အဂ္ဂိရတ်ဂိုဏ်း၏မဟာအကြီးအကဲများမှာ အဂ္ဂိရတ်ဂိုဏ်း၏ဂိုဏ်းခေါင်းဆောင်ပြီးလျှင် ရာထဴအရာ၌ ဒုတိယနေရာရှိသူပင်။
တတိယအချီကို မဟာအကြီးအကဲက တင်ဆက်မည်ဖြစ်၏။
ထိုအချိန်၌ မြေကွက်လပ်ပေါ်တွင် လူအယောက်နှစ်ဆယ်သာ ကျန်တော့သည်။
ဤအချီကို အဂ္ဂိရတ်ဂိုဏ်း၏အတွင်းစည်းတွင် ကျင်းပခြင်းဖြစ်သောကြောင့် ပွဲကြည့်သူထိုင်ခုံတွင်ရှိနေသူများမှာ အလယ်ပိုင်းဒေသတွင် နောက်ခံအင်အားနေုင့်တင်းသူများသာဖြစ်၏။
သူတို့အားလုံးက အလွန်အမင်းအစွမ်းထက်သောပုဂ္ဂိုလ်များပင်။
လူအရေအတွက်က သဘာဝကျကျပင်လျော့နည်းသွားသည်။
ထိုအခိုက်တွင် မဟာအကြီးအကဲက ပြိုင်ပွဲကျင်းပရာနေရာရှိ အဂ္ဂိရတ်ပညာရှင်များကိုကြည့်ပြီး မျက်မှောင်မကြုတ်ဘဲမနေနိုင်ချေ။
ဘာလို့ လူတစ်ယောက်လျော့နေတာလဲ။
သို့သော် သူ သိပ်အများကြီးဂရုမစိုက်ချေ။
ရှိပါစေတော့လေ…
သူ စတင်တော့မည့်အချိန်မှာပင်…
ဟူချင်းက အကဲဖြတ်ဒိုင်စားပွဲသို့ရောက်လာပြီး သူ့အား ဖြစ်စဉ်အလုံးစုံကိုပြောပြလာသည်။
မဟာအကြီးအကဲမှာ အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိပြီး ပြော၏။
“အဲ့ဒီတော့ရော ဘာဖြစ်လဲ။ အခု အချိန်ကျပြီဆိုတော့ ငါတို့စရတော့မှာပဲလေ”
သူက ထိပ်ဆုံးအယောက်နှစ်ဆယ်ထဲကို ဝင်ရောက်နိုင်ခဲ့သည့်တိုင် အဂ္ဂိရတ်ဂိုဏ်းဘက်က သူ့အား အထူးအခွင့်အရေးပေးရန် မဖြစ်နိုင်ပေ။
အဂ္ဂိရတ်ဂိုဏ်းဟာ ရှေးရိုးစွဲအဂ္ဂိရတ်ဂိုဏ်တစ်ခုပင်။
၎င်းမှာ ကမ္ဘာပေါ်ရှိ အဂ္ဂိရတ်ပညာရှင်အားလုံးမွေ့လျော်ရာနယ်မြေဖြစ်၏။
သူတို့ဘက်က စောင့်ပေးဖို့အကြောင်းမရှိချေ။
ထိုအခြင်းအရာကိုမြင်သော် ဟူချင်းခမျာ ခါးသီးစွာပြုံးရုံသာ တတ်နိုင်လေသည်။
ပွဲကြည့်သူထိုင်ခုံမှာမူ မုဝမ်အာက ထိုမြင်ကွင်းကိုစောင့်ကြည့်ပြီး ပတ်ပတ်လည်ကိုကြည့်လိုက်မိသည်။
“ဦးလေး ပြန်မလာသေးဘူးလား”
ဦးလေးလီက သူ့ခေါင်းကိုခါယမ်းလျက် နောင်တတကြီးပြောလေသည်။
“သူ မမီတော့မှာစိုးမိတယ်။ အဂ္ဂိရတ်ဂိုဏ်းက နှိမ့်ချနေတတ်တယ်ဆိုပေမဲ့ အဲ့ဒီအဂ္ဂိရတ်ပညာရှင်တွေကတော့ ဂုဏ်မောက်ပြီးမာနကြီးတယ်။ သူတို့က သူ့အတွက် အချိန်ဆွဲပေးထားမှာမဟုတ်ဘူး”
မုဝမ်အာ၏မျက်ဝန်းထဲတွင် သောကရိပ်များ ဖြတ်သန်းသွား၏။
ပွဲကြည့်သူထိုင်ခုံများတွင် စတင်စူးစမ်းလာသော ဂိုဏ်းဂဏကြီးများလည်းရှိသည်။
“အိုး ဆေးဖော်စပ်နည်းတီထွင်ခဲ့တဲ့လူက မလာသေးဘူးလား”
“နှမြောစရာပဲ အကြီးအကဲက အဲ့ဒီအဂ္ဂိရတ်ပညာရှင်ကို ဂိုဏ်းထဲခေါ်သွင်းခိုင်းစေချင်နေတာ”
တစ်စုံတစ်ယောက်က သရော်လေသည်။
“အဲ့ဒီအဂ္ဂိရတ်ပညာရှင်က အဂ္ဂိရတ်ဂိုဏ်းကိုအထင်သေးနေပုံရတယ်။ သူက အဂ္ဂိရတ်ညီလာခံရဲ့နောက်ဆုံးအချီကိုတောင် မတက်ဘူးလေ”
“ဒါကြောင့်နဲ့ သူ အဂ္ဂိရတ်ဂိုဏ်းကို စော်ကားမိသွားမှာစိုးမိတယ်”
“အဂ္ဂိရတ်ဂိုဏ်းက အဲ့လောက်လည်းသဘောထားမသေးသိမ်လောက်ပါဘူး”
ပြိုင်ပွဲကျင်းပရာနေရာ၌..
ကျုံးလီက လုချန်ရှန်းကို လှည့်ရှာနေလေသည်။
သူ ရောက်မလာတာကိုမြင်သောအခါ သူ့မျက်နှာမှာ သုန်မှုန်သွားချေသည်။
ရှဲ့ယွမ်ရန်လည်း ထိုနည်းလည်းကောင်းပင်။
သူတို့အားလုံးက ဤအချီမှာ လုချန်ရှန်းကို အနိုင်ယူလိုကြသည်။
ထိုအချိန်တွင် မဟာအကြီးအကဲက ကြေညာလိုက်သည်။
“အားလုံးပဲ စတင်လို့ရပါပြီ။ အချိန်အကန့်အသတ်ကတော့ လေးနာရီပါ”
ဤသို့ဖြင့် အဂ္ဂိရတ်ပညာရှင်များမှာ ဆေးဖော်စပ်ရေးကိုသာ အာရုံစိုက်ထားလိုက်ကြသည်။
ဤပြိုင်ပွဲ၏အကြောင်းအရာမှာ ရိုးရှင်းလှသည်။
လက်ရှိအဂ္ဂိရတ်ပညာရှင်များ ဖော်စပ်နိုင်သည့် အရည်အသွေးအကောင်းဆုံးဆေးဝါးကိုဖော်စပ်ရန်ဖြစ်၏။
အရည်အသွေးအကောင်းဆုံးဆေးဝါးကို ဖော်စပ်နိုင်သူက အနိုင်ရမည်ဖြစ်၏။
ဤတစ်ကြိမ်တွင် အဂ္ဂိရတ်ဂိုဏ်းက မည်သည့်ပါဝင်ပစ္စည်းကိုမှ ထောက်ပံ့မပေးထားပေ။ ပါဝင်ပစ္စည်းအားလုံးက အဂ္ဂိရတ်ပညာရှင်များကိုယ်တိုင် ပြင်ဆင်ရမည်ဖြစ်၏။
ပထမအချီက အဂ္ဂိရတ်ပညာရှက်များ၏ အမှားဖြေရှင်းနိုင်စွမ်းကို စစ်ဆေးသည်ဆိုပါက ဒုတိယအချီက အလိုက်သင့်ပြောင်းလဲနိုင်စွမ်းကို စစ်ဆေးခြင်းဖြစ်ပြီး တတိယအချီကမူ အဂ္ဂိရတ်ပညာရှင်များ၏ စွမ်းရည်အစစ်အမှန်ကို တိုက်ရိုက်စစ်ဆေးခြင်းပင်ဖြစ်၏။
အချိန်အတိုင်းအတာတစ်ခုအထိ ရင်ပြင်ကြီးဟာ မီးတောက်များဟုန်းဟုန်းတောက်နေလေတော့သည်။
ဟူချင်းလည်း ပွဲကြည့်စင်ဘက်ကိုပြန်လာပြီး ခါးသက်သက်အပြုံးဖြင့် ခေါင်းကိုခါယမ်းနေမိသည်။
အလယ်ပိုင်းဒေသကို လှုပ်ကိုင်နိုင်မည့်အခွင့်အရေးတစ်ခုကို သူဆုံးရှုံးလိုက်ရသည်မှာ နှမြောစရာကာင်းလှသည်။
သို့သော် သူလုပ်နိုင်တာလည်းမရှိ။
မည်သို့ပင်ဖြစ်စေ တစ်ဖက်လူမှာ သူ့တပည့်ပင်ဖြစ်နေချေသည်။ ဟုန်ရင်၏ပါရမီမျိုးနှင့်ဆိုလျှင် သူ(မ)၏လုံခြုံမှုက ဤအဂ္ဂိရတ်ညီလာခံထက် ပို၍အရေးကြီးလှသည်။
စက္ကန့်များစွာ ကုန်လွန်သွားလေသည်။
နှစ်နာရီကျော် ကြာမြင့်ပြီးနောက်…
ဆေးရနံ့များလည်း ပြိုင်ပွဲကျင်းပရာနေရာမှ တဖြည်းဖြည်းထွက်ပေါ်လာလေသည်။
အချို့အဂ္ဂိရတ်ပညာရှင်များက ဆေးဖော်စပ်ရေးအဆင့်ကိုရောက်နှင့်သွားသည်မှာ အသိသာချည်းပင်။
သူတို့ထဲမှတစ်ယောက်ဟာ ကျုံးလီပင်။
ကျုံးလီမှာ ဆေးကျိုအိုးကိုရိုက်ချလိုက်သည့်အချိန်၌ ယုံကြည်မှုအပြည့်ရှိနေသောအမူအရာမျိုး ဆင်မြန်းထားသည်။
ချက်ချင်းဆိုသလိုပင် ဆေးရနံ့သည်ကား ထိတ်လန့်ဖွယ်လှိုင်းတစ်ခုအလား ကောင်းကင်ဆီသို့ ဆန်တက်သွားပေသည်။
ဤမြင်ကွင်းဟာ လူတိုင်း၏အာရုံကို ဆွဲဆောင်လိုက်နိုင်လေသည်။
မဟာအကြီးအကဲပင်လျှင် မျက်လုံးဖွင့်လာပြီး အသာအယာခေါင်းညိတ်ပြလာ၏။
“အဂ္ဂိရတ်ညီလာခံမှာ မျိုးစေ့ကောင်းလေးတွေရှိပုံပဲ”
ကျုံးလီ အော်လိုက်၏။
“ဆေးဖော်လို့ပြီးပါပြီ”
ချက်ချင်းပင် အစိမ်းရောင်အလင်းတန်းတစ်ခုကိုထုတ်လွှတ်နေသော ဆေးတစ်လုံးက ဆေးကျိုအိုးထဲမှထွက်လာချေသည်။
ကျံးလီက ၎င်းကိုယူပြီး ရှဲ့ယွမ်ရန်ကို ရန်စလိုဟန်ဖြင့်ကြည့်လိုက်သည်။ ထို့နောက် ပွဲကြည့်သူများထဲက ဂိုဏ်းဂဏကြီးများ၏ရှေ့မှာပင် သူက ကျောက်စိမ်းပုလင်းကို အကဲဖြတ်ဒိုင်စားပွဲဆီသို့ ယူသွားလိုက်သည်။
သူသည် မဟာအကြီးအကဲအား ကျောက်စိမ်းပုလင်းကို တရိုတသေပေးအပ်လိုက်၏။
ထိုအခြင်းအရာကိုမြင်သော် မဟာအကြီးအကဲက ခေါင်းညိတ်ပြလျက် သူ့ဆီမှဆေးကို လှမ်းယူလိုက်သည်။
အသေးစိတ်အကဲခတ်ကြည့်လိုက်ပြီးနောက် သူ့နှုတ်ခမ်းထောင့်များက အနည်းငယ်တွန့်သွားပြီး ပြောလိုက်လေ၏။
“မဆိုးဘူး။ ဒီအသက်မဲ့ဆေးဝါးက မြေကမ္ဘာအဆင့်ဆေးဝါးအမျိုးအစားထဲကိုရောက်ဖို့ လက်တစ်ကမ်းပဲ့လိုတော့တာ။ မသန့်စင်မှုကလည်း ၃၀ရာခိုင်နှုန်းမှာ ထိန်းချုပ်ထားတယ်”
မဟာအကြီးအကဲ၏အဆုံးအဖြတ်ကိုကြားလိုက်ရသော ကျုံးလီလည်း စိတ်ကျေနပ်လေဟန်အပြုံးတစ်ပွင့်ကို ထုတ်ဖော်ပြသလာလေသည်။
သူဟာ ဤအသက်မဲ့ဆေးဝါးကို လအတော်ကြာအောင် လေ့ကျင့်ခဲ့ရသည်။
သူ့ကျွမ်းကျင်မှုမှာ အထွတ်အထိပ်သို့ရောက်သွားပြီဟုပင် ဆိုနိုင်လေသည်။
မသန့်စင်မှုကိုလည်း ၃၀ရာခိုင်နှုန်းမျှသာပါဝင်လေအောင် ထိန်းချုပ်ထားနိုင်သည်။
ကျုံးလီအနေနှင့် ဤတစ်ခေါက်တော့ သူ ပထမနေရာကိုရလိမ့်မည်ဟု ထင်မှတ်နေချေသည်။
ပွဲကြည့်သူများထဲတွင် အဓိကအင်အားစုများမှလူများက ခေါင်းတညိတ်ညိတ်လုပ်နေကြသည်။
ဤစွမ်းရည်တစ်ခုတည်းကပင် သူတို့အနေနှင့် သူ့အား အဖွဲ့အစည်းထဲခေါ်သွင်းရန် လုံလောက်သောအကြောင်းအရင်းတစ်ခုဖြစ်နေလေပြီ။
ဤပုဂ္ဂိုလ်မှာ အနိုင်ရဖို့ထိုက်တန်လေသည်။
တစ်ယောက်ပြီးတစ်ယောက် မဟာအကြီးအကဲဆီသို့ ဆေးများလာပေးနေကြလေသည်။
မဟာအကြီးအကဲကလည်း တစ်ချိန်လုံး ခေါင်းခါလိုက်၊ ခေါင်းညိတ်လိုက်ဖြစ်နေချေသည်။
“မြေကမ္ဘာမီးတောက်ဆေးဝါး၊ စိတ်တန်ခိုးအလယ်အလတ်အဆင့်၊ မသန့်စင်မှု ၅၀ရာခိုင်နှုန်း”
“ယန်စွမ်းအင်ဆေးဝါး၊ အထွတ်အမြတ်ထိပ်တန်းအဆင့်၊ မသန့်စင်မှု ၆၀ရာခိုင်နှုန်း”
“မကောင်းဆိုးဝါးဝိညာဉ်ဆေးဝါး၊ စိတ်တန်ခိုးရှင်အလယ်လတ်အဆင့်၊ မသန့်စင်မှု ၄၀ရာခိုင်နှုန်း”
ထိုအချိန်တွင် ရှဲ့ယွမ်ရန်လည်း ဆေးဖော်၍ပြီးနေလေပြီ။ သူက ကျောက်စိမ်းပုလင်းကိုကိုင်ပြီး မဟာအကြီးအကဲဆီသို့ ယုံကြည်မှုရှိရှိလျှောက်လှမ်းလာလေသည်။
မဟာအကြီးအကဲကလည်း ၎င်းကိုယူပြီး အကဲခတ်လိုက်သည်။
သူ စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်ပြီး ပြောလာလေသည်။
“ယင်အမြုတေဆေးဝါး၊ မြေကမ္ဘာအဆင့်ဆေးဝါးဖြစ်ဖို့နီးစပ်၊ မသန့်စင်မှု ၃၀ရာခိုင်နှုန်း”
ထိုစကားကိုကြားသော် ရှဲ့ယွမ်ရန်၏မျက်လုံးများမှာ ပျော်ရွှင်မြူးထူးသွားလေသည်။
ကျုံးလီ၏မျက်နှာကတော့ အုံ့မှိုင်းသွား၏။
၎င်းမှာ မြေကမ္ဘာအဆင့်ကို နီးကပ်နေသည်။
ဤသည်မှာ သူ့အသက်မဲ့ဆေးဝါးဖက် ပိုအဆင့်မြင့်နေသည်မှာ ရှင်းနေချေသည်။
ထို့ပြင် မသန့်စင်မှုကလည်း ၃၀ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားသည်။
တစ်ချိန်တည်းမှာပင် သူဟာ ဤနေရာရှိလူများထဲတွင် အဆင့်အမြင့်ဆုံးလူလည်းဖြစ်နေသည်။
“ဟမ်.. ငါ ဒီတစ်ယောက်ကိုလည်း အာရုံစိုက်ထားရမယ်”
“သူက မျိုးစေ့ကောင်းလေးတစ်စေ့ပဲ။ ငါတို့ သူ့ကို အခကြေးငွေပိုပေးနိုင်တယ်။ သူ ငါတို့ရဲ့ဧည့်သည်အကြီးအကဲဖြစ်လာချင်လားဆိုတာ ကြည့်ကြသေးတာပေါ့”
“ဒါပေမဲ့ သူက အဂ္ဂိရတ်ဂိုဏ်းကို ပိုစိတ်ယိုင်နေတာလေ”
“အဲ့ဒီတော့ ဘာဖြစ်လဲ။ ငါတို့သာ သူ့ကိုငွေလုံလုံလောက်လောက်ပေးရင် သူ ငါတို့ဆီကိုရောက်လာမှာကျိန်းသေပဲ”
ဂိုဏ်းဂဏကြီးများအဖို့ သူတို့၏အခြေခံအုတ်မြစ်ဟာ အဂ္ဂိရတ်ဂိုဏ်းထက် အားမနည်းလှချေ။
သူတို့ဘက်က လစာကောင်းကောင်းပေးထားသရွေ့ ထိုအဂ္ဂိရတ်ပညာရှင်များကို ဂိုဏ်းထဲဆွဲသွင်းနိုင်မှာ အသေအချာပင်။
ထိုအခိုက်အတန့်တွင် အချိန်ကား သိပ်မကျန်တော့ပေ။
နောက်ဆုံးသောအမွှေးတိုင်နှစ်တိုင်ထွန်းစာခန့်အချိန်၏ တစ်ဝက်ကား ကုန်လွန်သွားလေပြီ။
စင်မြင့်ထက်၌ အဂ္ဂိရတ်ပညာရှင်များအားလုံး ဆေးဖော်စပ်၍ပြီးစီးနေလေပြီ။
လုချန်ရှန်းကား ဘယ်မှာမှမတွေ့ရချေ။
ဟူချင်းကတော့ သက်ပြင်းမချဘဲမနေနိုင်ပေ။
နှမြောစရာပင်။ အကယ်၍ လုချန်ရှန်းသာရှိနေပါက သူတို့အားလုံး ပြောပလောက်စရာပင်မရှိ။
မုဝမ်အာကလည်း အနည်းငယ်စိတ်ပျက်နေပေသည်။
“ဦးလေးက သူတို့ထက် ပိုအစွမ်းထက်တာအသိသာချည်းကို…”
ထိုအချိန်မှာ မဟာအကြီးအကဲက အဆင့်သတ်မှတ်ချက်များနှင့်ပတ်သက်ပြီး စတင်တွက်ချက်နေလေသည်။
အဆင့်ကို ကြေညာတော့မည့်ဆဲဆဲမှာပင်…
အလင်းတန်းတစ်သွယ် လင်းလက်လာချေသည်။
အမျိုးသားတစ်ယောက်က အဂ္ဂိရတ်ညီလာခံ၏ပြိုင်ပွဲကျင်းပရာနေရာတွင် ပေါ်လာလေသည်။
“ဟမ်”
မဟာအကြီးအကဲက မျက်မှောင်ကြုတ်လျက် ကြည့်လိုက်၏။
“မင်းက ဘယ်သူလဲ”
ဟူချင်း ထိုအမျိုးသားကိုမြင်လိုက်ချိန်မှာ သူ့မျက်နှာကား ဝင်းပသွားလေသည်။
မုဝမ်အာကလည်း ချိုသာစွာပြုံးလိုက်ပြီး ထခုန်တော့သည်။
“ဦးလေးရောက်လာပြီ”
ထိုသူမှာ လုချန်ရှန်းပင်။
လုချန်ရှန်းက ပတ်ပတ်လည်ကိုကြည့်ပြီး မမေးဘဲမနေနိုင်ချေ။
“အချိန်စေ့သွားပြီလား’
မဟာအကြီးအကဲလည်း ယခုမှသာ လုချန်ရှန်း၏သရုပ်မှန်ကို သိသွားပြီး မျက်နှာမည်းခနဲဖြစ်သွား၏။
“မင်း ပြိုင်ပွဲဝင်လို့မရတော့ဘူး”
လုချန်ရှန်းက အမွှေးတိုက်ကိုလက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
“အမွှေးတိုင်တစ်တိုင်ကျန်နေသေးတယ်လေ”
မဟာအကြီးအကဲခမျာ မှင်တက်သွားချေသည်။
“အဲ့ဒီအချိန်လောက်နဲ့ မင်း ဘာလုပ်နိုင်မှာလဲ”
ထိုအချိန်တွင် အသံပို့လွှတ်မှုတစ်ခုက မဟာအကြီးအကဲ၏အာရုံထဲ ပေါ်ပေါက်လာ၏။
ထိုအသံကိုကြားသော် မဟာအကြီးအကဲ၏အမူအရာမှာ ရှုပ်ထွေးသွားလေသည်။ သူကခေါင်းညိတ်ပြလိုက်ပြီး လုချန်ရှန်းကိုကြည့်လိုက်၏။
“သေချာတာပေါ့။ သတ်မှတ်ထားတဲ့အချိန်အတွင်း မင်းပြီးမယ်ဆိုရင်ပေါ့”
အချိန်ကား အမွှေးတိုင်တစ်တိုင်ထွန်းစာခန့်သာကျန်တော့သည်။