အတိဒုက္ခဆေးဝါး ပျောက်ကွယ်သွားပြီး မိုးတိမ်မည်းများလည်း ကင်းစင်ပပျောက်စပြုလာလေပြီ။
နေရောင်ခြည်တန်းများက မိုးတိမ်မည်းများ၏အကာအရံမှ ဖောက်ထွက်လာ၏။
အလင်းတန်းများမှာ အသစ်တစ်ဖန်ပြန်လည်မွေးဖွားလာသည့်အလား ကမ္ဘာမြေပေါ်သို့ တစ်ဖန်ကျရောက်လာပြန်လေသည်။
ကောင်းကင်အဆင့်ဆေးဝါးသည်ကား ပြီးမြောက်သွားလေပြီဖြစ်၏။
မဟာအကြီးအကဲက ကောင်းကင်ထက်တွင် ခုနစ်ရောင်စဉ်အလင်းတန်းများကိုထုတ်လွှတ်နေသောဆေးကို ကြည့်လိုက်မိသည်။
သူ အနည်းငယ်စိတ်လှုပ်ရှားသွားရသည်။
အဂ္ဂိရတ်ညီလာခံထဲတွင် လျှို့ဝှက်အဂ္ဂိရတ်မဟာသခင်တစ်ဦးရှိနေလိမ့်မည်ဟု မည်သူထင်ထားပါအံ့နည်း။
ပွဲကြည့်စင်ထဲ၌..
ဟူချင်း၏မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုအရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။
ဤကလေးချန်ရှန်းမှာ သူတို့လျှို့ဝှက်တာအိုကျောင်းတော်ကို ဂုဏ်သရေများ အမှန်စင်စစ်ဆောင်ကြည်းခဲ့လေပြီ။
မုဝမ်အာက ဦးလေးလီကိုကြည့်ပြီး သိချင်စိတ်များဖြင့်မေးလိုက်၏။
“ဦးလေးလီ.. အဲ့ဒါ အောင်မြင်သွားပြီလား”
ဦးလေးလီကလည်း စိတ်ရှုပ်ထွေးနေသောအမူအရာဖြင့် ခေါင်းညိတ်ပြလေသည်။
အစက သူအထင်သေးခဲ့မိသော လုချန်ရှန်းဟာ ဤနေရာရှိအဂ္ဂိရတ်ပညာရှင်များထက် သာလွန်နေလိမ့်မည်ဟု သူထင်မထားခဲ့ပေ။
ကမ္ဘာကြီးက အမှန်စင်စစ်ကြိုတင်ခန့်မှန်းရခက်ပါလား…
ခပ်ဝေးဝေးတွင် ကျုံးလီ၊ ရှဲ့ယွမ်ရန်နှင့် အခြားလူများမှာ အတိဒုက္ခဆေးဝါး၏နောက်ဆက်တွဲလှိုင်းလုံးဒဏ်ကို ခံနိုင်ရည်မရှိတော့သည့်အချိန်ကတည်းက ပေတစ်ထောင်အကွာသို့ နောက်ပြန်ဆုတ်သွားခဲ့သည်။
ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါ သူတို့လည်း ထိတ်လန့်သွားရှာလေ၏။
ယခင်က သူတို့ဟာ လုချန်ရှန်းကို သူတို့၏ရန်သူအဖြစ် သတ်မှတ်ထားခဲ့သည်။
သို့သော် ယခုမူ…
တစ်ဖက်လူမှာ ကောင်းကင်အဆင့်ဆေးဝါးကို တိုက်ရိုက်မွမ်းမံပစ်လိုက်ချေသည်။
သူ့ကို သူတို့ ဘယ်လိုများယှဉ်ပြိုင်နိုင်မလဲလေ…
အဂ္ဂိရတ်မဟာသခင်တစ်ယောက်က သူတို့ဆီကိုရောက်လာပြီး ကျားကိုစားဖို့ ဝက်ဟန်ဆောင်ပြနေသလို လုပ်ပြခဲ့သည်။
ကျုံးလီ၊ ရှဲ့ယွမ်ရန်နှင့်အခြားလူများမှာ အနည်းငယ်ကြောင်အသွားရလေသည်။
ထိုအချိန်၌ လျှပ်တပြက်ပြောင်းလဲမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။
အလင်းတန်းတစ်ခုက ထိုဆေးလုံးဆီကို ကျရောက်လာလေသည်။
တစ်စုံတစ်ယောက်က ကောင်းကင်အဆင့်ဆေးဝါးကို လုယူလိုခြင်းဖြစ်ပေသည်။
မဟာအကြီးအကဲ၏အမူအရာမှာ ပြောင်းလဲသွားသည်။
သူက ထိုသူတို့ကို တားဆီးချင်ခဲ့သည်။
သို့သော် တစ်ဖက်လူမှာ အလွန်လျင်မြန်လွန်းလှသဖြင့် အချိန်မီမတုံ့ပြန်နိုင်လိုက်ပေ။
ထိုအချိန်လေးမှာ လုချန်ရှန်း၏မျက်နှာ မည်းခနဲဖြစ်သွားရသည်။
ဒီဆေးကိုမွမ်းမံဖို့ ငါက အချိန်တွေအများကြီးသုံးလိုက်ရတာကို မင်းက ဒီလိုမျိုးလာလုချင်တယ်ပေါ့လေ…
ထိုသို့တွေးရင်း လုချန်ရှန်း သူ့လက်ကိုဝှေ့ယမ်းလိုက်လေရာ လက်ချောင်းအင်အားတစ်ရပ်က အလွန်အမင်းလျင်မြန်လှသောအရှိန်ဖြင့် အပြင်းနှင်သွားလေတော့သည်။
ထိုပုံရိပ်က ၎င်းကိုမြင်သောအခါ မျက်နှာပျက်သွားလေသည်။ သူ့ခမျာ ရွေးချယ်စရာမရှိဘဲ ရပ်တန့်လိုက်ရပြီး ထိုတိုက်ခိုက်မှုကို အစွမ်းကုန်ရင်ဆိုင်လိုက်သည်။
သို့သော် သူ လုချန်ရှန်းကို အထင်သေးမိသွားခဲ့သည်။
လျှပ်တပြက်အတွင်းမှာပင် လက်ချောင်းဖိအားတစ်ရပ်က ထိုပုဂ္ဂိုလ်၏မျက်ခုံးနှစ်ဖက်ကြားကို ထိုးဖောက်ဝင်ရောက်သွားပေသည်။
သူမသေခင်မှာ တိုက်ခိုက်မှုတစ်ခုပင်ထုတ်သုံးဖို့ အချိန်မရလိုက်ချေ။
ပုံရိပ်ဟာ ကောင်းကင်ပေါ်မှပြုတ်ကျလာပြီး လုချန်ရှန်း၏အရှေ့သို့ သက်ဆင်းလာလေသည်။
မဟာအကြီးအကဲက အနားကိုလျှောက်လာပြီး တစ်ချက်စစ်ဆေးကြည့်လိုက်လေရာ သူ့အမူအရာမှာ အကျည်းတန်သွားရချေသည်။
“ဝူထောင် ချန်းယွမ်အထွတ်အထိပ်အဆင့်ပညာရှင်”
ကောင်းကင်အဆင့်ဆေးဝါးများက အခြားလူများအတွက် မည်မျှဆွဲဆောင်အားကောင်းကြောင်း သူ လျစ်လျူရှုမိသွားခဲ့သည်။
ကောင်းကင်အဆင့်ဆေးတစ်လုံးဟာ လူတစ်ယောက်၏ကံကြမ္မာကိုပြောင်းလဲပေးနိုင်စွမ်းရှိ၏။
ထို့ပြင် ဤကောင်းကင်ဘုံအဆင့်ဆေးဝါး၏အဆင့်မှာ အလွန်အမင်းမြင့်မားလှသည်။
မဟာအကြီးအကဲက ထိုနေရာမှာပြောကြားလိုက်လေသည်။
“အဂ္ဂိရတ်ညီလာခံမှာ တစ်ယောက်ယောက်ကများ မဆင်မခြင်ပြုမူရဲရင် အဂ္ဂိရတ်ဂိုဏ်းနဲ့ရန်သူတွေဖြစ်သွားလိမ့်မယ်”
သူ ထိုသို့ပြောပြီးသည်နှင့် ဂနာမငြိမ်ဖြစ်နေသောလူတချို့လည်း ချက်ချင်းငြိမ်ကျသွားသည်။
အဂ္ဂိရတ်ဂိုဏ်းဟာ အလယ်ပိုင်းဒေသရှိ ထိပ်တန်းဂိုဏ်းတစ်ခုဖြစ်သည်။
သူတို့၏အဆက်အသွယ်များကလည်း အလွန်နက်ရှိုင်းလှသည်။
ထို့ပြင် အဂ္ဂိရတ်ဂိုဏ်းမှာ အဂ္ဂိရတ်ပညာရှင်များ၏နှလုံးသားထဲရှိ မူလလက်ဟောင်းမျိုးရိုးဆက်နွှယ်မှုတစ်ခုဖြစ်၏။
အဂ္ဂိရတ်ဂိုဏ်းကိုဆန့်ကျင်ခြင်းမှာ အဂ္ဂိရတ်ပညာရှင်အားလုံးကို ဆန့်ကျင်လိုက်ခြင်းနှင့် အတူတူပင်။
မည်သူကမှ အဂ္ဂိရတ်ဂိုဏ်းနှင့်ရန်သူများဖြစ်လာမည့်လမ်းကြောင်းကို ရွေးချယ်ကြလိမ့်မည်မဟုတ်။
ရယူခြင်းက ဆုံးရှုံးမှုကိုမကာမိနိုင်ချေ။
မဟာအကြီးအကဲ၏လုပ်ရပ်က ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင်ပစ်လိုက်ခြင်းပင်။
ပထမဆုံးအနေနှင့် သူက အဂ္ဂိရတ်ဂိုဏ်း၏ဂုဏ်သိက္ခာကို ကာကွယ်လိုက်ခြင်းဖြစ်၏။
အဂ္ဂိရတ်ညီလာခံက အဂ္ဂိရတ်ဂိုဏ်းက ကျင်းပသောပွဲတစ်ခုဖြစ်သည်။ တစ်ချိန်တည်းမှာပင် ၎င်းကို အဂ္ဂိရတ်းဂိုဏ်း၏အတွင်းစည်းထဲတွင် ကျင်းပခြင်းဆိုလည်းမမှားပေ။
ပြိုင်ပွဲဝင်သူများ၏ဆေးကို တစ်စုံတစ်ယောက်က လွယ်လင့်တကူလုယူနိုင်ခဲ့ပါလျှင် အဂ္ဂိရတ်ဂိုဏ်း၏မျက်နှာကို မြေကြီးပေါ်သု့ချနင်းလိုက်သလိုပင်။
အဂ္ဂိရတ်ဂိုဏ်းက အနိုင်ကျင့်ရန်လွယ်လှသည်ဟု သူတို့ထင်သွားကြပေလိမ့်မည်။
ဒုတိယအချက်အနေနှင့် သူက လုချန်ရှန်းအပေါ် ကြင်နာမှုကို ပြသလိုက်ခြင်းပင်။
ဤအဆင့်ရှိသောအဂ္ဂိရတ်ပညာရှင်တစ်ဦးမှာ သူတို့၏ဂိုဏ်းထဲကိုဝင်ရောက်လိမ့်မည်မဟုတ်သည်မှာ သဘာဝပင်။ သို့သော် အခြားဂိုဏ်းများတွင်လည်း ဝင်ရောက်ခိုလှုံရန်မလိုအပ်ချေ။
ရန်သူများဖြစ်လာမည့်အစား ဆက်ဆံရေးကောင်းတစ်ခုတည်ဆောက်လျှင် ပိုကောင်းသည်။
မဟာအကြီးအကဲသည် နှစ်ပေါင်းများစွာသြဇာအာဏာရှိထားခဲ့သူဖြစ်လေသည့်အတွက် လိမ္မာပါးနပ်သူတစ်ယောက်ဆိုလည်း မမှားပေ။
လုချန်ရှန်းက ကောင်းကင်အဆင့်ဆေးဝါးကို မဟာအကြီးအကဲအားပေးပြီး ပြောလိုက်သည်။
“အခု ရလဒ်ကိုကြေညာလို့ရပါပြီ”
မဟာအကြီးအကဲက ခေါင်းကိုခါရမ်း၍ ခါးသက်သက်ပြုံးလိုက်လေ၏။
“ကြည့်နေစရာမလိုတော့ပါဘူး။ ကောင်းကင်အဆင့်ဆေးဝါးကိုမွမ်းမံပြီးပြီဆိုမှတော့ ခင်ဗျားက နံပါတ်တစ်ပါပဲ”
လုချန်ရှန်းလည်း ပခုံးတွန့်ပြလျက် ကောင်းကင်ဘုံအဆင့်ဆေးဝါးကို သိမ်းထားလိုက်သည်။
အခွင့်အရေးရလျှင် ဤဆေးလုံးကို သူ့တပည့်ကိုပေးလိုက်မည်သာ။
ဤဆေးကို သူ့လက်ထဲထားလျှင်လည်း အသုံးမဝင်ချေ။
လုချန်ရှန်း ပထမနေရာရသွားခဲ့သည်။
ဤရလဒ်နှင့်ပတ်သက်ပြီး မည်သူမှမကန့်ကွက်ကြချေ။
ကောင်းကင်အဆင့်ဆေးဝါးကို နာရီဝက်အတွင်းမွမ်းမံပြနိုင်ခဲ့သူအဖို့ အဂ္ဂိရတ်ညီလာခံ၌ သူ့အရည်အချင်းကိုသက်သေပြရန်မလိုတော့ပေ။
မဟာအကြီးအကဲက အမြုတေဝိညာဉ်ဆေးဝါးကို ချက်ချင်းထုတ်ယူလိုက်သည်။
သူက ထိုဆေးကို လုချန်ရှန်းအားပေးပြီး ပြောလိုက်သည်။
“အရှင်..ဒါက ပထမနေရာအတွက် ဆုလာဘ်ပါ။ ဒါကို ကျွန်တော် ခင်ဗျားကိုတိုက်ရိုက်ပဲပေးလိုက်ပါ့မယ်”
ဆုပေးနေစဉ်အတွင်း မဟာအကြီးအကဲက ဘာကြောင့်များ ဤမျှဂရုစိုက်နေရပါသလဲ။
အခြားအဂ္ဂိရတ်ပညာရှင်များ၏အမြင်မှာတော့ ဤအမြုတေဝိညာဉ်ဆေးဝါးမှာ ကံကောင်းထောက်မမှသာရနိုင်သော ထိပ်တန်းအဆင့်ဆေးတစ်မျိုးဖြစ်သည်။
ကောင်းကင်အဆင့်ဆေးဝါးကို ဖော်စပ်နိုင်သော ဤအဂ္ဂိရတ်ပညာရှင်၏ရှေ့မှောက်မှာတော့ ပြောပလောက်စရာပင်မရှိချေ။
ထိုဆေးထက်သာသောဆေးမျိုးကို သူ့ဘာသာပင် မွမ်းမံနိုင်လေသည်။
သူက ဘာကြောင့်များ သူတို့ဆေးကိုလိုချင်မည်တဲ့လဲ။
လုချန်ရှန်းက ၎င်းကိုလက်ခံလိုက်သည်။
“ကျွန်တော် အခုပြန်လို့ရပြီလား”
မဟာအကြီးအကဲက ထိုစကားကိုကြားသောအခါ ခဏမျှမှင်တက်သွားပြီးမှ အလောတကြီးပြောလိုက်ရသည်။
“ကျေးဇူးပြုပြီး သွားနှင့်ပါ.. အရှင်”
လုချန်ရှန်းလည်း ခေါင်းညိတ်ပြလျက် ထွက်ခွါရန်ပြင်လိုက်သည်။
လုချန်ရှန်းထွက်ခွါရန်ပြင်လိုက်သောကြောင့်ဖြစ်ဟန်တူသည်။
အဓိကဂိုဏ်းများမှလူများဟာ လုချန်ရှန်းအနားဝန်းရံလိုက်ကြပြီး သူတို့အဖွဲ့အစည်းထဲကို ဝင်ရောက်ပူးပေါင်းစေချင်ကြသည်။
သေချာပေါက်ကတော့ သူတို့က သူတို့ကန့်သတ်ချက်ကိုတော့ သိကြသည်သာ။
ဤမျှအဆင့်အထိရှိသောအဂ္ဂိရတ်ပညာရှင်တစ်ဦးက အခြားသူ၏လက်အောက်ခံ ဘာလို့လုပ်မတဲ့လဲလေ။
ထိုအခြင်းအရာကိုမြင်သော် လုချန်ရှန်းက ခေါင်းခါယမ်းလျက်ပြောလိုက်သည်။
“တခြားအဖွဲ့အစည်းတွေထဲ ကျွန်တော်မဝင်ချင်ဘူး”
ထိုသို့ပြောပြီးနောက် သူထွက်သွားလေတော့သည်။
သူဟာ ငါးဆားနယ်တစ်ကောင်သာဖြစ်၏… အိုး မဟုတ်သေးဘူး။ သူက လွတ်လပ်မှုကို အလွန်နှစ်ခြိုက်သူဖြစ်၏။ အခြားအင်အားစုများထံမှ ချုပ်နှောင်မှုကို ဘာကြောင့်ခံရမည်လဲ။
တောင်ပိုင်းဒေသ၏လျှို့ဝှက်တာအိုကျောင်းတော်ကတော့ ခြွင်းချက်ပင်။
မည်သို့ပင်ဖြစ်စေ ထိုနေရာမှာ သူကြီးပြင်းလာခဲ့သောနေရာပင်။
ထိုနေရာတွင် လုချန်ရှန်း တစ်စုံတစ်ခုလုပ်ရန်ရည်ရွယ်ထားသည်။
သေချာသည့်အချက်ကတော့ ထိုသို့လုပ်ရန် သူဖိအားပေးခံထားရခြင်းပင်။
လုချန်ရှန်း အဂ္ဂိရတ်ဂိုဏ်းထဲမှ ထွက်လာခဲ့လိုက်သည်။
ဟူချင်းက သူ့ကိုအမီဖမ်းထားလိုက်ပြီး အပြုံးလေးတစ်ပွင့်ဖြင့်ပြော၏။
“ချန်ရှန်း မင်းက ငါတို့ကိုဂုဏ်ယူရအောင် တကယ်လုပ်ပေးခဲ့တာပဲ”
“နောင်ကျရင် ငါတို့တောင်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်ကိုဝင်ဖို့ ယှဉ်ပြိုင်ကြမဲ့လူတွေအများကြီးရှိလာတော့မယ်ဆိုတာ ငါယုံတယ်”
လုချန်ရှန်းက မျက်လုံးလှန်လိုက်ပြီးပြော၏။
“သူတို့ကို စံအိမ်တော်ထဲတော့ ဆွဲမထည့်နဲ့။ ကျွန်တော့်တပည့်တွေနဲ့တင် ခေါင်းကိုက်ရတာလုံလောက်နေပြီ”
ဟူချင်းခမျာ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါယမ်းနေမိတော့သည်။
ဒီကလေးက ခွန်အားကြီးတာသိသာနေပေမဲ့ ပျင်းလိုက်တာတော့လွန်ရော…
သူတို့ကတော့ လုချန်ရှန်းလိုစွမ်းရည်မျိုးကို အိပ်မက်ထဲမှာပင်ထည့်မက်ရလောက်အောင် အလိုရှိကြသည်။ ကံဆိုးချင်လေတော့…
ထို့နောက် လုချန်ရှန်းက အမြုတေဝိညာဉ်ဆေးဝါးကို ဟူချင်းအား ပစ်ပေးလိုက်၏။
ဟူချင်းခမျာ မှင်တက်သွားရလေသည်။
“ဒီဆေးက သိပ်တန်ဖိုးကြီးတာနော်။ မင်း ဒါကို ယဲ့ချိုးပိုင်နဲ့တခြားကလေးတွေကို မပေးဘူးလား”
လုချန်ရှန်းက ခေါင်းခါယမ်းလျက်ပြောလိုက်သည်။
“မလိုပါဘူး”
ထိုစကားကိုကြားခါမှသာ ဟူချင်း သဘောပေါက်သွားချေသည်။
ကောင်းကင်အဆင့်ဆေးဝါးကိုဖော်စပ်နိုင်သော ဆရာတစ်ယောက်မှာ ထိုကဲ့သို့သောဆေးများ ပြတ်လပ်မည်မဟုတ်။
ဘေးဘက်ရှိ ဦးလေးလီခမျာ ထိုမြင်ကွင်းကိုမြင်လိုက်ရပြီးနောက် စိတ်ရှုပ်ထွေးသွားဟန်အမူအရာများပြလာသည်။
အမြုတေဝိညာဉ်ဆေးဝါးမှာ အဂ္ဂိရတ်ပညာရှင်များ တိုက်ခိုက်လုယူနေကြရသောဆေးတစ်မျိုးဖြစ်သည်။ သို့သော် တစ်ဖက်လူကတော့ ဖိနပ်တစ်ရံအလား စွန့်ပစ်လိုက်ချေသည်။
ကိုယ့်ကိုယ်ကိုယ် အခြားလူများနှင့်နှိုင်းယှဉ်ရသည့်ကိစ္စမှာ ဒေါသထွက်ချင်စရာပင်။
ထိုအချိန်တွင် မုဝမ်အာလည်းရောက်ချလာပြီး အပြုံးလေးဖြင့်ပြောလာလေသည်။
“ဦးလေးက သိပ်မိုက်တာပဲ”
လုချန်ရှန်းက ရွှတ်နောက်နောက်နိုင်သော ဤကလေးမလေးကို သဘောကျလှသဖြင့် စနောက်လိုက်သည်။
“ဘာလို့လဲ။ မင်း ငါ့တပည့်ဖြစ်ချင်လို့လား”
သို့သော် လုချန်ရှန်းက ဤသို့ဖြစ်လာလိမ့်မည်ဟု မျှော်လင့်မထားပေ။
သူက စနောက်နေရုံသာဆိုသော်ငြား မုဝမ်အာကတော့ အတည်ယူလိုက်လေသည်။
မုဝမ်အာ စိတ်လှုပ်ရှားစွာခေါင်းညိတ်ပြလာပြီး ပြောသည်။
“အာ.. ဦးလေး.. ကျွန်မတွေးနေတာကို ဘယ်လိုလုပ်သိလဲ”
ထိုအခြင်းအရာကိုမြင်သော် ဦးလေးလီက သူ(မ)ကိုမတားလိုက်ချေ။
ထိုအစား သူ့မျက်လုံးအစုံက မျှော်လင့်စောင့်စားနေဟန်အထင်းသားပင်။
သူ့သခင်မငယ်လေးက ဤမျှအဆင့်အထိရှိသည့်အဂ္ဂိရတ်ပညာရှင်တစ်ဦး၏တပည့်ဖြစ်လာလျှင် ကောင်းပေလိမ့်မည်။
မုမိသားစုအတွက် ယခုလိုအစွမ်းထက်သောမဟာမိတ်မျိုးကို စည်းရုံးသိမ်းသွင်းထားနိုင်ဦးမည်ဖြစ်၏။
၎င်းမှာ ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင်ပစ်လိုက်ခြင်းပင်။
လုချန်ရှန်း မျက်လုံးပြူးသွားရသည်။
သူက ကပျာကယာလက်ယမ်းပြပြီး ပြောလိုက်သည်။
“မရဘူး မရဘူး မရဘူး… ငါ တပည့်လက်မခံဘူး”
သူ့မှာ တပည့်လေးယောက်ရှိနေပြီးသားပင်။
ထပ်လက်ခံရမတဲ့လား။
ဒါက သူ့အသက်ကိုတောင်းဆိုနေတာနဲ့အတူတူပဲမလား..
ထို့ပြင် သူ(မ)က အစားမက်သူတစ်ဦးမဟုတ်လား။
အိမ်မှာ သူ ဇွန်းခက်ရင်းများထပ်ဖြည့်နေရပေလိမ့်မည်။
ဤကိစ္စမှာ ဆုံးရှုံးနစ်နာမှုများလှ၏။
ဦးလေးလီကတော့ မအံ့သြမိပေ။
တစ်ဖက်လူ၏အဂ္ဂိရတ်စွမ်းရည်မှာ တပည့်များကိုရွေးချယ်လက်ခံနိုင်စွမ်းရှိသည်။
မုဝမ်အာလည်း ထိုစကားကိုကြားသောအခါ နှာခေါင်းရှုံ့လိုက်ပြီးပြောလာသည်။
“ဦးလေး.. ကျွန်မက အရည်အချင်းမရှိလို့လား”
“အမ်…”
လုချန်ရှန်းအနေနှင့် သူ့အတွေးများကို ထုတ်ပြော၍မရပေ။
ထို့နောက် သူ ဟူချင်းကိုကြည့်၍ပြောလိုက်၏။
“အကြီးအကဲဟူ.. ကျွန်တော့်မှာ ကိစ္စလေးရှိလို့ အရင်သွားနှင့်ပြီ”
ဤသို့ဖြင့် သူ နေရာမှပျောက်ကွယ်သွားလေတော့သည်။
သူ ရှောင်ထွက်သွားလေပြီ။