နန်ဟောင်က ရီဖူရှင်းကို စူးရဲစွာ ကြည့်သည်။ သို့သော် သူကလည်း ရှေးဟောင်း နယ်မြေကို ချုပ်ကိုင်ထားသော ရီဖူရှင်းကို သတ်ရန် ခက်ခဲနေဆဲ ဖြစ်သည်။
“သွားစို့…” နန်ဟောင်က နောက်လှည့်ကာ သူ ချုပ်ကိုင်ထားသော မြို့ကို ပြန်လည် ထွက်ခွာ သွားသည်။ သူကဲ့သို့သော လူများက တစ်ခါတလေမှ တွန့်ဆုတ် တတ်ပေသည်။ သူက ရီဖူရှင်းကို သတ်၍ မရသည်ကို စိတ်ပျက်ရသည်။ သို့သော် ဤနေရာတွင် ဆက်နေ၍ အပိုသာ ဖြစ်သည်။ ထို့ကြောင့် သူက လက်လျှော့လိုက်သည်။ သူက တော်ဝင် တံဆိပ်ပြားများကို ဆက်လက် စုဆောင်းကာ သူ၏မြို့မှ ဧရာမရှေးဟောင်း နယ်မြေအား ဖွင့်လှစ်ရန် ကြိုးစားမည်။
သည်ကိစ္စ ဖြစ်ပွားပြီး နောက်ပိုင်း ရှေးဟောင်းနယ်ကို ဖွင့်လှစ်မည့်သူ၏ ဆန္ဒက ပိုမို ကြီးမားလာသည်။ တခြားကိစ္စများက ဘာမှ မဟုတ်တော့။ မည်သို့ဆိုစေ ရီဖူရှင်းက ရှေးဟောင်း နယ်မြေတစ်ခုကို ဖွင့်လှစ်ခဲ့သည်။ ထို့အပြင် ရှောင်ကျွမ်ရီကလည်း မှော်နက်သခင်၏ ဆက်ခံသူ ဖြစ်သည်။ သူကလည်း လူများသတ်ကာ တော်ဝင် တံဆိပ်ပြားများကို စုဆောင်း နေသည်မှာ သေချာ၏။ သူ့အတွက် လူသတ်ခြင်းမှာ ထမင်းစား ရေသောက်ကိစ္စ ဖြစ်သည်။ သူကလည်း လုံလောက်သော တော်ဝင် တံဆိပ်ပြားများကို ရရန် အလားအလာ ရှိနေသည်။ ရီဖူရှင်းနှင့် ရှောင်ကျွမ်ရီတို့က ရှေးဟောင်းနယ်မြေ တစ်ခုစီကို ဖွင့်လှစ်နိုင်ပြီး သူက မဖွင့်နိုင်ပါက တခြားလူများက မည်သို့ တွေးမည်နည်း။
ယခု အချိန်တွင်ကား အာရုဏ်လမ်းက မကြာခင် သွေးချောင်း စီးတော့မည်ကို မည်သူမှ မသိကြသေးပေ။
နန်ဟောင် ထွက်သွား ပြီးသောအါ မိုကျွမ်ကလည်း သူ့နောက်ကို လိုက်ပါသွားသည်။ လီစွမ်းက ရီဖူရှင်းကို ကြည့်သည်။ သူက ချန်ရန်၊ ရွယ်ယွန်ပိုကျင်နှင့် စီဝူကျိတို့ကို တွေ့သည်။ ရီဖူရှင်း နောက်ကို လိုက်ပါခဲ့သူများက သည်တစ်ခေါက်တွင် ကြီးစွာသော အကျိုးအမြတ်ကို ရရှိခဲ့ကြပေသည်။
လီစွမ်းက သူတို့ထဲမှ တစ်ယောက် ဖြစ်ခဲ့သင့် သော်လည်း သူက နန်ဟောင် နောက်ကို လိုက်ရန် ဆုံးဖြတ်ခဲ့သည်။ သူက ကွဲပြားခြားနားသော လမ်းကို ရွေးချယ်ခဲ့၏။ သို့သော် သူ နောင်တမရပေ။ နန်ဟောင်က အလွန်အမင်း ပါရမီမြင့်သည်ကို သူသိသည်။ ယခုက ယာယီ ကျရှုံးခြင်းသာ ဖြစ်သည်။ နန်ဟောင်က သူ၏မြို့တွင် ရှေးဟောင်း နယ်မြေကို သေချာပေါက် ဖွင့်မည်ဖြစ်သည်။ လီစွမ်းက သူ ဆုံးရှုံးနစ်နာ ခဲ့ရသည်များကို ပြန်ရယူနိုင်မည်။ ကျိုးရှင်းတောင်ထက် နန်ဟောင်ကို ရွေးချယ်ခြင်းက ပိုမှန်ကန်သည်ဟု လီစွမ်း ယူဆသည်။
နန်ဟောင်က တော်ဝင်ကျဲ နန်းတော်ကို ဝင်ကာ စွမ်းအားမြင့် တန်ခိုးရှင်များ၏ တပည့် ဖြစ်လာမည်။
နောက်လှည့်ကာ လီစွမ်းက ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် လှည့်ထွက် လိုက်သည်။ ထို့နောက် သူက လီချန်းရီကို ကြည့်ကာ ဘေးမှ လူများကို ပြောသည်… “ချန်းရီကိုပါ ခေါ်လာခဲ့…”
“ကျွန်မက ကိုယ့်ဘာသာ သွားနိုင်တယ်…” လီချန်းရီက လီစွန်းနောက်ကို လိုက်လာကာ မေးသည်… “ရှင် နောင်တရလား…” သူမ၏ လေသံကလည်း ပြောင်းလဲနေသည်။
“ငါက ဘာလို့ သခင်လေးနန် နောက်ကို လိုက်တာ နောင်တရမှာလဲ…”
လီချန်းရီက လှောင်ပြုံး ပြုံးသည်… “ရီဖူရှင်းက အောင်မြင်မှာ မဟုတ်ဘူးလို့ ရှင် တွေးခဲ့တယ်… အခု ဘယ်လိုလဲ… နန်ဟောင်ရဲ့ နောက်လိုက် ဖြစ်ရတာ ကောင်းလား… သူနဲ့ရှင် ဘယ်လောက် ကွာဟလဲ ရှင်သိလား… သူက ရှင့်ကို စကား တစ်ခွန်းတောင် ပြောရဲ့လား… သူက ကောင်းမွန်တဲ့ အနာဂတ်ရှိတာ သေချာတယ်… ဒါပေမဲ့ အဲဒါ ရှင်နဲ့ ဆိုင်လား… ရှင်က သူ့ရဲ့ နောက်လိုက် တစ်ယောက်ပဲ… မနက်ဖြန်ဆိုရင် သူက ရှင့်ကို မှတ်မိမှာတောင် မဟုတ်တော့ဘူး…”
“ပါးစပ်ပိတ်ထား…” လီစွမ်းက ဒေါသတကြီး အော်သည်။ နန်ဟောင်က သူ့ကို အရေးမလုပ်သည်ကို သူသိသည်။ အထူးသဖြင့် သူက လုပ်ကြံမှု မအောင်မြင်ခဲ့ရာ သူ့အတွက် နန်ဟောင်ထံတွင် အနာဂတ် မရှိတော့။ သို့သော် သူက ထိုအရာများကို မစဉ်းစားလိုတော့။ သူ့အတွက် နောက်ဆုတ်ရန် လမ်းမရှိတော့ပေ။
“ငါပြောတာ ဟုတ်တယ်မလား…” လီချန်းရီက ရယ်လိုက်သည်… “အစ်ကို… ရှင်က တစ်ချိန်က လူကောင်း တစ်ယောက်ပါ… အဖေက ရှင့်အတွက် ဂုဏ်ယူခဲ့ရတယ်… မြို့ရိုးဖြူမြို့က လူတွေကလည်း ရှင့်ကို ချီးကျူးခဲ့ကြတယ်… ရှင်က အမြဲတမ်း အကောင်းဆုံး ဆုံးဖြတ်ချက်တွေကိုပဲ ချနိုင်ခဲ့တယ်လေ… အခုကတော့ ဆုံးဖြတ်ချက် ကောင်းလွန်းလို့ ကိုယ့်မိတ်ဆွေကိုတောင် သစ္စာဖောက်ဖို့ ကြံခဲ့တယ်… အခု ရှင် ဘာရလဲ…”
ဖြန်း…
လီချန်းရီ၏ မျက်နှာတွင် လက်ဝါးရာတစ်ခု ထင်သွားသည်။ လီစွမ်းက သူမကို ပါးရိုက်ကာ အေးစက်စွာ ပြောသည်… “လီချန်းရီ… မင်းက ကိုယ့်နေရာကိုယ် သိစမ်း… မင်းက ငါ့ကို နောက်ထပ် ဒီလို အမူအရာမျိုးနဲ့ ပြောရဲရင် ငါ့ကို အဆိုးမဆိုနဲ့… မင်းကို ငါ့ညီမလို့ သဘောမထားဘူးလို့ မပြောနဲ့…”
“ညီမ… ဟုတ်လား…” လီချန်းရီက လီစွမ်းကို ကြည့်ကာ မဲ့ပြုံးပြုံးသည်။ သူမ၏ပါးစပ်မှ သွေးစများကို မြင်ရသည်။
လီချန်းရီနှင့် လီစွမ်းတို့ နှစ်ယောက်လုံးက အဖေ တစ်ယောက်တည်း ဖြစ်သော်လည်း အမေ မတူကြပေ။ လီစွမ်းက သားအကြီးဆုံး ဖြစ်ကာ သူ၏ကောင်းမွန်သော ပါရမီကြောင့် အမြဲတမ်း မြို့စားကြီး၏ အရေးပေးခြင်းကို ခံရသည်။ လီချန်းရီမူကား သူမအစ်ကို၏ အကူမျှသာ ဖြစ်သည်။ ထို့ကြောင့် သူမက တော်ဝင်ကျဲ နန်းတော်ကို ဝင်ခွင့်ရရန် မမှန်းထားပေ။ သို့သော် မြေရိုင်းဒေသ တစ်ခုလုံးမှ ပါရမီရှင်များ တော်ဝင်ကျဲ နန်းတော်တွင် ယှဉ်ပြိုင်ကြသည်ကို သူမမြင်လိုခဲ့သည်။ ထို့ကြောင့် သူမက တော်ဝင်လမ်းကို လာခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခု သူမ၏ရည်မှန်းချက်က တကယ် ဖြစ်လာဦးမလား မသေချာတော့။
***
ရှေးဟောင်း နယ်မြေ၏ အဝေးတစ်နေရာတွင် ရပ်နေကြသော ထိပ်သီး ပါရမီရှင်များ အားလုံးက တဖြည်းဖြည်း ထွက်သွားကြပြီး ဖြစ်သည်။ သို့သော်လည်း ရှေးဟောင်း နယ်မြေ အနီးတွင် ရပ်နေကြသော တန်ခိုးရှင်များ မရေမတွက်နိုင်အောင် ရှိနေကြဆဲ ဖြစ်သည်။ အများစုက ဒေသခံ တန်ခိုးရှင်များ ဖြစ်ကြသည်။ သူရိယနေမင်း ကျောင်းနှင့် လစန္ဒငွေလမင်း ကျောင်းမှ တပည့်များကလည်း လူအုပ်ထဲတွင် ရှိနေသည်။
သားတော်၏ ပါရမီကို သူတို့က မိုးမြေကောင်းကင် မြို့တွင်ကတည်းက သိခဲ့ကြသည်။ ယခု တော်ဝင် လမ်းတွင်လည်း သူက နောက်ထပ် မုန်တိုင်းတစ်ခု ထန်စေခဲ့သည်။ ကြယ်မင်းကျောင်းမှ လူများက သူ၏နောက်ကို လိုက်ခြင်းဖြင့် အကျိုးကျေးဇူး များစွာ ရရှိခဲ့ကြသည်။
သူရိယ နေမင်းကျောင်းနှင့် စန္ဒာငွေလမင်း ကျောင်းမှ ခေါင်းဆောင်များက ရီဖူရှင်း သက်ရှိထင်ရှား ရှိနေမည်ကို သိကြသေးမည် မဟုတ်ပေ။ ရီဖူရှင်းကသာ တော်ဝင်ကျဲ နန်းတော်ကို ဝင်ခွင့်ရသွားလျှင် သူတို့၏ အမူအရာက မည်သို့ ဖြစ်သွားမည်နည်း။ အထူးသဖြင့် ရီဖူရှင်း ယူဆောင်လာသော သူရိယနေမင်း ကျောင်းအပေါ် ကံဆိုးမိုးမှောင်ကျမှုက မေ့ပစ်နိုင်စရာ မရှိပေ။
ရီဖူရှင်းက ထိုအခြင်းအရာများကို တွေးတောရန် အချိန်မရပေ။ သူက ကျယ်လောင်စွာ ကြေညာသည်… “ကျုပ်ပြောခဲ့သလိုပဲ ကျုပ်ကို တံဆိပ်ပြား ပေးခဲ့တဲ့လူတွေက ရှေးဟောင်း နယ်မြေထဲကို ဝင်လို့ ရတယ်… ကျုပ်က ခင်ဗျားတို့ တန်ခိုးကျင့်တာကို ကူညီပြီးတော့ တံဆိပ်ပြားတွေကိုလည်း ပြန်ပေးမယ်…”
ရီဖူရှင်း၏စကားကို ကြားသည်တွင် လူအများအပြားက စိတ်အေး သွားကြကာ ပြုံးလိုက်ကြသည်။ လူတစ်သောင်းခန့်က သူ့အား တော်ဝင် တံဆိပ်ပြားများ ပေးအပ်ခဲ့ကြသည်။ ယခု သူတို့ ကြိုးစားခဲ့သမျှ အကျိုးရလဒ် ဖြစ်လာပြီ။ ရီဖူရှင်းက သူတို့ကို စိတ်မပျက်စေခဲ့။
“ကျုပ်ကို တံဆိပ်ပြား မပေးတဲ့ လူတွေကတော့ ဝင်ခွင့်ရမှာ မဟုတ်ဘူး… ကိုယ့်သဘောနဲ့ကိုယ် ဝင်မယ် ဆိုရင်တော့ ခင်ဗျားတို့က ဒီအတွက် အကျိုးဆက်ကို ပြင်ဆင်ထားဖို့ လိုတယ်…” ရီဖူရှင်းက အေးစက်စွာ ပြောသည်။
သတိပေးပြီးနောက် ရီဖူရှင်းက မျက်လုံးမှိတ်ကာ ထူးဆန်းသော စွမ်းအားကို စတင် ခံစားသည်။ ချက်ချင်းပင် ဧရာမရှေးဟောင်း နယ်မြေကြီးမှ မီးတောက် အလင်းများက ရီဖူရှင်း၏ ခန္ဓာကိုယ်ပေါ်ကို ကျဆင်းလာသည်။ အလင်း၏ အရိပ်သဏ္ဌာန်တွင် အလွန်အမင်း အားကောင်းသော စိတ်အသိတစ်ခု ပါနေဟန် ရသည်။ ထိုအရာက ရီဖူရှင်း၏စိတ်ထဲကို တစ်စ တစ်စ စိမ့်ဝင်လာသည်။
သူ၏စိတ်ထဲတွင် ကြီးမြတ်သော နတ်ဘုရားတစ်ပါး ပေါ်လာသည်ဟု ရီဖူရှင်း ခံစားရသည်။ သူက တော်ဝင်ကျဲ နန်းတော်၏ ရှေးဟောင်း ရှန့်ထိုတန်ခိုးရှင် ဖြစ်ရမည်ဟု ရီဖူရှင်း ယူဆသည်။
သည်ရှေးဟောင်း နယ်မြေကား သူ ယခင် ရောက်ခဲ့သော ရှေးဟောင်း နယ်မြေများနှင့် များစွာ ကွာခြားပေသည်။ တခြား ရှေးဟောင်း နယ်မြေများက ရှန့်ထိုတန်ခိုးရှင်၏ အနည်းငယ်သော စိတ်အသိများကိုသာ တွေ့ရတတ်ကာ ယခု ဤရှေးဟောင်း နယ်မြေမူကား ရှန့်ထိုတန်ခိုးရှင်၏ စိတ်အသိ အပြည့်အစုံ ရှိနေသည်။
ဤသို့ အားကောင်းကာ ပြည့်စုံသော အမွေက ရှေးဟောင်း ရှန့်ထိုတန်ခိုးရှင် ကိုယ်တိုင်၏ ရုပ်ကြွင်းမှလာခြင်း ဖြစ်ရမည်။ သူက မသေမီ ဤနေရာတွင် ထိုင်ကာ နောင်လာ နောက်သားများ အတွက် ပြီးပြည့်စုံသော မျိုးဆက်အမွေကို ချန်ထားရစ်ခဲ့ခြင်း ဖြစ်ရမည်။
ရီဖူရှင်းက ဖျက်ဆီး မီးတောက်များ ပြည့်နှက်နေသာ ငရဲဘုံကို ရောက်နေသလို ခံစားရသည်။ သူ၏စိတ်အသိက ချုပ်နှောင်ခံရကာ ပြာမှုန့်များအဖြစ် တဖြည်းဖြည်း လောင်ကျွမ်း ခံနေရသည်။ မီးတောက် အနည်းငယ်မျှက လောကအား လောင်ကျွမ်း ပျက်စီးစေနိုင်သည်။
သည်မီးတောက်က ရှန့်ထိုတန်ခိုးရှင်၏ သိနားလည်ခြင်းမှ လာသည်ကို ရီဖူရှင်း သိသည်။ ထိုအဆင့်ကား နိုဘယ်အသိထက် မြင့်သည်။ သူ၏လက်ရှိ အဆင့်ဖြင့် ထိုမီးတောက်အား တိုက်ရိုက် ဆက်ခံရရှိသည့်တိုင် အနည်းငယ်မျှသာ အသုံးပြုနိုင်သည်။ သို့သော် နားလည် ဆင်ခြင်ရန်မူကား သူ၏ တန်ခိုးအဆင့်ဖြင့် အလွန့်အလွန် ခက်ခဲပေသည်။
ထိုအချိန်တွင် သူ၏စိတ်ထဲ၌ စိတ်စွမ်းအားများ အပြောင်းအလဲ ဖြစ်လာနေသည်။ ထူးဆန်းသော အရာတစ်ခု ဖြစ်သွားသည်။ လောကတွင် လှည့်ပတ်နေသော မီးဓာတ် အမျှင်တန်းများက ထူးဆန်းသော စွမ်းအားများအဖြစ် ပြောင်းလဲနေသည်။ ထိုစွမ်းအားက အစစ်အမှန်နှင့် ဆင်တူလွန်းရကား သူ၏စိတ်ထဲမှ မီးတောက်ငရဲကလည်း တကယ်တမ်း သူ ကြုံနေရသကဲ့သို့ ထင်မှတ်ရသည်။
ရီဖူရှင်းက ထိတ်လန့်သွားသည်။ ရှေးဟောင်း ရှန့်ထိုတန်ခိုးရှင်က သူ၏ဝိညာဉ်ကိုသာ ထားရစ်ခဲ့သည် မဟုတ်ဘဲ သူ၏ တန်ခိုးကျင့်သည့် နည်းစနစ်နှင့် တခြား ပညာရပ်များကိုပါ နှောင်းလူတို့အတွက် ချန်ထား ရစ်ခဲ့သည်။
သူကား ထိုအထဲတွင် ဈာန်ဝင်နေပြီ ဖြစ်သည်။
မျက်လုံးများ မှိတ်ထားရင်းက သူက စိတ်ဝိညာဉ် ကမ္ဘာထဲကို လုံးဝ ဝင်ရောက်သွားပြီ ဖြစ်သည်။ ရှေးဟောင်း ရှန့်ထိုတန်ခိုးရှင်၏ အမွေက မီးဓာတ်ကို အခြေခံသည်။ ရီဖူရှင်းကလည်း သူရိယနေမင်း ကျောင်း၏ ထိပ်သီးပညာရပ်ကို တတ်ကျွမ်းခဲ့ပြီး နောက်ပိုင်း မီးဓာတ်ပညာတွင် အားကောင်း၏။ အကယ်၍ သူက လက်ရှိ အခြေအနေကို အသုံးချတတ်လျှင် သူက ကြီးစွာသော အကျိုးအကျေးဇူးများ ရမည်ဖြစ်သည်။
ရှေးဟောင်း နယ်မြေထဲတွင် မဆုံးနိုင်သော မီးဓာတ်များ ရီဖူရှင်းအပေါ်ကို ကျဆင်းနေကာ သူ၏အသား၊ အရေပြား၊ အရိုး၊ အကြောနှင့် ကလီစာများပါ မကျန် အားလုံးကို အားကောင်း သန်မာစေသည်။ မီးအလင်းအောက်တွင် ရီဖူရှင်းက လုံးဝ ဈာန်ဝင်နေသည်။ ရက်အနည်းငယ် ကြာသောအခါ သူ၏ခန္ဓာကိုယ်က ပိုမိုလင်းလက် တောက်ပလာသည်။ သူ၏ အရေပြားပေါ်တွင် မီးဓာတ်စွမ်းအင်များ စီးဆင်း သွားလာ နေကြသည်။
ရီဖူရှင်း၏အရိုးများ၊ ကြွက်သားများထံမှ အက်ကွဲသံအချို့ ကြားလာရသည်။ သူ၏သွေးများ ဆူပွက်လာကာ သူ၏အသားအရေက ကြည်လင် တောက်ပ လာသည်။ သူက ဆင့်ကဲပြောင်းလဲ နေပုံရ၏။
“သူ အဆင့်တက်နေပြီ…” လူအများအပြားက ရီဖူရှင်း၏ ခန္ဓာကိုယ်ကို လှမ်းကြည့်ကာ ပြောကြသည်။ ရီဖူရှင်းကား စိတ်ဝိညာဉ် စွမ်းအားကို ပိုမိုနားလည်လာခဲ့ရာ တန်ခိုးကျင့်ခြင်းတွင် အဆင့်တက်ခြင်းက သာမန်ဖြစ်စဉ်သာ ဖြစ်သည်။
ရှေးဟောင်းနယ်မြေမှ လူများအားလုံးက ရီဖူရှင်း လေ့ကျင့်သည်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်း နေကြသည်။ မည်သူမှ သူ့အား မနှောင့်ယှက်ကြပေ။
နောက်တစ်ရက်တွင် ရီဖူရှင်း၏ ခန္ဓာကိုယ်ပေါ်မှ မီးဓာတ်များ ပိုမိုမြန်ဆန် အားကောင်းစွာ စီးဆင်း လာကြသည်။ သူ၏စိတ်ဝိညာဉ် အဆင့်က နောက်တစ်ဆင့်ကို လုံးဝ တက်ရောက် သွားပြီ ဖြစ်သည်။ သူကား အကာနာ အဆင့်ရှစ်ကို ရောက်နေပြီ။ သို့သော်လည်း သူ၏လေ့ကျင့်ခြင်းက ရပ်တန့်ခြင်း မရှိသေးပေ။ သူက တန်ခိုးအဆင့် တက်ရန်ထက် လက်ရှိ သူခံစားနေရသော မီးတောက်ကို နားလည်အောင်သာ သူကြိုးစား အားထုတ်နေသည်။
ရက်အနည်းငယ် ကြာပြီးနောက်တွင် ကြောက်မက်ဖွယ် မီးလျှံများ ရီဖူရှင်း၏နောက်တွင် လာရောက် စုစည်းနေကြသည်။ ကောင်းကင်တွင်လည်း နေမင်းတစ်စင်းအလား ဓာတ်လုံးတစ်လုံး ဖြစ်ပေါ်နေသည်။ မီးတောက်များ လှည့်ပတ် စီးဆင်းနေသည်က လောကရှိ မီးဓာတ်အားလုံးကို ထိန်းချုပ်နေသည့် ကြောက်မက်ဖွယ် စိတ်အင်အားတစ်ခု ရှိနေသည်ဟု ထင်မှတ်ရသည်။
“အဲဒါ ဘယ်လို စွမ်းအားမျိုးလဲ…” လူအများအပြားက ပတ်ဝန်းကျင်မှ ပြောင်းလဲမှုကို သတိထားမိကာ ပြောကြသည်။
“အဲဒါ နိုဘယ်အသိပဲ…” တစ်ယောက်က ပြုံးလျက် ဖြေသည်။ ရီဖူရှင်းက အကာနာ အဆင့်ရှစ်မျှသာ ရှိသေးသည်။ သူက မည်သို့ ကိုယ်ပိုင် နိုဘယ်အသိကို မွေးဖွား နိုင်ရသနည်း။
နိုဘယ်အသိက သူ၏စိတ်ဝိညာဉ်အား လောကနှင့် တစ်သားတည်း ဖြစ်စေကာ ကြောက်မက်ဖွယ် ထိန်းချုပ်စွမ်းအားကို ပေးသည်။ အကာနာအဆင့်တွင် နိုဘယ်အသိကို မွေးဖွားနိုင်ခြင်းက အလွန် ရှားပါးသည်။
အားနည်းသော နိုဘယ်များက မီးဓာတ် နိုဘယ်အသိ၊ ရေခဲနိုဘယ်အသိ သို့မဟုတ် မြေဓာတ်နိုဘယ် အသိတို့ ကဲ့သို့သော အားနည်းသော နိုဘယ်အသိကို မွေးဖွားနိုင်သည်။ ပိုမို ထူးခြား ထက်မြက်သော ပါရမီရှင်များမူကား အတန်းအစားမြင့်သော သန့်စင်သော နိုဘယ်အသိကို မွေးဖွားနိုင်သည်။
ရီဖူရှင်းထံတွင် မွေးဖွားခဲ့သည်ကား သန့်စင်သော ကိုယ်ပိုင် နိုဘယ်အသိ ဖြစ်သည်။
***