Switch Mode

အခန်း (၁၀၇)

ဟုန်ရင် ထောင်ချောက်မိနေပြီ

တိမ်လွှာဖီးနစ်ဂိုဏ်း၏တည်နေရာအဟောင်းမှာ ပျက်စီးနေချေပြီ။

ကောင်းကင်ကြီးကလည်း မီးခိုရောင်းသမ်းနေ၏။

၎င်းမှာ အလွန်အမင်းယိုယွင်းနေပြီဖြစ်၏။

တည်နေရာအဟောင်း၏အလယ်မှာတော့ ချိတ်ပိတ်အစီအရင်မှလာသော အကာအကွယ်တံတိုင်းတစ်ခုနှယ် ချိတ်ပိတ်စွမ်းအားတစ်မျိုးရှိနေလေသည်။

လှံတံကိုင်စွဲသူမိန်းမပျိုဟာ ထိုအစီအရင်၏အလယ်တွင် ပိတ်မိနေချေသည်။

ထိုအချိန်တွင် မိန်းမပျိုလေးမှာ ဟောဟဲဆိုက်နေပြီး သူ(မ)၏အရှိန်အဝါမှာ အနည်းငယ်မှိန်ဖျော့နေပေသည်။

သူ(မ)၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများပင်ရှိနေ၏။

အစီအရင်၏အပြင်ဘက်ရှိ အမျိုးသားတစ်ယောက်က စိုးရိမ်တကြီးပြောလာလေသည်။

“အရှင်မ”

လှံတံကိုင်စွဲထားသောမိန်းမပျိုမှာ ဟုန်ရင်ပင်ဖြစ်၏။

ထိုအချိန်၌ ဟုန်ရင်က ချိတ်ပိတ်အစီအရင်ထဲတွင်ပိတ်မိနေပြီး မလွတ်မြောက်နိုင်ပေ။

အရာအားလုံးမှာ လွန်ခဲ့သောနှစ်ရက်က စတင်ခဲ့ခြင်းပင်။

ယွင်ကျန်း၏ခန္ဓာကိုယ်နှင့်စိတ်ဝိညာဉ်မှာ တိမ်လွှာဖီးနစ်ဂိုဏ်း၏တည်နေရာအဟောင်း၌ ပိတ်မိနေခဲ့သည်။

သူ့ကိုနိုးထစေလိုပါက ဤချိတ်ပိတ်အစီအရင်ကို ချိုးဖောက်မှရပေလိမ့်မည်။

သို့သော် ဟုန်ရင်၏လက်ရှိခွန်အားဖြင့် ၎င်းကိုချိုးဖောက်နိုင်စွမ်းမရှိချေ။

အကယ်၍ သူတို့သာ မချိုးဖောက်နိုင်ပါက ဟုန်ရင်ပင်လျှင် ဤအစီအရင်ထဲတွင် ပိတ်မိနေမည်ဖြစ်ပြီး သူတို့လည်း လုံးဝချိတ်ပိတ်ခံလိုက်ရတော့မည်သာ။

ထိုအခိုက်တွင် ချိတ်ပိတ်အစီအရင်ထဲ၌..

ဟုန်ရင်၏အရှိန်အဝါမှာ မှိန်ဖျော့အားနည်းနေပြီး ပတ်ပတ်လည်ရှိ ပြန်လည်ဝင်စားရေးစွမ်းအားများမှာ ဖိနှိပ်ခံထားရသည်။

သူ(မ) ညင်ညင်သာသာအော်ဟစ်လိုက်၏။

သူ(မ)လက်ထဲရှိလှံတံကို ပစ်လွှတ်လိုက်လေသည်။

ပြန်လည်ဝင်စားရေးလှံတံသိုင်းကွက်..

ပြန်လည်ဝင်စားရေးစွမ်းအားများက လှံတံတစ်ဝိုက်တွင် စပါးကြီးမြွေတစ်ကောင်အလား ရစ်ပတ်ထားချေသည်။

လှံတံ၏ထိပ်ဖူးမှာ မြွေတစ်ကောင်၏လျှာအလား တဖျစ်ဖျစ်လှုပ်ယမ်းနေသည်။

ပြန်လည်ဝင်စားရေးစွမ်းအားများကိုသယ်ဆောင်ထားသော လှံတံရောင်ခြည်တစ်ခုဟာ ချိတ်ပိတ်အစီအရင်၏အလယ်တည့်တည့်ကို ထိုးခွင်းသွားပေသည်။

ချက်ချင်းပင်…

ချိတ်ပိတ်အစီအရင်၏ဗဟိုချက်မှာ တရစပ်စတင်လှုပ်ခတ်လာလေသည်။

ငြိမ်သက်နေသောကန်ရေပြင်ထဲသို့ ကျောက်တုံးကြီးတစ်တုံးသက်ဆင်းလာသည့်အလားပင်။

လှိုင်းကြက်ခွပ်များ ပေါ်ထွက်လာပေသည်။

သို့သော် ထိုမျှသာဖြစ်၏။

ဟုန်ရင် အစီအရင်ကိုမချိုးဖောက်နိုင်သေးပေ။

ထိုအဖြစ်ကြောင့် သူ(မ)မျက်နှာ မသာမယာဖြစ်သွားလေသည်။

ဤချိတ်ပိတ်အစီအရင်၏ခွန်အားမှာ သူ(မ)ထင်ထားသည်ထက် ပိုသာလွန်နေသည်။

ဟုန်ရင်လည်း ရွေးချယ်စရာမရှိတော့သဖြင့် လုချန်ရှန်းပေးလိုက်သော အသံပို့လွှတ်ရေးကျောက်စိမ်းဆွဲသီးလေးကို ထုတ်လိုက်သည်။

“ဆရာ ကျွန်မ ဒုက္ခရောက်နေပြီထင်တယ်”

လက်ရှိကို ပြန်ရောက်လာခြင်း..

အလယ်ပိုင်းဒေသရှိ အဂ္ဂိရတ်ဂိုဏ်းတော်၌…

လုချန်ရှန်း၊ မုဝမ်အာနှင့်အခြားလူများမှာ စားသောက်ဆိုင်ထဲမှ ထွက်လာခဲ့ကြသည်။

မုဝမ်အာက လုချန်ရှန်းကိုပြုံးပြလျက် မေးလိုက်လေသည်။

‘ဦးလေး ဘယ်လိုနေလဲ”

လုချန်ရှန်းက ခေါင်းညိတ်ပြပြီးဆိုလေ၏။

“ဟုတ်တယ်။ အဲ့ဒါက တကယ်အရသာရှိတယ်”

“ဒါပေမဲ့ ငါ့တပည့်ချက်တာက ပိုကောင်းနေတုန်းပဲ”

“ရှင့်တပည့်လား”

မုဝမ်အာ မှင်တက်သွားပြီးပြောလိုက်လေသည်။

“ဦးလေး.. ရှင့်မှာ တပည့်ရှိတာလား”

လုချန်ရှန်းခေါင်းညိတ်ပြပြီးပြော၏။

“ဟုတ်တယ်။ ငါ့မှာ တပည့်လေးယောက်ရှိတယ် သုံးယောက်က အချက်အပြုတ်သိပ်တော်တာ။ နောက်ဆုံးတစ်ယောက်ကတော့ စားဖို့ပဲတတ်တယ်”

သေချာပေါက်ပင် သူပြောနေသောလူမှာ မဟူရာပင်တည်း။

‘အဲ့ဒီကောင်စုတ်လေး’

သူ ဘယ်လောက်ကြိုးစားကြိုးစား အချက်အပြုတ်ကိုမသင်ယူနိုင်ချေ။

ထမင်းချက်လိုက်တိုင်း မီးသွေးအဖြစ် အသွင်ပြောင်းသွားရစမြဲသာ။

ငါးကင်ဆိုလျှင်လည်း မသိသောလူများက မီးကျွမ်းနေသောတုတ်ချောင်းကြီးဟုပင် ထင်ကြပေလိမ့်မည်။

ရက်အနည်းငယ်မျှသင်ပေးပြီးနောက် လုချန်ရှန်းလည်း မဟူရာ၏လက်ရာကိုစားဖို့ လက်လျှော့လိုက်ပြီဖြစ်၏။

ယဲ့ချိုးပိုင်၏ ပြဿနာရှာနိုင်စွမ်းကြောင့်ပဲ သူသေရလေမလား။ မဟူရာ၏ဟင်းချက်လက်ရာကြောင့်ပဲ အဆိပ်သင့်ပြီးသေရလေမလား…

ထိုအကြောင်းကိုတွေးရင်း လုချန်ရှန်း သက်ပြင်းမချဘဲမနေနိုင်ချေ။

“ဟုန်ရင်နဲ့နင်ချန်ရှင်းတို့ကတော့ ငါ့ကိုစိတ်ပူအောင်မလုပ်တတ်ဘူး”

သို့သော် ထိုသို့ပြောနေစဉ်မှာပင်…

လုချန်ရှန်း၏မျက်နှာမှာ မည်းခနဲဖြစ်သွားလေသည်။

သူ ဟုန်ရင်၏အသံပို့လွှတ်မှုကို လက်ခံရရှိလိုက်သည်။

မုဝမ်အာကလည်း လုချန်ရှန်းမျက်နှာမည်းမှောင်နေသည်ကိုကြည့်ပြီး စိတ်ရှုပ်ထွေးသွားဟန်ဖြင့် မေးမိလိုက်သည်။

“ဘာဖြစ်တာလဲ ဦးလေး.. တစ်ခုခုဖြစ်လို့လား”

လုချန်ရှန်း၏နှုတ်ခမ်းထောင့်စွန်းတို့မှာ တွန့်လိမ်သွားရချေသည်။

“ငါပြောထားတာကို ပြန်ရုပ်သိမ်းတယ်”

“နင်ချန်းရှင်းကလွဲရင် အကုန်လုံး ပြဿနာကောင်တွေချည်းပဲ”

ထိုသို့ပြောပြီးနောက် လုချန်ရှန်း ဟူချင်းကိုကြည့်ကာ ပြောလိုက်သည်။

“အကြီးအကဲဟူ ဟုန်ရင်တစ်ခုခုဖြစ်နေပြီ။ ကျွန်တော် အရင်သွားနှင့်မယ်နော်”

ဟူချင်းမှာ မှင်တက်သွားပြီး အလောတကြီးမေးလိုက်သည်။

“အဂ္ဂိရတ်ညီလာခံကရော ဘယ်လိုလုပ်မလဲ”

“တတိယအချီက မနက်ဖြန်စမှာလေ”

ထိုအကြောင်းကိုကြားသော် လုချန်ရှန်းက သူ့လက်ကိုဝှေ့ယမ်းပြပြီး တည်ငြိမ်စွာပြောလိုက်သည်။

“အဲ့ဒါက အရေးမကြီးပါဘူး”

အပေါ်ယံမှာမူ လုချန်ရှန်းက သူ့တပည့်များအပေါ် ဂရုမစိုက်တတ်ဟန်ပေါ်၏။

ယဲ့ချိုးပိုင်ကိုဆိုလျှင် အမြဲလိုလိုဆိုးဆိုးဝါးဝါးဆူပူတတ်သည်။

သို့သော် ယခုလိုအချိန်မှာတော့ လုချန်ရှန်းက အလွန်ကာကွယ်ပေးတတ်သူဖြစ်၏။

အဂ္ဂိရတ်ညီလာခံက တပည့်တစ်ယောက်နှင့် ဘယ်လိုယှဉ်နိုင်ပါ့မလဲ…

ဤသို့ဖြင့် ဟူချင်း၏စကားပြန်အလာကိုပင်မစောင့်တော့ဘဲ နေရာမှပျောက်ကွယ်သွားလေတော့သည်။

သူသည် အလွန်အမင်းလျင်မြန်လှသောအရှိန်နှင့် တိမ်လွှာဖီးနစ်ဂိုဏ်း၏တည်နေရာအဟောင်းဆီသို့ အပြေးသွားလေတော့သည်။

အသံလှိုင်းလုံးကြီးက လေထုထဲမှာ ပဲ့တင်ထပ်သွားလေသည်။

စားသောက်ဆိုင်၏အရှေ့ရှိ မုဝမ်အာ၏မျက်ဝန်းအစုံမှာ ထိုမြင်ကွင်းကိုမြင်လိုက်ရချိန်တွင် တောက်ပသွားလေသည်။ သူ(မ) ဘာတွေးနေသလဲဆိုသည်ကို မည်သူမှမသိနိုင်ချေ။

တစ်ဖက်တွင်မူ ဦးလေးလီကတော့ ထိတ်လန့်နေချေသည်။

ဤအရှိန်မှာ သူကိုယ်တိုင်ပင်မလုပ်ဆောင်နိုင်သောအရာဖြစ်၏။

မျှော်လင့်မထားပါဘဲ တစ်ဖက်လူဟာ အထွတ်အမြတ်အဂ္ဂိရတ်စွမ်းရည်များရှိနေရုံသာမက ကျင့်ကြံရေးတွင်မူ ပို၍ပင်ထူးကဲနေပေသည်။

ဟူချင်းကတော့ ကူကယ်ရာမဲ့စွာသက်ပြင်းချ့လိုက်မိသည်။

ထိုသို့ဆိုလျှင်ပင် သူ လုချန်ရှန်းကိုအပြစ်မတင်နိုင်ပေ။ ဟုန်ရင်၏အစွမ်းဖြင့်ဆိုလျှင် အဂ္ဂိရတ်ပြိုင်ပွဲလေးတစ်ခုမျှကို စာဖွဲ့နေစရာပင်မလိုချေ။

ထိုအချိန်၌ တောင်ပိုင်းဒေသရှိစံအိမ်တော်အတွင်းတွင်..

ယဲ့ချိုးပိုင်က လျှို့ဝှက်ဓားသွားဂိုဏ်းက ပြန်ရောက်လာပေသည်။

မဟူရာကလည်း မီးတွင်းကြီးထဲမှာ သိုင်းကျင့်ကြံနေလေသည်။

ငှက်ကလေးကလည်း မဟူရာ၏အခြေအနေကို အချိန်နှင့်အမျှစောင့်ကြည့်နေလေသည်။

ထိုအချိန်မှာ မီးတွင်းကြီးထဲရှိနိဗ္ဗာနမီးတောက်ကြီးက ငှက်ကလေးကြောင့် အင်အားပိုကြီးထွားလာသည်။

မဟူရာကတော့ ၎င်းကိုဆက်လက်တောင့်ခံထားဆဲပင်။

သူသည် ဖျက်ဆီးဝါးမျိုမခံရပါဘဲ နိဗ္ဗာနမီးတောက်ကိုတောင့်ခံထားပြီး ထိုနိဗ္ဗာနမီးတောက်၏အစွမ်းကို သူ့ခန္ဓာကိုယ်အားပြုပြင်ရန်ပင် စုပ်ယူနေလိုက်သေးသည်။

ဤရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်မှာ အလွန်တရာကြောက်မက်ဖွယ်ကောင်းသည်ဟု ဆိုနိုင်ပေသည်။

မီးတွင်းထဲတွင်ရှိနေသောမဟူရာက ယဲ့ချိုးပိုင်၏အရှိန်အဝါကိုအာရုံခံမိလိုက်ပြီး မျက်လုံးကိုချက်ချင်းဖွင့်ကာ မီးတွင်းထဲမှထွက်လာပေသည်။

သူက ယဲ့ချိုးပိုင်ကိုကြည့်ပြီး စိတ်ရှုပ်ထွေးစွာမေးလိုက်၏။

“မင်း ဘယ်သူလဲ”

ထိုစကားကိုကြားသော် ယဲ့ချိုးပိုင် မှင်တက်သွားရလေသည်။ ထို့နောက် သူပြုံးပြီးပြောလိုက်၏။

“မင်းက စတုတ္ထဆရာတူညီလေးပဲဖြစ်ရမယ် ဟုတ်တယ်မလား”

ထိုစကားကို မဟူရာကြားသောအခါ သူ့မျက်လုံးထဲရှိ သတိထားနေဟန်အမူအရာတို့က ပျောက်ကွယ်သွားလေသည်။ သူ ခေါင်းတကုတ်ကုတ်လုပ်လိုက်မိသည်။

“ဆရာတူအစ်ကိုလား”

ယဲ့ချိုးပိုင်က အပြုံးလေးဖြင့်ခေါင်းညိတ်ပြသည်။

“ငါက မင်းရဲ့အကြီးဆုံးဆရာတူအစ်ကို ယဲ့ချိုးပိုင်ပါ”

မဟူရာကလည်း မြန်မြန်ဆန်ဆန်ပင် တရိုတသေပြောလာလေ၏။

“အကြီးဆုံးဆရာတူအစ်ကို”

ယဲ့ချိုးပိုင်လာ်း ရှေ့ကိုတိုးသွားလိုက်ပြီး မဟူရာ့ကိုထူမတ်ပေးလိုက်သည်။

“ဂိုဏ်းက ဒီလိုမျိုးမလုပ်ပါဘူး။ ငါတို့က နောင်မှာ မိသားစုတွေဖြစ်လာတော့မှာ။ ပေါ့ပေါ့ပါးပါးပဲနေပါ”

မဟူရာက ငေးတိငေးငိုင်ဖြင့်ခေါင်းညိတ်ပြသည်။

ထို့နောက် ယဲ့ချိုးပိုင်က သံချပ်ကာတစ်စုံလိုက်ကိုထုတ်ယူလာပြီး မဟူရာ့ကိုပေးလိုက်၏။

“ဒါက သွေးအကျဉ်းထောင်သံချပ်ကာပဲ။ ငါ့မှာ တန်ဖိုးကြီးတာတစ်ခုမှမရှိတော့ ဒါ မင်းကိုပေးမယ်”

ဤသံချပ်ကာကို ယဲ့ချိုးပိုင် ထျန်းရွှန်းကိုသတ်ခဲ့စဉ်က သူ၏သိုလှောင်ရေးလက်စွပ်ထဲကရခဲ့ခြင်းပင်။

မဟူရာကလည်း ၎င်းကိုယူလိုက်ပြီး ရိုးရိုးသားသားပြုံးပြလိုက်၏။

“ကျေးဇူးတင်ပါတယ် ဆရာတူအစ်ကို”

“အင်း.. ကောင်းပြီ။ ဆရာရော ဘယ်မှာလဲ။ ငါ သူ့ကိုလည်းမတွေ့ပါလား”

မဟူရာကလည်း ပြန်ဖြေလာသည်။

“ကျွန်တော်လည်းမသိဘူး။ သူ အပြင်ထွက်သွားတယ်ထင်တာပဲ”

ယဲ့ချိုးပိုင်က ခေါင်းညိတ်ပြလိုက်ပြီး မဟူရာ့ကိုကြည့်လိုက်၏။

“ဆရာတူညီလေး ငါတို့လက်ရည်ယှဉ်ကြမလား”

သို့သော် မဟူရာကတော့ အခက်တွေ့နေဟန်ပင်။

“ဒါပေမဲ့.. ကျွန်တော်က တခြားလူတွေနဲ့လက်ရည်ယှဉ်တဲ့အချိန်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘူး”

“ကျွန်တော် ဆရာတူအစ်ကို့ကိုထိခိုက်အောင်လုပ်မိမှာစိုးတယ်”

ယဲ့ချိုးပိုင်မှာ သဘောကျသွားရလေသည်။

ဤစတုတ္ထဆရာတူညီလေးမှာ သူ့ခွန်အားနှင့်ပတ်သက်ပြီး အလွန်ယုံကြည်မှုရှိနေဟန်ပင်။

“ရပါတယ်။ ဘာမှဖြစ်မှာမဟုတ်ပါဘူး။ သင့်တော်တဲ့အချိန်ရပ်ကြတာပေါ့”

ထိုစကားကိုကြားသောအခါ မဟူရာခေါင်းညိတ်ပြလိုက်သည်။ သူက သူ့လက်သီးကိုမြှောက်လျက် ယဲ့ချိုးပိုင်ကိုပြောလိုက်၏။

“ဆရာတူအစ်ကို သတိထားနော်”

ဤသို့ဖြင့် သူဟာ ယဲ့ချိုးပိုင်ဆီသို့ တန်းတန်းမတ်မတ်ပြေးလာလေတော့သည်။

ယဲ့ချိုးပိုင်လည်း ထိုမြင်ကွင်းကိုမြင်သောအခါ သူ့သစ်သားဓားကိုထုတ်ယူပြီး ပေါ့ပေါ့ပါ့ပါးခုတ်ချလိုက်သည်။

ဓားသွားချီစွမ်းအင်တန်းကြီးတစ်ခုက မဟူရာ့ကိုတိုက်ခိုက်လေတော့သည်။

မဟူရာက အော်ဟစ်လိုက်၏။

သူက မရှောင်တိမ်းပါဘဲ လက်သီးတစ်ချက်ပစ်သွင်းလိုက်သည်။

၎င်းမှာ ဓားသွားစွမ်းအင်ကို ချေဖျက်ပစ်လိုက်လေသည်။

ထို့နောက် သူက ယဲ့ချိုးပိုင်ဆီသို့ ဆက်လက်ချီတက်ပြန်သည်။

ထိုအချိန်တွင် တိုက်ခိုက်ရေးဆန္ဒများမှာ မဟူရာ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် လှည့်လည်စီးဆင်းနေချေသည်။

မိစ္ဆာသဘာဝ၏အရိပ်အယောင်များက မဟူရာ၏မျက်ဝန်းထဲ၌ ပြည့်နှက်သွားလေသည်။

၎င်းမှာ ချင်းထျန်းနျန်ကိုဒဏ်ရာရစေခဲ့သော အချိန်တုန်းကအတိုင်း အတိအကျပင်ဆင်တူပေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset