင်းဖြစ်နေမည်သာ။
သို့မဟုတ်ပါက သူ နောက်ထပ်အဆင့်တက်နိုင်တော့မည်မဟုတ်ပေ။
ထို့ကြောင့် ဘုရင်ဟောင်းက သူ ထျန်းယွမ်မြို့တော်ကို စွန့်ခွါသွားပါ့မည်ဟု ဆိုခဲ့ခြင်းဖြစ်၏။
သူသာ အာကာသနတ်ဘုရားအဆင့်သို့ရောက်သွားလျှင် သူတို့နောက်ကွယ်ကလူများကို ဘာကြောက်နေစရာလိုတော့သလဲ။
သို့သော် သူ့မှာ ရွေးချယ်စရာမရှိသဖြင့် ယခုချက်ချင်းတိုက်ခိုက်ရတော့မည်ဖြစ်၏။
အလင်းတန်းတစ်ခုက မြို့တော်၏အတွင်းဘက်မှ ပျံထွက်လာပေသည်။
ထိုအလင်းတန်းက မဟူရာဆီသို့သက်ဆင်းလာသည်။
ဘုရင်ဟောင်းမှာ ဆံပင်များမရှိတော့ဘဲ သူ့ခေါင်းနှင့်မျက်နှာထက်တွင် မှဲ့ခြောက်များ အကွက်လိုက်ပေါက်နေပေသည်။
ကြောက်မက်ဖွယ်ကောင်းလှချေ၏။
ဘုရင်ဟောင်းက သူ့ကျောကိုကိုင်းလိုက်ပြီး မဟူရာ့ကိုကြည့်၏။ ထို့နောက် အမူအရာကင်းမဲ့စွာဖြင့်ပြောသည်။
“ဒီလိုဆိုရင် ငါ မင်းကို ဒီကပြန်သွားခွင့်ပေးမှာမဟုတ်ဘူး”
ဤသို့ဖြင့် ခံ့ညားထည်ဝါသောအရှိန်အဝါတစ်ခု ထွက်ပြူလာသည်။
လှံတံရှည်တစ်ချောင်းဟာ ဘုရင်ဟောင်း၏လက်ထဲ၌ ပေါ်လာခဲ့သည်။
လှံတံ၏အရှည်က ဘုရင်ဟောင်း၏ခန္ဓာကိုယ်ထက်ပင် ပိုရှည်လေသည်။
ခါးကိုင်းပြီး အားအင်ချည့်နဲ့ပုံပေါ်သောအဘိုးအိုတစ်ယောက်က လှံတံတစ်လက်ကို ကိုင်ဆောင်ထားသည်။
ဤသည်မှာ အလွန်မလိုက်မဖက်ဖြစ်နေသည်။
သို့သော် ဘုရင်ဟောင်း စတင်တိုက်ခိုက်လာချိန်၌…
လှံတံဆန္ဒတစ်ရပ်က ထွက်ပေါ်လာသည်။
သူ့လက်ထဲရှိလှံတံလည်း ပျံထွက်သွားပြီး ကောင်းကင်ကိုပင် ဖြတ်သန်းထိုးခွင်းတော့မည့်ရည်ရွယ်ချက်မျိုး စင်စစ်ရှိပေသည်။
ထိုအခြင်းအရာကိုမြင်သောအခါ မဟူရာက နောက်ပြန်ဆုတ်မည့်ဟန်မရှိပေ။
ကြောက်မက်ဖွယ်ဟိန်းဟောက်သံတစ်ခုနှင့်အတူ လှံတံဆီကို လက်သီးတစ်ချက်ပစ်သွင်းလိုက်ပြီး သူ့ခန္ဓာကိုယ်ထက်မှာလည်း မီးပုံစဲများကရှိနေသေးသည်။
မည်မျှပင်ထူးကဲနေသူဖြစ်ပါစေ မဟူရာ၏အမြင်မှာတော့ လက်သီးတစ်ချက်ထိုးလျလိုက်ရုံသာ။
သူ လက်သီးတစ်ချက်ပစ်သွင်းလိုက်ပုံမှာ ကမ္ဘာပျက်သည့်အလားပင်။
အသံလှိုင်းအတန်းလိုက်ကြီးတစ်ခုက လေထုထဲတွင် ပေါက်ကွဲသွားသည်။
ချန်းယွမ်အထွတ်အထိပ်အဆင့်ရှိ ပညာရှင်တစ်ယောက်၏လက်ထဲကလှံတံကို ခုခံရန်အတွက် သူ့ခန္ဓာကိုယ်ကိုသုံးလိုက်ရသည်။
အပြင်လူများ၏အမြင်တွင် မဟူရာတစ်ယောက် လှံတံနှင့်အထိုးခံရတော့မည်ဟူ၍ပင်။
ဘုရင်ဟောင်း၏မျက်ဝန်းများမှာ အေးစက်သွားရချေသည်။
“ခန္ဓာကျင့်ကြံသူလား”
ထို့နောက် သူ အေးတိအေးစက်နှာမှုတ်လိုက်ပေသည်။
“လူငယ်လေးက အဲ့လောက်မာန်တက်နေတာ ကောင်းတော့မကောင်းဘူးကွ”
လှံတံမှာ လက်သီးချက်နှင့်ဝင်တိုက်မိသွားကြလေပြီ။
အုန်း!
လေထုတစ်ခုလုံး ကစဉ့်ကလျားဖြစ်သွားသည်။
ထိုတစ်ခဏအတွင်း သူတို့နှစ်ယောက်၏အောက်ဘက်ရှိ ထျန်းယွမ်တော်ဝင်မြို့တော်ထဲကအဆောက်အအုံများမှာ နောက်ဆက်တွဲလှိုင်းလုံးကြီးကြောင့် ပျက်စီးသွားကြကုန်လေသည်။
လူတိုင်း၏အံ့သြနေသောအကြည့်အောက်မှာ မဟူရာက ဆယ်လှမ်းနောက်ဆုတ်လိုက်၏။
ဘုရင်ဟောင်း၏ခန္ဓာကိုယ်မှာ တုန်ယင်နေရှာသည်။
အပြင်လူများ၏အမြင်မှာ ဘုရင်ဟောင်းက အသာစီးရနေပုံပေါ်သည်ဟုပင်။
သို့သော် အကြီးအကဲများနှင့်ထျန်းယွမ်ဘုရင်ကတော့ ထိတ်လန့်နေပေသည်။
ဘုရင်ဟောင်းက အသက်ကြီးနေပြီဆိုသော်ငြား သူဟာ ချန်းယွမ်အထွတ်အထိပ်အဆင့်ရှိသော အစွမ်းထက်ပုဂ္ဂိုလ်ပင်။
တစ်ဖက်လူကမူ ခန္ဓာကျင့်ကြံသူတစ်ယောက်သာဖြစ်၏။
ဘုရင်ဟောင်းရဲ့လှံတံကို တကယ်ခံနိုင်ခဲ့တာလား…
ထိုအဖြစ်က လူတိုင်းကို စိတ်မသက်မသာဖြစ်စေခဲ့သည်။
ဘုရင်ဟောင်း၏အမူအရာကတော့ တည်ငြိမ်လှသည်။
သူ့နှုတ်ခမ်းကို မသိမသာရှုံ့လိုက်မိသည်။ သူ့တိုက်ကွက်ကို တစ်ဖက်လူ၏လက်သီးချက်က ဟန့်တားနိုင်လိုက်မည်ဟု သူမထင်ထားချေ။
ထို့ပြင် ထိုအခိုက်အတန့်၌ သူကိုယ်တိုင်ပင်လျှင် ထိုလက်သီးချက်၏ခွန်အားကို တောင်မခံထားနိုင်သလိုခံစားလိုက်ရသည်။
မဟူရာက နောက်ပြန်ဆုတ်သွားသော်လည်း လုံးဝနားနေခြင်းမျိုးမဟုတ်ပေ။ သူဟာ သားရိုင်းကောင်တစ်ကောင်အလား ဒေါသတကြီးဟိန်းဟောက်လိုက်ချေသည်။
ထို့နောက် တစ်ဖက်လူဆီသို့ တစ်ဖန်ဦးတည်လိုက်ပြန်၏။
သို့သော် သူ့ပတ်ပတ်လည်ရှိ တိုက်ခိုက်ရေးဆန္ဒများမှာ ပို၍ပင်အားကောင်းလာသေးသည်။
မိစ္ဆာအရှိန်အဝါတစ်ခုက သူ့မျက်လုံးထဲမှ လျှံကျစပြုလာ၏။
ဒါ ဘယ်လိုမိစ္ဆာမျိုးလိမ့်….
ဘုရင်ဟောင်း ထပ်မတွေးနိုင်ခင်မှာ မဟူရာ၏လက်သီးက အနားကိုကပ်သွားလေပြီဖြစ်၏။
အေးတိအေးစက်နှာမှုတ်သံနှင့်အတူ ဘုရင်ဟောင်း၏လက်ထဲက လှံတံမှာ အရောင်လက်ခနဲဖြစ်သွားသည်။
ကြယ်မှုန်ကြယ်ပြောက်လေးများအလားပင်။
သူ လှံကို တရစပ်ထိုးခွင်းလိုက်သည်။
မဟူရာကလည်း သူ့လက်သီးကို တရစပ်ပစ်သွင်းနေပေသည်။
၎င်းမှာ ခပ်ပြင်းပြင်းအသံတစ်ခု ထုတ်လွှတ်နေချေသည်။
နိဗ္ဗာန်မီးတောက်သည်ကား သူ့လက်သီးဆုပ်ပေါ်၌ စီးဆင်းလာ၏။
ဘုရင်ဟောင်းလည်း တဖြည်းဖြည်းသဘောပေါက်သွားပေသည်။ တစ်ဖက်လူ၏သက်လုံက မကုန်ခမ်းနိုင်တော့သလိုပင်။
သူ့ခွန်အားကလည်း တိုက်ခိုက်ရေးဆန္ဒနှင့်အတူ မြင့်ထက်သည်ထက်မြင့်တက်လာသေးသည်။
နောက်ဆုံးမှာတော့ ဘုရင်ဟောင်းက ခြေတစ်လှမ်းနောက်ပြန်ဆုတ်လိုက်သည်။
လူတိုင်းကလည်း ထိုမြင်ကွင်းကိုကြည့်နေကြသည်။
သူတို့၏အကြည့်များ မှုန်မှိုင်းသွားရလေသည်။
ဤခန္ဓာကျင့်ကြံသူ၏ခွန်အားက စင်စစ်အလွန်ပင်သန်မာလှလေသလား။
ဘုရင်ဟောင်းပင်လျှင် တဖြည်းဖြည်းဖိနှိပ်ခံနေရသည်။
ထျန်းယွမ်ဘုရင်က ထိုမြင်ကွင်းကိုမြင်လိုက်ရသည့်အခါ နှလုံးခုန်သံ စည်းချက်တစ်ချက်လွဲသွားရသည်။
ထို့နောက် သူဟာ လက်ကိုဝှေ့ယမ်းလျက် အမိန့်ပေးလိုက်သည်။
“မဟာအကြီးအကဲတွေ တိုက်တော့။ ဘုရင်ဟောင်းကိုကူညီကြ”
မဟာအကြီးအကဲများအားလုံးကလည်း ခေါင်းညိတ်ပြလေသည်။ ဘုရင်ဟောင်းသာ ပြိုလဲသွားလျှင် ထျန်းယွမ်မင်းဆက်တစ်ခုလုံး မျိုးပြုန်းကုန်တော့မည်ဖြစ်၏။
သူတိုက်ခိုက်ဖို့ပြင်လိုက်ချိန်မှာပင် ဓားဆန္ဒမြစ်ပြင်ကြီးတစ်ခု စီးဆင်းလာပေသည်။
ထိုမြစ်ကြီးက လူတိုင်း၏လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
အားလုံး မော့ကြည့်လိုက်ကြသည်။
ယဲ့ချိုးပိုင်က ထိုဓားဆန္ဒမြစ်ပြင်ကြီးပေါ်မှ လမ်းလျှောက်လာနေပေသည်။
“ကြည့်ရတာ ခင်ဗျားတို့ ကျုပ်ကိုမေ့နေပုံပဲ”
ယဲ့ချိုးပိုင်၏အမူအရာက တည်ငြိမ်နေပြီး ပေါ့ပေါ့ပါးပါးစကားဆိုလိုက်လေသည်။
“လက်စားချေဖို့ရောက်လာတဲ့လူက ကျုပ်နော်”
ထျန်းယွမ်ဘုရင်နှင့် မဟာအကြီးအကဲတို့ခမျာ မျက်နှာများပျက်ယွင်းကုန်ကြသည်။
“တိုက်ကြ’
သူ အမိန့်ပေးလိုက်လေသည်။
မဟာအကြီးအကဲငါးဦးနှင့် ထျန်းယွမ်ဘုရင်တို့ အတူတကွပူးပေါင်းတိုက်ခိုက်လာကြသည်။
မဟာအကြီးအကဲများအားလုံးမှာ ချန်းယွမ်ကနဦးအဆင့်ရှိကြသူများဖြစ်သည်။
ထျန်းယွမ်ဘုရင်ကမူ ချန်းယွမ်အလယ်အလတ်အဆင့်ရှိ၏။
ချန်းယွမ်အဆင့်ရှိသော လူခြောက်ယောက်က ပင်လယ်ရေလှိုင်းအထွတ်အထိပ်အဆင့်ရှိသော ဂျူနီယာလေးတစ်ယောက်ကို တိုက်ခိုက်ကြလေသတဲ့။
ထိုသတင်းသာပျံ့သွားပါက ကြားကောင်းလိုက်မည့်ဖြစ်ခြင်း…
သို့သော် ဘာဖြစ်သေးလဲ။ မင်းဆက်တစ်ခုလုံး ပြိုလဲရမှာထက်စာလျှင် ထျန်းယွမ်ဘုရင်အနေနှင့် ဘာကြောင့် အများကြီးဂရုစိုက်နေရမလဲလေ…
ထို့ပြင် သူက တိုင်းပြည်အုပ်ချုပ်သူတစ်ယောက်ဖြစ်ပြီး အသုံးအဖြုန်းကြီးသောသားတစ်ယောက်မဟုတ်။
ယဲ့ချိုးပိုင်က လူခြောက်ယောက် သူ့ကိုဝိုင်းတိုက်လာသည်ကိုမြင်လိုက်သည့်တိုင် အကြည့်လုံးဝပြောင်းလဲသွားခြင်းမရှိပေ။
ထိုအချိန်မှာ ဓားသွားပိုင်နက်နယ်မြေက အပြည့်အဝပွင့်ထွက်လာလေသည်။
မရေမတွက်နိုင်လောက်အောင်များပြားသော ဓားဆန္ဒများက တော်ဝင်မြို့တော်ကို ဝန်းပတ်ထားလိုက်သည်။
ထို့နောက် သူ့လက်ထဲရှိမှော်နက်မိစ္ဆာဓားသွားဖြင့် ရုတ်ခြည်းတိုက်ခိုက်လိုက်၏။
ဓားဆန္ဒကိုစုစည်းထားသော မှော်နက်ဓားသွားရောင်ခြည်တန်းတစ်ခုက သူတို့ခြောက်ယောက်ကို တိုက်ခိုက်လေတော့သည်။
ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွားနှင့် မိစ္ဆာဆင်းသက်လာခြင်း။
ယဲ့ချိုးပိုင်၏လက်ရှိဓားသိုင်းတာအိုခွန်အားမှာ တာအိုလမ်းစဉ်ရှာဖွေရေးတောင်တန်းနှင့် ဓားသင်္ချိုင်း၏အမွေအနှစ်တို့ကို ဆက်ခံခဲ့စဉ်ကထက် ပို၍တိုးတက်လာပေသည်။
လက်ရှိဓားဆန္ဒနှင့်ပါဆိုလျှင် ယခင်ကလိုမဟုတ်တော့ပေ။
ဓားဂိုဏ်း၏လွှမ်းမိုးမှုအရိပ်အယောင်ခပ်ဖျော့ဖျော့လည်း ပါနေလေပြီ။
ဓားသည်ကား ထွက်ပေါ်လာလေပြီ။ ထျန်းယွမ်တော်ဝင်မြို့တော်ထက်ရှိ မိုးကောင်းကင်ကြီးမှာ အုံ့မှိုင်းမည်းမှောင်လာဟန်တူလေသည်။