ကောင်းကင်အဆင့်ဆေးဝါးကို ငါးမိနစ်အတွင်းမွမ်းမံပြီး ဆေးဝါးအတိဒုက္ခ၏သန့်စင်ဆေးကြောမှုကို အောင်အောင်မြင်မြင်ဖြတ်ကျော်လာနိုင်ခြင်း။
ဤဖြစ်ရပ်မှာ အလယ်ပိုင်းဒေသတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားလေသည်။
တကယ်တမ်းတွင် ဤကိစ္စက နယ်မြေလေးခုစလုံးကို ပျံ့နှံ့သွားပြီးဖြစ်၏။
အဂ္ဂိရတ်ဂိုဏ်း၏ဂိုဏ်းခေါင်းဆောင်နှင့်ယှဉ်နိုင်သော အဂ္ဂိရတ်မဟာသခင်တစ်ယောက် ပေါ်ထွန်းလာလေပြီ။
အချို့လူများက လုချန်ရှန်း၏အဂ္ဂိရတ်စွမ်းရည်က အဂ္ဂိရတ်ဂိုဏ်း၏ဂိုဏ်းခေါင်းဆောင်ထက်ပင် သာလွန်သည်ဟုခံစားမိကြသည်။
အဂ္ဂိရတ်ဂိုဏ်းခေါင်းဆောင်၏အဂ္ဂိရတ်စွမ်းရည်က ပိုနက်နဲသည်ဟုခံစားမိကြသူများလည်းရှိ၏။
အချိန်တိုအတွင်းမှာ လုချန်ရှန်းအကြောင်းကိုစုံစမ်းရန်အတွက် မရေမတွက်နိုင်သောလူများကို စေလွှတ်လာကြလေသည်။
သူ့ကို စည်းရုံးသိမ်းသွင်းရန်တော့မဟုတ်။
ထိုအစား သူတို့က ဆေးဝါးများကိုတောင်းဆိုပြီး ဆက်ဆံရေးကောင်းတစ်ခုတည်ဆောက်ချင်ကြသောကြောင့်ပင်။
ကောင်းကင်အဆင့်ဆေးဝါးကိုဖော်စပ်နိုင်သော အဂ္ဂိရတ်မဟာသခင်မှာ မည်မျှကြောက်ဖို့ကောင်းလိုက်လေမလဲ။
လူတိုင်းက ၎င်း၏တန်ဖိုးကို သိကြလေသည်။
အလယ်ပိုင်းဒေသ၌
မဟာလျှို့ဝှက်မိသားစုကြီးသုံးစုထဲမှတစ်ခုဖြစ်သော မုမိသားစု..
မုဝမ်အာက သူ(မ)၏အိမ်တော်သို့ပြန်ရောက်သွားပြီဖြစ်၏။
“မရဘူး ကျွန်မ ဦးလေးကို ဆရာတင်ချင်နေတုန်းပဲ”
ဦးလေးလီက ခါးသီးစွာပြုံးလျက် ခေါင်းခါနေမိသည်။ အဂ္ဂိရတ်မဟာသခင်တစ်ယောက်ဟာ မုဝမ်အာ၏ဆရာဖြစ်ဖို့ ထိုက်တန်လှသည်။ သို့သော် တစ်ဖက်လူကိုယ်တိုင်က ဆန္ဒမရှိခြင်းပင်။ မုမိသားစုဖြစ်နေလျှင်ပင် တစ်ဖက်လူက စိတ်ဝင်စားမည်မဟုတ်ချေ။
ကောင်းကင်အဆင့်ဆေးဝါးကိုမွမ်းမံနိုင်သော အဂ္ဂိရတ်မဟာသခင်မှာ အခြားဂိုဏ်းဂဏများနှင့် ပူးပေါင်းနေစရာမလိုပေ။
ထိုအချိန်တွင် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်က လေးနက်လှသောအမူအရာဖြင့် လျှောက်လာပေသည်။
“ဟမ် ဝမ်အာက ဘယ်သူ့ကိုဆရာတင်ချင်လို့လဲ”
သက်လတ်ပိုင်းအရွယ်အမျိုးသားက မုဝမ်အာ၏စကားကို မတော်တဆကြားသွားပြီး မလန့်ဘဲမနေနိုင်တော့ပေ။
ဤကလေးမလေးဟာ သူတို့မိသားစုထဲက လူတစ်သိုက်ကိုပင် အထင်ကြီးသူမဟုတ်။
သူ(မ)၏စံနှုန်းက အလွန်မြင့်မားလှသည်။
မုဝမ်အာက ထိုအမျိုးသားကိုမြင်သောအခါ မျက်လုံးအစုံဝင်းပသွားလေသညိ။ သူ(မ)က အပြေးလေးသွားပြီး ထိုလူ၏လက်ကိုကိုင်လိုက်၏။
“ဖေဖေ သမီး ရှယ်အစွမ်းထက်တဲ့ဦးလေးကြီးကိုတွေ့ခဲ့တယ်”
“ဦးလေးလား”
သက်လတ်ပိုင်းအရွယ်အမျိုးသားက မုမိသားစု၏ လက်ရှိခေါင်းဆောင်မုဟယ်ကျီဖြစ်သည်။
မုဟယ်ကျီက ဘေးဘက်ကိုကြည့်၍ မေးလိုက်သည်။
“ဦးလေးလီ ဘာတွေဖြစ်လာတာလဲ”
ဦးလေးလီခမျာ မတတ်သာတော့ဘဲ အခြေအနေကိုရှင်းပြလိုက်ရသည်။
ထိုစကားများကိုကြားသော် မုဟယ်ကျီက အသာအယာခေါင်းညိတ်လိုက်သည်။
“အဲ့ဒီအဂ္ဂိရတ်မဟာသခင်ကို မင်းက ဆရာတင်ချင်တာပေါ့”
မုဝမ်အာက ပြင်းပြင်းထန်ထန်ခေါင်းညိတ်ပြသည်။
“ဒါပေါ့”
မုဟယ်ကျီက ပြုံးလျက်ပြောလိုက်သည်။
“ဖေဖေက သမီး သူ့ကိုဆရာတင်တာကို မကန့်ကွက်ပါဘူး။ အဂ္ဂိရတ်မဟာသခင်တစ်ယောက်က သမီးအတွက် အကျိုးရှိရုံတင်မကဘူး။ မိသားစုအတွက်ပါ အကျိုးရှိတယ်လေ”
“ဒါပေမဲ့ သူက သမီးကိုလက်မခံရင် ဖေဖေတို့ဘာမှလုပ်လို့မရဘူး”
“ဘာလို့ အကြီးအကဲလင်းကိုမသင်ခိုင်းရတာလဲ”
အကြီးအကဲလင်းက မုမိသားစုထဲတွင် အတော်ဆုံးအဂ္ဂိရတ်ပညာရှင်ဖြစ်၏။
သူက မဟာသခင်ဖြစ်ဖို့ လက်တစ်ကမ်းသာလိုတော့သည်။
ကောင်းကင်အဆင့်ရောက်ရန် သီသီလေးလိုတော့သည့်ဆေးဝါးမျိုးကို ဖန်တီးနိုင်သောတစ်စုံတစ်ယောက်ပင်။
အဆုံးကျလျှင် ကောင်းကင်အဆင့်ဆေးဝါးဖြစ်မလာရသည့် အကြောင်းအရင်းဖြစ်သော ဆေးဝါးအတိဒုက္ခကိုမကျော်ဖြတ်နိုင်ခဲ့ရုံသာရှိ၏။
အကြီးအကဲလင်းဘက်ကလည်း မုဝမ်အာကို အထင်ကြီးလေးစားသည်။
မုဝမ်အာမှာ အဂ္ဂိရတ်ပညာတွင် အလွန်ပါရမီထူးသူဖြစ်၏။
ကံမကောင်းချင်တော့ သူ(မ)က အလွန်ရွှတ်နောက်နောက်နိုင်လှသည်။
ထို့ကြောင့် မုမိသားစုထဲကလူတိုင်း ကူကယ်ရာမဲ့နေကြရသည်။
သူတို့ သူ(မ)ကို မထိန်းချုပ်နိုင်ပေ။
မုဟယ်ကျီ၏စကားများကိုကြားသောအခါ မုဝမ်အာက အလျင်စလိုခေါင်းခါရင်းပြော၏။
“မရဘူး ဦးလေးကိုပဲ ဆရာတင်ချင်တာ”
မုဟယ်ကျီနှင့်ဦးလေးလီခမျာ ကူကယ်ရာမဲ့သွားပေသည်။ အဂ္ဂိရတ်မဟာသခင်လုချန်ရှန်းကို သူတို့ပြန်ပေးဆွဲလာလို့လည်းမရပေ။
“ဒါဆိုလည်း သွားလေ”
မုဟယ်ကျီက ကူကယ်ရာမဲ့စွာဖြင့် လက်ယမ်းပြလိုက်ရ၏။
သူ့စကားကိုကြားသောအခါ မုဝမ်အာက တစ်ဖက်လှည့်ပြီး အပြုံးလေးဖြင့်ထွက်သွားလေသည်။
“ဒါဆို သမီးသွားတော့မယ်”
“ဘယ်မှာလဲဆိုတာရော သိလို့လား”
“သိတာပေါ့”
လုချန်ရှန်းထွက်သွားပြီးနောက်မှာ သူ(မ) သူရှိသည့်နေရာကို ဟူချင်းအားမေးခဲ့သေးသည်။
တောင်ပိုင်းဒေသလျှို့ဝှက်တာအိုကျောင်းတော်ရှိ စံအိမ်တော်ပင်ဖြစ်၏။
မုဟယ်ကျီက သူ့သမီးထွက်ခွါသွားသည့်ပုံရိပ်လေးကိုကြည့်ပြီး ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါယမ်းလိုက်မိသည်။
“အရွယ်ရောက်လာတဲ့မိန်းကလေးတစ်ယောက်ကို ထိန်းထားလို့မရတော့ဘူး။ ဦးလေးလီ ဝမ်အာနောက်က ဆက်လိုက်သွားလိုက်ပါ”
“အလုပ်ကြိုးစားပေးလို့ ကျေးဇူးတင်ပါတယ်”
ဦးလေးလီက ခါးသက်စွာပြုံးလျက် ခေါင်းခါပြလေသည်။
“ဒါက ကျွန်တော့်တာဝန်ပါ”
“ဒါပေမဲ့ မိသားစုခေါင်းဆောင်… တစ်ဖက်လူက သခင်မလေးကိုလက်မခံရင် ဘယ်လိုလုပ်မလဲ။ ဒါက သခင်မလေးရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေကို ထိခိုက်မှာလား”
ထိုစကားကိုကကြားသော် မုဟယ်ကျီက ခေါင်းကိုခါယမ်း၍ပြောလိုက်၏။
“အဆင်ပြေပါတယ်။ ငယ်တုန်းရွယ်တုန်း အခက်အခဲနဲ့ရင်ဆိုင်ရတာကောင်းတာပေါ့”
“အဲ့ဒါအပြင် တကယ်လို့ သူအောင်မြင်ခဲ့ရင် ဝမ်အာနဲ့မုမိသားစုအတွက် အရမ်းအကျိုးရှိသွားမှာ။ သူ့ကိုလွှတ်သာထားလိုက်ပါ”
ဦးလေးလီ ခေါင်းညိတ်သဘောတူလိုက်သည်။
“နားလည်ပါပြီ။ ဒါဆို သွားလိုက်ပါဦးမယ်”
ဤသို့ဖြင့် ဦးလေးလီက မုဝမ်အာနောက်ကိုလိုက်သွားလေတော့သည်။
မုဟယ်ကျီကတော့ ခပ်လှမ်းလှမ်းကိုမျှော်ကြည့်ရင်း မျက်ဝန်းအစုံက ခပ်တန်းတန်းဖြစ်သွားပေသည်။
“ပါရမီရှင်တွေက တဖြည်းဖြည်းနဲ့ သူတို့စွမ်းရည်တွေကိုထုတ်ပြလာကြပြီပဲ”
“ဘုန်းတန်ခိုးပြည့်စုံတဲ့လူတွေလည်း တစ်ယောက်ပြီးတစ်ယောက်ပေါ်ထွက်လာပြီ”
“မဟာတိုက်ပွဲခေတ်အခါက တကယ်စတင်တော့မှာပဲ…”
ထိုသို့ပြောပြီးနောက် သူ ခေါင်းတခါခါလုပ်လျက် လှည့်ပြန်သွားလေတော့သည်။
တစ်ချိန်တည်းမှာပင် တောင်ပိုင်းဒေသထဲရှိ ထျန်းယွမ်မြို့တော်၌..
ထိုမြို့တော်သည် ထျန်းယွမ်မင်းဆက်၏မြို့တော်ဖြစ်၏။
ထိုအချိန်တွင် ထျန်းယွမ်အင်ပါယာ၏အထက်နားဆီ၌ အမျိုးသားနှစ်ယောက် ထွက်ပေါ်လာပြီး လူပေါင်းမြောက်များစွာ၏အာရုံကို ဖမ်းစားထားလေသည်။
တော်ဝင်အစောင့်များကလည်း ခေါင်းမော့ကြည့်လိုက်လေရာ ထိုအမျိုးသားနှစ်ယောက်ကို မြင်လိုက်ကြသည်။ သူတို့ မျက်နှာပျက်သွားကြပြီး ချက်ချင်းအော်ဟစ်လိုက်သည်။
“ဘယ်သူတွေက ကျုးကျော်လာရဲတာလဲ”
ချက်ချင်းဆိုသလိုပင် ဝမ်ချောင်က တိုက်ခိုက်ရန်အသင့်အနေအထားကို ပြင်ထားလိုက်သည်။
မရေမတွက်နိုင်သောတော်ဝင်အစောင့်များလည်း စုဝေးလာကြလေပြီ။
နန်းတော်ထဲရှိ အထွတ်အမြတ်အကြီးအကဲများက ကောင်းကင်ထက်သို့ပျံတက်သွားပြီး ထိုလူနှစ်ယောက်၏အရှေ့သို့ရောက်သွားသည်။
ထျန်းယွမ်မင်းဆက်၏နန်းတော်ထဲတွင်မူ လူနှစ်ဦးခမျာ အနည်းငယ်မျက်နှာပျက်နေကြလေ၏။
နန်းတော်ထဲမှလျှောက်ထွက်လာရင်း သူ မိုးပေါ်မော့ကြည့်လိုက်သည်။
သူတို့ထဲရှိ လူငယ်လေးတစ်ယောက်၏အမူအရာမှာ ရုတ်ခြည်းပြောင်းလဲသွားရလေသည်။
ဘေးဘက်ရှိ နဂါးဝတ်ရုံဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်က မေးလေသည်။
“ဘာလို့လဲ။ မင်း ဒီလူကိုသိလို့လား”
ဆဋ္ဌမမင်းသားက ကြောက်ရွံ့နေသောအမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“ဒီလူက ယဲ့ချိုးပိုင်ပါ”
ထိုစကားကိုကြားသော် ထျန်ယွမ်မင်းဆက်၏ဘုရင်က အသာအယာခေါင်းခါလိုက်၏။
“ကြည့်ရတာ လက်စားချေဖို့ရောက်လာတာထင်တယ်”
နေမဝင်အင်ပါယာ ယဲ့ချိုးပိုင်ကိုဝိုင်းဖမ်းရန် တပ်သားများစေလွှတ်စဉ်အခါက ထျန်းယွမ်မင်းဆက်က ကူညီထောက်ပံ့ပေးခဲ့သည်။
သို့သော် သူတို့မအောင်မြင်ခဲ့ဘဲ ယဲ့ချိုးပိုင်က အင်အားကြီးထွားလာသည်။
“အချိန်ကလည်း သူ ငါတို့ကိုလာရှာချိန်တန်ပါပြီလေ”
ထျန်းယွမ်ဘုရင်လည်း စိတ်ထဲမှ ခပ်တိတ်တိတ်သက်ပြင်းချလိုက်မိသည်။
သူ ရွေးချယ်မှုမှားသွားခဲ့ပုံပေါ်၏။
ထိုအချိန်တုန်းက သူသာ ယဲ့ချိုးပိုင်အပေါ် စိတ်ကောင်းစေတနာထားခဲ့ပါက နေမဝင်အင်ပါယာကို ဆန့်ကျင်မိခဲ့လျှင်ပင် သူ အကူအညီရနိုင်သေးသည်။
သူလည်း ဤဒုက္ခဘေးမှ လွတ်မြောက်သွားလိမ့်မည်သာ။
သို့သော် ယခုတော့…
သူပြောသမျှစကားတိုင်းဟာ အချည်းနှီးပင်။
အသွားမတော်တစ်လှမ်းသာဖြစ်၏။
သူ ထိုကိစ္စကိုကျူးလွန်ခဲ့သည့်အတွက် တာဝန်လည်းယူနိုင်ရပေမည်။
ထိုအကြောင်းကိုတွေးပြီး ထျန်းယွမ်မင်းဆက်၏ဘုရင်က အမိန့်ပေးလိုက်လေသည်။
“အစောင့်တွေ.. ရန်သူကိုရင်ဆိုင်ဖို့အသင့်ပြင်ကြ”
“အကြီးအကဲတွေလည်း ခွင့်ပြုချက်မရဘဲထွက်ပြေးလို့မရဘူး”
“အစီအရင်ကိုအသက်သွင်းလိုက်”
“ခရမ်းရောင်ဘုံဗိမာန်အဆင့်အောက်မှာရှိတဲ့မျိုးဆက်တွေကို ထျန်းယွမ်မြို့တော်က မြန်မြန်ထွက်ခွါဖို့ပြောလိုက်”
ဘုရင့်အမိန့်ကိုကြားလိုက်ရသည့်အခါ လူတိုင်း အံ့သြမှင်တက်သွားချေသည်။
သိသာနေသည့်အချက်မှာ ယခုအချိန်ဟာ ထျန်းယွမ်မင်းဆက်အတွက် သေရေးရှင်ရေးအခြေအနေပင်။
ထို့နောက် ဘုရင်က ဆဋ္ဌမမင်းသားကိုကြည့်ပြီး ပြောလိုက်သည်။
“မင်းလည်း ထွက်ခွါဖို့ပြင်သင့်တယ်”
ဆဋ္ဌမမင်းသားခမျာ ကြက်သေသေသွားလေသည်။
“ဒါဆို ခမည်းတော်ကရော”
ထျန်းယွမ်မင်းဆက်၏ဘုရင်မင်းမြတ်မှာ သက်ပြင်းသာချမိတော့သည်။
“ဘုရင်တစ်ပါးအနေနဲ့ ငါ ဘယ်လိုလုပ်နောက်ဆုတ်လို့ရမှာလဲ”
အကယ်၍ သူနောက်ပြန်ဆုတ်ခဲ့လျှင် ထျန်းယွမ်မင်းဆက်၏မျိုးဆက်မပြတ်သွားအောင် ထိန်းသိမ်းထားနိုင်မည်ဖြစ်သော်လည်း အနာဂတ်မှာ သူ့ကိုခစားလိုသူရှိမည်မဟုတ်တော့ချေ။
ထိုသို့ပြောပြီးနောက် ထျန်းယွမ်မင်းဆက်၏ဘုရင်မင်းမြတ်က သူ့နဂါးဝတ်ရုံကိုချွတ်၍ တိုက်ပွဲဝင်သံချပ်ကာဝတ်စုံကိုဝတ်ဆင်လိုက်သည်။
သူ အော်ဟစ်အမိန့်ပေးလိုက်လေသည်။
“ထျန်းယွမ်မင်းဆက်ကလူအားလုံးပဲ နားထောင်ကြပါ။ အရိုးကြေကြေအရည်ခမ်းခမ်းတိုက်ခိုက်ကြ”
“မှန်လှပါ”
နန်းတော်တစ်ခုလုံး ထိတ်လန့်ဖွယ်ဟိန်းဟောက်သံကြီးတစ်ခုကို ထုတ်လွှတ်လိုက်ပေသည်။
ချက်ချင်းဆိုသလို ထျန်းယွမ်တော်ဝင်မြို့တော်တစ်ခုလုံးကို အစီအရင်ဖြင့်ဖုံးအုပ်ထားလိုက်သည်။
အထွတ်အမြတ်အကြီးအကဲများအားလုံးက လေထဲပျံတက်သွားပြီး ယဲ့ချိုးပိုင်ရှေ့ကိုရောက်သွားကြသည်။
ထိုမြင်ကွင်းကိုမြင်သော် မဟူရာက ခေါင်းကုတ်လိုက်ပြီး ယဲ့ချိုးပိုင်ကိုမေးသည်။
“ဆရာတူအစ်ကို အဲ့ဒီလူတွေအကုန်လုံးကို သတ်ရမှာလား”
ယဲ့ချိုးပိုင်ကလည်း ပြုံးလျက် ခေါင်းညိတ်ပြသည်။
“ဟုတ်တယ် မင်းစိတ်ကြိုက်ပဲ”
မဟူရာ၏ခွန်အားဖြင့်ဆိုလျှင် ယဲ့ချိုးပိုင် စိတ်ပူနေစရာမလိုချေ။
ထျန်းယွမ်မင်းဆက်ထဲရှိ ဘယ်သူကမှ သူ့ကိုမခြိမ်းခြောက်နိုင်ချေ။
ထို့နောက် ထျန်းယွမ်နိုင်ငံတော်၏ဘုရင်ကလည်း ကောင်းကင်ထက်သို့ရောက်ရှိလာသည်။
တော်ဝင်အစောင့်များ၏ရှေ့တွင်မတ်မတ်ရပ်ရင်း သူက ယဲ့ချိုးပိုင်ကိုကြည့်၍ပြောလိုက်သည်။
“အဲ့ဒီနေ့တုန်းကအမှားကို ငါနောင်တမရဘူး။ ငါက ဒီအတိုင်း အလောင်းအစားရှုံးသွားရုံပဲ”
“အခု ငါခွင့်လွှတ်မှုကိုတောင်းခံနေတာမဟုတ်ဘူး”
“တိုက်ခိုက်ကြတာပေါ့”
ကြေးစားအစောင့်တပ်မကြီးတစ်ခုလုံးတွင် တိုက်ခိုက်ရေးဝိညာဉ်များဖြင့် ပြည့်နှက်နေလေတော့သည်။