ထျန်းယွမ်မြို့တော်တစ်ခုလုံးဟာ တိုက်ခိုက်ရန်အသင့်အနေအထားဖြစ်နေလေပြီ။
လူပေါင်းများစွာက ကောင်းကင်ပေါ်ကိုမော့ကြည့်နေကြသည်။
ထိုနေရာတွင် တိုက်ခိုက်ရေးဆန္ဒလည်း အုန်းအုန်းကျက်ကျက်မြည်နေပေသည်။
တချို့လူများက ဘာတွေဖြစ်ပျက်နေမှန်းမသိကြသလို တချို့လူများကလည်း ဖြစ်စဉ်အလုံးစုံကိုသိထားကြသည်။
ဥပမာအားဖြင့် ထျန်းယွမ်မြို့တော်၏ မဟာမိသားစုကြီးလေးခုအကြောင်းပင်။ မဟုတ်ပေ။ ယခု မဟာမိသားစုကြီးသုံးခုဟု ခေါ်ရတော့မည်ဖြစ်၏။
ယဲ့မိသားစုမှာ ထျန်းယွမ်မြို့မှ ဆုတ်ခွာသွားလေပြီဖြစ်၏။
ချောင်မိသားစုအကြီးအကဲက ထိုမြင်ကွင်းကို ကြောက်လန့်တကြီးမော့ကြည့်နေပေသည်။
ယဲ့ချိုးပိုင်က ယခု အရွယ်ရောက်လာပြီဖြစ်ပြီး ထျန်းယွမ်မင်းဆက်ကို လက်စားချေရန်ရောက်လာချေပြီ။
ထျန်းယွမ်မင်းဆက်ဖျက်ဆီးခံလိုက်ရပြီးလျှင် နောက်တစ်ယောက်က မည်သူဖြစ်လေမလဲ။
သံသယရှိစရာပင်မလိုလောက်အောင် သူတို့၏ချောင်မိသားစုက လွတ်မြောက်ဖွယ်ရာမရှိတော့ချေ။
ချောင်းမိသားစုခေါင်းဆောင်ခမျာ အလွန်ထိတ်လန့်တုန်လှုပ်သွားရှာလေသည်။
ယခု သူ့ရှေ့တွင် ရွေးချယ်စရာနှစ်ခုသာရှိတော့သည်။
မျိုးနွယ်စုတစ်ခုလုံး ထျန်းယွမ်မြို့တော်မှ ထွက်ပြေးပြီး အခြားနေရာများကိုသွား၍ ဘဝကို ပုန်းလျှိုးကွယ်လျှိုးရှင်သန်နေထိုင်ရန်ဖြစ်၏။
ဒုတိယနည်းလမ်းမှာ ထျန်းယွမ်မင်းဆက်နှင့်အတူ တိုက်ပွဲဝင်ကာ ယဲ့ချိုးပိုင်ကိုသတ်ရန်ဖြစ်သည်။
သို့သော် ချောင်မိသားစုခေါင်းဆောင်ကမူ ဤအချက်ကိုလက်လျှော့ထားပြီးဖြစ်၏။
ယခင်က နေမဝင်အင်ပါယာ၏ဝန်းရံတိုက်ခိုက်မှုပေါင်းများစွာက မအောင်မြင်ခဲ့ချေ။
ဤတစ်ကြိမ်တွင် သူ့ကိုရင်ဆိုင်နေရသည်မှာ ထျန်းယွမ်မင်းဆက်မျှသာဖြစ်လေရာ သူတို့ ဘယ်လိုများခုခံနိုင်မည်လဲ။
လက်ရှိယဲ့ချိုးပိုင်ဟာ နယ်မြေလေးခုအဆင့်သတ်မှတ်ချက်စာရင်းဝင် ပညာရှင်များကိုပင် သုတ်သင်နိုင်သူတစ်ယောက် ဖြစ်နေချေပြီ။
ထိုအကြောင်းကိုတွေးရင်း ချောင်မိသားစုခေါင်းဆောင်က အကြီးအကဲများကိုဆင့်ခေါ်လိုက်ပြီး သက်ပြင်းချနေမိတော့သည်။
“ဘာတွေဖြစ်နေလဲဆိုတာ သိပြီးကြရောပေါ့”
အကြီးအကဲများအားလုံးမှာလည်း စိတ်လေးနေသောအမူအရာအထင်းသားပင်။
ယဲ့ချိုးပိုင်၏လက်ရှိခွန်အားက ယခင်ကထက် များစွာတိုးတက်လာပြီဖြစ်ကြောင်း သူတို့ သေချာပေါက်သိထားသည်။
သူက လက်စားချေဖို့ရောက်လာခဲ့လေပြီ။
“အကြီးအကဲ… ကျုပ်တို့ဘာလုပ်ကြမလဲ”
ယခုမူ သူတို့မှာ ယဲ့ချိုးပိုင်ကိုရန်စခဲ့သည့်လူကို ပြစ်တင်ပြောဆိုနိုင်သည့်စိတ်အခြေအနေမျိုး မရှိကြတော့ပေ။
ယခုမှ ထိုအကြောင်းပြောနေလျှင်လည်း အချည်းနှီးသာ။
ချောင်မိသားစုခေါင်းဆောင်က သက်ပြင်းချလိုက်သည်။
“ထွက်ခွာကြတာပေါ့။ အခုကစပြီး ချောင်မိသားစုက ထျန်းယွမ်မြို့တော်ကနေ ထွက်ခွာရမယ်”
အသက်ရှင်နေသရွေ့တော့ မျှော်လင့်ချက်ရှိနေဆဲသာ။
ဘာတွေပဲဖြစ်ဖြစ် ချောင်မိသားစုခေါင်းဆောင်က ချောင်မိသားစုကို သူ့လက်ထက်မှာ ပျက်သုဉ်းသွားမည်ကို မလိုလားချေ။
ထိုသို့ပြောပြီးနောက် ချောင်မိသားစုခေါင်းဆောင်ခမျာ စိတ်ဓာတ်ကျသွားဟန်တူသည်။
သူ့ပုံစံမှာ အိုစာသွားသလိုပင်။
သူ့နားထင်နားကဆံပင်များမှာ ဖြူနေလေပြီ။
ဤဆုံးဖြတ်ချက်က သူ့စိတ်ဓာတ်ကြံ့ခိုင်မှုကို တိုက်စားသွားသည်မှာ သိသာလှသည်။
“ငါကတော့ ဒီမှာ သေချာပေါက်နေခဲ့ရမှာပေါ့”
အကြီးအကဲများမှာ မှင်တက်သွားရလေသည်။
“ဘာလို့လဲ အကြီးအကဲ”
“ခင်ဗျား ကျုပ်တို့နဲ့လိုက်လာလို့ရတယ်လေ”
သစ္စာစောင့်သိစိတ်ကြောင့် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ချောင်မိသားစုခေါင်းဆောင်မှာ ထပ်ပြီးဂရုမစိုက်နိုင်တော့ပေ။ သူ ခေါင်းကိုသာတွင်တွင်ခါယမ်း၍ ပြောလိုက်၏။
“ယဲ့ချိုးပိုင်ရဲ့ဒေါသကိုဖြေဖျောက်ပေးဖို့ တစ်ယောက်ယောက်တော့ ဒီမှာနေခဲ့မှဖြစ်မှာ”
“သူ ချောင်မိသားစုနောက်ကိုလိုက်လာပြီး အကုန်လုံးကိုမသတ်သွားဖို့က ဒီတစ်လမ်းပဲရှိတယ်”
ပုံစံကြည့်ရသည်မှာ ချောင်မိသားစုခေါင်းဆောင်က သူ့ကိုယ်သူစတေးဖို့ စီစဉ်ထားပုံပင်။
အကြီးအကဲများက ထိုစကားကိုကြားသောအခါ ကူကယ်ရာမဲ့စွာခေါင်းညိတ်လိုက်ရသည်။
ယခုအချိန်မှာတော့ သူတို့ ဤလမ်းကိုသာရွေးရတော့မည်။
ဤသည်မှာ ချောင်မိသားစုမျိုးဆက်အဓွန့်ရှည်အောင် ကာကွယ်နိုင်မည့်တစ်ခုတည်းသောနည်းလမ်းပင်။
“ကောင်းပြီ။ အားလုံးပဲ ဂိုဏ်းတူညီလေးတွေနဲ့တပည့်တွေကိုခေါ်ပြီး ထျန်းယွမ်မြို့တော်ကထွက်ခွာဖို့ ပြင်ကြပါ”
သိပ်မကြာလိုက်ခင်မှာ အဆောက်အအုံများအားလုံး ဗလာကျင်းသွားလေတော့သည်။
ချောင်မိသားစုခေါင်းဆောင်သာလျှင် ခြံဝင်းထဲ၌ ကျန်ရစ်နေခဲ့လေသည်။
အတိတ်ကိုပြန်ပြောင်းအောက်မေ့ရင်း ယဲ့ချိုးပိုင်ရောက်အလာကို သူ တိတ်တဆိတ်စောင့်ဆိုင်းနေလိုက်သည်။
ထျန်းယွမ်မြို့တော်ရှိ မဟာမိသားစုလေးခုထဲတွင် တစ်ခုအပါအဝင်ဖြစ်သော ကျန်းမိသားစု၌
ကျန်းမိသားစုခေါင်းဆောင်က ထိုမြင်ကွင်းကိုမြင်သောအခါ နောင်တတကြီးခေါင်းခါယမ်းလိုက်လေသည်။
ထိုအချိန်က ကျန်းချန်သာ ယဲ့ချိုးပိုင်ကိုရွေးချယ်ခဲ့မည်ဆိုပါက သို့တည်းမဟုတ် ယဲ့ချိုးပိုင်၏စကားများကို ယုံကြည်ပေးခဲ့မည်ဆိုပါက သူတို့၏အဆုံးသတ်များလည်း ပြောင်းလဲနိုင်လေမလား။
နှမြောစရာပေတည်း။ ဖြစ်စရာရှိတာကတော့ ဖြစ်ပျက်သွားပြီသာ။
တစ်ခါတစ်ရံတွင် ဘဝတစ်ကွေ့မှာ ဆုံးဖြတ်ချက်ချပြီးသည်နှင့် ပြန်လှည့်စရာမြေမရှိတော့ပေ။
ထိုလမ်းအတိုင်း တစ်ဆုံးလျှောက်ရုံသာရှိတော့သည်။
ကျန်းမိသားစုခေါင်းဆောင်က ထိုသို့တွေးမိလိုက်သောအခါ အနည်းငယ်ကူကယ်ရာမဲ့သွားသလိုခံစားလိုက်ရသည်။
ထိုအချိန်တွင် ထျန်းယွမ်မြို့တော်ထဲရှိလူအပေါင်းမှာ ကောင်းကင်ထက်ရှိမြင်ကွင်းကို မတူညီသောအမူအရာအမျိုးမျိုးဖြင့် ကြည့်နေကြလေသည်။
ယဲ့ချိုးပိုင်က သူ့ရှေ့ရှိ ထျန်းယွမ်ဘုရင်ကိုကြည့်ပြီး ဂရုမစိုက်ဟန်ဖြင့်မေးလိုက်သည်။
“အဲ့ဒီအချိန်တုန်းက ခင်ဗျား ဒီနေ့လိုရက်မျိုးရောက်လာလိမ့်မယ်လို့တွေးဖူးလား”
ထျန်းယွမ်ဘုရင်၏အမူအရာမှာ ပြောင်းလဲသွားခြင်းမရှိချေ။
ဘာမှမဖြစ်သည့်ကိစ္စတစ်ခုအလားပင်။
“ဒါတွေကို အခုမှလာပြောနေတော့ရော ဘာထူးမှာလဲ။ အဲ့ဒါက ခြေလှမ်းမှားသွားရုံပါပဲ”
အခြားအရာများကို ဘေးဖယ်ထားလိုက်ပါက ယဲ့ချိုးပိုင်သည် ထျန်းယွမ်ဘုရင်ကို အလွန်လေးစားလှသည်။
အနည်းဆုံးတော့ သူက ဘုရင်တစ်ယောက်အနေနှင့် အရည်အချင်းပြည့်ဝလေသည်။
“ထပ်ပြောနေလည်းအလကားပဲ။ တိုက်ခိုက်ကြတာပေါ့”
ဤသို့ဖြင့် ထျန်းယွမ်ဘုရင်က သူ့လက်ကိုဝှေ့ယမ်းလိုက်သည်။ တော်ဝင်အစောင့်များကလည်း အော်ဟစ်လျက် ရှေ့ကိုချီတက်လာကြသည်။
မဟူရာကလည်း ယဲ့ချိုးပိုင်၏ဘေးမှ ရှေ့ကိုခြေတစ်လှမ်းတိုးလိုက်သည်။
သူက ပြုံးလျက်ပြော၏။
“ဆရာတူအစ်ကို ဒီကိစ္စကို ကျွန်တော့်ကိုသာလွှဲထားလိုက်”
ယဲ့ချိုးပိုင်က ခေါင်းခါယမ်းလျက်ပြော၏။
“ငါပဲဖြေရှင်းပါရစေ”
ဤသို့ဖြင့် သူက မှော်နက်မိစ္ဆာဓားကို ထုတ်ယူလိုက်သည်။
သူ့လက်ဝါးကို လျှပ်တပြက်ဆတ်ခနဲလှန်လိုက်သည်။
ထက်ရှသောဓားဆန္ဒကြီးက ယဲ့ချိုးပိုင်ကိုဗဟိုပြု၍ တော်ဝင်မြို့တော်တစ်ခုလုံးကို လွှမ်းခြုံထားလိုက်လေသည်။
ဓားသွားပိုင်နက်နယ်မြေပင်တည်း။
ထိုအခြင်းအရာကိုမြင်သော် ထျန်းယွမ်ဘုရင်၏အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားချေသည်။
ထက်ရှသော ဤဓားဆန္ဒအောက်ဝယ် သူကိုယ်တိုင်ပင်လျှင် အလောတကြီးမပြုမူဝံ့ချေ။
အခြားမင်းဆက်များ၏အကြီးအကဲများကလည်း ငြိမ်သက်နေကြလေသည်။ ကြောက်မက်ဖွယ်လှိုင်းလုံးကြီးနှင့်တူသော ဓားဆန္ဒကိုခုခံရန်အတွက် သူတို့ဟာ အကာအရံများကို တစ်ခုပြီးတစ်ခုလွှင့်ထူလိုက်ပေသည်။
သို့သော်ကြေးစားစစ်သည်တစ်သိန်းကမူ မခုခံနိုင်ချေ။
နေရာအနှံ့ပြန့်ကြဲနေသော ဓားဆန္ဒကိုရင်ဆိုင်ရချိန်မှာ တော်ဝင်အစောင့်တစ်သိန်း၏အစီအရင်များမှာ ကျိုးပျက်သွားပေတော့သည်။
ဓားဆန္ဒကလည်း ဓားဆန္ဒမြစ်ပြင်ကြီးအဖြစ် အသွင်ပြောင်းသွားလေသည်။
၎င်းက တော်ဝင်အစောင့်များကို တိုက်စားပစ်လိုက်လေသည်။
မရေမတွက်နိုင်သော အော်ဟစ်သံများညံစီသွား၏။
ဓားဆန္ဒမြစ်ပြင်ကြီး၏တိုက်စားမှုအောက်မှာ လူတိုင် သွေးမြူခိုးများအဖြစ် ပြောင်းလဲသွားရှာလေသည်။
ခဏအတွင်းမှာပင် ဓားဆန္ဒမြစ်ပြင်ကျယ်ကြီး၏တိုက်စားမှုအောက်၌ ဆယ်သိန်းသောကြေးစားစစ်သည်တို့ သုတ်သင်ခံလိုက်ရချေသည်။
တော်ဝင်မျိုးဆက်မှလူတိုင်းလည်း ထိုမြင်ကွင်းကြောင့် အံ့သြထိတ်လန့်ကြကုန်၏။
ကြေးစားစစ်သည်များ၏ခွန်အားက နိမ့်လွန်းလှသည်ဆိုသော်ငြား လူဆယ်သိန်းလောက်ကို အချိန်တိုလေးအတွင်း သုတ်သင်ပစ်ရန်မှာ မဖြစ်နိုင်ပေ။
ခဏတွင်းချင်းမှာတင် သူက လူဆယ်သိန်းကိုသတ်ဖြတ်ပစ်လိုက်ပြီဖြစ်၏။
ယဲ့ချိုးပိုင်က အမှန်စင်စစ်သန်မာလာချေပြီ။
ဓားသွားပိုင်နက်နယ်မြေမှာ မူလက ပိုင်နက်စွမ်းရည်တစ်ခုဖြစ်၏။
ဓားသွားပိုင်နက်နယ်မြေထဲတွင် ဓားဆန္ဒများက နေရာအနှံ့တွင်ရှိသည်။
ဤကဲ့သို့သောပိုင်နက်စွမ်းရည်မျိုးတွင် လူပိုသတ်လည်း ဘာအရေးလဲလေ…
ထျန်းယွမ်ဘုရင်လည်း ၎င်းကိုကောင်းကောင်းနားလည်လေသည်။
သူက ကျောက်စိမ်းချိတ်ပိတ်အဆောင်တစ်ခုကို ထုတ်ယူလိုက်ပြီး ထိုအထဲသို့ ဝိညာဉ်ရေးရာချီစွမ်းအင်များ ထိုးသွင်းလိုက်သည်။
လျှပ်တပြက်အတွင်း၌ ထျန်းယွမ်တော်ဝင်မြို့တော်ပတ်ပတ်လည်ရှိ မဟာအစီအရင်များ အသက်ဝင်လာလေသည်။
ထိုအစီအရင်က ရေနဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းသွားပြီး ယဲ့ချိုးပိုင်နှင့် မဟူရာတို့ကို ဟိန်းဟောက်လိုက်လေတော့သည်။
ရေနဂါးကြီးမှာ အလွန်အစွမ်းထက်လှသည်။
ထိုရေနဂါးကြီးက ချန်းယွမ်အထွတ်အထိပ်အဆင့်ရောက်နေသည်မှာ သိသာလှသည်။
၎င်းမှာ ထျန်းယွမ်မင်းဆက်၏ နိုင်ငံ့အကာအကွယ်အစီအရင်ပင်။
မဟူရာက ရှေ့ကိုခြေတစ်လှမ်းတိုးလိုက်သည်။
“ဆရာတူအစ်ကို ဒါကို ကျွန်တော့်တာဝန်ထားလိုက်”
ယဲ့ချိုးပိုင် ခေါင်းညိတ်ပြလိုက်သည်။
ယဲ့ချိုးပိုင်ထံမှ ခွင့်ပြုချက်ရပြီးနောက် မဟူရာက သွားပေါ်အောင်ပြုံး၍ သူ့လက်သီးနှင့်ခြေထောက်များကို တပြင်ပြင်လုပ်နေချေသည်။
သူ တိုက်ခိုက်ဖို့အဆင်သင့်ဖြစ်နေလေပြီ။
ထိုအချိန်မှာ ရေနဂါးကြီးပ ထပ်မံဟိန်းဟောက်လိုက်ပြန်လေသည်။
ထို့နောက် ထိုနဂါးကြီးက မဟူရာ့ဆီသို့ အပြင်းနှင်လာလေသည်။
ထိုအခြင်းအရာကိုမြင်သော် မဟူရာ၏အမူအရာမှာ လုံးဝပြောင်းလဲသွားခြင်းမရှိချေ။
ထိုအစား သူက သာမန်ဆန်ပြီးရိုးသားလှသောအပြုံးတစ်ပွင့်ကို ထုတ်ဖော်ပြသလိုက်၏။
တိုက်ခိုက်ရေးဆန္ဒများက သူ့ပတ်ပတ်လည်မှာ လှည့်လည်စပြုလာလေသည်။
ရေနဂါးကြီး သူ့အနားကိုနီးကပ်လာသောအခါ သူက လက်သီးမြှောက်၍ ခပ်ပြင်းပြင်းထိုးချလိုက်သည်။
ဤထိုးချက်မှာ ကမ္ဘာမြေကြီးနှင့်တောင်တန်းများကိုပင် တုန်လှုပ်သွားစေသည်။
အစီအရင်၏လေထုတစ်ခုလုံး တုန်ခါသွားသည့်အလားပင်။
မဟူရာ၏လက်သီးချက်က ရေနဂါးကြီး၏ခေါင်းပေါ်သို့ ကျရောက်သွားသည်။
ချက်ချင်းပင် လူတိုင်း၏ ထိတ်လန့်နေသောအကြည့်အောက်၌ ရေနဂါးကြီးက နာကျင်မှုကြောင့် အော်ဟစ်ညည်းတွားနေရတော့သည်။
ထို့နောက် ဦးခေါင်းမှစ၍ နဂါးကြီး၏ကျောရိုးတစ်လျှောက် တစ်လက်မချင်းစီကွဲကြေရရှာသည်။
နောက်ဆုံးတွင်မူ ဤလေထုကြီးထဲမှာပင် ပျောက်ကွယ်သွားလေတော့သည်။
ထိုအချိန်တွင် အစီအရင်ကြီးကလည်း ကျိုးပျက်သွား၏။
ထျန်းယွမ်ဘုရင်၏လက်ထဲရှိ တော်ဝင်ကျောက်စိမ်းချိတ်ပိတ်အဆောင်ကလည်း ခွမ်းခနဲကွဲသွားရသည်။
ထိုအဖြစ်ကိုမြင်သော် ထျန်းယွမ်ဘုရင်ခမျာ ထိတ်လန့်သွားရှာ၏။
ဤပုဂ္ဂိုလ်မှာ ယဲ့ချိုးပိုင်၏ဆရာတူညီလေးပင်။
ယဲ့ချိုးပိုင်လိုလူမျိုးနှင့် သူ့ရှေ့ရှိ ဤခန္ဓာကျင့်ကြံသူတို့ကို သင်ပြပေးနိုင်သောတစ်စုံတစ်ယောက်တဲ့လား။
သူ့ခွန်အားအစစ်မှာ ဘယ်လောက်များသန်မာလိုက်လေမလဲ။
ဘုရင်ကြီးခမျာ ထိုအကြောင်းထပ်မတွေးရဲတော့သလို ထပ်တွေးနေရန်လည်းမလိုတော့ပေ။
တစ်ဖက်လူက သူတို့ထျန်းယွမ်မင်းဆက်သေးသေးလေးကို ဂရုပင်စိုက်လိမ့်မည်မဟုတ်။
သူ့တပည့်နှစ်ယောက်ကတင် သူတို့ကိုဖျက်ဆီးနိုင်စွမ်းရှိနေပြီဖြစ်၏။
ထိုအကြောင်းကိုတွေးရင်း ထျန်းယွမ်ဘုရင်လည်း သက်ပြင်းချလျက်ပြောလိုက်၏။
“အားလုံးပဲ..နောက်ဆုတ်စရာလမ်းမရှိတော့ဘူးဆိုမှတော့ တိုက်ခိုက်ကြ”
အထွတ်အမြတ်အကြီးအကဲများအားလုံး ထိုမြင်ကွင်းကိုမြင်လိုက်ရသည်။ တချို့က ကူကယ်ရာမဲ့နေသောအမူအရာကို ထုတ်ဖော်နေသလို တချို့လူများကလည်း လှည့်ပြေးမည့်အရိပ်အယောင်များပြနေပေသည်။
တစ်ချိန်တည်းမှာပင် နန်းတော်၏အတွင်းပိုင်းထဲ၌ ခပ်ဖျော့ဖျော့အရှိန်အဝါတစ်ခု ထုတ်လွှတ်လာချေသည်။
ထို့နောက် အသံတစ်သံကိုလည်း လူတိုင်း နားနှင့်ဆက်ဆက်ကြားလိုက်ကြရသည်။
“မိတ်ဆွေလေး…ငါတို့ကို သက်ညှာပေးနိုင်မလား။ နောင်ကျရင် ငါ့ရဲ့ထျန်းယွမ်မင်းဆက်က တောင်ပိုင်းဒေသကနေထွက်ခွာပြီးရင် ဒီနေရာကိုလည်းထပ်ပြီးခြေမချတော့ပါဘူး။ အဲ့လိုဆိုရင်ရော ဘယ်လိုသဘောရလဲ”