လွန်ခဲ့သည့်ရက်အနည်းငယ်က မဟူရာနှင့်ချင်းထျန်းနျန်တို့ လက်ရည်ယှဉ်ခဲ့ကြစဉ်က တစ်ဖက်လူဟာ ထိန်းမနိုင်သိမ်းမရလဲကျသွားခဲ့ရသည်။
အကယ်၍ လုချန်ရှန်း မဟူရာ့ကို အချိန်မီမနှိုးခဲ့ပါက ချင်းထျန်းနျန်ကို သေသည်အထိမထိုးနှက်ရမချင်း ရပ်တန့်တော့မည်မဟုတ်။
မဟူရာ၏ပတ်ပတ်လည်ရှိအရှိန်အဝါကိုမြင်သောအခါ ယဲ့ချိုးပိုင်မှာ အနည်းငယ်မထိတ်လန့်ဘဲမနေနိုင်ချေ။
ဧရာမတိုက်ခိုက်ရေးဆန္ဒနှင့် ဤခန္ဓာကိုယ်…
ဤစတုတ္ထဆရာတူညီလေးက အလွန်ထူးခြားလှပေသည်။
ထိုအခိုက်တွင် မဟူရာက သားရဲကောင်ပမာအော်သံတစ်သံကို ထုတ်လွှတ်လိုက်၏။
သူ့ခြေထောက်အစုံကလည်း မြေပြင်ပေါ်ကို အရှိန်ပြင်းပြင်းဆောင့်ချနေလေသည်။
စံအိမ်တော်ကို အကာအကွယ်တံတိုင်းဖြင့် ကာရန်ထားခြင်းသာမရှိပါက သူ့ခြေထောက်အောက်ရှိမြေပြင်မှာ လှုပ်ယမ်းသွားခြင်း သို့မဟုတ် အက်ကြောင်းထင်သွားခြင်းမျိုးပင် ရှိလာနိုင်သည်။
ယဲ့ချိုးပိုင်က အပြေးနှင်လာသော မဟူရာ့ကိုကြည့်လိုက်သည်။
လက်ရှိမဟူရာမှာ အချုပ်အနှောင်မှလွတ်မြောက်လာသော ကြမ်းကြုတ်ရက်စက်လှသည့်သားရိုင်းကောင်အလားပင်။ မည်သူမှ မတားဆီးနိုင်ချေ။
ထိုအခြင်းအရာကိုကြည့်ပြီး ယဲ့ချိုးပိုင်၏အမူအရာလည်း အေးခဲသွားရသည်။
ဓားဆန္ဒများက သူ့ပတ်ပတ်လည်တွင် တဖြည်းဖြည်းပေါ်ပေါက်လာသည်။
ထို့နောက် သူက ကောင်းကင်ပေါ်သို့ အပြေးနှင်လေတော့သည်။
သူ့လက်ထဲရှိသစ်သားဓားကိုလည်း ပစ်ခွင်းလိုက်၏။
ဓားဆန္ဒများကိန်းဝပ်နေသော ဧရာမဓားချက်တစ်ချက်က လျှပ်စီးအရှိန်ဖြင့် မဟူရာ့ကို တိုက်ခိုက်လေသည်။
မဟူရာကလည်း ဒေါသတကြီးဟိန်းဟောက်လိုက်၏။ ထိုအခိုက်အတန့်လေးတွင် မီးပုံစံများမ သူ့ခန္ဓာကိုယ်ပေါ်၌ အမှန်စင်စစ်ထွက်ပေါ်လာပေသည်။
သူ့ပတ်ပတ်လည်ရှိ တိုက်ခိုက်ရေးဆန္ဒများမှာ မိစ္ဆာသဘာဝကြောင့် မှေးမှိန်သွားပုံပေါ်ပြီး အနက်ရောင်အရှိန်အဝါတို့က ချာလပတ်လည်နေချေသည်။
ထို့နောက် သူ လက်သီးနောက်တစ်ချက်ပစ်သွင်းလိုက်သည်။
ထိုအချိန်တွင် နားစည်ကွဲလုမတတ်အသံလှိုင်းအတန်းကြီးတစ်ခုက လေထုထဲတွင် ပဲ့တင်ထပ်သွားလေသည်။
လေဖိအားကလည်း အရူးအမူးသိပ်သည်းသွား၏။
လေထုတစ်ခုလုံး ကစဉ့်ကလျားဖြစ်သွားချေသည်။
လက်သီးချက်က လုံးဝလမ်းကြောင်းလွဲမသွားဘဲ ဓားချက်ကို တိုက်ခိုက်လိုက်သည်။
ချက်ချင်းဆိုသလိုပင် နောက်ဆက်တွဲလှိုင်းလုံကြီးများ လိပ်တက်လာချေသည်။
ဓားဆန္ဒများလည်း ထိန်းမနိုင်သိမ်းမရဖြစ်သွားသလို မိစ္ဆာချီစွမ်းအင်တို့ကလည်း ဝရုန်းသုန်းကားဖြစ်သွားပေသည်။
ထိုအခိုက်အတန့်၌ မဟူရာ၏လက်မောင်းပေါ်ရှိ မီးပုံစံများမှာ နိဗ္ဗာန်မီးတောက်များနှင့်အတူ စီးဆင်းနေသည်။
သူ တစ်ဖန်ဟိန်းဟောက်လိုက်ပြန်ပြီး သူ့လက်သီးကို ဓားချက်ဆီသို့ ပြင်းထန်စွာဖိချလိုက်သည်။
အုန်း!
ထိုအခိုက်အတန့်လေးမှာ ယဲ့ချိုးပိုင်၏ဓားဆန္ဒများဟာ တိုက်ရိုက်ကွဲကြေသွားရလေသည်။
ယဲ့ချိုးပိုင်မှာ ကြက်သေသေသွားရှာသည်။ သူ နောက်ပြန်ဆုတ်လိုက်ပြီး သူ့လက်ထဲရှိသစ်သားဓားကို ကောင်းကင်ပေါ်သို့ ညွှန်လိုက်လေ၏။
ဓားသွားပိုင်နက်နယ်မြေက အကာအကွယ်တံတိုင်းတစ်ခုကို ဖန်တီးနေဟန်ပင်။
၎င်းက ပတ်ဝန်းကျင်အနှံ့ကို လွှမ်းခြုံထားလိုက်သည်။
ဓားသွားပိုင်နက်နယ်မြေကို အသက်သွင်းလိုက်လေပြီ။
ချက်ချင်းဆိုသလိုပင် တစီစီမြည်နေသောဓားဆန္ဒများက မဟူရာ့ဆီသို့ စတင်ပစ်လွှတ်လေတော့သည်။
သူ သူ့ကိုတားဆီးချင်သည်။
ဓားဆန္ဒတို့ဟာ မဟူရာ၏ခန္ဓာကိုယ်ပေါ်၌ ဆက်တိုက်အော်ဟစ်မြည်တမ်းနေပြီး ဓားဆန္ဒပင်လယ်ပြင်ကြီးအဖြစ်သို့ ပြောင်းလဲကာ သူ့ကိုတိုက်စားနေပေသည်။
အဆုံးမှာမူ မဟူရာ၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာဒဏ်ချက်များ စတင်ပေါ်ပေါက်လာသည်။
သွေးစသွေးနများလည်း ရှိသည်။
သို့သော် ၎င်းတို့က မဟူရာ့ကိုနှေးကွေးတုံ့ဆိုင်းသွားစေခြင်း မရှိပေ။
ထိုအချိန်တွင် မဟူရာ၏မျက်လုံးများမှာ မိစ္ဆာသဘာဝများဖြင့် လုံးဝပြည့်နှက်သွားလေသည်။
သွေးနီရောင်တိုက်ခိုက်ရေးဆန္ဒကလည်း သူ့ခန္ဓာကိုယ်အနှံ့ တောက်လောင်လာသည်။
ဝေါင်း….
မဟူရာက ဒေါတသကြီးဟိန်းဟောက်ပြန်၏။
၎င်းက ဓားသွားပင်လယ်ပြင်ကြီးကိုတိုက်ခိုက်နေသည့် အသံလှိုင်းလုံးများကို ဖြစ်ပေါ်လာစေသည်။
ထို့နောက် တစ်ချိန်တည်းမှာပင် သူ လက်သီးပစ်သွင်းလိုက်၏။
ဓားပင်လယ်ကြီးထဲတွင် အကြားအလပ်တစ်ခုပေါ်ပေါက်လာ၏။
ကယ်ပေါက်ထဲကို ဓားဆန္ဒများမပြည့်သွားခင် အချိန်မီလေးတွင် မဟူရာက မြေပြင်ပေါ်ကို ရုတ်ခြည်းခြေဆောင့်လိုက်သည်။
ပြန်ကန်ထွက်လာသောအရှိန်ဖြင့် သူ့ခန္ဓာကိုယ်လည်း လေထဲလွင့်ထွက်လာသည်။
သူက ဓားပင်လယ်ကြီးဆီသို့ အပြေးနှင်လေသည်။
ယဲ့ချိုးပိုင်ရှေ့ကို သူရောက်ချလာ၏။
သူ လက်သီးတစ်ချက်ကို ပစ်သွင်းလိုက်သည်။
ယဲ့ချိုးပိုင်၏အမူအရာကတော့ တည်ငြိမ်နေသည်။
သူ့စတုတ္ထဆရာတူညီလေး၏ခွန်အားမှာ သူ့ထက် မနိမ့်ကျချေ။
ထို့ပြင် ကြောက်မက်ဖွယ်ကောင်းလှသော ထိုရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်မှာ သူ့ထက်ပင် သာလွန်နိုင်လောက်ပေသည်။
ထိုအကြောင်းကိုတွေးမိပြီး ယဲ့ချိုးပိုင် အော်ဟစ်လိုက်မိသည်။
သူ ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွား၏ သတ္တမရိုက်ချက်ကို အသုံးပြုလိုက်လေ၏။
ကြောက်ခမန်းလိလိမိစ္ဆာအရှိန်အဝါတစ်ခုက သစ်သားဓားပေါ်တွင် လွှမ်းခြုံသွားပေသည်။
မိစ္ဆာဘုရင်တစ်ပါး ဆင်းသက်လာသည့်အလားပင်။
သူ့ဓားဖြင့် တိုက်ခိုက်ပစ်လိုက်သည်။
မဟူရာက ဟိန်းဟောက်လိုက်ချေ၏။
သူက စူးစူးရှရှအသံဖြင့် ကြိုဆိုလိုက်သည်။
မိစ္ဆာဆန်သွားသည့်အခိုက်အတန့်မျိုးတွင် မဟူရာမှာ အကြောက်အလန့်ကင်းမဲ့သွားတတ်လေသည်။
သူ့ရှေ့မှာရှိနေသူကို တစ်စစီဆုတ်ဖြဲပစ်ချင်စိတ်တစ်ခုတည်းသာ ရှိတော့သည်။
သူတို့တိုက်ခိုက်မှုများ နီးကပ်သွားချိန်မှာ မိုးမခသစိကိုင်းတစ်ကိုင်းက သူတို့နှစ်ယောက်ကြား ရုတ်တရက်ထွက်ပေါ်လာလေသည်။
၎င်းမှာ ညင်သာသောအဖြူရောင်အလင်းတန်းတစ်ခုကိုထုတ်လွှတ်လိုက်ပြီး သူတို့၏တိုက်ကွက်များကို ကာလိုက်၏။
ယဲ့ချိုးပိုင်၏ဓားဆန္ဒ ပျောက်ပျက်သွားပေသည်။
ထပ်တူညီစွာပင် မဟူရာ့ပတ်ပတ်လည်ရှိ သွေးနီရောင်တိုက်ခိုက်ရေးဆန္ဒများကလည်း ထိုအခိုက်အတန့်မှာ ဖြည်းဖြည်းချင်းကွယ်ပျောက်သွားလေသည်။
သူ့မျက်လုံးထဲရှိ မိစ္ဆာသဘာဝလည်း လွင့်ပြယ်သွားကာ သတိပြန်ဝင်လာခဲ့သည်။
၎င်းမှာ မိုးမခပင်ကြီးပေတည်း။
အကယ်၍ သူ့ဘက်ကသာ မလှုပ်ရှားလာပါက အစားထိုးမရနိုင်သောနောက်ဆက်တွဲများပေါ်ပေါက်လာပေတော့မည်။
မဟူရာတစ်ယောက် ပုံမှန်အနေအထားကို ပြန်ရောက်လာတာမြင်သောအခါ မိုးမခပင်ကြီးက သူ့အကိုင်းအခက်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။
ထိုမိုးမခကိုင်းကြီးမှာ ချောက်ကမ်းပါးစွန်းထက်တွင် လေနှင်ရာမျောလွင့်နေပြီး အခြားသောလှုပ်ရှားမှုဟူ၍ မရှိတော့ပေ။
မဟူရာကတော့ အသိပြန်ဝင်လာချေသည်။
သူ့မျက်လုံးများဟာ ရှုပ်ထွေးနေပြီး ခေါင်းကိုကုတ်ခြစ်လျက် ယဲ့ချိုးပိုင်ကိုကြည့်လိုက်သည်။
“အာ ဘာဖြစ်သွားတာလဲ”
ယဲ့ချိုးပိုင်ကတော့ မှင်တက်သွားရလေသည်။
ထို့နောက် မတိုင်မီက မဟူရာပြောခဲ့သောစကားကို ပြန်အမှတ်ရလိုက်သည်။ သူ့စတုတ္ထဆရာတူညီလေးက တိုက်ပွဲတွင်းမှာ ထိန်းချုပ်မှုလွတ်ထွက်သွားတတ်တာလား…
ယဲ့ချိုးပိုင်က ပြုံးလျက် ခေါင်းခါပြလိုက်သည်။
“ဘာမှမဟုတ်ပါဘူး။ ငါတို့ လက်ရည်ယှဉ်ကြရုံပါ”
သို့သော် ယဲ့ချိုးပိုင်၏နှလုံးသားကမူ တဆတ်ဆတ်တုန်ယင်နေဆဲပင်။
စတုတ္ထဆရာတူညီလေး၏ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်က အမှန်စင်စစ်ထူးကဲလွန်းလှသည်။
သူ့ဓားဆန္ဒများကပင် သူ့ကို အနည်းငယ်မျှသာထိခိုက်စေခဲ့သည်။
သတိလွတ်သွားသောမဟူရာကမူ နာကျင်မှုကိုလည်းမခံစားရဘဲ ခံစားချက်လုံးဝမရှိသော တိုက်ခိုက်ရေးယန္တရားကြီးတစ်ခုအလားပင်။
ထို့နောက် ယဲ့ချိုးပိုင်ကပြော၏။
“မင်း ဘာမှမစားရသေးဘူးမလား။ ဆရာတူအစ်ကိုရဲ့လက်ရာကို မြည်းကြည့်ချင်လား”
မဟူရာက ခေါင်းကိုကုတ်လျက် ပြုံးပြလေသည်။
“ကောင်းပါပြီ။ ဆရာကလည်း ဘယ်လိုချက်ပြုတ်ရမလဲဆိုတာ သင်ပေးသေးတယ်။ ဒါပေမဲ့ ကျွန်တော်က ဉာဏ်မမီတော့မသင်ယူနိုင်ခဲ့ဘူး။ ဆရာ့ကို ဒေါသထွက်အောင်လုပ်မိသွားတယ်”
ယဲ့ချိုးပိုင် : ”…”
ထင်ထားသည့်အတိုင်း သူ့ဆရာပါပဲ
သူက တပည့်လက်ခံထားခါစသာရှိသော်လည်း ဘယ်လိုချက်ပြုတ်ရမလဲဆိုသည်ကိုတော့ သင်ပေးပြီးသွားချေပြီ။
“ရပါတယ်။ ငါ မင်းကိုသင်ပေးမယ်”
ဤသို့ဖြင့် ယဲ့ချိုးပိုင်က မဟူရာအား မီးဖိုချောင်သို့ခေါ်ဆောင်လာခဲ့သည်။
သို့သော် နေ့တစ်ဝက်ကုန်လွန်သွားလေသည်။
မီးဖိုချောင်ထဲရှိမီးခိုးမည်းများကတော့ ရပ်တန့်မသွားပေ။
တကယ်တမ်းတွင် မီးတောက်များပင်တောက်နေသေးသည်။
ယဲ့ချိုးပိုင်၏မျက်နှာနှင် အိုးမည်းများပေကျံနေလေရာ သူ့မ မဟူရာနှင့်အတူ ကူကယ်ရာမဲ့စွာထွက်လာခဲ့လိုက်သည်။
သူ့ဆရာ ဘာကြောင့်ဒေါသထွက်သလဲဆိုသည်ကို သူ နောက်ဆုံးတော့ သဘောပေါက်လိုက်လေပြီ။
မဟူရာ၏အချက်အပြုတ်မှာ အလွန်ဆိုးဝါးလှပြီး ဘယ်လောက်ကြိုးစားကြိုးစား သူ မတတ်ပေ။
ယဲ့ချိုးပိုင်လည်း လက်လျှော့လိုက်ပြီး ပြောလိုက်၏။
“အမ်…ဆရာတူညီလေး ငါပဲဆက်လုပ်လိုက်ပါ့မယ်”
“ဟိုနားမှာ ခဏသွားထိုင်နေလိုက်”
မဟူရာ : “ကောင်းပါပြီ”
ထို့နောက် သူဟာ ကျောက်စားပွဲပေါ်တွင် နာနာခံခံလေးထိုင်နေချေသည်။
ညစာစားပြီးနောက် ယဲ့ချိုးပိုင်နှင့်မဟူရာတို့ သပ်သပ်စီကျင့်ကြံကြသည်။
နောက်တစ်ရက်အထိ သူ့ဆရာပြန်မလာသေးသည်ကို တွေ့သောအခါ ယဲ့ချိုးပိုင်က တစ်စုံတစ်ရာကိုတွေးလိုက်မိသည်။
သူ့လက်ရှိခွန်အားဖြင့်ဆိုလျှင် ၎င်းမှာ လွယ်ကူလှသောကိစ္စဟု မှတ်ယူနိုင်ပြီဖြစ်၏။
ထျန်းယွမ်မင်းဆက်ပင်။
ထိုအချိန်တုန်းက ထျန်းယွမ်မင်းဆက်က နေမဝင်အင်ပါယာကိုခေါ်လာပြီး သူ့ကိုချုံခိုတိုက်ခိုက်ခဲ့သည့်ကိစ္စပင်။
ယဲ့ချိုးပိုင် ထိုအဖြစ်ကို လုံးဝမမေ့ချေ။
ယခု သူ လုံလောက်သောအစွမ်းမျိုးရှိနေပြီဖြစ်ပြီး ကိုင်တွယ်ရန်လည်း အချိန်ရပြီသာ။
ယဲ့ချိုးပိုင်က မီးတွင်းထဲရှိမဟူရာ့ကိုကြည့်ပြီး မေးလိုက်သည်။
“မဟူရာ မင်း ငါနဲ့အတူအပြင်လိုက်ခဲ့ချင်လား”
မဟူရာက မီးတွင်းထဲမှထွက်လာပြီး ရိုးရိုးသားသားခေါင်းညိတ်ပြသည်။
“ကျွန်တော် အစ်ကို့စကားနားထောင်ပါ့မယ်”
ထိုအချိန်မှာ မိုးမခပင်ကြီး၏မိုးမခကိုင်းတစ်ခုမှ အရည်တစ်စက်ပေါက်ခနဲကျလာပြီး ယဲ့ချိုးပိုင်ရှေ့ကို ရောက်လာလေသည်။
“စီနီယာ ဒါက…”
မိုးမခပင်ကြီး၏အသံ ပဲ့တင်ထပ်လာလေသည်။
“မဟူရာ သတိထပ်လွတ်သွားရင် ဒါက သူသတိပြန်ဝင်လာအောင် ကူညီပေးနိုင်တယ်”
ယဲ့ချိုးပိုင် ကျေနပ်သွားလေသည်။
ထို့နောက် သူက မိုးမခပင်ကြီးကို ဦးညွှတ်လိုက်၏။
“ကောင်းပြီ။ သွားစို့”
“ကောင်းပြီ”
သူတို့နှစ်ယောက်သား ကျောင်းတော်၏အပြင်ဘက်ရှိ ခြံဝင်းလေးတစ်ခုကို ဦးစွာရောက်လာကြသည်။
ထိုကိစ္စများဖြစ်အပြီးမှာ ယဲ့မိသားစုက ဤနေရာသို့ ယာယီပြောင်းရွှေ့ခဲ့ကြခြင်းဖြစ်၏။
ထျန်းယွမ်မင်းဆက်နှင့် နေမဝင်အင်ပါယာထံမှ လက်စားချေခံရမည်စိုးသောကြောင့် ပြောင်းလာခဲ့ခြင်းလည်းဖြစ်သည်။
သို့သော် လျှို့ဝှက်တာအိုကျောင်းတော်၏ရှေ့မှောက်မှာတော့ သူတို့မဆင်မခြင်မလုပ်ရဲကြပေ။
ယဲ့မိသားစုဘိုးဘေးက ယဲ့ချိုးပိုင်ရောက်လာသည်ကိုမြင်သောအခါ သူ့ရည်ရွယ်ချက်ကို သဘောပေါက်လိုက်လေသည်။
“မင်း ထျန်းယွမ်မင်းဆက်ကို လက်စားချေမလို့လား”
ယဲ့မိသားစု၏ လက်ရှိဘိုးဘေးမှာ သူ့လျှို့ဝှက်စွမ်းရည်ကိုအသုံးပြုခဲ့ရစဉ်ကတည်းက ခွန်အားအလွန်ယုတ်လျော့သွားခဲ့ရသည်။
ယဲ့ချိုးပိုင်က ခေါင်းညိတ်ပြလိုက်သည်။
“မင်း ငါ့ကိုဘာလုပ်ပေးစေချင်လဲ”
ယဲ့ချိုးပိုင်က ခေါင်းခါယမ်းလျက်ပြောလိုက်၏။
“မလိုပါဘူး။ ဆရာတူညီလေးနဲ့ကျွန်တော် ဖြေရှင်းနိုင်ပါတယ်”
“အဲ့ဒီအချိန်ကျရင် ဘိုးဘေးလည်း ကျွန်တော်တို့မျိုးနွယ်စုကို ထျန်းယွမ်မြို့တော်ကို ပြန်ခေါ်လာလို့ရပြီ”
ထိုစကားကိုကြားသော် ဘိုးဘေးက သက်ပြင်းချလိုက်မိသည်။
ယဲ့ချိုးပိုင် ဆိုလိုချင်သောသဘောကို သူသဘာဝကျကျပင် နားလည်သည်။
သူဟာ ယဲ့မိသားစုကို ဘာကိစ္စမှမဖြစ်စေချင်တော့ချေ။
ထိုအကြောင်းကြောင့် သူတို့ကို ထျန်းယွမ်မြို့တော်သို့ ပြန်ခွင့်ပြုလိုက်ခြင်းပင်။